မီးတောက်ထဲမှ မီးအိမ်ကို ရယူခြင်း
Vol. 89 Ch. 1359
ရှေးဘုရင်ဂြိုလ်ပေါ်တွင် လူထောင်ပေါင်းများစွာ၏ အကြည့်များသည် လူသားဧကရာဇ်ပြင်ဆင်ထားသော နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့၏ ယဇ်ပလ္လင်ပေါ်သို့ ကျရောက်နေကြသည်။
ဤအခိုက်အတန့်မှာ ယဇ်ပလ္လင်သည် ဘိုးဘေးကန်တော့ပွဲ၏ အကြီးမားဆုံး အပြောင်းအလဲဖြစ်လာသည်။
ပဉ္စဂံယဇ်ပလ္လင်သည် အစိမ်းရောင်သို့ လုံးဝပြောင်းလဲသွားပြီး ရှေးကျခြင်းနှင့် လေးလံသော ခံစားမှုကို ပေးသည်။
အလုံးစုံခြုံငုံကြည့်လျှင် ယင်းက အချိန်ကာလထဲမှ ထွက်ပေါ်လာသည့်အလား သို့မဟုတ် ငရဲပြည်၏ အနက်ပိုင်းထဲမှ မြှောက်တတ်လာသည့်အလားပင်။
ယဇ်ပလ္လင်ပေါ်မှာ နက်နဲသိမ်မွေ့သည် မှော်သင်္ကေတအများအပြားရှိသည့်အပြင် မျက်စိဖမ်းစားနိုင်ဆုံးအရာမှာ ခေါင်းတလားငါးခုနှင့် နတ်နန်းများ ဖြစ်ကြသည်။
အဆုံးမဲ့သော အင်ပါယာချီကို ထုတ်လွှတ်နေသည့် ရှေးဟောင်းခေါင်းတလားများထဲတွင် အတိတ်တုန်းက လူသားဧကရာဇ်များက လဲလျောင်းနေကြသည်။ သူတို့၏ အင်ပါယာသွေးမျိုးဆက်သည် ရှေးဘုရင်ရွှမ်ယုံထံမှ ဆင်းသက်လာခြင်းဖြစ်ပြီး ဝမ်ကူးကုန်းမြေမှ ကောင်းကင်ဘုံတာအို၏ အသိအမှတ်ပြုခံထားရသည်။
သူတို့၏ သွေးမျိုးဆက်သည် အလွန်အစွမ်းထက်ပြီး ဝမ်ကူးကုန်းမြေ၏ အကန့်အသတ်သို့ ရောက်ရှိနေပြီဟု ဆိုရမည်။
နတ်နန်းများသည် ပိုပြီးခမ်းနားထည်ဝါသည်။ ယင်းတို့ကို နတ်ဘုရားများ၏ အရိုးများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။
ထိုနတ်ဘုရားအရိုးများသည် လူသားမျိုးနွယ်၏ အခြေခံအုတ်မြစ် ဖြစ်သည်။ လူသားဧကရာဇ်ရွှမ်ကျန်းသည် ယင်းတို့ကို နတ်နန်းငါးခုအား ဆောက်လုပ်ရန် ထုတ်သုံးခဲ့သည်။ ထို့ပြင် နတ်ဘုရားများ၏ အရိုးများကြောင့် နတ်နန်းများမှ ထုတ်လွှတ်နေသော နတ်ဘုရားအရှိန်အဝါသည် အလွန်အားကောင်းသည်။
ဤအခိုက်အတန့်မှာ နတ်ဘုရားအရှိန်အဝါသည် နတ်နန်းများထဲရှိ အနက်ရောင်ကမ္ပည်းများပေါ်မှာ စုဝေးသွားသည်။ ယင်းက ဟင်းလင်းပြင်ကို တုန်ယင်သွားစေပြီး လောကကြီး၏ အရောင်ကို ပြောင်းလဲသွားစေသည်။
အရာအားလုံးက ဖော်မပြနိုင်အောင် အလွန်ခမ်းနားထည်ဝါသည်ဟု ဆိုရမည်။ တော်ဝင်မိသားစုမှလွဲ၍ တခြားကျင့်ကြံသူများသည် ထိုသို့ပစ္စည်းများကို ရရှိရန် လုံးဝမဖြစ်နိုင်လုနီးပါး ခက်ခဲသည်။
နတ်ဘုရားတစ်ပါးဖြစ်လာရန် တစ်စုံတစ်ယောက်သည် နတ်ဘုရားမီးတောက်ကို ထွန်းညှိရမည်။ ထိုသို့လုပ်ဆောင်ရန် ရိုးရာဓလေ့တစ်ခု လိုအပ်သည်။
သို့သော်လည်း ရိုးရာဓလေ့ကို အတိအကျ မသတ်မှတ်ထားပေ။ လူတိုင်း၏ နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့သည် တစ်ယောက်နှင့်တစ်ယောက် မတူညီကြချေ။
