← Chapters

ပထမအဆင့် အောင်မြင်ပြီ

Vol. 89 Ch. 1360

ပထမအဆင့် အောင်မြင်ပြီ

Vol. 89 Ch. 1360

အောက်လမ်းတာအိုအတတ်၏ အသွင်ပြောင်းလဲမှုကြောင့် ရွှီချင်း၏ ညာလက်က ကြည်လင်ပြတ်သားလာသည်။ သို့သော်လည်း သွေးစက်ငါးစက်က အထဲမှာရှိနေပြီး ပဉ္စဂံအစီအရင်တစ်ခုကို ဖွဲ့စည်းနေသည်။

သူ၏ အောက်လမ်းတာအိုအတတ်ဖြင့်ပင် ထိုသွေးစက်ငါးစက်ကို မဖုံးကွယ်နိုင်ပေ။

ယင်းကို ကြည့်ခြင်းအားဖြင့် ထိုသွေးစက်ငါးစက်က မည်မျှအံ့ဖွယ်ကောင်းကြောင်း မြင်နိုင်ပေသည်။

ယဇ်ပလ္လင်ထဲတွင် ရွှီချင်းက မွန်မြတ်သန့်စင်သော ခရမ်းရွှမ်မီးအိမ်ကို သူ၏ ညာလက်ဖြင့် ဖမ်းဆုပ်လိုက်သည့်အခိုက် မီးအိမ်သည် ရုတ်တရက် တုန်ယင်သွားပြီး လေထဲသို့ သူ့ဘာသာ မြှောက်တတ်သွားသည်။ နောက်အခိုက်အတန့်မှာ မီးအိမ်က ရွှီချင်းဆီသို့ ပျံသန်းသွားရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ဘေးပတ်ဝန်းကျင်မှ ခေါင်းတလားငါးခုက တုန်လှုပ်သွားကြသည်။ ခေါင်းတလားတစ်ခုစီသည် အင်ပါယာသွေးမျိုးဆက်၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြပြီး ဤနေရာမှ မီးတောက်များဖြင့် ပေါင်းစပ်သွားကာ ကြီးမားသော ရွှေရောင်လက်တစ်ဖက်ကို ထွက်ပေါ်လာစေသည်။

ဧရာမရွှေရောင်လက်သည် ထွက်ခွာသွားတော့မည့် ခရမ်းရွှမ်မီးအိမ်ကို အကြမ်းပတမ်း ဖမ်းဆုပ်လိုက်သည်။

တစ်ချိန်တည်းမှာ လူသားမဟုတ်သော ဟိန်းသံများက ခေါင်းတလားများထဲမှ ပဲ့တင်ထပ်လာသည်။ ခေါင်းတလားများ၏ အဖုံးများက အနည်းငယ် တုန်ယင်သွားလေရာ ယင်းတို့က ပွင့်သွားတော့မည့်ဟန် ရ၏။

မီးတောက်များ၏ စွမ်းအားသည် ပိုပြီးကြမ်းတမ်းစွာ ပေါက်ကွဲထွက်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော အပူချိန်နှင့် ဝိညာဉ်များကို ဖိနှိပ်ပစ်နိုင်သော နတ်ဘုရားအရှိန်အဝါက ရွှီချင်း၏ အောက်လမ်းတာအိုအသွင်ပြောင်းလက်ကို ချက်ချင်း လောင်ကျွမ်းသွားစေသည်။

မဟာရွှမ်ထျန်းစစ်ချပ်ဝတ်နှင့် နတ်ဘုရားခန္ဓာကိုယ်သည်ပင် ထိုအပူချိန်ကို မတောင့်ခံနိုင်ပေ။ လျှပ်တစ်ပြက်အတွင်းမှာ သူ၏ ညာလက်က ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားသည်။

သူ၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားအခွင့်အာဏာများသည်သာ ယင်းကို အချိန်တစ်ခဏမျှ တောင့်ခံနိုင်ကြသည်။ သို့သော်လည်း ယင်းတို့က သူ၏ ညာလက်ပေါ်မှ အဖျက်စွမ်းအားကို မရပ်တန့်နိုင်ကြပေ။

