အာရုဏ်ဦးနှင့် အမှောင်ည(ခ)
Vol. 89 Ch. 1372
“ နှစ်ပေါင်းမြောက်များစွာကြာအောင် လူသားမျိုးနွယ်က ဆင်းရဲဒုက္ခတွေ ခံစားခဲ့ရတယ်… ငါ့ပြည်သူတွေက အကာအကွယ်မရှိဘဲ ဒုက္ခခံခဲ့ကြရတယ်… သေကြေပျက်စီးမှုတွေက နေရာတိုင်းမှာ ဖြစ်ပွားနေတယ်… အလောင်းတွေက မြေကြီးပေါ်မှာ ပြန့်ကျဲနေတယ်… တချို့လူသားတွေက ကျွန်ပြုခံရပြီး တချို့လူသားတွေက သေတာထက် ပိုဆိုးဝါးတဲ့ ဘဝတွေမှာ ရှိနေကြတယ်… ဘယ်လောက် ရင်နာဖို့ကောင်းတဲ့ မြင်ကွင်းလဲ… ”
“ ဒီနေ့ ငါ့ပြည်သူတွေကို ကာကွယ်ဖို့ နတ်ဘုရားအဖြစ် ငါတတ်လှမ်းမယ်… တခြားဒေသကြီးတွေထဲမှာ ပျံ့နှံ့နေတဲ့ လူသားတွေကို ငါပြန်ဆင့်ခေါ်မယ်… လူသားမျိုးနွယ်ရဲ့ ပိုင်နက်ကို ငါကာကွယ်စောင့်ရှောက်ပေးမယ်… ဒါမှ ငါ့ရဲ့ ပြည်သူတွေက အားနည်းတော့မှာ မဟုတ်ဘူး… ဒါမှ ငါ့ရဲ့ ပြည်သူတွေက ခေါင်းပြန်မော့နိုင်ကြမယ် ”
“ ငါ့ရဲ့ နှလုံးသားကို ကောင်းကင်နဲ့မြေပြင်က သက်သေပြုပေးလိမ့်မယ်… ငါ့ရဲ့ စကားတွေကို ဝမ်ကူးကုန်းမြေက ကြားလိမ့်မယ် ”
“ ငါ့ရဲ့ လုပ်ဆောင်မှုတွေက လူသားမျိုးနွယ်ရဲ့ အကျိုးအတွက်ပဲ… ဘာလို့ လူသားမျိုးနွယ်ရဲ့ ကမ္မက ငါ့ကို ဆန့်ကျင်တာလဲ ”
ဧကရီ၏ အသံသည် ထက်ရှသော ဓားတစ်စင်းနှယ် ထွက်ပေါ်လာပြီး လောကကို ဖောက်ထွင်းသွားကာ လူသားမျိုးနွယ်၏ ကမ္မဆီသို့ ရိုက်ခတ်သွားသည်။
ယင်းက ကမ္မကို ပိုပြီးပရမ်းပတာ လှုပ်ခတ်သွားစေသည်။ ကမ္မအတွင်းမှ သူရဲကောင်းဝိညာဉ်များသည် ဧကရီ၏ မေးခွန်းထုတ်ခံလိုက်ရဟန် ရသည်။
ဧကရီသည် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
ထိုအခါ လောကကြီးသည် ဝုန်းခနဲ မြည်သွားပြီး သူ၏ အင်ပါယာအရှိန်အဝါသည် ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ ယင်းက ကောင်းကင်၏ အရောင်ကို ပြောင်းလဲသွားစေပြီး လေကြမ်းများ တိုက်ခတ်လာစေသည်။
သူ၏ အသံက ကောင်းကင်ဘုံမိုးခြိမ်းသံအလား အရပ်မျက်နှာအဘက်ဘက်မှာ ပဲ့တင်ထပ်သွားသည်။
“ လူသားမျိုးနွယ်က တဖြည်းဖြည်း အားနည်းလာပြီး နိမ့်ကျလာတယ်… ဒါပေမဲ့ သူတော်စင်ကုန်းမြေက ငါတို့ရဲ့ သေခြင်းရှင်ခြင်းကို တစ်ချက်လေးတောင် ဂရုစိုက်ပေးဖူးလား ”
“ ငါတို့ရဲ့ ဘဝက ဘယ်တုန်းကမှ မလွယ်ကူခဲ့ဘူး… လူသားမျိုးနွယ်ရဲ့ ဘေးပတ်ပတ်လည်မှာ အစွမ်းထက်မျိုးနွယ်စုကြီးတွေ အများကြီး ရှိကြတယ်… သူတို့က ငါတို့ကို အမြစ်ဖြတ်သုတ်သင်ဖို့ အမြဲစောင့်ကြည့်နေကြတယ် ”
