← Chapters

ကျေးဇူးပြုပြီး ဝမ်းမြောက်ဝမ်းသာ လက်ခံပေးပါ(ခ)

Vol. 89 Ch. 1369

ကျေးဇူးပြုပြီး ဝမ်းမြောက်ဝမ်းသာ လက်ခံပေးပါ(ခ)

Vol. 89 Ch. 1369

တိုက်ပွဲအလံတိုင်၏ ထွက်ပေါ်လာမှုက လူသားအားလုံး၏ သွေးမျိုးဆက်စွမ်းအားကို လှုံ့ဆော်လိုက်ပြီး ပဲ့တင်ထပ်မှုတစ်ခုကို ဖြစ်ပေါ်စေသည်။

ရွှီချင်းသည်လည်း ထို့အတူပင်။ ကောင်းကင်ပေါ်မှ လူသားမျိုးနွယ်၏ တိုက်ပွဲအလံတိုင်ကို ကြည့်နေရင်း အတိတ်တုန်းက ချီယွဲ့ထုံဂိုဏ်း၏ အလံတိုင်က သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

အဓိကအလံတိုင်နှင့် အရံအလံတိုင်များနှင့်ပတ်သက်ပြီး အများကြီး သူမသိသော်လည်း ထိုအလံတိုင်နှစ်ခုကို ဖန်တီးထားသော ကုန်ကြမ်းပစ္စည်းများက တူညီကြောင်း သူပြောနိုင်သည်။ ယင်းတို့က အရင်းအမြစ်တစ်ခုတည်းမှ ဆင်းသက်လာကြခြင်း ဖြစ်နိုင်သည်။ သို့သော်လည်း ယင်းတို့ကြားမှ စွမ်းအားသည်တော့ ပိုးစုန်းကြူးနှင့် လမင်းပမာ ကွာခြားကြောင်း သူပြောနိုင်သည်။

ရွှီချင်းက လူသားမျိုးနွယ်၏ တိုက်ပွဲအလံတိုင်ကို လေ့လာနေစဉ် မိန်းမစိုးအဖိုးအို၏ အသံက နောက်တစ်ကြိမ် ပဲ့တင်ထပ်လာသည်။

“ တိုက်ပွဲအလံတိုင်က ထွက်ပေါ်လာပြီ… အလံတိုင်ကို လွှင့်ထူမယ် ”

“ ကောင်းကင်အကျဉ်းထောင်တွေကို ဖွင့်လှစ်ကြ ”

“ လူသားမျိုးနွယ်ရဲ့ တိုက်ပွဲအလံတိုင်အတွက် ယဇ်ပူဇော်မယ် ”

မိန်းမစိုးအဖိုးအို၏ စကားသံဆုံးသွားသည်နှင့်ချက်ချင်း လောကကြီးက တုန်လှုပ်သွားသည်။ လျှပ်စီးတန်းများသည် တိုက်ပွဲအလံတိုင်၏ အတွင်းနှင့်အပြင်မှာ ရွေ့လျားကူးခတ်နေကြပြီး မိုးခြိမ်းသံသည် ကျယ်လောင်စွာ ထစ်ချုန်းသွားသည်။ နောက်အခိုက်အတန့်မှာ နန်းမြို့တော်ထဲမှ အထက်ရွှမ်နန်းတော်ငါးခုသည် သူတို့၏ ကောင်းကင်အကျဉ်းထောင်များကို ဖွင့်လှစ်လိုက်ကြသည်။

လူသားကျင့်ကြံသူတပ်ဖွဲ့များသည် မရေမတွက်နိုင်သော မျိုးနွယ်ခြားစစ်သုံးပန်းများကို ကောင်းကင်ပေါ်မှ တိုက်ပွဲအလံတိုင်ဆီသို့ ခေါ်ဆောင်သွားကြသည်။