သူ၏ ညာလက်က မီးပုံထဲသို့ တိုးဝင်သွားသော ပိုးဖလံသဖွယ် ပျက်စီးသွားတော့မည်ဖြစ်သော်လည်း ရွှီချင်းက မရပ်တန့်ခဲ့သလို သူ၏ လုပ်ဆောင်မှုကိုလည်း မနှေးကွေးစေခဲ့ပေ။ ဖျက်ဆီးခံရတော့မည့် သူ၏ ညာလက်ထဲမှ သွေးစက်ငါးစက်သည် ထိုအခိုက်အတန့်မှာ လှုံ့ဆော်ခံလိုက်ရသည်။

မီးတောက်များက လောင်ကျွမ်းနေစဉ် သွေးစက်ငါးစက်သည် ရုတ်တရက် ရွေ့လျားသွားကြပြီး ယဇ်ပလ္လင်ပေါ်မှ ခေါင်းတလားငါးခုဆီသို့ ဦးတည်သွားကြသည်။

ပိုပြီးသန့်စင်ပြီး ပိုပြီးရှေးကျသော အင်ပါယာသွေးမျိုးဆက်အားလှိုင်းများက ထိုသွေးစက်ငါးစက်ထဲမှ ပေါ်ထွက်လာကြသည်။

ယင်းက သွေးမျိုးဆက်ဖိနှိပ်မှုကို ဖြစ်ပေါ်စေသည်။

ခေါင်းတလားငါးခု၏ အရှိန်အဝါမှ ဖြစ်ပေါ်လာသော ဧရာမရွှေရောင်လက်သည် ယင်းတို့ကို မတားဆီးနိုင်ပေ။ နောက်အခိုက်အတန့်မှာ သွေးစက်ငါးစက်သည် မတူညီသော ခေါင်းတလားများပေါ်သို့ ကျဆင်းသွားကြသည်။

သွေးစက်ငါးစက်က ကျဆင်းလာသည့်အခိုက် တုန်လှုပ်နေသော ခေါင်းတလားငါးခုသည် ရုတ်တရက် ရပ်တန့်သွားကြသည်။ ခေါင်းတလားများထဲမှ လူသားမဟုတ်သော ဟိန်းသံများသည်လည်း ချက်ချင်း ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာ ၎င်းတို့၏ အရှိန်အဝါမှ ဖြစ်ပေါ်လာသော ဧရာမရွှေရောင်လက်သည် လေထဲမှာ ရုတ်တရက် ရပ်တန့်သွားသည်။

ရွှီချင်း၏ ညာလက်သည်တော့ ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိထားသော်လည်း ပျံသန်းလာနေသည့် ခရမ်းရွှမ်မီးအိမ်ကို ဖမ်းဆုပ်လိုက်သည်။

သူက မီးအိမ်ကို အပြင်သို့ ဆွဲထုတ်လိုက်သည်။

မီးအိမ်သည် နောက်ဆုံးမှာတော့ အဟရာမှတဆင့် အပြင်သို့ ပျံသန်းထွက်လာသည်။

မီးအိမ်က ယဇ်ပလ္လင်ထဲမှ ထွက်ခွာသွားသည်နှင့်ချက်ချင်း ငြိမ်သက်သွားသော ခေါင်းတလားငါးခုက ပြန်လည်တုန်လှုပ်လာကြသည်။ ဆန္ဒမရှိသော ဟိန်းသံများသည် အဆုံးမဲ့စွာ ပဲ့တင်ထပ်လာသည်။

သို့သော်လည်း ခေါင်းတလားများပေါ်မှ သွေးစက်ငါးစက်သည် လင်းလက်တောက်ပလာပြီး ၎င်းတို့ကို နောက်တစ်ကြိမ် ဖိနှိပ်လိုက်သည်။

တစ်ချိန်တည်းမှာ ရွှီချင်း၏ ညာလက်သည်လည်း ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။ သို့သော်လည်း သူက ဘယ်လက်ကို ချက်ချင်း ဆန့်ထုတ်လိုက်ပြီး အပြင်သို့ ပျံသန်းထွက်လာသော မီးအိမ်ကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူက အမြန်အနောက်ဆုတ်သွားသည်။

ယင်းတို့အားလုံးကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း အမှန်မှာ မီးတောက်ထဲသို့ ရွှီချင်းပြေးဝင်သွားသည့်အချိန်မှစ၍ ယခုအချိန်ထိ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့သည်။

