ဧကရီ
Vol. 89 Ch. 1367
ယခု လူတိုင်းက အဖြေကို သိရှိသွားကြသည်။
လူသားဧကရာဇ်၏ သွေးမျိုးဆက်ကျိန်စာမှ ဖြစ်ပေါ်လာသော အနက်ရောင်ကမ္မချည်မျှင်သည် အဘယ့်ကြောင့် လူသားဧကရာဇ်ကို ပစ်မှတ်မထားဘဲ ရှေးဘုရင်ဂြိုလ်၏ အနက်ပိုင်းထဲသို့ ပျံသန်းသွားရသနည်း။
အဘယ့်ကြောင့် ပဉ္စဂံယဇ်ပလ္လင်ပေါ်မှာ လူသားဧကရာဇ်ရွှမ်ကျန်း၏ ခေါင်းတလားက ရှိနေရသနည်း။
ရွှီချင်းက မီးအိမ်ကို ယူဆောင်ခဲ့စဉ် ခေါင်းတလားငါးခုထံမှ အလောင်းအရှိန်အဝါက လက်ချောင်းလေးချောင်းနှင့် လက်ဝါးအစား အဘယ့်ကြောင့် လက်ချောင်းငါးချောင်းနှင့် လက်ဝါးအဖြစ် ဖွဲ့စည်းသွားရသနည်း။
မင်းသားဆယ့်တစ်၏ လုပ်ဆောင်မှုများက အကြင်နာမဲ့ပြီး ရက်စက်ကြမ်းကြုတ်သည့်တိုင် လူသားဧကရာဇ်က အေးတိအေးစက် ပြန်လည်တုံ့ပြန်ရမည့်အစား အေးဆေးတည်ငြိမ်စွာသာ ရှိနေသည်။ သူက အစကတည်းက တိုက်ခိုက်ခြင်းမပြုသလို ဖိနှိပ်ခြင်းလည်း မပြုချေ။ ယင်းက မိဘများ၏ အပြုအမူဖြစ်သည်။
ထို့ပြင် လူသားဧကရာဇ်သည် မင်းသားတစ်ဆယ်ကို ပူးကပ်ထားသော ကောင်းကင်ဝါးမျိုဧကရာဇ်၏ ဝိညာဉ်အကြွင်းအကျန်ကိုသာ သတ်ဖြတ်ခဲ့သည်။ မင်းသားတစ်ဆယ်သည်တော့ လုံးဝဒဏ်ရာမရသွားချေ။
လူသားဧကရာဇ်က သူ၏ မျက်နှာအရေပြားကို ခွာချလိုက်သည့်အခိုက် ထိုမေးခွန်အားလုံးအတွက် အဖြေရှိသွားသည်။
အဘယ့်ကြောင့်ဆိုသော် သူက ရွှမ်ကျန်းမဟုတ်ပေ။
သူက ရွှမ်ကျန်း၏ တာအိုလက်တွဲဖော်ဖြစ်ပြီး နင်ယန်နှင့် မင်းသားဆယ့်တစ်၏ မယ်တော်ဖြစ်သည်။ အတိတ်မှာ သူ၏ အဆင့်အတန်းက အလွန်မြင့်မားလေရာ ဧကရီအဖြစ် တရားဝင်သတ်မှတ်ခံရရန် ခြေတစ်လှမ်းမျှသာ ဝေးကွာခဲ့သည်။
ဤအခိုက်အတန့်မှာ ရှေးဘုရင်ဂြိုလ်ပေါ်မှ လူတိုင်း၊ ရှေးဘုရင်ဂြိုလ်၏ အပြင်ဘက်မှ ဝန်ကြီးများနှင့် ဤကိစ္စကို အာရုံစိုက်နေကြသော နန်းမြို့တော်ထဲမှ ကျင့်ကြံသူများသည် အပြင်းအထန် နှလုံးတုန်သွားကြသည်။ သူတို့၏ အသိစိတ်က ဟာလာဟင်းလင်းဖြစ်သွားလေရာ သူတို့က မည်သည့်အရာကိုမှ ကောင်းမွန်စွာ မတွေးတောနိုင်ကြတော့ချေ။
ဤကိစ္စ၏ ထိတ်လန့်မှုက သူတို့၏ စိတ်ကူးနိုင်စွမ်းနှင့် နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။
ယင်းက ယုံကြည်ရန် အလွန်ခဲယဉ်းသည်။
အဘယ့်ကြောင့်ဆိုသော် လူသားဧကရာဇ်၏ နေ့စဉ်ဘဝတွင် သူ၏ စကားများဖြစ်စေ လုပ်ဆောင်မှုများဖြစ်စေ လုံးဝပြစ်ချက်မရှိပေ။