မျိုးနွယ်ခြားစစ်သုံးပန်းများ၏ အရေအတွက်သည် ဆယ်သန်းထက် မနည်းပေ။

ဤအခိုက်အတန့်မှာ နန်းမြို့တော်ထဲမှ ကျင့်ကြံသူများနှင့် ရှေးဘုရင်ဂြိုလ်ပေါ်မှ ဝန်ကြီးများသည် ကောင်းကင်ပေါ်သို့ စိုက်ကြည့်နေကြသည်။

ရွှီချင်း၏ အကြည့်က ကောင်းကင်ပေါ်သို့ ကျရောက်သွားလေရာ သူက မျက်လုံးမှေးကျဉ်းလိုက်သည်။

တစ်ချိန်တည်းမှာ နန်းမြို့တော်ထဲမှ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်များသည် အစဉ်မပြတ် အသက်ဝင်လာကြသည်။ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်များ၏ အခြားတစ်ဖက်တွင် မဟာနန်းမြို့တော်ဒေသကြီးထဲမှ အမျိုးမျိုးသော လူသားစစ်တပ်များသည်လည်း အမိန့်တော်ရရှိသွားကြသည်။

သူတို့က ကိုယ်ပိုင်အကျဉ်းထောင်များကို ဖွင့်လှစ်လိုက်ကြပြီး မျိုးနွယ်ခြားစစ်သုံးပန်းများကို စေလွှတ်လိုက်ကြသည်။

အကယ်၍ တစ်စုံတစ်ယောက်က မဟာနန်းမြို့တော်ဒေသကြီးတစ်ခုလုံးကို ကောင်းကင်ပေါ်မှ ခြုံငုံကြည့်မည်ဆိုလျှင် ဤအခိုက်အတန့်မှာ တိုက်ပွဲအလံတိုင်ဆီသို့ ခေါ်ဆောင်ခံသွားနေရသော မျိုးနွယ်ခြားစစ်သုံးပန်းများက စုစုပေါင်း သန်းငါးဆယ်မှ သန်းခြောက်ဆယ်အထိရှိကြောင်း အကြမ်းဖျဉ်း ခန့်မှန်းနိုင်လိမ့်မည်။

ဤသည်မှာ လက်ရှိလူသားဧကရာဇ်၏ ခေတ်အတွင်းမှာ ဖြစ်ပွားခဲ့သော စစ်ပွဲများ၏ ရလဒ်ဖြစ်သည်။ အများစုသည် အာရုဏ်ဦးနေမင်း ထွက်ပေါ်လာပြီးနောက် စစ်ပွဲ၏ ရိတ်သိမ်းမှုများ ဖြစ်ကြသည်။

လူသားဧကရာဇ်က တည်ငြိမ်စွာ ပြောသည်။

“ သတ်ပစ် ”

ချက်ချင်းဆိုသလို ကောင်းကင်ပေါ်မှ စစ်သုံးပန်းသန်းပေါင်းများစွာသည် အပြင်းအထန် တုန်ယင်သွားကြသည်။ ၎င်းတို့၏ အနောက်မှ လူသားကျင့်ကြံသူများသည် ဆေဘာဓားကို ကိုင်မြှောက်လိုက်ကြပြီး ခေါင်းဖြတ်လိုက်ကြသည်။

မရေမတွက်နိုင်သော ဦးခေါင်းပြတ်များက လေထဲသို့ မြှောက်တတ်သွားကြပြီး ဦးခေါင်းမဲ့အလောင်းများက အောက်သို့ ပြုတ်ကျသွားကြသည်။

သို့သော်လည်း အလောင်းများက မြေကြီးပေါ်သို့ မပြုတ်ကျသွားကြချေ။ နောက်အခိုက်အတန့်မှာ ကောင်းကင်ကို ဖုံးလွှမ်းထားသော လူသားမျိုးနွယ်၏ တိုက်ပွဲအလံတိုင်ထဲမှာ ကြီးမားသော စည်းချအစီအရင်ဝဲကတော့တစ်ခု ထွက်ပေါ်လာသည်။ ဝဲကတော့သည် အလောင်းများနှင့် သွေးကို စုပ်ယူဝါးမျိုလိုက်သည်။

