← Chapters

ငါ့ပန်းက ပွင့်လန်းလာတဲ့အခါ တခြားပန်းတွေက ညှိုးခြောက်ပြီး ကြွေလွင့်သွားလိမ့်မယ်(က)

Vol. 89 Ch. 1365

ငါ့ပန်းက ပွင့်လန်းလာတဲ့အခါ တခြားပန်းတွေက ညှိုးခြောက်ပြီး ကြွေလွင့်သွားလိမ့်မယ်(က)

Vol. 89 Ch. 1365

ထိုစကားကို ယနေ့တွင် လူသားဧကရာဇ်က အကြိမ်ပေါင်းများစွာ ပြောခဲ့သည်။

အကြိမ်တိုင်းတွင် ယင်းက မင်းသားဆယ့်တစ်ကို နှလုံးမွန်းကြပ်စေသည်။ သို့သော်လည်း ယခု မွန်းကြပ်မှုက ပိုပြီးပြင်းထန်လာသည်။

ဤအခိုက်အတန့်မှာ မင်းသားဆယ့်တစ်၏ မျက်နှာက ဖြူဖျော့နေသည်။ သူက ကိုယ့်ကိုယ်ကိုယ် သတိမထားမိဘဲ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ သူ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်နေစဉ် သူ၏ မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးမှု၊ မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်နေသည်။

လူသားဧကရာဇ်သည် အေးဆေးတည်ငြိမ်စွာ ဆက်ရှိနေဆဲပင်။ သူ၏ အမူအရာသည် နည်းနည်းမှ မပြောင်းလဲသွားချေ။

မင်းသားဆယ့်တစ်က မည်သည့်ဝှက်ဖဲကတ်ကို ထုတ်ပြပါစေ ယင်းက လူသားဧကရာဇ်အတွက်တော့ ဟာသတစ်ခုထက် မပိုဟန်ရ၏။

ထို့ကြောင့် လူသားဧကရာဇ်သည် အစကတည်းက မင်းသားဆယ့်တစ်ကို မည်သူ့ကိုမှ ဝင်မတားဆီးစေဘဲ သူ့စိတ်တိုင်းကျ ပြဿနာရှာခွင့်ပြုထားခြင်း ဖြစ်သည်။

ရှင်းလင်းစွာပင် လူသားဧကရာဇ်၏ အမြင်မှာ မင်းသားဆယ့်တစ်သည် မိဘကို စိတ်ကောက်နေသော ကလေးငယ်တစ်ယောက်သာ ဖြစ်သည်။

ထိုသို့အခြေအနေမျိုးတွင် မိဘအများစုသည် ကလေးငယ်ကို လျစ်လျူရှုထားကြလေ့ ရှိသည်။ အချိန်တစ်ခဏကြာ ငိုကြွေးပြီးသွားလျှင် ကလေးငယ်၏ နှလုံးသားထဲမှ မကျေနပ်မှုက ပျောက်ကွယ်သွားလိမ့်မည်။ ထို့နောက် သူက ရိုသေကျိုးနွံသော ကလေးငယ် ပြန်ဖြစ်သွားလိမ့်မည်။

သို့သော်လည်း အကယ်၍ မိဘက စိတ်ဆိုးသွားမည်ဆိုလျှင်တော့ ကလေးငယ်သည် သေချာပေါက် အဆူခံရပြီး အပြစ်ပေးခံရလိမ့်မည်။

အပြစ်ပေးခံရပြီးနောက် ကလေးငယ်သည် အမှားကို သိရှိသွားပြီး လိမ္မာသော ကလေးငယ် ပြန်ဖြစ်သွားလိမ့်မည်။

ကလေးငယ်က ပြင်ပရန်သူများကို ဆင့်ခေါ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ယင်းက ကြီးမားသော ကိစ္စမဟုတ်ပေ။ အစကတည်းက သူက ငါးစာချနေခြင်း ဖြစ်သည်။ သို့ဖြစ်၍ ငါးမည်မျှထွက်ပေါ်လာပါစေ အားလုံးကို သူရိုက်သတ်ပစ်လိမ့်မည်။

လူသားဧကရာဇ်၏ တည်ငြိမ်သော အကြည့်နှင့် သဘောထားက မင်းသားဆယ့်တစ်ကို စိတ်ဓာတ်ကျစေပြီး နှလုံးမွန်းကြပ်စေသည်။

သူ၏ အသက်ရှူသံက မတည်မငြိမ်ဖြစ်လာပြီး သူ၏ နှလုံးက တင်းကျပ်လာသည်။ ယခင်က သူ့မှာရှိခဲ့သော တည်ကြည်ခိုင်မြဲမှုသည် ယခု စတင်ပြိုကွဲလာသည်။