အရိပ်လေးသည် နောက်ဆုံးမှာတော့ ဆက်ပြီး မတောင့်ခံနိုင်တော့ပေ။ ၎င်းက မြန်ဆန်စွာ မှေးမှိန်သွားသည်။ ထို့နောက် အနက်ရောင်ကန့်လန့်ကာက မရေမတွက်နိုင်သော အရိပ်များအဖြစ် ပြိုကွဲသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားသည်။

ကောင်းကင်ဘုံသူတော်စင်နွယ်ပင်သည်တော့ ၎င်းသည်လည်း အကန့်အသတ်သို့ ရောက်ရှိသွားသည်။ နွယ်ပင်က ထက်ဝက်ကျော် ခြောက်သွေ့သွားသည့်အခါ ၎င်းက အမြန်အနောက်ဆုတ်သွားသည်။

ဝါးမျိုခြင်းစွမ်းအားက လွင့်ပြယ်သွားသည်နှင့်ချက်ချင်း ယိမ်းနွဲ့နေသော မီးတောက်များက ချက်ချင်း ပြန်အားပြည့်လာသည်။

ပိုပြီးရက်စက်ကြမ်းကြုတ်သော ဟိန်းသံများက ခေါင်းတလားငါးခုထဲမှ ပဲ့တင်ထပ်လာသည်။ အမှန်မှာ အက်ကွဲရာများသည်ပင် ခေါင်းတလားများပေါ်မှာ ထွက်ပေါ်လာကြသည်။

မတည်ငြိမ်သော ဖရိုဖရဲအားလှိုင်းအတတ်အကျများသည် ယဇ်ပလ္လင်ပေါ်မှ ထွက်ပေါ်လာကြသည်။

အဓိကဇစ်မြစ်ဖြစ်သော မီးအိမ်ကို ဆုံးရှုံးသွားခြင်းသည် အင်မော်တယ်အရှိန်အဝါ၏ ပေါင်းစပ်မှုကို ဆုံးရှုံးသွားခြင်းနှင့် ညီမျှသည်။ ဤအခိုက်အတန့်မှာ နတ်ဘုရားအရှိန်အဝါ၏ ကြမ်းကြုတ်မှုကို မည်သည့်အရာကမှ မဟန့်တားနိုင်တော့ပေ။ သို့ဖြစ်၍ ရိုးရာဓလေ့တွင် ထုံးစံအားဖြင့် တန်ပြန်ဆိုးကျိုးတစ်ခု ဖြစ်ပေါ်လာလေသည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် မီးတောက်များထဲမှာ ပိုပြီးအားကောင်းလာသည်။

ထိုမြင်ကွင်းက မင်းသားဆယ့်တစ်ကို ရယ်မောသွားစေသည်။

ဝန်ကြီးများသည် နှုတ်ဆိတ်သွားကြသည်။

မိန်းမစိုးအဖိုးအိုသည် နှလုံးကွဲကြေသော အော်ငိုသံကို ထုတ်ဖော်လိုက်သည်။

ယခုအချိန်မှာ ရွှီချင်းသည် သူတို့ကို ဂရုမစိုက်နိုင်ပေ။ သူက အရှိန်တင်၍ အရှေ့သို့ ပျံသန်းသွားနေစဉ် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသော ခရမ်းရွှမ်မီးအိမ်ကို သိမ်းဆည်းလိုက်သည်။ တစ်ချိန်တည်းမှာ ပျက်စီးသွားသော သူ၏ ညာလက်က နတ်ဘုရားခန္ဓာကိုယ်၏ ထူးခြားသော အကျိုးသက်ရောက်မှုအောက်မှာ ပြန်လည်ကောင်းမွန်လာသည်။

ဤအခိုက်အတန့်မှာ သူက ပြင်းထန်သော အားနည်းမှုကို ခံစားနေမိသည်။ သို့သော်လည်း နောက်ဆုံးမှာတော့ သူက စိတ်ထဲမှာ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည်။ လွန်ခဲ့သော လအနည်းငယ်ခန့်က အဆင့်မြင့်ဝိညာဉ်စံအိမ်တော်ထဲမှာ နတ်မိမယ်ကျစ်ရွှမ်းနှင့် သူဆွေးနွေးခဲ့သော နည်းလမ်းက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ထိုနည်းလမ်းကို နတ်မိမယ်ကျစ်ရွှမ်းက အကြံပြုပေးခဲ့ပြီး သူတို့နှစ်ယောက်က ယင်းကို ပြီးပြည့်စုံအောင် အတူတကွ ပြုပြင်ခဲ့ကြသည်။