တစ်ချိန်တည်းမှာ နေရာတိုင်းမှ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်များက အသက်ဝင်လာကြပြီး အသတ်ခံလိုက်ရကြသော မျိုးနွယ်ခြားစစ်သုံးပန်းများ၏ အလောင်းများကို နန်းမြို့တော်ဆီသို့ ပို့ဆောင်ပေးလာကြသည်။

အလောင်းများထွက်ပေါ်လာသည့်အခိုက် ၎င်းတို့က လေထဲသို့ မြှောက်တတ်သွားကြပြီး တိုက်ပွဲအလံတိုင်၏ ဝါးမျိုခံလိုက်ရကြသည်။

တိုက်ပွဲအလံတိုင်သည် ချက်ချင်း နီညိုရောင်သို့ ပြောင်းလဲသွားသည်။

ထိုသွေးပျက်ဖွယ်ကောင်းသော မြင်ကွင်းက ဝမ်ကူးကုန်းမြေထဲရှိ မျိုးနွယ်စုများကြားမှ ရက်စက်ကြမ်းကြုတ်မှုကို မီးမောင်းထိုးပြနေလေသည်။

လူသားမျိုးနွယ်တစ်ခုတည်း ထိုသို့မဟုတ်ပေ။ တခြားမျိုးနွယ်စုများ၏ ယဇ်ပူဇော်ခြင်းပွဲအခမ်းအနားသည်လည်း ထိုအတိုင်းဖြစ်သည်။ အားကြီးသူသာ အနိုင်ရစတမ်းဟူသော ဥပဒေသည် ဝမ်ကူးကုန်းမြေ၏ အထွတ်အမြတ် ဥပဒေဖြစ်သည်။

မျိုးနွယ်ခြားသန်းပေါင်းများစွာ၏ အသွေးအသားများကို စုပ်ယူပြီးသည့်နောက် လူသားမျိုးနွယ်၏ တိုက်ပွဲအလံတိုင်က အနီရောင်သို့ ပြောင်းလဲသွားသော်လည်း ယင်းက စိတ်ဝိညာဉ်ကို မပိုင်ဆိုင်သေးပေ။ သို့ဖြစ်၍ ယဇ်ပူဇော်ခြင်း၏ ဒုတိယအပိုင်းက စတင်လာသည်။

ယင်းက ဝိညာဉ်ကို ယဇ်ပူဇော်ခြင်းဖြစ်သည်။

နောက်အခိုက်အတန့်မှာ သေဆုံးသွားကြသော မျိုးနွယ်ခြားသန်းပေါင်းများစွာ၏ ဝိညာဉ်များသည် ဤလောကထဲမှာ ထွက်ပေါ်လာကြသည်။ ၎င်းတို့က သံသရာစက်ဝန်းထဲသို့ မဝင်ရောက်နိုင်သောကြောင့် ဘဝမကူးပြောင်းနိုင်ကြချေ။

၎င်းတို့၏ ဝိညာဉ်များသည် ကောင်းကင်ပေါ်မှာ လွင့်မျောနေကြသည်။ ဤသည်မှာ တစ္ဆေလောကက လူသားလောကပေါ်သို့ ဆင်းသက်လာနေသည့်အလားပင်။

လူသားလောကသည် အားမနည်းသော်လည်း တစ္ဆေလောကသည် စူးရှသော ငိုကြွေးသံများကိုသာမက ဝမ်းနည်းဖွယ်ရာ ညည်းညူသံများကိုလည်း ထုတ်လွှတ်နေသည်။

သို့ဖြစ်၍ ချက်ချင်းဆိုသလို လူသားမျိုးနွယ်၏ တိုက်ပွဲအလံတိုင်ထဲမှ ဝဲကတော့က ပိုမိုမြန်ဆန်စွာ လှည့်ပတ်လာပြီး ဝိညာဉ်သန်းပေါင်းများစွာကို ဝါးမျိုလိုက်သည်။

