ငါတစ်ယောက်တည်း ရင်ဆိုင်မယ်
Vol. 89 Ch. 1370
ထိုအဖြစ်အပျက်က ရုတ်တရက်ဆန်ပြီး အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
ဧကရီ၏ နောက်ထပ်လုပ်ဆောင်မှုများက မုန်တိုင်းဖြစ်စေလိမ့်မည်ဖြစ်ကြောင်း လူသားကျင့်ကြံသူအားလုံးက သိရှိထားကြသည်။ သို့သော်လည်း ယင်းက မျိုးနွယ်ခြားစစ်သုံးပန်းများကို ယဇ်ပူဇော်ခြင်းသာ ဖြစ်လိမ့်မည်ဟု သူတို့ခန့်မှန်းခဲ့ကြသည်။
ထိုမုန်တိုင်းက သူတော်စင်ကုန်းမြေဆီသို့ တိုက်ရိုက် ဦးတည်နေလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြချေ။
သို့ဖြစ်၍ အာမေဋိတ်သံများက ကောင်းကင်ပေါ်ထိ ပျံတတ်သွားသည်။
သူတော်စင်ကုန်းမြေက ဝမ်ကူးကုန်းမြေနှင့် အလွန်ဝေးကွာသော်လည်း ၎င်းက ဝမ်ကူးကုန်းမြေကို နှစ်ပေါင်းများစွာကြာအောင် ထိန်းချုပ်ထားခဲ့သည်။
အထူးသဖြင့် လူသားမျိုးနွယ် ဖြစ်သည်။
မည်သို့ဖြစ်ပါစေ အကြီးမားဆုံး သူတော်စင်ကုန်းမြေကို ရှေးဘုရင်ရွှမ်ယုံက ပိုင်ဆိုင်ထားပေသည်။
နှစ်ပေါင်းမြောက်များစွာ ကုန်ဆုံးသွားခဲ့သော်လည်း သူ၏ နာမည်၊ သူ၏ စွမ်းဆောင်မှုများနှင့် ဂုဏ်သိက္ခာသည် ဝမ်ကူးကုန်းမြေအပေါ် သက်ရောက်မှုရှိနေဆဲပင်။
လူသားမျိုးနွယ်က ပိုပြီးခက်ခဲကျပ်တည်းလာလေ သူတို့က ယခင်ဂုဏ်ကျက်သရေကို ပိုပြီးလိုချင်တောင့်တလာလေ ဖြစ်သည်။ သူတို့က ခါးသီးမှုကို ခံစားမိလာလေ သူတော်စင်ကုန်းမြေ၏ ကာကွယ်ပေးမှုကို ပိုပြီးလိုချင်လာလေ ဖြစ်သည်။
နှစ်ပေါင်းမြောက်များစွာကြာပြီးနောက် သူတော်စင်ကုန်းမြေသည် မရေမတွက်နိုင်သော လူသားများ၏ နှလုံးသားထဲမှာ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာသည်။
ဘိုးဘေးက အတိတ်မှာ သူတို့ကို စွန့်ပစ်ခဲ့သော်လည်း သူတို့က အကြောင်းပြချက်အမျိုးမျိုးရှာ၍ ယင်းကို ဖြောင့်ချက်ပေးခဲ့ကြသည်။ အထူးသဖြင့် လူသားဧကရာဇ်ဒုန်းရှန့်၏ အုပ်ချုပ်မှုအတွင်းမှာ ဖြစ်သည်။ ကောင်းကင်ဘုံကို ယဇ်ပူဇော်သည့်အခါ လက်ဆောင်ပဏ္ဏာများ ဆက်သနိုင်ရန် ရွှမ်ယုံသူတော်စင်ကုန်းမြေနှင့် လူသားမျိုးနွယ်ကြားမှာ လမ်းကြောင်းတစ်ခုကို တည်ဆောက်ခဲ့သည်။
အရင်းအမြစ်အကူအညီများဖြစ်စေ သို့မဟုတ် မျှော်လင့်ချက်အတွက် လက်ဆောင်ပဏ္ဏာများဖြစ်စေ ထိုကိစ္စကို အပြင်လူများက မသိနိုင်သော်လည်း လူသားမျိုးနွယ်ထဲမှ ဝန်ကြီးများနှင့် အဆင့်မြင့် ပညာရှင်ကျင့်ကြံသူများသည်တော့ ယင်းကို နားလည်ထားကြသည်။
