မိဘ(ခ)
Vol. 89 Ch. 1363
အဆုံးမဲ့သော အလင်းရောင်နှင့် အပူဓာတ်သည် အာရုဏ်ဦးနေမင်း ပြန်ဖြစ်သွားသည်အထိ ဖိသိပ်ခံလိုက်ရသည်။
အက်ကွဲကြောင်းများသည် အာရုဏ်ဦးနေမင်း၏ မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာကြသည်။ ယင်းက အစောနကကဲ့သို့ မတည်ငြိမ်တော့ပေ။
ထို့နောက် အာရုဏ်ဦးနေမင်းသည် နေရာမှ ပျောက်ကွယ်သွားသည်။
အာရုဏ်ဦးနေမင်းက ပြန်ပေါ်လာသည့်အခါ ယင်းက လက်မြှောက်ထားသော လူသားဧကရာဇ်၏ ညာလက်ပေါ်မှာ ထွက်ပေါ်လာသည်။
ကောင်းကင်သည် တိတ်ဆိတ်ငြိမ်သက်သွားသည်။
လောကသည် ငြိမ်သက်သွားသည်။
မရေမတွက်နိုင်သော အကြည့်များက လူသားဧကရာဇ်ပေါ်မှာ စုဝေးသွားကြသည်။
ထိုအကြည့်များထဲမှာ ထိတ်လန့်ခြင်း၊ မယုံကြည်နိုင်ခြင်းနှင့် ကြောက်ရွံ့ခြင်းက အတူတကွ ရောထွေးနေကြသည်။
လူသားဧကရာဇ်သည် လက်ရှိလူသားမျိုးနွယ်ထဲမှာ တစ်ဦးတည်းသော အုပ်ချုပ်သူဖြစ်သည်။ ယင်းကို ဤနေရာမှ လူတိုင်းက သိရှိထားကြသည်။ သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်း(၃၀၀၀)တုန်းက လူသားဧကရာဇ် နန်းတတ်ခဲ့သည့်အချိန်မှစ၍ သူက တစ်ခါမှ မတိုက်ခိုက်ခဲ့ချေ။
ရလဒ်အနေဖြင့် လူသားများသည် အုပ်ချုပ်သူတစ်ပါး၏ စွမ်းရည်များကို ရှေးဟောင်းစာအုပ်များ၏ ဖော်ပြချက်အရသာ နားလည်ထားကြသည်။
မည်သို့ဖြစ်ပါစေ ဤနေရာမှ ကျင့်ကြံသူအားလုံးနီးပါးသည် သူတို့၏ ဘဝတစ်လျှောက်မှာ နောက်ထပ် အုပ်ချုပ်သူတစ်ပါးကို တစ်ခါမှ မမြင်ဖူးကြချေ။
သို့ဖြစ်၍ နတ်ဘုရားများ၏ တည်ရှိမှုကို နားလည်ထားကြသော လူများသည် အုပ်ချုပ်သူများကို အလိုအလျောက် အထင်သေးကြသည်။
ယင်းက ဤမတိုင်ခင်အထိ ဖြစ်သည်။
“ အုပ်ချုပ်သူ… ”
“ အဲ့ဒါက အုပ်ချုပ်သူတစ်ပါးရဲ့ စွမ်းအားပဲ ”
“ ဝိညာဉ်စုစည်းခြင်းအဆင့်ဆိုတာ အုပ်ချုပ်သူရှေ့မှာတော့ ပုရွက်ဆိတ်နဲ့ မခြားဘူး… အုပ်ချုပ်သူက နတ်ဘုရားတွေနဲ့ တန်းတူယှဉ်ပြိုင်နိုင်တဲ့အထိ အစွမ်းထက်တာပဲ… ”
ဆွံ့အသံများနှင့် အာမေဋိတ်သံများက အရပ်မျက်နှာအဘက်ဘက်မှ ပဲ့တင်ထပ်လာသည်။
ရွှီချင်းက လူသားဧကရာဇ်ကို စိုက်ကြည့်လိုက်လေရာ သူ၏ မျက်လုံးက ဝင်းလက်သွားသည်။ ဤသည်မှာ လူသားဧကရာဇ်က အမှန်တကယ် တိုက်ခိုက်လိုက်ခြင်းကို ပထမဆုံးအကြိမ် သူမြင်ဖူးခြင်း ဖြစ်သည်။
‘ အဲ့ဒါက လီဇီဟွားလောက် မသန်မာဘူးဆိုပေမဲ့ အုပ်ချုပ်သူတစ်ပါးရဲ့ တကယ့် တိုက်ပွဲစွမ်းအားပဲ… ’
ရွှီချင်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။
ဤအခိုက်အတန့်မှာ လူသားဧကရာဇ်၏ အမူအရာက ခါတိုင်းကဲ့သို့ တည်ငြိမ်နေဆဲပင်။ သူက အာရုဏ်ဦးနေမင်းကို လက်ထဲမှာ ကိုင်ထားပြီး မျက်နှာမည်းမှောင်နေသော မင်းသားဆယ့်တစ်ကို ကြည့်လိုက်သည်။