တိုက်ပွဲအလံတိုင်ထဲသို့ စုပ်ယူခံလိုက်ရသော ဝိညာဉ်အားလုံးသည် အာဟာရဓာတ်များ ဖြစ်လာကြသည်။

ဤအခိုက်အတန့်မှာ မိန်းမစိုးအဖိုးအို၏ အသံသည် ပိုပြီးစိတ်လှုပ်ရှားလာသည်။

“ မျိုးနွယ်အလံတိုင်အတွက် ယဇ်ပူဇော်မှုက ပြီးမြောက်သွားပါပြီ… ငါတို့ရဲ့ ဧကရီက အခု ယဇ်ပူဇော်မှုကို ဆောင်ရွက်နိုင်ပါပြီ ”

ဧကရီသည် အမူအရာကင်းမဲ့စွာ လက်မြှောက်လိုက်ပြီး ကောင်းကင်ကို ဖမ်းဆုပ်လိုက်သည်။

ထိုဖမ်းဆုပ်မှုကြောင့် ကောင်းကင်သည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး ဖရိုဖရဲဖြစ်သွားကာ ဧကရီဆီသို့ တိမ်းစောင်းသွားသည်။ နောက်ဆုံးမှာတော့ ကောင်းကင်ကို ဖုံးလွှမ်းထားသော လူသားမျိုးနွယ်၏ တိုက်ပွဲအလံတိုင်သည် ဧကရီဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

နောက်အခိုက်အတန့်မှာ ဧကရီသည် အလံတိုင်ကို ကောင်းကင်ပေါ်မှ ဆွဲထုတ်လိုက်သည်။

သူက အလံတိုင်၏ တိုင်လုံးကို ဖမ်းဆုပ်လိုက်ပြီး ကောင်းကင်ထံသို့ ဝှေ့ယမ်းလိုက်သည်။

ဧရာမအလံသည် ကောင်းကင်ပေါ်မှာ တဖျပ်ဖျပ်လွင့်မျောသွားပြီး ရေလှိုင်းများသဖွယ် ပျံ့ပွားသွားသည်။ အလံကို ဝှေ့ယမ်းလိုက်သည်နှင့်ချက်ချင်း ကောင်းကင်ပေါ်မှာ အနီရောင်ဝဲကတော့တစ်ခု ထွက်ပေါ်လာသည်။

ယင်းက အဆုံးသတ် မဟုတ်သေးပေ။ ဧကရီက တိုက်ပွဲအလံတိုင်ကို ထပ်ခါထပ်ခါ ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းဆိုသလို သွေးနီရောင်ဝဲကတော့သည် ပိုပြီးပြင်းထန်လာသည်။

ကိုးကြိမ်လွှဲယမ်းပြီးနောက် ဝဲကတော့သည် သွေးနီရောင်လေဆင်နှာမောင်းအဖြစ် ပြောင်းလဲသွားသည်။ လေဆင်နှာမောင်းသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်နိုင်သော ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

ဤသည်မှာ ကောင်းကင်ပေါ်တွင် အဟရာတစ်ခု ဖွင့်လှစ်သွားတော့မည့်အလားပင်။

သို့သော်လည်း ဝမ်ကူးကုန်းမြေ၏ ကောင်းကင်သည် ချိပ်ပိတ်ခံထားရသည်။ အပြင်လူများက အထဲသို့ ဝင်ရောက်နိုင်သော်လည်း အထဲမှ လူများက အပြင်သို့ ထွက်သွားချင်လျှင် ကြီးမားသော တန်ဖိုးတစ်ခုကို ပေးချေရလိမ့်မည်။

အတိတ်တွင် ရွှီချင်းနှင့် အားညိုသည် နတ်ဘုရားနယ်မြေမှ စွမ်းအားကို အသုံးပြုပြီးမှသာ အပြင်သို့ ထွက်သွားနိုင်ခဲ့သည်။