ဥပမာ ယင်ဟွမ်ပြည်နယ်၌ လီယုံကျောက်တိုင်အောက်မှာ ရွှီချင်းမြင်တွေ့ခဲ့သော ဒြပ်စင်ငါးမျိုးအရိုးခြောက်များသည် ရိုးရာဓလေ့တစ်ခု ဖြစ်သည်။ နောက်ထပ်ရိုးရာဓလေ့သည် အနီရောင်လဗိမာန်မှ နတ်ဘုရားသားတော်၏ အချိန်ကာလထဲမှ အစီအရင်ဖြစ်သည်။
မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်မှ ဂမ္ဘီရမှော်သခင်သည်တော့ ပင့်ကူနတ်ဘုရားကို အစားထိုးသော နည်းလမ်းကို အသုံးပြုခဲ့သည်။
ရှေးဘုရင်ဂြိုလ်ပေါ်မှ ထူးခြားဆန်းကြယ်သော ယဇ်ပလ္လင်သည်တော့ လူသားဧကရာဇ်က သူ့အတွက် ကိုယ်တိုင်ရွေးချယ်ထားသော နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့ဖြစ်သည်။
၎င်းထံမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် ကမ္ဘာတုန်ဟီးသွားစေရန် လုံလောက်သည်။
ယင်းက အင်မော်တယ်အရှိန်အဝါဖြစ်သည်။
ဤသည်မှာ မျိုးနွယ်၏ ကမ္မကို လေအဖြစ်သော်လည်းကောင်း၊ နတ်ဘုရားများ၏ အရိုးများကို မီးဖိုအဖြစ်သော်လည်းကောင်း၊ ရှေးဟောင်းမီးအိမ်မှ အင်မော်တယ်အရှိန်အဝါကို မီးတောက်အဖြစ်သော်လည်းကောင်း၊ အတိတ်တုန်းက လူသားဧကရာဇ်များ၏ အင်ပါယာချီကို လောင်စာအဖြစ်သော်လည်း အသုံးပြုထားခြင်း ဖြစ်သည်။
ဤရိုးရာဓလေ့သည် အတိတ်တုန်းက ရွှီချင်းမြင်ခဲ့ဖူးသော ရိုးရာဓလေ့ အားလုံးထက် သာလွန်သည်။
ဤသည်မှာ လူသားဧကရာဇ်အတွက် နတ်ဘုရားတစ်ပါးဖြစ်လာရန် ပြီးပြည့်စုံသော ရိုးရာဓလေ့ဖြစ်သည်။
သို့ဖြစ်၍ ပြန့်ကျဲနေသော မီးတောက်ပင်လယ်ထဲတွင် အောင်မြင်ခါနီးနေသော နတ်ဘုရားမီးတောက်ထံမှ ဖြစ်ပေါ်လာကြသော မီးတောက်ပုံရိပ်များသည် ထူးခြားဆန်းကြယ်သော အခြေအနေမှာ ရှိကြသည်။
သူတို့က အင်မော်တယ်ကျင့်ကြံသူများ မဟုတ်ကြပေ။ သို့သော် သူတို့က နတ်ဘုရားများလည်း မဟုတ်ကြပေ။
သူတို့က အင်မော်တယ်ကျင့်ကြံသူများနှင့် နတ်ဘုရားများကြားမှာ တည်ရှိသည်။
သူတို့က ပုံရိပ်ယောင်တစ်ခုမျှသာဖြစ်ပြီး သူတို့မှာ သေချာသော ကျင့်ကြံခြင်းအခြေခံနှင့် အကြွင်းမဲ့တိုက်ပွဲစွမ်းအား မရှိသော်လည်း သူတို့၏ ဘဝအဆင့်အတန်းသည် ကျင့်ကြံသူများထက် သာလွန်ပေသည်။ ဘဝအဆင့်အတန်း၏ ဖိနှိပ်မှုအောက်နှင့် နတ်ဘုရားမီးတောက်၏ လောင်ကျွမ်းမှုကြားထဲမှာ…
ကျင့်ကြံသူတစ်ယောက်က အထဲသို့ ခြေချလိုက်သည်နှင့် ဒြပ်နှောများက သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ ချက်ချင်း ထွက်ပေါ်လာလိမ့်မည်။
သူတို့က ဒြပ်နှောဖြင့် တိုက်စားခံရပြီး ထိုမီးတောက်ပုံရိပ်များ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မည်။