သို့ဖြစ်၍ ဤအခိုက်အတန့်မှာ ဧကရီ၏ လုပ်ဆောင်မှုများက သူတို့ကို ထိတ်လန့်သွားစေပြီး စိတ်ရှုပ်ထွေးသွားစေသည်။ ထို့နောက် ဒေါသနှင့် ကြောက်ရွံ့ခြင်းက ထွက်ပေါ်လာသည်။ စိတ်ခံစားချက်မျိုးစုံက ဤအခိုက်အတန့်မှာ လူသားအများစု၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
သို့သော်လည်း ယင်းက အချည်းနှီးသာဖြစ်သည်။
ကောင်းကင်ပေါ်တွင် အက်ကွဲကြောင်း၏ အပြင်ဘက်၌ အင်ပါယာချိပ်တံဆိပ်များထဲမှာ ပုန်းကွယ်နေကြသော အာရုဏ်ဦးနေမင်း(၄၉)ခုသည် ဤအခိုက်အတန့်မှာ အဆုံးမဲ့သော အလင်းရောင်နှင့် ဖော်မပြနိုင်သော အပူဓာတ်ကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်ကြပြီး ပေါက်ကွဲသွားကြသည်။
ချက်ချင်းဆိုသလို ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ကို အလွန်တောက်ပသော အလင်းရောင်က ဖုံးလွှမ်းသွားသည်။
တခြားဒေသကြီးများသည်ပင် တစ်ခါမှ မဖြစ်ပေါ်ဖူးသော ထိုသဘာဝလွန်မြင်ကွင်းကို မြင်နိုင်ကြသည်။
စူးရှတောက်ပသော အလင်းရောင်နှင့်အတူ အပူလှိုင်းများက အဆုံးမဲ့စွာ ပျံ့နှံ့ထွက်လာကြသည်။ သို့သော်လည်း အထူးပြင်ဆင်ထားသော အာရုဏ်ဦးနေမင်းများ၏ စွမ်းအားသည် မပျံ့ပွားသွားခဲ့ပေ။
ယင်းတို့က ဧရာမစည်းချအစီအရင်တစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
ထိုစည်းချအစီအရင်ကို အာရုဏ်ဦးအစီအရင်ဟု ခေါ်သည်။
ထိုအစီအရင်၏ အသုံးဝင်ပုံသည် နှစ်မျိုးရှိသည်။ ယင်းတို့က စုဝေးရန်နှင့် တိုက်ခိုက်ရန် ဖြစ်သည်။
နောက်အခိုက်အတန့်မှာ အာရုဏ်ဦးနေမင်း(၄၉)ခု၏ ပေါက်ကွဲမှုစွမ်းအားသည် အတူတကွ စုဝေးသွားပြီး အလွန်သိပ်သည်းသော ရောင်ခြည်တန်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။ ထိုရောင်ခြည်တန်းထဲမှာ အလွန်ပြင်းထန်သော အပူဓာတ်နှင့် အလင်းရောင်က ကိန်းအောင်းနေသည်။
ထို့နောက် ရောင်ခြည်တန်းသည် ငွေရောင်အလင်းတန်းလမ်းကြောင်းမှတဆင့် ရွှမ်ယုံသူတော်စင်ကုန်းမြေဆီသို့ မယုံကြည်နိုင်သော အလျင်နှင့်အတူ ပျံသန်းသွားသည်။
ရောင်ခြည်တန်း၏ ပြင်းထန်သော အဖျက်စွမ်းအားအောက်မှာ ငွေရောင်အလင်းတန်းလမ်းကြောင်းက ချက်ချင်း အက်ကွဲသွားသည်။
ရောင်ခြည်တန်းဖြတ်သန်းသွားသည့်နေရာတိုင်း ဘေးပတ်ဝန်းကျင်မှ ကြယ်တာရာကောင်းကင်က ပြိုကွဲပျက်စီးသွားပြီး အနက်ရောင်အာကာသဟင်းလင်းပြင်က အလင်းရောင်ထွန်းလင်းခံရလိမ့်မည်။