ယခု ဧကရီ၏ လုပ်ဆောင်မှုကို မြင်သွားသောအခါ ရွှီချင်းက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

နောက်အခိုက်အတန့်မှာ ကျယ်လောင်သော မြည်သံက ပဲ့တင်ထပ်သွားသည်။ ရှေးဘုရင်ဂြိုလ်က လှုပ်ယမ်းသွားပြီး လူသားမျိုးနွယ်၏ ကမ္မက ကောင်းကင်ပေါ်သို့ နဂါးတစ်ကောင်သဖွယ် ပျံတတ်သွားသည်။ ၎င်းက သွေးနီရောင်ဝဲကတော့၏ အလယ်ဗဟိုကို အကြမ်းပတမ်း ဝင်ဆောင့်လိုက်သည်။

ကမ္မနဂါးသည် ကျယ်လောင်စွာ မာန်ဖီဟိန်းဟောက်လိုက်သည်။ ၎င်း၏ တစ်ကိုယ်လုံးက အပြင်းအထန် တုန်ယင်သွားသည်။ ဤသည်မှာ ၎င်းက အရှေ့သို့ ဆက်လက် တိုးသွားချင်နေသည့်အလားပင်။

တစ်ချိန်တည်းမှာ ပိုပြီးကြောက်စရာကောင်းသော စွမ်းအင်လှိုင်းတစ်ခုက ရှေးဘုရင်ဂြိုလ်ထံမှ ပျံ့နှံ့ထွက်လာသည်။ အတိအကျဆိုရလျှင် ယင်းက ရှေးဘုရင်ဂြိုလ်ပေါ်တွင် တဟုန်းဟုန်း တောက်လောင်နေသော ရွှေရောင်နတ်ဘုရားမီးတောက်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုမီးတောက်က မပြည့်စုံသေးသော်လည်း နတ်ဘုရားအရှိန်အဝါကို ပိုင်ဆိုင်ထားဆဲပင်။ ရှေးဘုရင်ဂြိုလ်က ပရမ်းပတာ လှုပ်ခတ်သွားသည်နှင့် မီးတောက်က လေထဲသို့ မြှောက်တတ်သွားပြီး ကောင်းကင်ပေါ်မှ သွေးနီရောင်ဝဲကတော့ဆီသို့ ဦးတည်သွားသည်။

ယင်းက အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်သော ထာဝရမီးတောက်တစ်ခုနှယ် အလွန်အားကောင်းသည်။

ယင်းက အဆုံးသတ် မဟုတ်သေးပေ။ နောက်အခိုက်အတန့်မှာ ဧကရီသည် လက်မြှောက်လိုက်ပြီး အကြမ်းပတမ်း ဝှေ့ယမ်းလိုက်သည်။ သူက သူ၏ လက်ထဲမှ လူသားမျိုးနွယ်၏ တိုက်ပွဲအလံတိုင်ကို လှံတစ်ချောင်းအဖြစ် အသုံးပြုလိုက်ပြီး ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်သည်။

တိုက်ပွဲအလံတိုင်သည် ယင်း၏ လမ်းကြောင်းတစ်လျှောက်မှာရှိသော အရာအားလုံးကို မရပ်တန့်နိုင်သော ခွန်အားနှင့်အတူ ဖောက်ထွင်းသွားသည်။ ယင်း၏ အရှေ့မှာရှိသော မည်သည့်အတားအဆီးမဆို ဖောက်ထွင်းခံရမည့်ဟန် ရသည်။ ထို့ပြင် ယင်းထဲမှာ လူသားမျိုးနွယ်၏ အနိုင်မခံအရှုံးမပေးသော တိုက်ပွဲစိတ်ဆန္ဒလည်း ပါရှိသည်။