မွန်မြတ်သန့်စင်သော ခရမ်းရွှမ်မီးအိမ်အပေါ် နတ်မိမယ်ကျစ်ရွှမ်း၏ အာရုံခံမှုသည် အသေးစိတ်ကျသည်။ အထူးသဖြင့် ရွှီချင်းက နန်းမြို့တော်ထဲမှ ထွက်သွားသည့်အချိန်မှာ နတ်မိမယ်ကျစ်ရွှမ်းက တံခါးပိတ်ကျင့်ကြံနေဟန် ထင်ရသော်လည်း အမှန်မှာ သူက လျှို့ဝှက်သော နည်းလမ်းဖြင့် သတင်းအချက်အလက်များကို လိုက်လံစုဆောင်းခဲ့သည်။

အစောနက သွေးစက်ငါးစက်သည် နတ်မိမယ်ကျစ်ရွှမ်း၏ မူလသွေးအဆီအနှစ်သာ ဖြစ်သည်။

ယင်းတို့ကို ခေါင်းတလားငါးခုအတွက် အထူးပြင်ဆင်ထားခြင်း ဖြစ်သည်။ ထိုသွေးစက်များသည် ခေါင်းတလားများကို အချိန်တစ်ခဏကြာ ဖိနှိပ်ထားနိုင်သည်။

ထိုနည်းဖြင့်ဆိုလျှင် ရွှီချင်းက မီးအိမ်ကို ပိုပြီးအဆင်ပြေချောမွေ့စွာ ရယူနိုင်လိမ့်မည်။

တစ်ချိန်တည်းမှာ သူတို့က တခြားအဆင့်များကို ဆွေးနွေးခဲ့ကြသေးသည်။ သို့သော်လည်း ရိုးရာဓလေ့မှ ဖြစ်ပေါ်လာသော နတ်ဘုရားမီးတောက်က သူတို့၏ တခြားနည်းလမ်းများကို အကျိုးသက်ရောက်မှု လျော့နည်းစေသည်။ သို့ဖြစ်၍ ရွှီချင်းက သူကိုယ်တိုင်စွန့်စားရန်သာ ရွေးချယ်နိုင်တော့သည်။

သို့သော်လည်း မွန်မြတ်သန့်စင်သော ခရမ်းရွှမ်မီးအိမ်ကို ပြန်ယူဆောင်ပြီးနောက် ရွှီချင်းက ထူးဆန်းမှုကို ခံစားမိသွားသည်။

‘ ငါက အသက်ကို စွန့်စားခဲ့တယ်လို့ ထင်ရပေမဲ့ တကယ်တမ်းတော့ ဒီလုပ်ငန်းစဉ်က… အရမ်းအဆင်ပြေချောမွေ့နေတယ် ’

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက အနောက်ဆုတ်သွားနေရင်း အရိပ်လေးနှင့် ကောင်းကင်ဘုံသူတော်စင်နွယ်ပင်ကို ပြန်သိမ်းဆည်းလိုက်သည်။

ထိုအခိုက်အတန့်မှာ ရွှီချင်းက အနောက်ဆုတ်သွားနေစဉ် အလွန်ကျယ်လောင်သော ဟိန်းသံသည် မီးအိမ်မရှိတော့သော ယဇ်ပလ္လင်ထံမှ မြည်ဟိန်းထွက်လာသည်။ နောက်အခိုက်အတန့်မှာ ခေါင်းတလားများက ပြိုကွဲသွားပြီး ပေါက်ကွဲသွားကြသည်။

သို့သော်လည်း အလောင်းများက အပြင်သို့ မထွက်လာခင်မှာ ယဇ်ပလ္လင်၏ ဘေးပတ်ဝန်းကျင်မှ ရွှေရောင်မီးတောက်များက ရုတ်တရက် အနောက်ပြန်ဆုတ်သွားသည်။

တန်ပြန်ဆိုးကျိုးက ထွက်ပေါ်လာသည်။

ပြင်းထန်သော အပူချိန်သည် အထဲမှ ရုတ်တရက် ပေါ်လျှိုးလာပြီး ဘေးပတ်ဝန်းကျင်ကို ရိုက်ခတ်သွားသည်။