သို့သော်လည်း ရွှီချင်းသည်တော့ ခြားနားသည်။
သူက ကျင့်ကြံသူတစ်ယောက်မဟုတ်သလို နတ်ဘုရားတစ်ပါးလည်း မဟုတ်ချေ။
သူ့အရှေ့တွင် မည်သူမှ ဤလမ်းစဉ်ကို မလျှောက်ဖူးကြချေ။ ဤလမ်းစဉ်၏ ရှေးဦးလမ်းပြသူအနေဖြင့် သူ့မှာ ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံ၊ နတ်ဘုရားအခွင့်အာဏာများနှင့် မူကွဲအင်မော်တယ်ကျောင်းတော်၏ ဝိညာဉ်ချည်မျှင်များ ရှိသည်။
သူ၏ ခန္ဓာကိုယ်သည်လည်း နတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်ဖြစ်သည်။
ထို့ပြင် သူက နတ်ဘုရားမျက်နှာပျက်ကြီး၏ သွေးကို ဝါးမျိုခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ဗလာနတ္ထိကုန်းမြေထဲမှာလည်း ပုံရိပ်ယောင်နတ်ဘုရားအခွင့်အာဏာ တစ်ရာကျော်ရှိသည်။
သို့ဖြစ်၍ သူ၏ ဘဝအဆင့်အတန်းသည် အစစ်အမှန်နတ်ဘုရားတစ်ပါးနှင့် တူညီလုနီးပါး ရှိသည်။
ထို့ပြင် မီးတောက်ပင်လယ်ထဲမှ ပုံရိပ်များသည် သူ့အား တုံ့ပြန်နေသော ခရမ်းရွှမ်မီးအိမ်၏ ဖိနှိပ်ခံထားရသည်။
သို့ဖြစ်၍ ရွှီချင်းသည် မီးတောက်ပင်လယ်ထဲတွင် သူ၏ လမ်းတစ်လျှောက်မှာရှိသော ပုံရိပ်အားလုံးကို သတ်ဖြတ်ခဲ့သည်။ ပြင်းထန်သော အားလှိုင်းအတတ်အကျများက မုန်တိုင်းတစ်ခုနှယ် ပျံ့လွင့်သွားပြီး ကျယ်လောင်သော ပေါက်ကွဲသံများက ဆက်တိုက် ပဲ့တင်ထပ်လာသည်။
သူ၏ လက်ထဲမှ ဧကရာဇ်ဓားဖြစ်စေ၊ အရိပ်လေးဖြစ်စေ သို့မဟုတ် ကောင်းကင်ဘုံသူတော်စင်နွယ်ပင်ဖြစ်စေ ၎င်းတို့အားလုံးက ထိုမုန်တိုင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
၎င်းတို့ဖြတ်သန်းသွားသည့်နေရာတိုင်း အရာအားလုံးက ဖိနှိပ်ခံရမည်။
ကောင်းကင်ဘုံသူတော်စင်နွယ်ပင်သည် လေခွင်းသံနှင့်အတူ ရွေ့လျားနေသည်။ ၎င်းက မီးတောက်များကို ဝါးမျိုနေရင်း မီးတောက်ပုံရိပ်များထံသို့ ကြာပွတ်သဖွယ် ရိုက်ချနေသည်။ ၎င်း၏ အသိစိတ်ထဲမှာ ထိုပုံရိပ်များသည် အစားအစာထက် မပိုချေ။
မီးတောက်များသည် ပျားရည်ဖြစ်ပြီး မီးတောက်ပုံရိပ်များသည် သကြားလုံးများ ဖြစ်သည်။
အရိပ်လေးသည်လည်း နောက်ကောက်ကျန်နေရန် ဆန္ဒမရှိပေ။ ၎င်းက မီးတောက်ပင်လယ်ထဲသို့ ခုန်ဆင်းသွားပြီး ၎င်း၏ ဘေးပတ်ဝန်းကျင်မှ မီးတောက်များနှင့်အတူ မရေမတွက်နိုင်သော ပုံရိပ်များကို ဖွဲ့စည်းလိုက်သည်။
အကယ်၍ တစ်စုံတစ်ယောက်က ထိုပုံရိပ်များကို အတူတကွ ပေါင်းစပ်ကြည့်မည်ဆိုလျှင် ၎င်းက သစ်ပင်ကြီးတစ်ပင်ဖြစ်ကြောင်း မြင်နိုင်လိမ့်မည်။ သစ်ပင်ကြီး၏ အောက်တွင် ခေါင်းတလားတစ်ခုက တွဲလောင်းတည်ရှိနေပြီး မရေမတွက်နိုင်သော မျက်လုံးများက ခေါင်းတလားပေါ်မှာ တည်ရှိနေကြသည်။