တစ်ချိန်တည်းမှာ ဧကရီက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ လူသားမျိုးနွယ်၏ တိုက်ပွဲစိတ်ဆန္ဒနှင့် ကမ္မစွမ်းအားက သူ့ကို လွှမ်းခြုံထားသည်။ သူက တုနှိုင်းမဲ့သော စိတ်ဓာတ်ပြတ်သားမှုနှင့်အတူ လက်သီးဆုပ်လိုက်ပြီး ကောင်းကင်ပေါ်သို့ ထိုးလွှတ်လိုက်သည်။

အရာအားလုံးသည် ကောင်းကင်ကို ချိုးဖောက်ရန် စုဝေးသွားသည်။

အလံတိုင်ထံမှ ကြောက်မက်ဖွယ်ကောင်းသော လေဆင်နှာမောင်းက ဝဲကတော့တစ်ခုအဖြစ်သော်လည်းကောင်း၊ လူသားမျိုးနွယ်၏ တိုက်ပွဲစိတ်ဆန္ဒက ကြားခံနယ်အဖြစ်သော်လည်းကောင်း၊ ကမ္မက နဂါးအဖြစ်သော်လည်းကောင်း၊ တိုက်ပွဲအလံတိုင်က လှံအဖြစ်သော်လည်းကောင်း၊ နတ်ဘုရားမီးတောက်က စွမ်းအားအဖြစ်သော်လည်းကောင်း အစရှိသော အရာအားလုံးက အထွတ်အထိပ်အဆင့် အုပ်ချုပ်သူတစ်ပါး၏ တိုက်ပွဲစွမ်းအားဖြင့် ပေါင်းစပ်သွားပြီး လောကကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားတစ်ခုကို ဖွဲ့စည်းလိုက်သည်။

ကောင်းကင်သည် ဝုန်းခနဲ မြည်သွားပြီး အက်ကွဲသံများက ပဲ့တင်ထပ်လာသည်။

ထို့နောက် ကောင်းကင်သည် အက်ကွဲသွားသည်။

ဧရာမအဟရာတစ်ခုက ကောင်းကင်ပေါ်မှာ အမှန်တကယ် ထွက်ပေါ်လာသည်။

ယင်းက အပြင်ဘက်မှ ကြယ်တာရာကောင်းကင်နှင့် ငွေရောင်အလင်းတန်းကို ထင်ရှားစွာ ထွက်ပေါ်လာစေသည်။

ငွေရောင်အလင်းတန်းသည် အလွန်ကြီးမားကျယ်ပြောပြီး လူသားမျိုးနွယ်၏ မဟာနန်းမြို့တော်ဒေသကြီးတစ်ခုလုံး၏ ကောင်းကင်ကို အပေါ်မှ လွှမ်းခြုံထားသည်။

အလင်းတန်းသည် လမ်းကြောင်းတစ်ခုနှင့် ဆင်တူသည်။ ယင်း၏ အဆုံးသတ်တစ်ခုသည် ဤနေရာမှာဖြစ်ပြီး တခြားအဆုံးသတ်သည်တော့ ကြယ်တာရာကောင်းကင်ထဲသို့ ဆန့်တန်းနေသည်။

ထိုအဆုံးသတ်သည် ကြယ်တာရာကောင်းကင်၏ အမည်မသိတစ်နေရာမှာ တည်ရှိသော ငွေရောင်သူတော်စင်ကုန်းမြေတစ်ခုနှင့် ဆက်သွယ်နေသည်။

သူတော်စင်ကုန်းမြေတည်ရှိရာ ဂြိုလ်သည် ဝမ်ကူးကုန်းမြေကဲ့သို့ မကြီးမားသော်လည်း အရွယ်အစား အလွန်ကျယ်ပြောသည်။ တစ်စုံတစ်ယောက်က သေချာအနီးကပ်ကြည့်မည်ဆိုလျှင် ထိုဂြိုလ်က ရှေးဘုရင်ဂြိုလ်နှင့် အတော်လေး ဆင်တူကြောင်း မြင်နိုင်လိမ့်မည်။

ယင်းက အတိတ်တွင် ရှေးဘုရင်ရွှမ်ယုံတည်ဆောက်ခဲ့သော ရွှမ်ယုံသူတော်စင်ကုန်းမြေ ဖြစ်သည်။