အမူအကျင့်များသော်လည်းကောင်း စိတ်သဘောထားများသော်လည်းကောင်း ယင်းတို့က လုံးဝပြီးပြည့်စုံလုနီးပါး တူညီသည်။ ထို့ကြောင့် ပဉ္စဂံယဇ်ပလ္လင်ပေါ်မှာ ရွှမ်ကျန်း၏ ခေါင်းတလားက ထွက်ပေါ်လာခဲ့သည့်တိုင် မည်သူမှ ယင်းကို သံသယမရှိခဲ့ကြချေ။
ယင်းအစား ရွှမ်ကျန်း၏ ခေါင်းတလားက အထဲမှာ ဟောင်းလောင်းဖြစ်နေလိမ့်မည်ဟု သူတို့တွေးထင်ခဲ့ကြသည်။
ယင်းက အလွန်ထိတ်လန့်ဖွယ်ကောင်းသော အတွေးဖြစ်သည်။
အထူးသဖြင့် ခေါင်းတလားငါးခုထဲမှ အလောင်းအရှိန်အဝါစီးကြောင်းငါးခု ထွက်ပေါ်လာခဲ့သည့်အချိန် ဖြစ်သည်။ သို့သော်လည်း မည်သူမှ ယင်းကို ထူးဆန်းသည်ဟု မခံစားမိကြချေ။
ဤသည်မှာ လူသားဧကရာဇ်က ရွှမ်ကျန်းမဟုတ်ဘူးဟူသော အတွေးကို လျှို့ဝှက်ဆန်းကြယ်သော အစွမ်းတစ်ခုက ဖုံးကွယ်ထားသည့်အလားပင်။
လျှို့ဝှက်ဆန်းကြယ်သော ထိုအစွမ်းက ဖြစ်ပျက်ခဲ့သော ကိစ္စအားလုံးအတွက် လူတိုင်းကို အကျိုးအကြောင်းသင့်သော ဖြေရှင်းချက်တစ်ခု ပေးခဲ့ဟန် ရသည်။
ယင်းက ယခုမတိုင်ခင်အထိ ဖြစ်သည်။
လူသားဧကရာဇ်ကိုယ်တိုင်က ကန့်လန့်ကာကို ကိုယ်တိုင် ဆွဲတင်လိုက်သည့်အခါမှသာ အမှန်တရားက ထွက်ပေါ်လာလေသည်။
ထိုအမှန်တရားက လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
နတ်ဘုရားများသည် သက်ရှိများ၏ နားလည်ထားမှုကို တိတ်တဆိတ် ဝင်နှောင့်ယှက်နိုင်ပြီး ပြောင်းလဲပစ်နိုင်သည်။ သို့သော်လည်း ၎င်းတို့သည် အဆင့်မြင့်နတ်ဘုရားများကြားတွင် အထွတ်အထိပ်မှာ ရှိရမည်။ ထို့ပြင် ထိုသို့လုပ်ဆောင်နိုင်သော နောက်ထပ်တည်ရှိမှုတစ်ခု ရှိသေးသည်။
အမှန်မှာ ထိုသူက နတ်ဘုရားများထက်ပင် ယင်းကို ပြစ်ချက်မဲ့အောင် စွမ်းဆောင်နိုင်သည်။
ထိုသူသည် ဓားကိုင်ဧကရာဇ်ဖြစ်သည်။
ယင်းက ဓားကိုင်ဧကရာဇ်က အဘယ့်ကြောင့် လူသားဧကရာဇ်ကို အစကတည်းက အသိအမှတ်ပြုထားကြောင်း၊ ရွှီချင်း၏ ဧကရာဇ်ဓားက လူသားဧကရာဇ်အပေါ် အဘယ့်ကြောင့် မတုံ့ပြန်ခဲ့ကြောင်း ရှင်းပြပေးနိုင်သည်။
သူ၏ ထွက်ပေါ်လာမှု၊ သူနှင့်ပတ်သက်သော အရာအားလုံးကို ဓားကိုင်ဧကရာဇ်က အသိအမှတ်ပြုထားခြင်း ဖြစ်သည်။
ထိုအတွေးက ရွှီချင်း၏ စိတ်ထဲမှာသာ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ လူတိုင်း၏ စိတ်ထဲမှာလည်း ထွက်ပေါ်လာသည်။