ရွှီချင်းသည်လည်း အားကုန်သုံး၍ တိုက်ခိုက်နေသည်။ သူက ဧကရာဇ်ဓားကို လွှဲယမ်းလိုက်သည့်အခါတိုင်း ဘေးပတ်ဝန်းကျင်မှ မီးတောက်ပုံရိပ်များက ပြိုကွဲပျက်စီးသွားလိမ့်မည်။
သူက အရှေ့သို့ ပျံသန်းသွားနေစဉ် နတ်ဘုရားမျက်နှာပျက်ကြီး၏ သွေးကို ဝါးမျိုပြီးနောက် သူဖိနှိပ်နိုင်ခဲ့သော ဆာလောင်မှုက ယခုအချိန်မှာ နတ်ဘုရားမီးတောက်၏ အရှိန်အဝါကြောင့် ပြန်လည်နိုးထလာသည်။
ဗိုက်ဆာတယ်…
ထိုခံစားချက် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်း၏ မျက်လုံးက အနည်းငယ် နီရဲလာသည်။ သူက ဧကရာဇ်ဓားကို ကိုင်မြှောက်လိုက်ပြီး မီးတောက်ပုံရိပ်တစ်ခုကို သူ့ဆီသို့ ချဉ်းကပ်လာစေသည်။ ၎င်းက သူ့ဆီသို့ ခုန်အုပ်လိုက်သည်နှင့် ရွှီချင်းက ရုတ်တရက် ပါးစပ်ဟလိုက်သည်။
သူက ကြမ်းတမ်းစွာ အသက်ရှူသွင်းလိုက်သည်။
ချက်ချင်းဆိုသလို ထိုပုံရိပ်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ရွှီချင်း၏ ပါးစပ်ထဲသို့ တိုက်ရိုက် စုပ်သွင်းခံလိုက်ရသည်။
ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ဗလာနတ္ထိကုန်းမြေသည် တုန်ယင်သွားသည်။ သူဝါးမျိုခဲ့သော မီးတောက်ပုံရိပ်သည် မီးလျှံမိုးအဖြစ် အသွင်ပြောင်းလဲသွားပြီး ဗလာနတ္ထိကုန်းမြေပေါ်သို့ ပြန့်ကျဲသွားသည်။ ယင်းက ဗလာနတ္ထိကုန်းမြေကို အာဟာရဖြည့်ပေးလိုက်သည်။ သို့သော်လည်း တစ်ချိန်တည်းမှာ ရွှီချင်း၏ ဆာလောင်မှုက ပိုပြီးအားကောင်းလာသည်။
“ အရသာမဆိုးဘူး ”
ရွှီချင်းက နှုတ်ခမ်းသပ်လိုက်သည်။ ခြေတစ်လှမ်းဖြင့် သူက အရိပ်လေး၏ လွှမ်းခြုံခံထားရသော မီးတောက်ပုံရိပ်၏ အရှေ့သို့ ရောက်ရှိသွားသည်။ သူက နောက်တစ်ကြိမ် ပါးစပ်ဟလိုက်ပြီး စုပ်သွင်းလိုက်သည်။
မီးတောက်ပုံရိပ်သည် ချက်ချင်း ပျောက်ကွယ်သွားပြီး အရိပ်လေးသည် အံ့ဩသွားသည်။
ရွှီချင်းသည်တော့ နေရာမှ ထွက်ခွာသွားပြီး တခြားနေရာများမှာ ဆက်လက် ဝါးမျိုလိုက်သည်။
ယင်းကို မြင်သောအခါ အရိပ်လေးသည် ပြိုင်ဆိုင်ချင်စိတ် ဖြစ်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မီးတောက်ပင်လယ်ထဲမှ အရိပ်အားလုံးသည် ပါးစပ်ဟလိုက်ကြပြီး မီးတောက်ပုံရိပ်များကို ရူးသွပ်စွာ ဝါးမျိုလိုက်ကြသည်။
ကောင်းကင်ဘုံသူတော်စင်နွယ်ပင်သည် စိုးရိမ်ကြောင့်ကြလာပြီး ပိုမိုမြန်ဆန်စွာ ဝါးမျိုလိုက်သည်။
ထိုသို့ဖြင့် ယဇ်ပလ္လင်၏ အပြင်ဘက်မှ မီးတောက်ပင်လယ်ထဲတွင် ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုက ထွက်ပေါ်လာသည်။
မီးတောက်ပင်လယ်ထဲမှ ပုံရိပ်များက မြန်ဆန်စွာ လျော့နည်းသွားရုံသာမက မီးတောက်ပင်လယ်ကိုယ်တိုင်ပင် လျော့နည်းသွားနေသည်။