ယင်းက လှံတစ်ချောင်းသဖွယ် ဧကရီ၏ အစွမ်းနှင့် အာရုဏ်ဦးနေမင်း၏ ရူးသွပ်မှုကို သယ်ဆောင်လျက် ရွှမ်ယုံသူတော်စင်ကုန်းမြေဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
နောက်အခိုက်အတန့်မှာ အလွန်ကြောက်စရာကောင်းသော ပေါက်ကွဲမှုတစ်ခုက ကြယ်တာရာကောင်းကင်၏ အနက်ပိုင်းထဲမှ မြည်ဟိန်းထွက်လာသည်။ ဤသည်မှာ အိပ်မောကျနေသော စကြာဝဠာသားရဲတစ်ကောင်က နိုးထလာသည့်အလားပင်။
တစ်ချိန်တည်းမှာ အက်ကွဲသွားသော ငွေရောင်အလင်းတန်းလမ်းကြောင်းထံမှ အပိုင်းအစများသည် ကောင်းကင်ပေါ်ရှိ အက်ကွဲကြောင်းမှတဆင့် ဝမ်ကူးကုန်းမြေပေါ်သို့ ကျဆင်းလာကြပြီး လူသားနန်းမြို့တော်ပေါ်မှာ အလင်းစက်များအဖြစ် ပြောင်းလဲသွားကြသည်။
ထိုအလင်းရောင်သည် ဝမ်ကူးကုန်းမြေ၏ အလင်းရောင်နှင့် ကွဲပြားခြားနားသည်။
ယင်းက ဝမ်ကူးကုန်းမြေမှာမရှိသော သူတော်စင်ကုန်းမြေထံမှ အလင်းရောင် ဖြစ်သည်။
ဤအခိုက်အတန့်မှာ ဧကရီ၏ အသံက ဤကိစ္စကို လက်မခံနိုင်ကြသော လူသားများ၏ နှလုံးသားထဲသို့ ပဲ့တင်ထပ်သွားသည်။
သူ၏ အသံက ဂုဏ်သိက္ခာကြီးမြတ်သော်လည်း အနည်းငယ် အက်ရှနေသည်။
ဤသည်မှာ ထိုအသံက အချိန်မြစ်ထဲမှ ဆင်းသက်လာပြီး ရှေးခေတ်ဇာတ်လမ်းတစ်ပုဒ်ကို ပြန်ပြောပြနေသည့်အလားပင်။
“ ဝန်ကြီးတွေ… ပြည်သူပြည်သားတွေ… လူသားတွေ… ”
“ လူသားမျိုးနွယ်အပေါ် ဘိုးဘေးတွေရဲ့ သွန်သင်ဆုံးမမှုအရ စည်းမျဉ်းတွေကို ကောင်းကင်ဘုံက ချမှတ်ပေးထားတယ်… ကောင်းကင်ဘုံက သူတော်စင်ကုန်းမြေဖြစ်ပြီး သူတော်စင်ကုန်းမြေက သူတော်စင်ဘိုးဘေးဆီကနေ ဆင်းသက်လာတယ် ”
“ ဘိုးဘေးက ပြောတယ်… လူသားမျိုးနွယ်ရဲ့ ဧကရာဇ်တွေက သူတော်စင်ကုန်းမြေကို မပုန်ကန်ရဘူး… နတ်ဘုရားလမ်းစဉ်ကို မလျှောက်လှမ်းရဘူးတဲ့… ခေတ်အဆက်ဆက်တိုင်းမှာ လူသားမျိုးနွယ်ရဲ့ ရန်သူတွေဟာ နတ်ဘုရားတွေပဲ ဖြစ်ကြတယ် ”
“ ငါတို့လူသားမျိုးနွယ်ဟာ ဘိုးဘေးရဲ့ သွန်သင်ဆုံးမမှုတွေကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းပေးခဲ့ပြီး ကျင့်သုံးခဲ့ကြတယ်… ငါတို့ရဲ့ ဘဝက ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနေပါစေ မျိုးနွယ်စုထဲမှာ သေကြေပျက်စီးမှုတွေက ဘယ်လောက်ပဲ များပြားနေပါစေ ငါတို့နောင်တမရခဲ့ဘူး ”
“ ဒါပေမဲ့… မင်းတို့မသိသေးတဲ့ ကိစ္စတချို့ ရှိတယ် ”
ထိုနေရာတွင် ဧကရီက တစ်ခဏ ရပ်လိုက်သည်။
“ နတ်ဘုရားမျက်နှာပျက်ကြီး ရောက်လာတဲ့အချိန်မှာ သူတော်စင်ကုန်းမြေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ အလေးထားခဲ့တယ် ”