ပြိုင်ဘက်ကင်းပါရမီကို ပိုင်ဆိုင်ထားသော ဤအမျိုးသမီးနှင့် ရွှမ်ကျန်းကြားမှာ မည်သို့သော အလှည့်အပြောင်းများက ဖြစ်ပေါ်လာခဲ့သနည်း။ ရွှမ်ကျန်းက ဤကိစ္စမှာ သူ့ကို ကူညီပေးခဲ့ခြင်းလော သို့မဟုတ် သူက သေဆုံးသွားပြီးမှ အသက်ပြန်ရှင်လာခဲ့ခြင်းလော။ ထို့ပြင် သူက မည်သို့ကြောင့် ဧကရာဇ်ဖြစ်လာခဲ့သနည်း။ အစရှိသော ထိုမေးခွန်းများသည် သေချာမရှင်းလင်းသေးပေ။
ဖြစ်နိုင်သည်မှာ သူက အစကတည်းက သေဟန်ဆောင်ခဲ့ပြီး လူသားဧကရာဇ်အဖြစ် အစားထိုးနေထိုင်ခဲ့သည်။
သို့သော်လည်း ဤကိစ္စှနှင့်ပတ်သက်ပြီး အမှန်တရားကို မည်သူမှ မသိကြချေ။
ယင်းက ပဟေဠိတစ်ခု ဖြစ်လာသည်။
ဤအခိုက်အတန့်မှာ ဝန်ကြီးများက အံ့ဩထိတ်လန့်သွားကြပြီး သူတို့၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်သွားကြသည်။ အနာဂတ်နှင့်ပတ်သက်ပြီး အကြောက်တရားနှင့် စိတ်မသက်မသာဖြစ်သော ခံစားမှုက သူတို့၏ နှလုံးသားထဲမှာ ထွက်ပေါ်လာကြသည်။ သို့သော်လည်း ထိုလူများထဲတွင် လူသုံးယောက်သည် ပုံမှန်အမူအရာဖြင့် ရှိနေကြသည်။
ပထမတစ်ယောက်သည် ရှေးဘုရင်ဂြိုလ်ပေါ်မှာ တစ်ချိန်လုံး နှုတ်ဆိတ်နေသော တရားဝန်ကြီးချုပ်ဖြစ်သည်။
ထိုအခိုက်အတန့်မှာ တရားဝန်ကြီးချုပ်သည် အပြင်သို့ ထွက်လျှောက်လာပြီး လူသားဧကရာဇ်၏ အရှေ့မှာ ဒူးထောက်ချလိုက်သည်။
“ လူသားဧကရာဇ်ကို နှုတ်ဆက်ပါတယ် ”
ဒုတိယလူသည် လူသားဧကရာဇ်၏ ဘေးမှ မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့် မိန်းမစိုးအဖိုးအိုဖြစ်သည်။ သူက ဒူးထောက်ချလိုက်ပြီး ခေါင်းငုံ့ထားလိုက်သည်။
“ လူသားဧကရာဇ်ကို နှုတ်ဆက်ပါတယ် ”
တတိယလူသည်တော့ လူတိုင်း၏ မျှော်လင့်ထားမှုထက် ကျော်လွန်နေသည်။ သို့သော်လည်း သေချာတွေးကြည့်မည်ဆိုလျှင် ယင်းက ယုတ္တိရှိသည်။ ထိုလူသည် ဘုရင်ကျန်းယန်မှလွဲ၍ တခြားလူမဟုတ်ချေ။
သူက တည်ငြိမ်သော အမူအရာဖြင့် မင်းသားဆယ့်တစ်၏ ဘေးမှ ထွက်လျှောက်လာပြီး လူသားဧကရာဇ်၏ အရှေ့သို့ လျှောက်သွားသည်။ သူက လူသားဧကရာဇ်၏ မျက်နှာကို ကြည့်လိုက်လေရာ အတိတ်ကို လွမ်းဆွေးသတိရသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ နောက်ဆုံးမှာတော့ သူက ခေါင်းငုံ့လိုက်ပြီး ဒူးထောက်ချလိုက်သည်။
“ လူသားဧကရာဇ်ကို နှုတ်ဆက်ပါတယ် ”
သူက လူသားမျိုးနွယ်အပေါ် မည်သည့်အခါကမှ သစ္စာမဖောက်ခဲ့ပေ။
အရာအားလုံးသည် အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ယင်းက ထောင်ချောက်တစ်ခု ဖြစ်သည်။