ဖြစ်စဉ်တစ်ခုလုံးသည် ဆယ့်ငါးမိနစ်ပင် မကြာမြင့်ခဲ့ချေ။
နောက်ဆုံးမီးတောက်ပုံရိပ်ကို ကောင်းကင်ဘုံသူတော်စင်နွယ်ပင်နှင့် အရိပ်လေးက အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်သည်။
ထို့ပြင် ၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်နေသောကြောင့် အနည်းငယ် ဒေါသဖြစ်နေကြပုံပေါ်သည်။ အရိပ်လေး၏ စိတ်ခံစားချက်များက လှုပ်ခတ်သွားသည်နှင့် အရိပ်အားလုံးက စုဝေးသွားပြီး မီးတောက်ပင်လယ်ထဲမှာ ထူးဆန်းသော သစ်ပင်ကြီးတစ်ပင်ကို ဖွဲ့စည်းလိုက်သည်။
မျက်လုံးအားလုံးက တစ်ပြိုင်နက် ပွင့်သွားကြပြီး ကောင်းကင်ဘုံသူတော်စင်နွယ်ပင်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ကြသည်။
ကြယ်တာရာကောင်းကင်မှ ရှားပါးမျိုးစိတ်အနေဖြင့် အရွယ်ရောက်ပြီးသော ကောင်းကင်ဘုံသူတော်စင်နွယ်ပင်သည် နတ်ဘုရားများကိုပင် ဝါးမျိုပစ်နိုင်သည်။ သို့ဖြစ်၍ ၎င်းက အရိပ်လေးကို မကြောက်ပေ။ ၎င်းက ပျိုးပင်အဆင့်မှာသာ ရှိသေးသော်လည်း နွယ်ပင်က လှုပ်ယမ်းသွားသည့်အခါ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပေါ်လျှိုးထွက်လာသည်။ ယင်းက အရိပ်လေးကို ရိုက်ခတ်သွားသည်။
ထို့ပြင် လျှို့ဝှက်ဆန်းကြယ်သော မှော်သင်္ကေတများက နွယ်ပင်၏ အရွက်များပေါ်မှာ ထွက်ပေါ်လာကြသည်။ မှော်သင်္ကေတများက တလက်လက်တောက်ပသွားစဉ် ပုံရိပ်ယောင်ကြယ်တာရာကောင်းကင်က ၎င်းတို့၏ အပေါ်မှာ ထွက်ပေါ်လာသည်။
ရက်စက်ကြမ်းကြုတ်သော ခံစားမှုသည် အလွန်အားကောင်းသည်။
ထိုမြင်ကွင်းသည် ယဇ်ပလ္လင်ကို အာရုံစိုက်နေကြသော လူတိုင်း၏ အသိစိတ်ကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။
အရိပ်လေးဖြစ်စေ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်ဖြစ်စေ ၎င်းတို့နှစ်ကောင်စလုံးသည် ထူးခြားဆန်းသော သက်ရှိများ ဖြစ်ကြသည်။
သို့သော်လည်း ရွှီချင်းက အလယ်မှ လမ်းလျှောက်လာသည့်အခါ ရက်စက်ကြမ်းကြုတ်သော ထိုသက်ရှိနှစ်ကောင်သည် ချက်ချင်း ရိုသေကျိုးနွံသွားကြသည်။
အရိပ်လေးသည် လှုပ်ယမ်းလိုက်သည်။ ၎င်း၏ မျက်လုံးအားလုံးက ကျယ်လောင်စွာ ပွင့်သွားကြသည်။ အကယ်၍ တစ်စုံတစ်ယောက်က ၎င်းတို့ကို ဂရုတစိုက် ကြည့်မည်ဆိုလျှင် ၎င်းတို့က ချစ်စဖွယ်ကောင်းပြီး ရိုသေကျိုးနွံကြောင်း မြင်ရလိမ့်မည်။
ကောင်းကင်ဘုံသူတော်စင်နွယ်ပင်သည် အပေါ်သို့ ရစ်ခွေသွားပြီး ရွှီချင်း၏ ဘေးမှာ လှည့်ပတ်လိုက်သည်။ ၎င်းက မျက်နှာချိုသွေးသော စိတ်ဆန္ဒကို ထုတ်ဖော်ထားသည်။
ထိုမြင်ကွင်း၏ သက်ရောက်မှုက လူတိုင်းကို နှလုံးတုန်သွားစေသည်။