ဖော်မပြနိုင်သော အကူအညီမဲ့မှုက ပြိုကွဲသွားသော သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ စိတ်ဓာတ်ကျမှုက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည့်အခါ သူက ပါးစပ်အပြည့် သွေးတစ်ပွက်အန်လိုက်ရသည်။

“ ဘာလို့ ဒီလိုဖြစ်တာလဲ… ”

“ ဘာလို့ မင်းက အထွတ်အထိပ် အုပ်ချုပ်သူလဲ… ”

“ ဘာလို့ ကျိန်စာက မင်းအပေါ်မှာ သက်ရောက်မှုမရှိတာလဲ… ”

မင်းသားဆယ့်တစ်သည် ရူးသွပ်သွားသည်။ သူ၏ မျက်လုံးက သွေးရောင်လွှမ်းသွားပြီး သူ၏ ခန္ဓာကိုယ်က ပိုပြီးပြင်းထန်စွာ တုန်ယင်လာသည်။

သူ၏ ပြင်ဆင်မှုအားလုံးသည် တစ်ဖက်လူ၏ မျက်စိရှေ့မှာ ပြက်လုံးတစ်ခုထက် မပိုချေ။

သူက မျိုးနွယ်ခြားများနှင့် ပူးပေါင်းရန် တန်ဖိုးကြီးကို ပေးဆပ်ခဲ့ရသော်လည်း ၎င်းတို့အားလုံးက လူသားဧကရာဇ်၏ လက်ဝါးတစ်ချက်ဖြင့် အသတ်ခံခဲ့ကြရသည်။

သူထုတ်သုံးခဲ့သော မကျေမချမ်းစာလိပ်များ၊ အာရုဏ်ဦးနေမင်းနှင့် သက်စောင့်ကျိန်စာသည် တစ်ဖက်လူ၏ လက်ထဲမှာ ကစားစရာများ ဖြစ်လာကြသည်။

ထို့ပြင် လူသားဧကရာဇ်သည် မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်သေးချေ။

သူက လောကကို ထောက်ပံ့ထားသော တောင်ကြီးတစ်တောင်နှယ် အောက်မေ့ရသည်။

သူမပြိုလဲသေးသရွေ့ လူသားမျိုးနွယ်သည် မည်သည့်အခါမှ ပြိုလဲသွားလိမ့်မည် မဟုတ်ချေ။

ထိုခံစားချက်သည် ဖော်မပြနိုင်အောင် အလွန်ပြင်းထန်သည်။ ယင်းက မင်းသားဆယ့်တစ်၏ နှလုံးသားထဲမှာသာ ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။ ဘေးပတ်ဝန်းကျင်မှ ဝန်ကြီးများနှင့် နန်းမြို့တော်ထဲမှ ပြည်သူပြည်သားများ၏ နှလုံးသားထဲမှာပင် ထိုခံစားချက်က ဖြစ်ပေါ်လာသည်။

သို့သော်လည်း မင်းသားဆယ့်တစ်သည် လက်လျော့ရန် ဆန္ဒမရှိသေးပေ။

သူက လူသားဧကရာဇ်ကို စိုက်ကြည့်လိုက်လေရာ သူ၏ မျက်လုံးက နီရဲလာသည်။ လူသားဧကရာဇ်၏ တည်ငြိမ်သော အကြည့်အောက်မှာ သူ၏ နှလုံးသားက အရှင်လတ်လတ် မီးမြှိုက်ခံနေရသည့်အလားပင်။ နောက်ဆုံးမှာတော့ မီးတောက်များက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး သူ၏ အသိစိတ်ကို လွှမ်းခြုံသွားသည်။

သူက ရုတ်တရက် ညာလက်ကို မြှောက်လိုက်ပြီး အရှေ့သို့ ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းဆိုသလို ရှေးဟောင်းပန်းချီကားတစ်ချပ်က သူ့အရှေ့မှ လေထဲမှာ ထွက်ပေါ်လာသည်။