ထိုထောက်ချောက်ကို လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက ရွှမ်ကျန်းနေရာမှာ အစားထိုးခဲ့သော ပြိုင်ဘက်ကင်းပါရမီရှင် ဤမိန်းမငယ်လေးက စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
နတ်ဘုရားအဖြစ်တတ်လှမ်းရန် သူစတင်ပြင်ဆင်ခဲ့ကတည်းက အင်အားစုအများအပြားက ယင်းကို လက်ခံကြလိမ့်မည်မဟုတ်ကြောင်း သူသိသည်။ ထို့ကြောင့် သူက ယနေ့အထိ သူ၏ အစစ်အမှန် တိုက်ပွဲစွမ်းအားကို ဖုံးကွယ်ထားခဲ့သည်။
သူက အထွတ်အထိပ်အဆင့် အုပ်ချုပ်သူတစ်ပါးဖြစ်ကြောင်း မဖော်ပြနိုင်ပေ။ မျိုးနွယ်ခြားများက လူသားမျိုးနွယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသည့်အချိန်မှာဖြစ်စေ မျိုးနွယ်က ခက်ခဲကျပ်တည်းနေသည့်အချိန်မှာဖြစ်စေ သူက တိတ်ဆိတ်နေခဲ့သည်။
လူသားမျိုးနွယ်တစ်ခုလုံး မျိုးတုံးသတ်ဖြတ်ခံရမည့် အခြေအနေကို မရောက်သရွေ့ သူ၏ အစစ်အမှန် တိုက်ပွဲစွမ်းအားကို မထုတ်ဖော်နိုင်ပေ။
အဘယ့်ကြောင့်ဆိုသော် သူက အထွတ်အထိပ်အဆင့် အုပ်ချုပ်သူတစ်ပါးဖြစ်ကြောင်း ထုတ်ဖော်လိုက်လျှင် လူသားမျိုးနွယ်သည် နတ်ဘုရားများ၏ ဆင်းသက်လာမှုကို ရင်ဆိုင်ရလိမ့်မည်။
နတ်ဘုရားများသည် ဝမ်ကူးကုန်းမြေထဲမှာ အထွတ်အထိပ်အဆင့် အုပ်ချုပ်သူတစ်ပါး တည်ရှိနေခြင်းကို ခွင့်မပြုကြချေ။
သူက လူသားမျိုးနွယ်အတွင်းမှာသာ အထွတ်အထိပ်အဆင့် အုပ်ချုပ်သူအစွမ်းကို ထုတ်ဖော်ခဲ့လျှင်ပင် သို့မဟုတ် လူသားမျိုးနွယ်၏ အပြင်ဘက်မှာ ခြေလှမ်းဝက် အထွတ်အထိပ်အဆင့် အုပ်ချုပ်သူအစွမ်းကိုသာ ထုတ်ဖော်ခဲ့လျှင်ပင် ယင်းက လူသားမျိုးနွယ်အတွက် မဟာကပ်ဘေးကို ခေါ်ဆောင်လာလိမ့်မည်။
ထို့ကြောင့် သူက သည်းခံရုံသာ တတ်စွမ်းခဲ့သည်။
သူက အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းခဲ့သည်။ သူ၏ တိုက်ပွဲစွမ်းအားကို ထုတ်ဖော်လိုက်လျှင်ပင် ဖြစ်ပေါ်လာမည့် အခြေအနေများကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်မည့် အခွင့်အရေးတစ်ခုကို သူစောင့်ဆိုင်းခဲ့သည်။
ထို့ကြောင့် သူက နင်ညီအကိုနှစ်ယောက်ကို လျစ်လျူရှုထားခဲ့ပြီး သူတို့ကိုယ်သူတို့ ထိန်းကျောင်းစေခဲ့သည်။ မျိုးနွယ်ခြားများကို သွေးဆောင်နိုင်စေရန် လူသားဧကရာဇ်ရွှမ်ကျန်းအပေါ် သူတို့၏ မကျေနပ်မှုကို ခွင့်ပြုပေးခဲ့သည်။
ထိုနည်းဖြင့် သူက အချိန်ကျလာသည့်အခါ ငါးအားလုံးကို တစ်ပြိုင်တည်း ဖမ်းဆီးနိုင်လိမ့်မည်။