“ ထီးနန်းဆက်ခံပြီးကတည်းက ငါက အမြဲတမ်း လူသားမျိုးနွယ်ရဲ့ အကျိုးစီးပွားအတွက် စိတ်နှစ်ထားပြီး လုံ့လဝီရိယရှိစွာ ကြိုးစားအားထုတ်ခဲ့တယ်… တစ်ခဏလေးတောင် ငါအနားမယူရဲဘူး… အာရုဏ်ဦးနေမင်းကို ဖန်တီးပြီး မဟာမိတ်တွေ ဖွဲ့ခဲ့တယ်… အန္တရာယ်က အမြဲတမ်း အနားမှာရှိနေတယ်လို့ စိတ်ထဲမှာ တွေးထားပြီး သတိမပေါ့ဆရဲဘူး… ဘာလို့လဲဆိုတော့ အမှားသေးသေးလေး တစ်ခုကတောင် မျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်လို့ပဲ… အခု ငါ့ရဲ့ လုပ်ဆောင်မှုက မှားသလား ”
“ ဘိုးဘေးတွေနဲ့ သူရဲကောင်းဝိညာဉ်တွေ ငါ့ကို ဖြေပေးပါ ”
“ မျိုးနွယ်စုက ဒုက္ခရောက်နေပြီး ဖျက်ဆီးခံရမှာကို မင်းတို့က ငါ့ကို ရပ်ကြည့်စေချင်တာလား ”
“ လူသားအားလုံးက မင်းတို့လို သူရဲကောင်းဝိညာဉ်တွေ ဖြစ်လာမှာကို မင်းတို့က မြင်ချင်တာလား ”
ဧကရီသည် နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ၏ ခြေလှမ်းက ကောင်းကင်နှင့်မြေပြင်ကို တုန်လှုပ်သွားစေသည်။ လူသားမျိုးနွယ်၏ ကမ္မသည် တစ်ဟုန်ထိုး မြှောက်တတ်သွားသည်။ ကမ္မအတွင်းမှ သူရဲကောင်းဝိညာဉ်များနှင့် ဘိုးဘေးများသည် ယခင်ကဲ့သို့ ဒေါသမထွက်ကြတော့ချေ။ ယင်းအစား ဝမ်းနည်းကြေကွဲမှုနှင့် စိတ်ရှုပ်ထွေးမှုက ၎င်းတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာကြသည်။
“ အဲ့လို ငါမလုပ်နိုင်ဘူး ”
ဤအခိုက်အတန့်မှာ ဧကရီ၏ အသံသည်သာ လောကထဲမှာ ပျံ့လွင့်နေသည်။
“ ဒါကြောင့်… တစ်ခုတည်းသော နည်းလမ်းက နတ်ဘုရားတစ်ပါးဖြစ်လာဖို့ပဲ ”
“ ငါက လူသားမျိုးနွယ်ရဲ့ နတ်ဘုရားဖြစ်လာတဲ့ ပထမဆုံးဧကရာဇ်ဖြစ်လာမယ်… အကျိုးဆက်အားလုံးကို ငါတစ်ယောက်တည်း ခံယူမယ်… လူသားမျိုးနွယ်ရဲ့ ဂုဏ်ကျက်သရေကို ငါပြန်ဆောင်ကြဉ်းပေးမယ်… အဲ့ဒီအတွက် ကောင်းကင်နဲ့ မြေပြင်ကို ငါမေးမယ်… ငါ့ရဲ့ လုပ်ရပ်က မှားသလား… လူသားမျိုးနွယ်ရဲ့ ကမ္မ၊ ဘိုးဘေးတွေနဲ့ သူရဲကောင်းဝိညာဉ်တွေကို ငါမေးမယ်… ငါ့ရဲ့ ရွေးချယ်မှုက မှားသလား ”
“ သူတော်စင်ကုန်းမြေက လူသားမျိုးနွယ်ကို ဂရုမစိုက်ဘူး… ဒါပေမဲ့ လူသားမျိုးနွယ်ကို ငါဂရုစိုက်ပေးမယ် ”
“ လောကကြီးက လူသားမျိုးအပေါ် မသနားဘူး… ဒါပေမဲ့ လူသားမျိုးနွယ်အပေါ် ငါကြင်နာပေးမယ် ”
“ လူသားမျိုးနွယ်ရဲ့ ကမ္မ၊ ဘိုးဘေးတွေနဲ့ သူရဲကောင်းဝိညာဉ်တွေ… ငါ့ရဲ့ နှလုံးသားနဲ့ ဆုံးဖြတ်ချက်က အဲ့ဒါတွေပဲ… မင်းတို့က ဘာကြောင့် ငါ့ကို ဆန်ကျင်တာလဲ ”
ဧကရီက ခေါင်းမော့လိုက်သည်။ သူ၏ အသံသည် ကောင်းကင်ဘုံစွမ်းအားကို သယ်ဆောင်လျက် လောကကို တုန်လှုပ်သွားစေသည်။