ငွေရောင်အလင်းတန်းသည် ရွှမ်ယုံသူတော်စင်ကုန်းမြေနှင့် ဝမ်ကူးကုန်းမြေကို ဆက်သွယ်ပေးထားသော လမ်းကြောင်းတစ်ခု ဖြစ်သည်။

ဧကရီ၏ အကြည့်ထဲမှာ စိတ်ဓာတ်ပြတ်သားမှုဖြင့် ပြည့်နှက်သွားသည့်အခါ သူ၏ အသံက အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည်။

“ ဝမ်ကူးကုန်းမြေက လူသားမျိုးနွယ်ရဲ့ လက်ရှိဧကရာဇ်ဖြစ်တဲ့ ငါက… ”

“ ဒီနေ့မှာ လူသားမျိုးနွယ်ရဲ့ ကမ္မအားဖြည့်ပေးမှုကနေ ဖြစ်ပေါ်လာတဲ့ အင်ပါယာချိပ်တံဆိပ်(၄၉)ခုကို ရွှမ်ယုံသူတော်စင်ကုန်းမြေဆီ လက်ဆောင်ပဏ္ဏာအဖြစ် ပေးအပ်ပါတယ် ”

ဧကရီသည် စကားဆုံးသည်နှင့် လက်ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို ရောင်ဝါထွန်းလင်းတောက်ပသော အင်ပါယာချိပ်တံဆိပ်များသည် ရှေးဘုရင်ဂြိုလ်ပေါ်ရှိ လူသားမျိုးနွယ်၏ ကမ္မစွမ်းအားထဲမှ ထွက်ပေါ်လာကြပြီး ကောင်းကင်ပေါ်သို့ တစ်ခုပြီးတစ်ခု မြှောက်တတ်သွားကြသည်။

ချိပ်တံဆိပ်တစ်ခုစီသည် အထွတ်အမြတ်ရတနာတစ်ခု၏ အရှိန်အဝါကို ထုတ်လွှတ်နေပြီး ယင်းတို့ထဲမှာ လူသားမျိုးနွယ်၏ ကမ္မနှင့် စိတ်ဆန္ဒ ပါရှိကြသည်။ လက်တလောအတွင်း လူသားမျိုးနွယ်၏ ပြန်နာလန်ထူလာသော အခြေအနေကြောင့် ထိုချိပ်တံဆိပ်များသည် ယခင်ကထက် ပိုပြီးထွန်းလင်းတောက်ပကြသည်။

ထိုထဲမှာ ယုံကြည်မှုစွမ်းအားပင် ရှိသည်။

ဤအခိုက်အတန့်မှာ ယင်းတို့အားလုံးက လေထဲသို့ မြှောက်တတ်သွားကြပြီး လူသားဧကရာဇ်၏ လမ်းညွှန်မှုအောက်မှာ သူတော်စင်ကုန်းမြေဆီသို့ ဦးတည်သွားကြသည်။

မကြာမီ လူသားမျိုးနွယ်မှ လူတိုင်း၏ အကြည့်အောက်မှာ ဧကရီက ကြည်ညိုလေးစားစွာ ဦးညွတ်လိုက်သည်။ အင်ပါယာချိပ်တံဆိပ်(၄၉)ခုသည် အက်ကွဲကြောင်းထဲမှ ပျံသန်းထွက်သွားကြပြီး ငွေရောင်အလင်းတန်းလမ်းကြောင်းပေါ်သို့ ကျရောက်သွားကြသည်။