“ နှစ်ထောင်ပေါင်းများစွာကြာအောင် သူတို့က ငါတို့မျိုးနွယ်ရဲ့ လက်ဆောင်ပဏ္ဏာတွေကို ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ကြတယ်… ဒါပေမဲ့ သူတို့က ငါတို့တွေ့ကြုံနေရတဲ့ ဆင်းရဲဒုက္ခတွေကိုတော့ မမြင်ချင်ယောင်ဆောင်ခဲ့ကြတယ်… သူတို့က အစွမ်းကြီးမားပြီး အဆင့်အတန်းမြင့်မားတယ်… အဲ့ဒါ သူတော်စင်ကုန်းမြေပဲ ”
“ ဒုန်းရှန့်ပြက္ခဒိန်ရဲ့ (၃၇၉၃၈)ခုနစ်မှာ လူသားဧကရာဇ်ဒုန်းရှန့်က စစ်ပွဲဆင်နွှဲဖို့ စိတ်အားထက်သန်ခဲ့တယ်… သူက လူသားမျိုးနွယ်တစ်ခုလုံးရဲ့ စစ်တပ်အင်အားကို စုဆောင်းခဲ့ပြီး မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်နဲ့ စစ်ပွဲစတင်ခဲ့တယ်… အဲ့ဒီစစ်ပွဲမှာ လူသားမျိုးနွယ်က ကြီးကြီးမားမား ရှုံးနိမ့်ခဲ့တယ်… နှစ်ထောင်ပေါင်းများစွာ တည်တံ့နေခဲ့တဲ့ လူသားမျိုးနွယ်ရဲ့ အရင်းအမြစ်တွေက အဲ့ဒီစစ်ပွဲမှာ ဆုံးရှုံးသွားခဲ့တယ်… အဲ့ဒါကို ရွှမ်ထျန်းအရေးကိစ္စလို့ လူတွေသိထားကြတယ်… ဒါပေမဲ့ သမိုင်းအမှန်က အဲ့ဒီလိုမဟုတ်ဘူး ”
“ အမှန်တရားကတော့ လူသားဧကရာဇ်ဒုန်းရှန့်ဟာ မီးလျှံလရဲ့ လျှို့ဝှက်ချက်တွေကို ရယူဖို့ သူတော်စင်ကုန်းမြေရဲ့ အမိန့်ပေးခြင်းခံခဲ့ရတယ်… ဒါကြောင့် သူက မဆိုင်းမတွဘဲ စစ်ပွဲစတင်ခဲ့တယ်… အခက်အခဲပေါင်းများစွာကို ကျော်လွှားပြီး လူ့အသက်ပေါင်းများစွာကို စတေးပြီးတဲ့နောက်မှာ တာဝန်ကို အောင်မြင်သွားခဲ့တယ်… ဒါပေမဲ့ အဲ့ဒီအချိန်မှာ သူတော်စင်ကုန်းမြေက ငါတို့ကို သစ္စာဖောက်သွားခဲ့တယ်… မီးလျှံလက လူသားမျိုးနွယ်အပေါ် ဒေါသပုံချနေတာကို သူတို့က မမြင်ချင်ယောင်ဆောင်ခဲ့ကြတယ်… အဲ့ဒါက လူသားမျိုးနွယ်ရဲ့ နိမ့်ကျမှုအစပဲ ”
“ လူသားဧကရာဇ်ဒုန်းရှန့်က သူတော်စင်ကုန်းမြေ စိတ်ပျက်သွားမှာကို စိုးရိမ်လို့ အပြစ်ဒဏ်အားလုံးကို သူတစ်ယောက်တည်း ခံယူခဲ့တယ်… သူက အမှန်တရားကို ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး… သူသေဆုံးသွားပြီးတဲ့နောက်မှာတောင် အမှန်တရားက ဒီနေ့ထိ မြှုပ်ကွယ်နေခဲ့တယ်… ဒီကိစ္စတွေကို နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တာက သူတော်စင်ကုန်းမြေပဲ ”