မြင်ကွင်းထဲတွင် ရွှီချင်း၏ ခရမ်းရောင်ဆံပင်ရှည်သည် လေထဲမှာ တဖျပ်ဖျပ်လွင့်မျောနေသည်။ သူ၏ မျက်နှာသည် ပြိုင်ဘက်ကင်းအောင် ချောမောခန့်ညားသည်။ ဤသည်မှာ လောကထဲမှ မည်သည့်အရာကမှ သူ့ကို မယှဉ်ပြိုင်နိုင်သည့်အလားပင်။ သူ၏ ဘေးမှ အရိပ်လေးသည် ချစ်စဖွယ်ကောင်းပြီး ကောင်းကင်ဘုံသူတော်စင်နွယ်ပင်သည် ရိုသေကျိုးနွံသည်။
လူသားကျင့်ကြံသူအများအပြားသည် ထိုမြင်ကွင်းကို မြင်တွေ့သွားသောအခါ ချက်ချင်း ဆွံ့အသွားကြသည်။
ဝမ်ကူးကုန်းမြေမှ ကျင့်ကြံသူအများစုသည် သူတို့၏ ဘဝတစ်လျှောက်မှာ သေခြင်းရှင်ခြင်းတိုက်ပွဲများကို ရင်ဆိုင်ခဲ့ဖူးကြသည်။ ထို့ကြောင့် ရက်စက်ကြမ်းကြုတ်သော သားရဲများကို ရိုသေကျိုးနွံလာရန် မည်သို့လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရှင်းလင်းစွာ နားလည်ထားကြသည်။
ထိုသို့သားရဲများကို ရိုးသေကျိုးနွံလာစေရန် တစ်စုံတစ်ယောက်သည် ၎င်းတို့ထက် ပိုပြီးရက်စက်ကြမ်းကြုတ်ရမည်။
ယင်းက လူသားမျိုးနွယ်ထဲတွင် ရွှီချင်းဖော်ပြခဲ့သော အရာနှင့် အနည်းငယ် ကွဲပြားခြားနားနေသည်။
တစ်ခုသိထားရမည်မှာ ရွှီချင်းသည် နန်းမြို့တော်သို့ ရောက်ရှိလာပြီးနောက် လွန်စွာ ပေါ်ပေါ်ထင်ထင် နေထိုင်ခဲ့သည်။ သူက ဧကရာဇ်၏ အရှေ့မှာပင် သတ္တမမင်းသားကို သတ်ဖြတ်ခဲ့သည်။ သို့သော်လည်း ယင်းက သူ၏ ရက်စက်ကြမ်းကြုတ်မှုကို အများကြီး မဖော်ပြနိုင်ပေ။ ထို့ကြောင့် ယခု လူတိုင်းသည် ရွှီချင်း၏ ရက်စက်ကြမ်းကြုတ်မှုကို သွယ်ဝိုက်သော နည်းလမ်းဖြင့် နားလည်သွားကြသည်။
သို့ဖြစ်၍ ရွှီချင်းကို ကြည့်သော သူတို့၏ အကြည့်ထဲမှာ ရိုသေလေးစားမှုက ပိုပြီးတိုးပွားလာသည်။ တစ်ချိန်တည်းမှာ သူတို့၏ အမူအရာက တည်ကြည်လေးနက်လာသည်။
ဤအခိုက်အတန့်မှာ ရွှီချင်းသည် တခြားလူများ၏ အတွေးများကို ဂရုစိုက်မနေပေ။ သူက အရိပ်လေးနှင့် ကောင်းကင်ဘုံသူတော်စင်နွယ်ပင်ကြားထဲမှာ လျှောက်သွားပြီး သူ့အရှေ့မှ ယဇ်ပလ္လင်ကို ကြည့်လိုက်သည်။
ယဇ်ပလ္လင်၏ အပြင်ဘက်တွင် ရွှေရောင်မီးတောက်များက အပြင်းအထန် တောက်လောင်နေသည်။ မီးတောက်ပင်လယ်တစ်ခုလုံးနှင့် နှိုင်းယှဉ်လျှင် ဤနေရာသည် နတ်ဘုရားမီးတောက်များ တည်ရှိနေသော အဓိကနေရာ ဖြစ်သည်။
သို့ဖြစ်၍ အပူချိန်သည် ကြောက်မခန်းလိလိ မြင့်မားသည်။
ထို့ပြင် ယင်းကို အားဖြည့်ပေးနေသည်မှာ ခေါင်းတလားငါးခုထဲမှ အလောင်းများ ဖြစ်ကြသည်။
ရွှေရောင်မီးတောက်သည် အကာအကွယ်အလွှာတစ်ခုနှင့် ဆင်တူပြီး အရှေ့ဆက်သွားမည့် လမ်းကြောင်းကို ပိတ်ဆို့ထားသည်။
မီးတောက်များမှတဆင့် မွန်မြတ်သန့်စင်သော ခရမ်းရွှမ်မီးအိမ်ပေါ်မှာ အက်ကွဲကြောင်းများက ယခင်ကထက် ပိုမိုများပြားလာကြောင်း ရွှီချင်း မြင်တွေ့သွားသည်။