“ သားတော်ဆယ့်တစ်… နောက်ထပ်ရှိသေးလား ”
လူသားဧကရာဇ်က တည်ငြိမ်စွာ ပြောသည်။
“ သူ့မှာ နောက်ထပ်အစီအစဉ်တွေ ရှိသေးလား မရှိဘူးလား ငါမသိဘူး… ဒါပေမဲ့ အခု ငါပါဝင်မယ် ”
အေးစက်စက် စကားသံသည် လူသားဧကရာဇ်၏ အနောက်ရှိ ယဇ်ပလ္လင်ပေါ်မှ ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလို လူတိုင်း၏ အကြည့်သည် စကားပြောလိုက်သော လူထံသို့ ကျရောက်သွားကြသည်။ ထိုအခါ အကြည့်များစွာတွင် အံ့အားသင့်မှုဖြင့် ပြည့်နှက်သွားကြသည်။
အဘယ့်ကြောင့်ဆိုသော် စကားပြောလိုက်သူသည် မင်းသားဆယ့်တစ်မဟုတ်ပေ။ ယင်းအစား မင်းသားကြီး၊ စတုတ္ထမင်းသား၊ ပဉ္စမမင်းသားနှင့်အတူ ယဇ်ပလ္လင်နားမှာ ရပ်နေသော မင်းသားတစ်ဆယ်ဖြစ်သည်။
မင်းသားတစ်ဆယ်သည် ဘိုးဘေးကန်တော့ပွဲမှာ ပါဝင်ရန် ရုတ်တရက် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။ သူက အမြဲတမ်း တုန်လှုပ်ချောက်ချားသော အမူအရာကိုသာ ထုတ်ဖော်ပြခဲ့သည်။ ဤသည်မှာ သူ၏ မျက်စိအရှေ့မှ အဖြစ်အပျက်ကို မယုံကြည်နိုင်ဖြစ်နေသည့်အလားပင်။
သို့သော်လည်း ယခု သူ၏ အမူအရာက ဖော်မပြနိုင်အောင် တည်ငြိမ်နေသည်။ သူက စကားပြောပြီးသည်နှင့် လူသားဧကရာဇ်၏ အကြည့်ဖြင့် တွေ့ဆုံလိုက်သည်။
လူသားဧကရာဇ်သည် အံ့ဩသွားပုံမပြချေ။
“ နောက်ဆုံးတော့ မင်းငါနဲ့တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီလား… မင်းမှာ တခြားရွေးချယ်စရာ ရှိသေးတယ် ”
မင်းသားတစ်ဆယ်သည် နှုတ်ဆိတ်သွားသည်။ အသက်နှစ်ခါရှူချိန်ကြာပြီးနောက် သူက တည်ငြိမ်စွာ ပြောသည်။
“ ငါပူးကပ်ထားတဲ့ မင်းသားကို ဘိုးဘေးကန်တော့ပွဲမှာ ရုတ်တရက် ပါဝင်စေခဲ့ပြီး ငါ့ကို အရှေ့ထွက်လာအောင် မင်းက ဖိအားပေးခဲ့တာ မဟုတ်ဘူးလား ”
“ ငါ့မှာ တကယ်ပဲ တခြားရွေးချယ်စရာ ရှိတယ်… ဒါပေမဲ့ သူတို့ပေးခဲ့တဲ့ ကတိက ငါ့ကို တခြားရွေးချယ်စရာမရှိအောင် ဖြစ်စေတယ်… ဒီလိုဆိုမှတော့ သူတို့ရဲ့ ဆန္ဒအတိုင်း မင်းရဲ့ တိုက်ပွဲစွမ်းအားကို အရင်ငါစမ်းသပ်မယ် ”
စကားဆုံးသည်နှင့် မင်းသားတစ်ဆယ်၏ ခန္ဓာကိုယ်က ဝေဝါးသွားသည်။ နောက်အခိုက်အတန့်မှာ သူ၏ အမူအရာက ပြောင်းလဲသွားပြီး ကမ္ဘာတုန်ဟီးသွားစေမည့် အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။
ကောင်းကင်၏ အရောင်က ပြောင်းလဲသွားပြီး မုန်တိုင်းများက ပေါ်လျှိုးလာသည်။
ထိုအရှိန်အဝါက လေနှင့် တိမ်တိုက်များကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။ ရှေးဘုရင်ဂြိုလ်တစ်ခုလုံးသာမက အပြင်လောကသည်ပင် တုန်လှုပ်သွားသည်။