ယင်းကို ပထမဆုံး တွေ့ကြုံလိုက်ရသည်မှာ ခေါင်းတလားငါးခု ဖြစ်သည်။ နတ်ဘုရားမီးတောက်၏ တန်ပြန်ဆိုးကျိုးအောက်မှာ ခေါင်းတလားများသည် ချက်ချင်း ပြာဖြစ်သွားကြသည်။ အလောင်းများနှင့် ယဇ်ပလ္လင်သည်ပင် ပြာဖြစ်သွားသည်။

ယင်းတို့အားလုံးက နတ်ဘုရားမီးတောက်၏ တန်ပြန်ဆိုးကျိုးကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

မီးအိမ်၏ အာဟာရဖြည့်ပေးမှု မရှိတော့သည့်အခါ ရွှေရောင်မီးတောက်သည် တဖြည်းဖြည်း ငြိမ်းသတ်သွားသည်။

ဘေးပတ်ဝန်းကျင်တွင် ပျံ့နှံ့နေသည့် နတ်ဘုရားအရှိန်အဝါသည်လည်း ဤအခိုက်အတန့်မှာ လွင့်ပြယ်သွားသည်။ လောကကြီးသည် ပုံမှန်ပြန်ဖြစ်သွားသည်။

လူသားဧကရာဇ်၏ နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့သည် ကြားဖြတ်နှောင့်ယှက်ခံလိုက်ရသည်။

သူက ကျရှုံးသွားသည်။

ဝမ်းသာပျော်ရွှင်မှု ကိန်းအောင်းနေသော မင်းသားဆယ့်တစ်၏ ရယ်မောသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။ ထို့နောက် သူက လူသားဧကရာဇ်ကို ကြည့်လိုက်သည်။

ဤအခိုက်အတန့်မှာ ရှေးဘုရင်ဂြိုလ်၏ အတွင်းနှင့် အပြင်ရှိ လူသားမျိုးနွယ်၏ ဝန်ကြီးများသည် စိတ်ခံစားချက်များ ရှုပ်ထွေးနေကြသည်။ သူတို့က အနည်းနှင့်အများ စိတ်သက်သာရာရစွာ သက်ပြင်းချခဲ့ကြသော်လည်း အနာဂတ်အပေါ် စိုးရိမ်ကြောင့်ကြမှုက သူတို့၏ နှလုံးသားထဲမှာ ဆက်လက် အားကောင်းလာသည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ မင်းသားဆယ့်တစ်၏ ရယ်သံက ရပ်တန့်သွားသည်။ စိတ်မသက်မသာဖြစ်သော ခံစားမှုက သူ၏ နှလုံးသားထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။

အဘယ့်ကြောင့်ဆိုသော် လူသားဧကရာဇ်၏ မျက်နှာပေါ်မှာ မည်သည့်အပြောင်းအလဲမှ မရှိကြောင်း သူမြင်သွားသောကြောင့် ဖြစ်သည်။

ဤအခိုက်အတန့်မှာ လူသားဧကရာဇ်၏ ခန္ဓာကိုယ်ကို ချုပ်နှောင်ထားသော သံကြိုးထက်ဝက်ကျော်က ပြိုကွဲသွားပြီ ဖြစ်သည်။ နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့က ကျရှုံးသွားသည်ကို သူမြင်လိုက်ရသည့်တိုင်အောင် လူသားဧကရာဇ်က တည်ငြိမ်နေဆဲပင်။

မင်းသားဆယ့်တစ်၏ နှလုံးသားထဲမှ စိတ်မသက်မသာဖြစ်သော ခံစားမှုက ပိုပြီးအားကောင်းလာသည်။ သူက စကားပြောရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ လောင်ကျွမ်းသွားခဲ့သော ယဇ်ပလ္လင်နှင့် အလောင်းများ၏ ပြာမှုန်များက လူသားဧကရာဇ်ဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။

လူသားဧကရာဇ်က အသက်ရှူသွင်းလိုက်သည့်အခါ ထိုပြာမှုန်များက သူ၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်။

ကောင်းကင်သည် ဝုန်းခနဲ မြည်သွားပြီး မြေပြင်သည် တုန်လှုပ်သွားသည်။

ရှေးဘုရင်ဂြိုလ်သည်လည်း ပရမ်းပတာ လှုပ်ခါသွားသည်။

ကမ္မသည် ပရမ်းပတာ လှုပ်ခတ်သွားသည်။

ဤအခိုက်အတန့်မှာ အစောနကထက် အဆပေါင်းများစွာ ပိုပြီးအားကောင်းသော နတ်ဘုရားအရှိန်အဝါသည် နောက်တစ်ကြိမ် ပြန်ထွက်ပေါ်လာသည်။