ဤအခိုက်အတန့်မှာ သူအောင်မြင်သွားခဲ့သည်။
တရားဝန်ကြီးချုပ်၊ မိန်းမစိုးအဖိုးအိုနှင့် ဘုရင်ကျန်းယန်က အသီးသီး အရိုအသေပေးလိုက်ကြသည့်အခါ ကျန်ဝန်ကြီးများက စိတ်ရှုပ်ထွေးသွားကြသည်။ အတွေးများစွာက သူတို့၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း နောက်ဆုံးမှာတော့ သူတို့အားလုံးက ခေါင်းငုံ့လိုက်ကြသည်။
မုန်တိုင်းတစ်ခုသည် ရွှီချင်း၏ အသိစိတ်ထဲမှာ ထွက်ပေါ်လာသည်။
ထိုမြင်ကွင်းသည် သူ၏ စိတ်ထဲမှာ နောက်ဆုံးထွက်ပေါ်လာခဲ့သော ခန့်မှန်းမှုဖြစ်သည်။ သို့သော်လည်း အမှန်တရားက သူ၏ မျက်စိရှေ့မှာ ထွက်ပေါ်လာသည့်အခါ ထိတ်လန့်မှုက ဖော်မပြနိုင်အောင် ကြီးမားနေဆဲပင်။
သူ၏ အသိစိတ်ကို ပိုပြီးလှိုင်းထသွားစေသည်မှာ နင်ယန်၏ မယ်တော်က အထွတ်အထိပ်အဆင့် အုပ်ချုပ်သူဖြစ်သည်။
ရွှီချင်းက နူးညံ့စွာ သက်ပြင်းချလိုက်သည်။
အထူးသဖြင့် နန်းမြို့တော်ဆီသို့ ပထမဆုံး သူရောက်လာပြီးနောက် ဓားကိုင်ဧကရာဇ်၏ သေအံ့ဆဲဆဲ အခြေအနေကို ပြန်မြင်ယောင်မိသွားသည့်အခါ ဖြစ်သည်။
ယခု အရာအားလုံးက အဖြေရှိသွားပုံပေါ်သည်။
“ ဓားကိုင်ဧကရာဇ်က လျှို့ဝှက်အတတ်ပညာတစ်ခုကို အသုံးပြုပြီး နင်ယန်ရဲ့ မယ်တော်ဆီ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံကို အမွေပေးခဲ့တာများလား ”
“ ဧကရာဇ်ဓားကိုတော့ ငါ့ကို အမွေပေးခဲ့တယ်… ”
ထိုခန့်မှန်းမှုက အမှန်ဟုတ်မဟုတ် ရွှီချင်းမသိပေ။ ဤအခိုက်အတန့်မှာ သူက ခေါင်းမော့လိုက်ပြီး ရှေးဘုရင်ဂြိုလ်၏ အပြင်ဘက်မှ ဓားကိုင်ဧကရာဇ်၏ ရုပ်တုဆီသို့ လှမ်းကြည့်လိုက်သည်။
မင်းသားဆယ့်တစ်သည် ဆွံ့အသွားသည်။ သူ၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားသည်။ ဤအခိုက်အတန့်မှာ သူက မတ်တတ်ရပ်ရန် အင်အားမရှိတော့သည့်အလား ယိမ်းယိုင်သွားသည်။ သူ၏ အသိစိတ်က ဟာလာဟင်းလင်းဖြစ်နေစဉ် လူသားဧကရာဇ်၏ အသံက ထွက်ပေါ်လာသည်။
“ ကလေး… ကြောင်တောင်တောင် ရပ်မနေနဲ့… အနောက်ဆုတ်နေ ”
ထိုစကားကြောင့် မင်းသားဆယ့်တစ်က စိတ်လှုပ်ရှားသွားသည်။ သူက ခေါင်းငုံ့လိုက်လေရာ မျက်ရည်က ထိန်းချုပ်မရအောင် စီးကျလာသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ ဝမ်းသာလွန်း၍ မျက်ရည်စီးကျလာခြင်း ဖြစ်သည်။
ဤကလေး၏ ဆိုးသွမ်းသော အကျင့်စရိုက်က ဤအခိုက်အတန့်မှာ ပျောက်ကွယ်သွားပြီး သူက လူလိမ္မာပြန်ဖြစ်သွားသည်။