ဤသည်မှာ မီးအိမ်က အချိန်ကြာကြာ မတောင့်ခံနိုင်တော့သည့်အလားပင်။
စူးရှသော အလင်းရောင်က ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး ယဇ်ပလ္လင်ပေါ်မှ ရွှေရောင်မီးတောက်များဆီသို့ ဦးတည်သွားသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ရွှေရောင်မီးတောက်များက ပရမ်းပတာ လှုပ်ခတ်သွားသည်။
ရွှီချင်းသည် ရွေးချယ်စရာမရှိသည့်အဆုံး ချက်ချင်း အနောက်ပြန်ဆုတ်သွားသည်။
သူ၏ တစ်ကိုယ်လုံးက မီးလောင်ကျွမ်းသွားပြီး သူ၏ အရေပြားက အနည်းငယ် ခြောက်သွေ့သွားသည်။ သူ၏ ခန္ဓာကိုယ်က ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသည်။
သူ့မှာ နတ်ဘုရားခန္ဓာကိုယ်ရှိသည့်တိုင် သူက မီးတောက်ထဲသို့ မဝင်ရောက်နိုင်ပေ။
သို့သော်လည်း ရွှီချင်းက လက်မလျော့နိုင်ပေ။ သူက မီးလောင်ကျွမ်းနေသော နာကျင်မှုကို ဖိနှိပ်လိုက်ပြီး ညာလက်ကို မြှောက်လိုက်သည်။ ထိုအခါ နတ်ဘုရားအခွင့်အာဏာများက ဆင်းသက်လာပြီး သူ့အရှေ့မှ ရွှေရောင်မီးတောက်ကို ဖိနှိပ်လိုက်သည်။ သို့သော်လည်း အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။
မီးတောက်သည် ဘာမှမဖြစ်သွားပေ။
ရွှီချင်း၏ အမူအရာသည် မည်းမှောင်သွားသည်။ သူက လက်ထဲမှ ဧကရာဇ်ဓားကို အရှေ့သို့ လွှဲခုတ်လိုက်လေရာ ဧကရာဇ်ဓား၏ အရှိန်အဝါက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။
ဧရာမဓားပုံရိပ်က ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်နှင့်ချက်ချင်း လောကကြီးက တုန်လှုပ်သွားသည်။ ဓားပုံရိပ်သည် ယဇ်ပလ္လင်ပေါ်မှ ရွှေရောင်မီးတောက်ပင်လယ်ပေါ်သို့ ကျဆင်းလာသည်။
မီးတောက်သည် ရပ်တန့်သွားသည်။ မီးတောက်ပင်လယ်ထဲတွင် အဟရာတစ်ခု ထွက်ပေါ်လာသော်လည်း နောက်အခိုက်အတန့်မှာ ရွှေရောင်မီးတောက်များက တဟုန်းဟုန်း တောင်လောင်လာပြီး ဓားချီကို မြန်ဆန်စွာ လွင့်ပြယ်သွားစေသည်။
“ ဒီမီးတောက်ကို ချိုးဖြတ်ဖို့ မဖြစ်နိုင်ဘူးလား ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ မီးအိမ်ပေါ်မှ အက်ကွဲကြောင်းများက ပိုမိုများပြားလာကြောင်း သူမြင်သွားသောအခါ ရွှီချင်းက ပိုပြီးစိုးရိမ်ကြောင့်ကြလာသည်။
နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့များစွာကို မြင်ဖူးပြီးနောက် ယင်းကို ချိုးဖြတ်ရန် ရိုးရာဓလေ့ထက် သာလွန်သော အကြွင်းမဲ့စွမ်းအားကိုသာ အသုံးပြုနိုင်ကြောင်း ရွှီချင်း နားလည်ထားသည်။
သို့မဟုတ်ဘဲ အကယ်၍ သူက ဤရိုးရာဓလေ့ကို နှောင့်ယှက်ချင်သည်ဆိုလျှင် လှည့်ကွက်တချို့ကို အသုံးပြုရလိမ့်မည်။