ထိုအရှိန်အဝါအောက်မှာ ဗလာနတ္ထိအဆင့်သည် တုန်ယင်သွားပြီး ဝိညာဉ်စုစည်းခြင်းအဆင့်သည်ပင် ဖိနှိပ်ခံလိုက်ရသည်။ အဘယ့်ကြောင့်ဆိုသော် ယင်းက အုပ်ချုပ်သူတစ်ပါး၏ အရှိန်အဝါဖြစ်သည်။
ထိုစွမ်းအားသည် အစောနက လူသားဧကရာဇ်ထုတ်ဖော်ခဲ့သော စွမ်းအားနှင့် နှိုင်းယှဉ်နိုင်သည်။
အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် မင်းသားတစ်ဆယ်၏ လှုပ်ရှားမှုသည် တည်ငြိမ်သွားပြီး သူ၏ မျက်နှာသည် ပြောင်းလဲသွားသည်။
သူ၏ မျက်နှာပေါ်မှာ မျက်လုံးတစ်လုံးတည်းသာရှိပြီး သူ၏ အသားအရေက ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။
ယင်းက အစောနက ကောင်းကင်ဝါးမျိုမျိုးနွယ်စု၏ မျိုးနွယ်ဝင်လေးယောက်နှင့် တစ်ပုံစံတည်း တူညီသည်။
“ လူသားဧကရာဇ် ”
မင်းသားတစ်ဆယ်က နူးညံ့စွာ ပြောသည်။
“ ကောင်းကင်ဝါးမျိုဧကရာဇ် ”
လူသားဧကရာဇ်က တည်ငြိမ်စွာ ပြောသည်။
အုပ်ချုပ်သူနှစ်ပါး၏ အရှိန်အဝါသည် ကောင်းကင်ပေါ်မှ ထိပ်တိုက်တွေ့ဆုံသွားသည်။ ယင်းက ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်လိုက်ပြီး လောကကို တုန်လှုပ်သွားစေသည်။
တိုက်ပွဲသည် အချိန်မရွေး ဖြစ်ပွားလာတော့မည့်ဟန် ရ၏။
သို့သော်လည်း ထိုအခိုက်အတန့်မှာ မင်းသားဆယ့်တစ်၏ မျက်လုံးထဲတွင် အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ သူက လက်မြှောက်လိုက်ပြီး သေးငယ်သော ပုလင်းတစ်လုံးကို ထုတ်လိုက်သည်။
“ ခမည်းတော်… မင်းနဲ့ ကောင်းကင်ဝါးမျိုဧကရာဇ်ကြားက တိုက်ပွဲကို ပိုပြီးပြည့်စုံသွားစေဖို့ ငါထပ်ဖြည့်ပေးပါရစေ ”
“ မင်းက ထီးနန်းဆက်ခံပြီးတဲ့နောက်မှာ တစ်ခါမှ မတိုက်ခိုက်ခဲ့ဘူးဆိုပေမဲ့ ထီးနန်းမဆက်ခံခင်မှာ မျိုးနွယ်ခြားတွေနဲ့ သေခြင်းရှင်ခြင်း တိုက်ပွဲအများအပြားကို ရင်ဆိုင်ခဲ့တယ်… ဒီနှစ်တွေက ငါက အပတ်တကုတ် ကြိုးစားခဲ့ပြီး တန်ဖိုးကြီးတစ်ခုကို ပေးဆပ်ပြီးတဲ့နောက် မင်းရဲ့ သွေးတစ်စက်ကို စုဆောင်းနိုင်ခဲ့တယ် ”
“ ဒီသွေးစက်ကို အသုံးပြုပြီးတော့ သက်စောင့်ကျိန်စာကို ငါဆင့်ခေါ်မယ် ”
မင်းသားဆယ့်တစ်သည် စကားဆုံးသည်နှင့် သူ၏ လက်ထဲမှ ငွေရောင်ပုလင်းကို ချေမွဖျက်ဆီးပစ်လိုက်သည်။
ငွေရောင်ပုလင်းက အပိုင်းပိုင်းအစစ အက်ကွဲသွားသည့်အခါ သွေးတစ်စက်သည် အထဲမှ ထွက်ပေါ်လာသည်။
ထိုသွေးစက်ထွက်ပေါ်လာသည်နှင့်ချက်ချင်း လူသားမျိုးနွယ်၏ အင်ပါယာသွေးမျိုးဆက်အရှိန်အဝါသည် ကောင်းကင်အထိ ပျံတတ်သွားသည်။
ယင်းကို လူတိုင်းက အာရုံခံမိသွားသည့်အခါ သူတို့၏ အမူအရာက ပြောင်းလဲသွားသည်။
ယင်းက အမှန်တကယ်ပင် လူသားဧကရာဇ်၏ သွေးစက်ဖြစ်သည်။