ကမ္မသည် ပရမ်းပတာ လှုပ်ခတ်သွားပြီး အဓိဌာန်ပြုလိုက်သည်။
တည်ကြည်ဖြောင့်မတ်သော နှလုံးသားနှင့် ကောင်းကျိုးပြုသော စကားများက ဧကရီ၏ ဘေးပတ်ဝန်းကျင်မှာ ကြီးကျယ်ခမ်းနားသော အရှိန်အဟုန်ကို ဖြစ်ပေါ်စေသည်။ သူက လူသားမျိုးနွယ်၏ ကမ္မ၊ ရှေးခေတ်ဘိုးဘေးများနှင့် သူရဲကောင်းဝိညာဉ်များကို မေးခွန်းထုတ်လိုက်သည်။
မင်းတို့မှာ ငါ့ကို ဒေါသထွက်ဖို့ အခွင့်အရေးရှိလို့လား…
ဘာလို့ မင်းတို့က ငါ့ကို ဆန့်ကျင်တာလဲ…
ကမ္မသည် တစ်ဟုန်ထိုး မြှောက်တတ်သွားပြီး ဝမ်းနည်းဖွယ်ကောင်းသော ငိုကြွေးသံကို ထုတ်ဖော်လိုက်သည်။ ဘိုးဘေးများနှင့် သူရဲကောင်းဝိညာဉ်များသည် တစ်ပြိုင်နက် နှုတ်ဆိတ်သွားကြသည်။
နောက်အခိုက်အတန့်မှာ ဘိုးဘေးများက ခေါင်းငုံ့သွားကြပြီး သူရဲကောင်းဝိညာဉ်များက ဧကရီ၏ အရှေ့မှာ ဒူးထောက်လိုက်ကြသည်။
“ လူသားဧကရာဇ်ကို အရိုအသေပေးပါတယ် ”
ထိုအသံထွက်ပေါ်လာသည်နှင့်ချက်ချင်း လောကက ဝုန်းခနဲ မြည်ဟိန်းသွားသည်။
ကမ္မသည် အပြင်းအထန် လှုပ်ခတ်သွားပြီး ဧကရာဇ်ဝတ်စုံသည် ဧကရီ၏ ခန္ဓာကိုယ်ပေါ်မှာ တဖန်ပြန်ပေါ်လာသည်။ ဧကရာဇ်သရဖူသည်လည်း တဖန်ပြန်ဖွဲ့စည်းသွားသည်။ ထို့ပြင် ယင်းတို့က ယခင်ကထက်ပင် ပိုပြီးခမ်းနားထည်ဝါကြသည်။
ဤအခိုက်အတန့်မှာ လူသားမျိုးနွယ်၏ စိတ်ဆန္ဒ၊ လူသားမျိုးနွယ်၏ သမိုင်းနှင့် ကမ္မသည် ဧကရီ၏ ဘေးမှာ စုဝေးသွားကြပြီး သူ့ကို အားဖြည့်ပေးလိုက်ကြသည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ဧကရီ၏ ခန္ဓာကိုယ်ထဲမှ မြှောက်တတ်လာသည်။
ရှေးဘုရင်ရွှမ်ယုံပြီးနောက် နှစ်ပေါင်းမြောက်များစွာ ကြာသွားခဲ့သည့်တိုင်အောင် လူသားမျိုးနွယ်၏ ယခင်ဧကရာဇ်များထံမှာ ထိုသို့မြင်ကွင်းမျိုး တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးပေ။
ရှေးဘုရင်ဂြိုလ်ပေါ်မှ မီးတောက်များသည် ယခင်ထက် ပိုပြီးအားကောင်းလာသည်။
တစ်ချိန်တည်းမှာ လူသားမျိုးနွယ်၏ အရှိန်အဝါသည် အာရုဏ်တတ်ချိန်သို့ ကျရောက်နေသော ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုး ပျံတတ်သွားသည်။ လူသားမျိုးနွယ်နှင့် အလွန်ဝေးကွာသော တခြားဒေသကြီးတစ်ခုသည်တော့ ညအချိန်သို့ ကျရောက်နေသည်။
အရာအားလုံးက ဆန့်ကျင်ဘက်ဖြစ်နေသည်။
ယင်းက ကောင်းကင်ဝါးမျိုဒေသကြီး ဖြစ်သည်။