အစစ်အမှန် မျက်နှာကို ထုတ်ဖော်ခဲ့သော လူသားဧကရာဇ်သည် အနောက်သို့ လှည့်လိုက်သည်။
သူ၏ မျက်လုံးထဲမှာ ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် ရဲရင့်မှု ရှိသည်။ သူ၏ အမူအရာသည် အေးဆေးတည်ငြိမ်ပြီး ယုံကြည်မှုပြည့်ဝသည်။ သူ၏ လှုပ်ရှားမှုတိုင်းမှာ အဆုံးမဲ့သော အင်အားများဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ သူက လူသားမျိုးနွယ်၏ စစ်မှန်သော ဧကရာဇ်တစ်ပါးဖြစ်ကြောင်း၊ သူ့မှာ အရာအားလုံးကို ပြောင်းလဲပစ်နိုင်သော စွမ်းအားရှိကြောင်း လောကကြီးကို အသိပေးကြေညာတော့မည့်အလားပင်။
“ ဝန်ကြီးတွေ… ဧကရာဇ်အဖြစ် ငါဆောင်ရွက်တာကို ကန့်ကွက်မဲ့လူ ရှိကြလား ”
ဂုဏ်သိက္ခာကြီးမြတ်သော အသံက မြည်ဟိန်းထွက်လာသည်။
ဘေးပတ်ဝန်းကျင်သည် နှုတ်ဆိတ်သွားသည်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် ရှေးဘုရင်ဂြိုလ်၏ အတွင်းနှင့်အပြင်မှ ဝန်ကြီးအားလုံးသည် လူသားဧကရာဇ်ကို အရိုအသေပေးလိုက်ကြသည်။
“ လူသားဧကရာဇ် သက်တော်ရာကျော်ရှည်ပါစေ ”
ထိုအသံသည် ကမ္ဘာတုန်ဟီးသွားစေရန် ကျယ်လောင်သည်။
နောက်အခိုက်အတန့်မှာ ရှေးဘုရင်ဂြိုလ်က တုန်ယင်သွားသည်။ လူသားမျိုးနွယ်၏ ကမ္မအားလုံးက လှုပ်ခတ်သွားပြီး လူသားဧကရာဇ်ပေါ်သို့ ဆင်းသက်လာသည်။ ကမ္မစွမ်းအားသည် လူသားဧကရာဇ်၏ ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး သူ့ကို အားဖြည့်ပေးလိုက်သည်။
ထို့နောက် ကမ္မစွမ်းအားသည် လူသားဧကရာဇ်၏ ဦးခေါင်းပေါ်မှာ ပုံရိပ်ယောင်ဧကရာဇ်သရဖူအဖြစ် ဖွဲ့စည်းသွားသည်။
လူသားမျိုးနွယ်၏ ကမ္မသည် သူ့ကို အသိအမှတ်ပြုပြီးသား ဖြစ်သည်။ ယခု ကမ္မက သူ့ကို နောက်တစ်ကြိမ် အသိအမှတ်ပြုလိုက်သည်။
ဤအခိုက်အတန့်မှာ လူသားဧကရာဇ်က လူတိုင်း၏ အာရုံစိုက်မှုအလယ်မှာ ရှိသည်။ သူက ကောင်းကင်ဘုံယဇ်ပလ္လင်ပေါ်တွင် ခေါင်းမော့လိုက်ပြီး သူ၏ အစစ်အမှန် မျက်နှာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“ ဘိုးဘေးတွေကို ယဇ်ပူဇော်ပြီးပြီဆိုတော့ အခုချိန်က ကောင်းကင်ဘုံကို ယဇ်ပူဇော်ရမယ့်အချိန်ပဲ ”
သူ၏ မျက်လုံးထဲမှာ စူးရှသော အလင်းရောင်က ထွက်ပေါ်လာသည်။
ယုံကြည်မှုသည် သူ၏ တစ်ကိုယ်လုံးမှ ပျံ့နှံ့ထွက်လာသည်။
ဤအခိုက်အတန့်မှာ ဘိုးဘေးကန်တော့ပွဲ၏ ပထမအပိုင်းက ပြီးဆုံးသွားပြီး ဒုတိယအပိုင်းက တရားဝင် စတင်လာသည်။