ငွေရောင်ပုလင်းက အက်ကွဲသွားသည်နှင့် ပုလင်းအကွဲအစများက အောက်သို့ မပြုတ်ကျသွားကြချေ။ ယင်းအစား ပုလင်းအကွဲအစများက သွေးကို ဝန်းရံလိုက်ကြသည်။ ထို့နောက် ယင်းတို့က မြန်ဆန်စွာ လှည့်ပတ်သွားကြပြီး ငွေရောင်လောက်ကောင်များအဖြစ် အသွင်ပြောင်းလဲသွားကြသည်။ လောက်ကောင်များသည် အော်ညည်းသံကို ထုတ်ဖော်လိုက်ကြပြီး သွေးစက်ဆီသို့ ပြေးသွားကြသည်။
သွေးစက်ကို အရူးအမူး ဝါးမျိုပြီးနောက် ၎င်းတို့ထဲမှ လောက်ကောင်တစ်ကောင်သည် အရိုးဆိုးသော ကင်းခြေများတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။ ထို့နောက် ကင်းခြေများသည် တခြားလောက်ကောင်များကို တစ်လုပ်တည်း ဝါးမျိုပစ်လိုက်သည်။
ထို့နောက် ၎င်းက အမြှီးလှုပ်ယမ်းလိုက်လေရာ ကင်းခြေများအဖြစ်မှ ရက်စက်ကြမ်းကြုတ်သော အရိုးခြောက်အဖြစ်သို့ ထပ်မံ အသွင်ပြောင်းလဲသွားသည်။ အရိုးခြောက်သည် ကျယ်လောင်သော ပါးစပ်ပေါက်ဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်ဝါးမျိုလိုက်သည်။
အရိုးခြောက်က ဝါးမျိုခံလိုက်ရသည့်အခါ နတ်ဘုရားအရှိန်အဝါဖြင့် အနက်ရောင်ပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။ ပုံရိပ်က အနက်ရောင်မြူခိုးထုကို ပါးစပ်ထဲမှ မှုတ်ထုတ်လိုက်သည်။ မြူခိုးထုသည် ဝါးမျိုခံနေရသော အရိုးခြောက်ဆီသို့ ဦးတည်သွားသည်။
မြူခိုးသည် အရိုးခြောက်ကို လွှမ်းခြုံသွားသည်။ ထို့နောက် ပုံရိပ်၏ တစ်ကိုယ်လုံးသည် လောင်ကျွမ်းသွားပြီး ၎င်းသည်လည်း မြူခိုးထဲသို့ ပြေးသွားသည်။
အနက်ရောင်မြူခိုးသည် အပြင်းအထန် ကျုံ့သွားပြီး နောက်ဆုံးမှာတော့ အနက်ရောင်သွေးတစ်စက်အဖြစ် ပြောင်းလဲသွားသည်။
အနက်ရောင်သွေးစက်မှ ထုတ်လွှတ်နေသော အပုပ်နံ့သည် အလွန်ဆိုးဝါးသည်။
ဂရုတစိုက်ကြည့်မည်ဆိုလျှင် အနက်ရောင်သွေးစက်ထဲမှာ ဝေဝေဝါးဝါး ပုံရိပ်တစ်ခုရှိကြောင်း မည်သူမဆို မသဲမကွဲ မြင်နိုင်လိမ့်မည်။ ထိုပုံရိပ်၏ အသွင်သဏ္ဍာန်သည် လူသားဧကရာဇ်နှင့် ဆင်တူပေသည်။
ပြင်းထန်သော ကျိန်စာစွမ်းအားက ထွက်ပေါ်လာသည်။
ယင်းက ရိုးရှင်းသော ကျိန်စာတစ်ခုမဟုတ်ပေ။
ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။ ထိုနတ်ဘုရားကျိန်စာက မည်မျှကြောက်စရာကောင်းကြောင်း သူပြောနိုင်သည်။
အပြုံးတစ်ခုက မင်းသားဆယ့်တစ်၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက လူသားဧကရာဇ်ကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ ခမည်းတော်… ငါ့မှာ မင်းအတွက် လက်ဆောင်နှစ်ခုကျန်သေးတယ်… ဒီဟာက လက်ဆောင်တစ်ခုပဲ… ဒီတစ်ခုကို မင်းကျော်လွှားနိုင်တယ်ဆိုရင် ငါ့ရဲ့ နောက်ဆုံးလက်ဆောင်ကို မင်းမြင်ရလိမ့်မယ် ”