“ လူသားဧကရာဇ်ရှန့်ထျန်း နန်းတတ်ခဲ့တဲ့အချိန်မှာ သူက ရိုးရာဓလေ့ကို ပြောင်းလဲပစ်ခဲ့တယ်… သူက နှစ်စဉ်နှစ်တိုင်း သူတော်စင်ကုန်းမြေဆီ လက်ဆောင်ပဏ္ဏာတွေ ဆက်သခဲ့ပြီး သူတို့ရဲ့ ကာကွယ်ပေးမှုကို တောင်းခံခဲ့တယ်… သူက အများကြီး မတောင်းဆိုခဲ့ဘူး… လူသားမျိုးနွယ်က ခက်ခဲကျပ်တည်းနေတဲ့အချိန်မှာ သူတော်စင်ကုန်းမြေက လူသားမျိုးနွယ်ကို ကာကွယ်ပေးဖို့ပဲ သူမျှော်လင့်ခဲ့တယ် ”
“ ဒါပေမဲ့ သူတော်စင်ကုန်းမြေက တံခါးပိတ်ခဲ့ပြီး လူသားမျိုးနွယ်ကို ကြည့်ရုံပဲ ကြည့်နေခဲ့တယ်… လူသားမျိုးနွယ်ရဲ့ သေခြင်းရှင်ခြင်းကို သူတို့က လုံးဝဂရုမစိုက်ဘူး… လူသားမျိုးနွယ်က ဒေသကြီး(၃၉)ခုကို ဆုံးရှုံးသွားခဲ့တာတောင် သူတို့က တိတ်ဆိတ်နေခဲ့တယ်… လူသား(၁၀၀)ဘီလီယံက ဝမ်ကူးကုန်းမြေထဲမှာ ပျံ့နှံ့သွားပြီး မျိုးနွယ်ခြားတွေရဲ့ ကျွန်ဖြစ်လာတာတောင် သူတို့က မမြင်ချင်ယောင်ဆောင်ခဲ့ကြတယ် ”
“ လူသားဧကရာဇ်ကျင့်ယွင် နန်းတတ်ပြီး နှစ်အနည်းငယ်ကြာတဲ့အချိန်မှာ ငါတို့လူသားမျိုးနွယ်က ပြန်လည်နာလန်ထူဖို့အတွက် အခွင့်အရေးတစ်ခုရှိခဲ့တယ်… လူသားဧကရာဇ်ကျင့်ယွင်ရဲ့ ဉာဏ်ပညာနဲ့ ရဲစွမ်းသတ္တိက ငါတို့လူသားတွေကို အမြဲတမ်း ဖိနှိပ်ချင်နေတဲ့ သူတော်စင်ကုန်းမြေကို အကြောက်တရားဝင်စေခဲ့တယ် ”
“ အဲ့ဒီနောက် ဧကရာဇ်ကျင့်ယွင်က သူတော်စင်ကုန်းမြေနဲ့ အဆက်အသွယ်ဖြတ်ချင်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့တယ်… ဒါပေမဲ့ သူက ရုတ်တရက် သေဆုံးသွားပြီး အဲ့ဒါက မဖြေရှင်းနိုင်တဲ့ အမှုကိစ္စဖြစ်လာခဲ့တယ်… အဲ့ဒီနောက်ကွယ်မှာ ဘယ်သူရှိတာလဲ ”
“ သူတော်စင်ကုန်းမြေရဲ့ လူသားတွေကိုပဲ လူသားလို့ သတ်မှတ်တာလား… ဝမ်ကူးကုန်းမြေရဲ့ လူသားတွေကရော လူသားမဟုတ်ဘူးလား ”
“ သူတော်စင်ကုန်းမြေ… ဝမ်ကူးကုန်းမြေမှာ လူသားမျိုးနွယ်မြင့်တတ်လာမှာကို မင်းဘာလို့ ကြောက်နေတာလဲ… ရှေးဘုရင်ရွှမ်ယုံက သူတော်စင်ကုန်းမြေထဲမှာ ဆက်ရှိနေသေးလား… ဒီနှစ်တွေမှာ သူတော်စင်ကုန်းမြေကို ထိန်းချုပ်နေတဲ့လူက တကယ်ပဲ ဘယ်သူလဲ ”
“ ဒီနေ့ ကောင်းကင်ဝါးမျိုမျိုးနွယ်က ဧကရာဇ်တစ်ပါးနဲ့ ကောင်းကင်ဘုရင်လေးပါးကို စေလွှတ်ခဲ့တယ်… သူတို့က မလာသင့်ဘူးဆိုတာကို သိထားတာတောင် စူးစမ်းဖို့အတွက် ရောက်လာကြတယ်… အဲ့ဒါဘာလို့လဲဆိုတော့ တစ်စုံတစ်ယောက်က သူတို့ကို ကတိပေးထားလို့ပဲ… ဘယ်သူက သူတို့ကို ကတိပေးထားတာလဲ ”
ဧကရီ၏ အသံက ပဲ့တင်ထပ်သွားသည့်အခါ လူသားမျိုးနွယ်က နှုတ်ဆိတ်သွားသည်။