ထိုပန်းချီကားထဲတွင် အမျိုးသမီးတစ်ယောက်ပုံ ရှိသည်။

အမျိုးသမီးသည် ရိုးရှင်းသော အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက အလွန်ရိုးစင်းလေရာ သူ၏ ဆံပင်ပေါ်တွင် မည်သည့်အလှတန်ဆာမှ မဆင်ယင်ထားပေ။ သူ၏ အသွင်သဏ္ဍာန်သည် သိမ်မွေ့နူးညံ့ပြီး သူ၏ မျက်ခုံးမွှေးနှင့် မျက်လုံးထဲမှာ တမူထူးခြားသော ဆွဲဆောင်မှုတစ်ခု ကိန်းအောင်းနေသည်။ သူ၏ ပန်းနုရောင် နှုတ်ခမ်းပေါ်တွင် ချစ်စဖွယ်ကောင်းသော အပြုံးတစ်ခု ရှိသည်။ အလုံးစုံခြုံငုံကြည့်မည်ဆိုလျှင် သူက ပျော်ရွှင်တတ်ကြွသော မိန်းမငယ်လေးတစ်ယောက် ဖြစ်သည်။

သူက ပြိုင်ဘက်ကင်းအောင် ချောမောလှပသူမဟုတ်သော်လည်း သူ့မှာ အများနှင့်မတူသော ဆွဲဆောင်မှုတစ်မျိုး ရှိသည်။ သူ၏ မျက်လုံးက လင်းလက်တောက်ပနေလေရာ ဉာဏ်ထက်မြက်သူဖြစ်ကြောင်း ထင်ရှားသည်။

ပန်းချီကားထဲမှ အမျိုးသမီးသည် မင်းသားဆယ့်တစ်နှင့် နင်ယန်၏ မွေးမိခင်ဖြစ်သည်။

မည်သူက ထိုပန်းချီကားကို ဖန်တီးခဲ့မှန်း မသိရသော်လည်း ယင်းက အလွန်အသက်ဝင်လေရာ အမျိုးသမီး၏ မျက်လုံးထဲမှ ပုံရိပ်ပြန်မှုကိုပင် မြင်နိုင်ပေသည်။

ယင်းက အနည်းငယ် ဝေဝါးနေပြီး မရှင်းလင်းသော်လည်း ပန်းချီကားထဲမှ အမျိုးသမီး၏ မျက်လုံးထဲတွင် ယဇ်ပလ္လင်တစ်ခု ပုံရိပ်ပြန်နေဟန် ရ၏။

ထိုပန်းချီကားကို ကြည့်နေရင်း ရွှီချင်းက နူးညံ့စွာ သက်ပြင်းချလိုက်သည်။ အတိတ်တွင် နင်ယန်က ထိုပန်းချီကားရှေ့မှာ မည်မျှဝမ်းနည်းကြေကွဲစွာ ငိုကြွေးခဲ့ကြောင်း သူပြန်အမှတ်ရသွားသည်။

ယခု ပန်းချီကားကို နောက်တစ်ကြိမ် သူကြည့်လိုက်သည့်အခါ ရွှီချင်းက အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။ တစ်ချိန်တည်းမှာ သူ၏ အကြည့်က ပန်းချီကားထဲမှ အမျိုးသမီး၏ မျက်လုံးဆီသို့ ရုတ်တရက် ကျရောက်သွားသည်။ မသဲမကွဲသော ယဇ်ပလ္လင်ပုံရိပ်က သူ့အား ရင်းနှီးသော ခံစားမှုကို ပေးသည်။

နောက်အခိုက်အတန့်မှာ ရွှီချင်းက မျက်မှောင်ကြုတ်သွားသည်။

ယင်းက ပဉ္စဂံယဇ်ပလ္လင်တစ်ခု ဖြစ်သည်။ ယင်းက အစောနက သူဖျက်ဆီးခဲ့သော ယဇ်ပလ္လင်နှင့် အတော်လေး ဆင်တူသည်။

ထိုမြင်ကွင်းက ရွှီချင်း၏ စိတ်ဝိညာဉ်ကို တုန်ယင်သွားစေသည်။

“ ရွှမ်ကျန်း ”

မင်းသားဆယ့်တစ်သည် အသည်းနာကျင်သော အမူအရာဖြင့် အော်ပြောလိုက်သည်။ ဤအခိုက်အတန့်မှာ သူက စိုးရိမ်ကြောင့်ကြစိတ်ကို လေထဲသို့ စွန့်ပစ်လိုက်ပြီး လူသားဧကရာဇ်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။

လူသားဧကရာဇ်သည် နှုတ်ဆိတ်သွားပြီး မင်းသားဆယ့်တစ်ထံမှ သူ့အကြည့်ကို ပန်းချီကားထံသို့ ရွှေ့ပြောင်းလိုက်သည်။ ပန်းချီကားထဲမှ အမျိုးသမီးကို သူကြည့်လိုက်သည့်အခိုက် သူ၏ အမူအရာက လှုပ်ခတ်သွားပြီး သူ၏ မျက်လုံးထဲမှာ အတိတ်ကို လွမ်းဆွေးသတိရသော အရိပ်အယောင်က ထွက်ပေါ်လာသည်။