သို့သော်လည်း ဤတစ်ကြိမ်တွင် နတ်ဘုရားအရှိန်အဝါ၏ ဇစ်မြစ်သည် ယဇ်ပလ္လင်မှ အသွင်ပြောင်းလဲသွားသော ပြာမှုန်များ မဟုတ်တော့ပေ။ ယင်းအစား ရှေးဘုရင်ဂြိုလ်တစ်ခုလုံး ဖြစ်သည်။

ရှေးဘုရင်ဂြိုလ်သည် အမှန်တကယ် လောင်ကျွမ်းနေသည်။

ရှေးဘုရင်ဂြိုလ်ကို အဓိကအမြူတေအဖြစ် အသုံးပြုထားသော ရွှေရောင်မီးတောက်သည် အစောနက မီးတောက်နှင့် နှိုင်းယှဉ်လျှင် ပိုးစုန်းကြူးနှင့် လမင်းပမာ ကွာခြားပေသည်။

နန်းမြို့တော်တစ်ခုလုံးနှင့် မဟာနန်းမြို့တော်ဒေသကြီးတစ်ခုလုံးသည် ကြမ်းတမ်းသော စွမ်းအင်လှိုင်းများနှင့်အတူ စတင်တုန်လှုပ်လာသည်။

ဤတစ်ကြိမ်ထွက်ပေါ်လာသော နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့သည် အလွန်ကြောက်စရာကောင်းသည်။

ယင်းက ရှေးဘုရင်ဂြိုလ်၏ အတွင်းနှင့် အပြင်မှ ဝန်ကြီးများကို အပြင်းအထန် နှလုံးတုန်သွားစေသည်။ ယနေ့တွင် သူတို့က ကြီးမားသော စိတ်ခံစားချက် အပြောင်းအလဲများကို ဆက်တိုက် တွေ့ကြုံနေရသည်။ ပိုပြီးထိတ်လန့်သွားကြသူများမှာ လေထဲတွင် အပြင်းအထန် တိုက်ခိုက်နေကြသော ဘုရင်ကျန်းယန်နှင့် မိန်းမစိုးအဖိုးအိုဖြစ်သည်။

သူတို့နှစ်ယောက်သည် ပေါက်ကွဲသံများကြားမှာ အသီးသီး အနောက်ဆုတ်သွားကြသည်။ ဘုရင်ကျန်းယန်သည် တည်ငြိမ်သော အမူအရာဖြင့် မင်းသားဆယ့်တစ်၏ ဘေးသို့ ရောက်ရှိသွားသည်။

မိန်းမစိုးအဖိုးအိုသည်တော့ လူသားဧကရာဇ်ဆီသို့ ပြန်သွားသည်။

အဖိုးအိုက လူသားဧကရာဇ်၏ အနောက်မှာ ရပ်လိုက်ပြီး ရိုသေလေးစားစွာ ပြောသည်။

“ ဂုဏ်ပြုပါတယ် အရှင်မင်းကြီး… နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့ရဲ့ ပထမအဆင့်က အောင်မြင်သွားပါပြီ ”

ထိုစကားများ ထွက်ပေါ်လာသည်နှင့်ချက်ချင်း လူတိုင်းက နှုတ်ဆိတ်သွားကြသည်။

မိန်းမစိုးအဖိုးအိုက ရွှီချင်းအား တားဆီးရန် ကြိုးစားခဲ့ခြင်းသည် သရုပ်ဆောင်မှုတစ်ခုသာဖြစ်ကြောင်း ဤအခိုက်အတန့်မှာ လူတိုင်းက နားလည်သွားကြသည်။

ထိုအဖြစ်အပျက်၏ အဓိကသော့ချက်မှာ နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့ကို ရွှီချင်းက ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။

ယခု ရှေးဘုရင်ဂြိုလ်တစ်ခုလုံးက လှုံ့ဆော်ခံလိုက်ရသည်။ ထိုအဓိပ္ပာယ်မှာ ပဉ္စဂံယဇ်ပလ္လင်၏ ဖျက်ဆီးခံရမှုက လူသားဧကရာဇ်၏ အစီအစဉ်များထဲမှ တစ်ခုဖြစ်ရုံသာမက ယင်းက အစစ်အမှန် နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့၏ ပထမအဆင့်လည်း ဖြစ်ပေသည်။