ဝန်ကြီးတချို့က တစ်စုံတစ်ခုပြောရန် ပါးစပ်ဟလိုက်ကြသော်လည်း စကားလုံးများက သူတို့၏ လည်ပင်းထဲမှာ တစ်ဆို့သွားသည်။ နောက်ဆုံးမှာတော့ သူတို့က နှုတ်ဆိတ်သွားကြသည်။
မှန်ပေသည်။ ပြည်သူပြည်သားများ မသိထားသော ကိစ္စတချို့ရှိသော်လည်း ကောင်းကင်ဘုရင်များနှင့် ကောင်းကင်ဘုံအမတ်များဖြစ်ကြသည့် သူတို့က သမိုင်းထဲမှ သံသယဖြစ်ဖွယ်ရာအချက်များကို မည်သို့ကြောင့် မသိထားဘဲနေမည်နည်း။
ယင်းတို့ကို သူတို့က တမင်လျစ်လျူရှုထားခြင်းသာ ဖြစ်သည်။
“ ဒီနေ့ ဘိုးဘေးတွေရဲ့ သင်ကြားမှုတွေကို ငါဆန့်ကျင်မယ်… သူတော်စင်ကုန်းမြေကို ဖျက်ဆီးပြီး နတ်ဘုရားလမ်းစဉ်ကို ငါလျှောက်လှမ်းမယ် ”
“ လူသားမျိုးနွယ်နဲ့ သူတော်စင်ကုန်းမြေကြားက အဆက်အသွယ်အားလုံးကို ငါဖြတ်တောက်ပစ်မယ် ”
“ အခုကစပြီး ထာဝရရှင်သန်မှုကို ငါမရှာဖွေတော့ဘူး… လူသားမျိုးနွယ် ထာဝရတည်တံ့နိုင်ဖို့အတွက် လမ်းစဉ်ကိုပဲ ငါရှာဖွေမယ်… လူသားမျိုးနွယ်ရဲ့ ရှေးခေတ်ဂုဏ်ကျက်သရေကို ငါပြန်ဆောင်ကြဉ်းပေးမယ် ”
စူးရှသော အလင်းရောင်က ဧကရီ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ အဆုံးမဲ့သော အာဏာရှင်အငွေ့အသက်က သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာသည်။ သူ၏ အသံက နန်းမြို့တော်ထဲမှာ ပဲ့တင်ထပ်သွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
သူက လက်မြှောက်လိုက်ပြီး ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းဆိုသလို နန်းမြို့တော်၏ ကောင်းကင်ပေါ်မှာ ပျံဝဲနေသော သူတော်စင်ကုန်းမြေ၏ အလင်းရောင်သည် အရပ်မျက်နှာအဘက်ဘက်မှ စုဝေးရောက်ရှိလာပြီး ရှေးဘုရင်ဂြိုလ်ဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
သူတော်စင်ကုန်းမြေ၏ အလင်းရောင်က နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့အတွက် သော့ချက်ဖြစ်ဟန် ရ၏။ အလင်းရောင်က ရှေးဘုရင်ဂြိုလ်ပေါ်မှာ စုဝေးသွားသည်နှင့် အခွင့်အရေးတစ်ခုက ထွက်ပေါ်လာဟန် ရသည်။
နောက်အခိုက်အတန့်မှာ ရှေးဘုရင်ဂြိုလ်က တုန်လှုပ်သွားသည်။ ရှေးဘုရင်ဂြိုလ်ကို ဗဟိုပြု၍ ဧရာမဝဲကတော့ငါးခုက ရှေးဘုရင်ဂြိုလ်၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာကြပြီး ဂြိုလ်ကို လှည့်ပတ်သွားကြသည်။
ဝဲကတော့တစ်ခုစီ၏ အထဲမှ ကောင်းကင်ဘုံယဇ်ပလ္လင်တစ်ခု မြှောက်တတ်လာသည်။
ကောင်းကင်ဘုံယဇ်ပလ္လင်တစ်ခုစီ၏ အပေါ်တွင် ဧကရာဇ်ဝတ်စုံဖြင့် ပုံရိပ်တစ်ခုစီက တင်ပျဉ်ခွေထိုင်နေကြသည်။