“ ရွှမ်ကျန်း… ဒါက မင်းအတွက် ငါပြင်ဆင်ထားတဲ့ နောက်ဆုံးလက်ဆောင်ပဲ ”

မင်းသားဆယ့်တစ်၏ အသံက ဓားသွားပမာ အလွန်ထက်ရှလေရာ ယင်းက လောကကို ဖြတ်တောက်ပစ်နိုင်ဟန် ရ၏။

“ ငါ့ရဲ့ ဒီနေ့ လုပ်ဆောင်မှုတွေက… မျိုးနွယ်ခြားနဲ့တောင် ပူးပေါင်းဆောင်ရွက်ရတဲ့ ငါ့ရဲ့ အကြောင်းအရင်းက ငါ့မယ်တော်အတွက် ပြန်လက်စားချေဖို့ပဲ ”

“ မျိုးနွယ်တွေ တည်ကြည်ဖြောင့်မတ်တာတွေကို ငါမသိဘူး… မင်းသားတစ်ပါးရဲ့ အဆင့်အတန်းကိုလည်း ငါဂရုမစိုက်ဘူး… ဒီနေ့ ငါ့ရဲ့ လုပ်ရပ်က စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး လူအများကြီးရဲ့ မုန်းတီးခံရမယ်ဆိုတာ ငါသိတယ်… ဒါပေမဲ့ အဲ့ဒါတွေကို ငါဂရုမစိုက်ဘူး… ”

“ လောကကြီး ပျက်စီးသွားပြီး မျိုးနွယ်စုက အမြစ်ဖြတ်သုတ်သင်ခံရမယ်ဆိုရင်တောင် အဲ့ဒါက ငါ့အတွက် ဘာမှမဟုတ်ဘူး… အစကတည်းက ငါ့မှာ ပန်းတိုင်တစ်ခုပဲ ရှိတယ်… အဲ့ဒါက မင်းကို သတ်ဖို့ပဲ ”

မင်းသားဆယ့်တစ်၏ နှလုံးကွဲကြေသော အသံက အရပ်ရှစ်မျက်နှာဆီသို့ ပဲ့တင်ထပ်သွားသည်။

“ ဒီနေ့ ငါနင်ချန်းက လူသားမျိုးနွယ်ရဲ့ ဝန်ကြီးတွေကို မေးချင်တယ်… ”

“ အာရုဏ်ဦးနေမင်းရဲ့ ဖန်တီးမှုကို လူသားဧကရာဇ်ကျင့်ယွင်က အဆိုတင်သွင်းခဲ့တယ်ဆိုပေမဲ့ အဲ့ဒါက နှစ်ထောင်ပေါင်းများစွာကြာတဲ့ထိ မအောင်မြင်ခဲ့ဘူးဆိုတာ မင်းတို့အားလုံး သိတယ်… တိုးတတ်မှုက အရမ်းနှေးကွေးတယ်… ”

“ ငါ့မယ်တော်က သေမျိုးခန္ဓာကိုယ်ပဲရှိပေမဲ့ ပြိုင်ဘက်ကင်းတဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားတယ်… သူက အာရုဏ်ဦးနေမင်းနဲ့ ပတ်သက်တဲ့ အကြမ်းဖျဉ်း တည်ဆောက်ပုံတွေကို ရေးဆွဲပေးခဲ့တယ် ”

“ လူသားမျိုးနွယ်အတွက်၊ လူသားဧကရာဇ်နဲ့ မင်းတို့အားလုံးအတွက် ငါ့မယ်တော်က သူ့ဘဝရဲ့ သက်တမ်းကို အသုံးပြုပြီး အာရုဏ်ဦးနေမင်းကို အနည်းဆုံး နှစ်ပေါင်းသုံးသောင်းစောပြီး ဖန်တီးနိုင်အောင် ကြိုးစားပေးခဲ့တယ် ”

“ နတ်ဘုရားတွေအပေါ် ဖန်တီးခြင်းနန်းတော်ရဲ့ သုတေသနပြုလုပ်မှုတွေကို တခြားအစွမ်းထက်မျိုးနွယ်စုကြီးတွေနဲ့ နှိုင်းယှဉ်နိုင်အောင် မြှင့်တင်ပေးခဲ့တာ ငါ့မယ်တော်ပဲ ”

All Chapters