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ အစောနက သူ၏ လုပ်ဆောင်မှုများက အလွန်အန္တရာယ်များဟန် ထင်ရသော်လည်း အမှန်မှာ ကိစ္စက အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်ဟု သူခံစားမိခဲ့သည်။

ယခုအခြေအနေအရဆိုလျှင် သူ၏ ခံစားချက်က မမှားယွင်းပုံပေါ်သည်။ သို့သော်လည်း ယင်းက သူ၏ ဆုံးဖြတ်ချက်အပေါ် လုံးဝသက်ရောက်မှုမရှိပေ။ သူက ဤနေရာမှ ကိစ္စများအပေါ် မပါဝင်ခဲ့သလို မည်သည့်အရာကိုမှလည်း အဆုံးအဖြတ်မပေးခဲ့ပေ။

သူက မွန်မြတ်သန့်စင်သော ခရမ်းရွှမ်မီးအိမ်ကိုသာ ပြန်ယူဆောင်ခဲ့ခြင်း ဖြစ်သည်။

ရွှီချင်းသည် အနောက်ပြန်ဆုတ်သွားပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။

လူသားဧကရာဇ်သည်တော့ သူ၏ ခန္ဓာကိုယ်ပေါ်မှ သံကြိုးများက ဆက်လက် ပြိုကွဲနေဆဲပင်။ အစမှအဆုံးအထိ သူ၏ အမူအရာက အနည်းငယ်မှ ပြောင်းလဲသွားခြင်း မရှိပေ။ သူက မျက်နှာပျက်ယွင်းနေသော မင်းသားဆယ့်တစ်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ထပ်ရှိသေးလား ”

ယင်းကို မြင်သောအခါ မင်းသားဆယ့်တစ်၏ မျက်နှာက ဖြူဖျော့သွားသည်။ သူ၏ မျက်လုံးထဲမှာ စိတ်ဓာတ်ကျသော အရိပ်အယောင် ထွက်ပေါ်လာသည်။ သူ၏ ဘေးမှ ဘုရင်ကျန်းယန်က အက်ရှရှအသံဖြင့် ပြောသည်။

“ နင်းချန်… စိတ်ဓာတ်မကျနဲ့… ဒီဟာက ငါတို့ရဲ့ မျှော်လင့်ချက်အတွင်းမှာ ရှိတယ် ”

ယင်းကို မင်းသားဆယ့်တစ်ကြားသောအခါ သူ၏ မျက်နှာပေါ်မှ မူမမှန်မှုအားလုံးက ချက်ချင်း ပျောက်ကွယ်သွားသည်။ သူက ရယ်မောလိုက်သည်။

“ ဒီဟာက ငါတို့ရဲ့ မျှော်လင့်ချက်အတွင်းမှာ ရှိတယ်ဆိုပေမဲ့ အဲ့လိုအခြေအနေဖြစ်မလာဖို့ ငါမျှော်လင့်ထားခဲ့တာ… သူက တကယ်ပဲ လူသားဧကရာဇ်လို့ ခေါ်ထိုက်ပါပေတယ်… ငါ့ရဲ့ စိတ်ခံစားချက်တွေက ဘယ်လိုပဲ ပြောင်းလဲနေပါစေ သူက အစကနေအဆုံးထိ တည်ငြိမ်နေတုန်းပဲ… စိတ်ပျက်စရာကောင်းလိုက်တာ ”

“ ဒါပေမဲ့ အခုကစပြီး ငါ့ရဲ့ စိတ်ခံစားချက်တွေက အလွန်အကျူး ဖြစ်တော့မှာမဟုတ်ဘူး ”

မင်းသားဆယ့်တစ်က နောင်တရစွာပြောပြီး လူသားဧကရာဇ်ထံသို့ ဦးညွတ်လိုက်သည်။

“ ခမည်းတော်… မင်းက ငါ့ရဲ့ ပြင်ဆင်မှုတွေကို မြင်ချင်နေမှတော့… ဆက်ပြီး စောင့်ကြည့်ပါ ”

ထိုသို့ပြောပြီးနောက် နင်ယန်သည် သူ၏ နဖူးပေါ်သို့ ချက်ချင်း ရိုက်ချလိုက်သည်။ သူက သွေးအများအပြား ထွေးထုတ်လိုက်သည်။