သူတို့သည် အတိတ်တုန်းက လူသားဧကရာဇ်များ၏ အလောင်းများ ဖြစ်ကြသည်။ သူတို့ထဲမှာ ရွှမ်ကျန်းလည်း ပါဝင်သည်။
စောစောတုန်းက ခေါင်းတလားများထဲ၌ လဲလျောင်းနေသည်မှာ သူတို့၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်ကြသည်။ သူတို့၏ အစစ်အမှန်အလောင်းများက ယခုမှသာ ဤလောကထဲမှာ ထွက်ပေါ်လာကြခြင်း ဖြစ်သည်။
အင်ပါယာအရှိန်အဝါသည် ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။
သူတို့တစ်ယောက်စီမှာ နတ်ဘုရားမီးတောက်များ ရှိကြသည်။ ယင်းတို့က ရှေးဘုရင်ဂြိုလ်ကို အမြူတေအဖြစ် သဘောထား၍ တဟုန်ဟုန်း တောက်လောင်နေကြသည်။
ဧကရီသည် သူ၏ လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ ဤသည်မှာ သူက ရှေးဘုရင်ဂြိုလ်ကို မမြှောက်တော့မည့်အလားပင်။ သူ၏ အသံသည် ပြင်းထန်သော အာဏာစက်နှင့် မယိမ်းယိုင်သော စိတ်ဓာတ်ပြတ်သားမှုကို သယ်ဆောင်လျက် ပဲ့တင်ထပ်သွားသည်။
“ ဒီနေ့ ငါကိုယ်တိုင်က နတ်ဘုရားတစ်ပါးဖြစ်လာရုံတင်မကဘူး လူသားမျိုးနွယ်ရဲ့ အရင်လူသားဧကရာဇ်တွေကိုလည်း နတ်ဘုရားဖြစ်လာဖို့ ခေါ်ဆောင်သွားမယ် ”
“ ဒါကြောင့် အရင်လူသားဧကရာဇ်ငါးပါးက အလောင်းကောင်နတ်ဘုရားတွေ ဖြစ်လာကြလိမ့်မယ်… သူတို့မှာ စိတ်ဝိညာဉ်နဲ့ အသိဉာဏ်မရှိကြဘူးဆိုပေမဲ့ သူတို့က နတ်ဘုရားအစွမ်းကို ပိုင်ဆိုင်ပြီး လူသားမျိုးနွယ်ရဲ့ စိတ်ဆန္ဒကို သယ်ဆောင်ပေးလိမ့်မယ်… သူတို့က ကမ္မရဲ့ ညွှန်ကြားမှုအတိုင်း လိုက်နာပြီး လူသားမျိုးနွယ်ရဲ့ အခြေခံအုတ်မြစ်ကို ကာကွယ်ပေးကြလိမ့်မယ် ”
“ ငါက နတ်ဘုရားတစ်ပါးအနေနဲ့ လူသားမျိုးနွယ်ကို ကာကွယ်စောင့်ရှောက်ပေးပြီး ခေတ်အဆက်ဆက် ငြိမ်းချမ်းစေဖို့ သေချာစေမယ် ”
“ ငါ့လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာမယ့် ကပ်ဘေးတွေကို… ငါတစ်ယောက်တည်း ရင်ဆိုင်မယ် ”
“ သူတော်စင်ကုန်းမြေက အကြင်နာမဲ့တယ်… ငါတို့ကိုယ်ငါတို့ပဲ ကယ်တင်နိုင်လိမ့်မယ် ”
ဧကရီသည် ရုတ်တရက် လက်မြှောက်လိုက်ပြီး ကြယ်တာရာကောင်းကင်ကို စိုက်ကြည့်လိုက်သည်။ သူ၏ အသံက ကောင်းကင်ဘုံတာအိုဖြင့် ပေါင်းစပ်သွားသည်။ ယင်းက သူ၏ ကျိန်ဆိုမှုဖြစ်သည်။
ချက်ချင်းဆိုသလို ဝမ်ကူးကုန်းမြေတစ်ခုလုံး တုန်လှုပ်သွားသည်။ ကောင်းကင်ဘုံတာအိုများ၏ ပုံရိပ်များသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။
မိုးခြိမ်းသံသည် ကျယ်လောင်စွာ ထစ်ချုန်းသွားသည်။