သို့ဖြစ်၍ ရူးသွပ်မှုက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အရိပ်လေးနှင့် ကောင်းကင်ဘုံသူတော်စင်နွယ်ပင်ထံသို့ အတွေးတစ်ခုကို ပို့လွှတ်လိုက်သည်။
အရိပ်လေးသည် အနည်းငယ် တုံ့ဆိုင်းသွားသည်။ သို့သော်လည်း ကောင်းကင်ဘုံသူတော်စင်နွယ်ပင်သည် လုံးဝ တုံ့ဆိုင်းမနေပေ။ ၎င်းက ရွှေရောင်မီးတောက်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ ရွှေရောင်မီးတောက်၏ အရှေ့သို့ ရောက်ရှိသွားသည်နှင့် ၎င်းက အစွမ်းကုန်ကို အသုံးပြု၍ ဝါးမျိုလိုက်သည်။
ကြီးမားသော ဝါးမျိုခြင်းစွမ်းအားက စုပ်ဝဲတစ်ခုပမာ ထွက်ပေါ်လာသည့်အခါ မီးတောက်တချို့က ကောင်းကင်ဘုံသူတော်စင်နွယ်ပင်၏ ဦးတည်ရာဆီသို့ ယိမ်းယိုင်သွားသည်။
ထို့ကြောင့် ရွှီချင်း၏ အရှေ့မှ မီးတောက်သည် အနည်းငယ် လျော့နည်းသွားသည်။
သို့သော်လည်း ကောင်းကင်ဘုံသူတော်စင်နွယ်ပင်က ပေးဆပ်လိုက်ရသော တန်ဖိုးသည် မသေးငယ်ပေ။ ၎င်းက စတင်လောင်ကျွမ်းလာပြီး ခြောက်သွေ့သွားသည်။ ရှင်းလင်းစွာပင် ၎င်းက အချိန်ကြာကြာ မတောင့်ခံနိုင်ပေ။
ယင်းကို မြင်သောအခါ အရိပ်လေးသည် ဆက်ပြီး မတုံ့ဆိုင်းတော့ပေ။ နောက်အခိုက်အတန့်မှာ ၎င်းက အရှေ့သို့ ခုန်အုပ်လိုက်သည်။ ၎င်းက ရွှေရောင်မီးတောက်များကို လျစ်လျူရှုထားပြီး အနက်ရောင်ကန့်လန့်ကာအဖြစ် အသွင်ပြောင်းလဲသွားကာ ရွှီချင်း၏ အရှေ့မှ မီးတောက်ဧရိယာကို ဖုံးအုပ်လိုက်သည်။
၎င်းက မီးတောက်ပင်လယ်ပေါ်သို့ ကျဆင်းသွားသည့်အခိုက် နှလုံးကွဲကြေသော အော်ဟစ်ညည်းညူသံများကို ထုတ်ဖော်လိုက်သည်။ မီးတောက်များက အပြင်းအထန် လောင်ကျွမ်းနေစဉ် ပြင်းထန်သော နာကျင်မှုကြောင့် အရိပ်လေး၏ အနက်ရောင်ကန့်လန့်ကာက ပြိုကွဲသွားတော့မည့် လက္ခဏာများ ပြလာသည်။
သို့သော်လည်း ၎င်းက ထွက်မသွားဝံ့သောကြောင့် အတင်းအဓမ္မ ဆက်ပြီး သည်းခံလိုက်သည်။ ၎င်းက ရူးသွပ်သော ဆုံးဖြတ်ချက်ကိုပင် ချမှတ်လိုက်ပြီး ကန့်လန့်ကာကို အလယ်မှ ရုတ်တရက် ခွဲလိုက်သည်။
ထိုအခါ မီးတောက်များမရှိသော အဟရာတစ်ခုက ဖြစ်ပေါ်လာသည်။
ရွှီချင်းသည် ချက်ချင်း အရှေ့သို့ ပြေးထွက်သွားသည်။ သူ၏ အလျင်က အလွန်မြန်ဆန်လေရာ လျှပ်တစ်ပြက်အတွင်း ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသည်။ အရိပ်လေးက ပြိုကွဲသွားတော့မည့်အချိန် သူက အဟရာဆီသို့ ရောက်ရှိသွားသည်။
သူ၏ ညာလက်သည် ကြည်လင်ပြတ်သားလာပြီး အရိပ်လေး၏ အဟရာမှတဆင့် မီးတောက်ထဲသို့ ဆန့်တန်းသွားသည်။
သူက မီးတောက်ထဲမှ မွန်မြန်သန့်စင်သော ခရမ်းရွှမ်မီးအိမ်ကို အစွမ်းကုန်သုံး၍ ဆုပ်ကိုင်လိုက်လေသည်။