တစ်ချိန်တည်းမှာ သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ ပုလင်း(၁၁)လုံးက လေထဲမှာ ထွက်ပေါ်လာကြပြီး အက်ကွဲသွားကြသည်။ ပုလင်းအားလုံးထဲမှာ သွေးဖြင့် ပြည့်နှက်နေကြသည်။

သူထွေးထုတ်လိုက်သော သွေးဖြင့်ဆိုလျှင် စုစုပေါင်း သွေးစက်လုံး(၁၂)လုံးသည် လေထဲမှာ ထွက်ပေါ်လာကြသည်။

ယင်းတို့ထွက်ပေါ်လာသည်နှင့်ချက်ချင်း အင်ပါယာသွေးမျိုးဆက်၏ အားလှိုင်းအတတ်အကျများသည် သွေးစက်လုံး(၁၂)လုံးထံမှ တစ်ဟုန်ထိုး မြှောက်တတ်သွားကြသည်။

သွေးစက်လုံးများ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ယဇ်ပလ္လင်၏ အစွန်းဆီသို့ အနောက်ဆုတ်သွားခဲ့ကြသော မင်းသားကြီး၊ စတုတ္ထမင်းသား၊ ပဉ္စမင်းသားနှင့် မင်းသားတစ်ဆယ်၏ အမူအရာသည် ပြောင်းလဲသွားသည်။ ထိုသွေးစက်လုံးများထံမှ သူတို့၏ သွေးမျိုးဆက်ကို အာရုံခံမိကြသည်။

သူတို့ချည်းသာ မဟုတ်ပေ။ ဤအခိုက်အတန့်မှာ ရှေးဘုရင်ဂြိုလ်ဆီသို့ ဝင်ရောက်ခွင့်မရကြသော မင်းသားများနှင့် မင်းသမီးများသည်လည်း တူညီသော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။

“ အဲ့ဒါက ဒီနှစ်တွေမှာ တော်ဝင်အကိုတော်တွေနဲ့ အမတော်တွေဆီကနေ တိတ်တိတ်ကလေး ငါစုဆောင်းထားခဲ့တဲ့ သွေးတွေပဲ… အဲ့ဒီထဲမှာ ငါ့ရဲ့ သွေးလည်း ပါဝင်တယ် ”

မင်းသားဆယ့်တစ်က နူးညံ့စွာ ပြောသည်။

“ ဒီနေ့ လူသားဧကရာဇ်ရဲ့ ကလေးတွေရဲ့ သွေးကို အသုံးပြုပြီး ကမ္မဝဲကတော့ကို ငါဖွင့်လှစ်မယ်… လူသားမျိုးနွယ်ရဲ့ မဟာစည်းချအစီအရင်ကို ထိုးဖောက်လို့ ရှေးဘုရင်ဂြိုလ်ရဲ့ အစွန်းတွေကို ရှောင်ရှားပြီး ကောင်းကင်မြေပြင်ဂိတ်တံခါးကို ငါဖွဲ့စည်းမယ် ”

မင်းသားဆယ့်တစ်သည် ချိပ်တံဆိပ်လက်ဟန်များကို လက်နှစ်ဖက်ဖြင့် တရစပ် ဖွဲ့စည်းလိုက်ပြီး အကြမ်းပတမ်း ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို သွေးစက်လုံး(၁၂)လုံးသည် အပေါ်သို့ မြှောက်တတ်သွားကြပြီး ရှေးဘုရင်ဂြိုလ်၏ ကောင်းကင်ပေါ်မှာ သွေးနီရောင်ဧရာမဝဲကတော့တစ်ခုကို ဖွဲ့စည်းလိုက်သည်။

ကျယ်လောင်သော ဝုန်းခနဲ မြည်သံများကြားမှာ သွေးနီရောင်ဧရာမဝဲကတော့သည် စုပ်ယူအားကို ထုတ်လွှတ်လိုက်သည်။ ဤသည်မှာ ဝဲကတော့က ဥမင်လှိုဏ်ခေါင်းတစ်ခုကို ဖွင့်လှစ်လိုက်သည့်အလားပင်။

နောက်အခိုက်အတန့်မှာ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုသည် ဝဲကတော့ထဲမှ ဆင်းသက်လာသည်။

All Chapters