ယင်းတို့က လမ်းကြောင်းမှတဆင့် အရှေ့သို့ ဆက်ပြီး ပျံသန်းသွားကြသည်။

ဤသည်မှာ ပြီးပြည့်စုံသော ယဇ်ပူဇော်မှုဖြစ်သည်။

သူတို့က ကောင်းကင်ဘုံကို ယဇ်ပူဇော်သည့်အခါတိုင်း သူတော်စင်ကုန်းမြေထံသို့ လက်ဆောင်ပဏ္ဏာများ ဆက်သရလိမ့်မည်။ အတိတ်တွင်လည်း လက်ဆောင်ပဏ္ဏာများသည် ကမ္မစွမ်းအားမှ ဖြစ်ပေါ်လာကြသော အင်ပါယာချိပ်တံဆိပ်များသာ ဖြစ်ကြသည်။ သို့သော်လည်း ယင်းတို့က ဤတစ်ကြိမ်ကဲ့သို့ အရေအတွက် မများပြားသလို ကောင်းကင်ကိုလည်း ဆုတ်ဖြဲပစ်နိုင်စွမ်း မရှိပေ။

ယင်းအစား ယဇ်ပူဇော်မှုကို ဟိုးလွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက သူတော်စင်ကုန်းမြေမှ ပေးအပ်ခဲ့သော ရှေးဟောင်းနည်းလမ်းအတိုင်းသာ ဆောင်ရွက်ရလိမ့်မည်။

အတိတ်တုန်းက လူသားဧကရာဇ်များသည် ထိုရှေးဟောင်းနည်းလမ်းအတိုင်း ဆောင်ရွက်ခဲ့ကြသည်။

ဤတစ်ကြိမ်သည် အတိတ်တုန်းကနှင့် ခြားနားသည်။

ပိုပြီးထူးခြားသည့်အချက်မှာ အင်ပါယာချိပ်တံဆိပ်(၄၉)ခုက ငွေရောင်အလင်းတန်းမှတဆင့် သူတော်စင်ကုန်းမြေဆီသို့ ပျံသန်းသွားနေကြစဉ် ငွေရောင်အလင်းတန်းသည် တလက်လက် တောက်ပလာပြီး ငြင်းဆန်သော စိတ်ခံစားချက်ကို ထုတ်လွှတ်လာသည်။

ငွေရောင်အလင်းတန်းပေါ်သို့ ဆင်းသက်လာသော လှိုင်းအတတ်အကျများလည်း ရှိကြသည်။ ဤသည်မှာ သူတို့က အင်ပါယာချိပ်တံဆိပ်များကို စူးစမ်းချင်နေသည့်အလားပင်။ သို့သော်လည်း လှိုင်းအတတ်အကျများက အင်ပါယာချိပ်တံဆိပ်(၄၉)ခုဖြင့် တွေ့ဆုံသွားသည့်အခိုက် ယင်းတို့က တစ်ပြိုင်နက် တုန်ယင်သွားကြသည်။

နောက်အခိုက်အတန့်မှာ အလွန်ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုက လူသားကျင့်ကြံသူအားလုံး၏ မျက်စိရှေ့မှာ ထွက်ပေါ်လာသည်။

အင်ပါယာချိပ်တံဆိပ်(၄၉)ခုသည် ငွေရောင်အလင်းတန်းထဲမှာ မြန်ဆန်စွာ ပျံသန်းသွားနေကြရင်း ပြိုကွဲသွားကြသည်။ ထို့နောက် ချိပ်တံဆိပ်များ၏ အတွင်းထဲမှ ပစ္စည်းများက ထွက်ပေါ်လာကြသည်။

ယင်းတို့က နေလုံးများနှင့်ဆင်တူသော ပစ္စည်းများ ဖြစ်ကြသည်။

ယင်းတို့က မီးတောက်ဘောလုံး(၄၉)လုံး ဖြစ်ကြသည်။

ယင်းတို့က အာရုဏ်ဦးနေမင်း(၄၉)ခု ဖြစ်ကြသည်။

“ သူတော်စင်ကုန်းမြေထံ လက်ဆောင်ပဏ္ဏာဆက်သပါတယ် ”

“ ကျေးဇူးပြုပြီး ဝမ်းမြောက်ဝမ်းသာ လက်ခံပေးပါ ”

ဧကရီသည် ခေါင်းမော့လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

All Chapters