ပေတစ်သောင်းရှည်လျားသော ကောင်းကင်ဝါးမျိုဧကရာဇ်၏ ပုံရိပ်သည် ပြိုကွဲပျက်စီးသွားသည်။ အဆုံးမဲ့သော သွေးသည် ၎င်း၏ ခန္ဓာကိုယ်ထဲမှ စီးကျလာပြီး ဘေးပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည်။
ဘေးပတ်ဝန်းကျင်မှ ကောင်းကင်ဝါးမျိုမျိုးနွယ်ဝင်များသည် လေထဲမှာ လွင့်မျောနေကြသည်။ ၎င်းတို့က ကြောက်လန့်တုန်လှုပ်နေကြပြီး စိုးရိမ်ကြောင့်ကြနေကြသည်။
သို့သော်လည်း ၎င်းတို့တတ်စွမ်းသောအရာ ဘာမှမရှိပေ။
၎င်းတို့၏ ဧကရာဇ်ထံမှ အားနည်းသော ခံစားမှုသည် အလွန်ပြင်းထန်သည်။
အချိန်အတော်ကြာပြီးနောက် ကောင်းကင်ဝါးမျိုဧကရာဇ်က ဖြည်းညင်းစွာ မျက်လုံးပြန်ဖွင့်လိုက်သည်။
“ ငါအဆင်ပြေတယ် ”
အက်ရှရှအသံက ထွက်ပေါ်လာသည်။ သို့သော်လည်း ဧကရာဇ်၏ အခြေအနေက အလွန်ဆိုးဝါးကြောင်း မည်သူမဆို ပြောနိုင်ကြသည်။ ၎င်း၏ ဒဏ်ရာများက အလွန်ပြင်းထန်လေရာ ၎င်းက ဒဏ်ရာများကို ပြန်ကုစားရန် ချက်ချင်း တံခါးပိတ်ကျင့်ကြံရလိမ့်မည်။
“ မင်းတို့တွေ… ”
ကောင်းကင်ဝါးမျိုဧကရာဇ်သည် ၎င်း၏ ဒဏ်ရာများကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။ ၎င်းက တံခါးပိတ်မကျင့်ကြံခင် စီစဉ်စရာရှိသည်များကို ဆောင်ရွက်ခဲ့ချင်သည်။ သို့သော်လည်း ၎င်းက စကားပြောတော့မည့်အချိန် ၎င်း၏ နှလုံးက ရုတ်တရက် တုန်လှုပ်သွားပြီး ပြင်းထန်သော အန္တရာယ်ကပ်ဘေး အငွေ့အသက်က ၎င်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
၎င်းက ချက်ချင်း ခေါင်းမော့လိုက်ပြီး ၎င်း၏ ဦးခေါင်းပေါ်မှ မှောင်ရီနေသော ကောင်းကင်ကို ကြည့်လိုက်သည်။ အံ့ဩထိတ်လန့်မှုက ၎င်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ အဲ့ဒါက… ”
၎င်းက စကားဆုံးအောင် မပြောနိုင်ခင် တီးတိုးရေရွတ်သံသည် ကောင်းကင်ပေါ်မှ ရုတ်တရက် ပျံ့လွင့်လာသည်။
“ ရှေးခေတ်နေရောင်ခြည်ရဲ့ ပေါင်းစပ်မှုကြောင့်… နတ်ဘုရားပေါင်းစပ်ခြင်းရဲ့ ရှေးဟောင်းမျက်လုံးတွေက ကြယ်တာရာကောင်းကင်ရဲ့ အလင်းရောင်ဖြစ်လာပြီး ဝမ်ကူးကုန်းမြေကို ထွန်းလင်းစေတယ်… အလင်းရောင်က အရိပ်တွေကို ဖြစ်ပေါ်စေပြီး ကုန်းမြေတွေကို နတ်ဘုရားနယ်မြေအဖြစ် ပြောင်းလဲသွားစေတယ် ”
“ ဂုဏ်သိက္ခာကြီးမားသော သူရိန်အရှင်သခင်… ကောင်းကင်ဘုံအားလုံးနဲ့ စကြာဝဠာအားလုံးရဲ့ နတ်ဘုရားဖြစ်တော်မူသော အလင်းရောင်… ”
“ ကျေးဇူးပြုပြီး ဤနေရာကို ဆင်းသက်လာပေးပါ ”
ထိုရေရွတ်သံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကောင်းကင်ဝါးမျိုဒေသကြီး၏ ကောင်းကင်နှင့် မြေပြင်သည် တုန်လှုပ်သွားသည်။ အလွန်ကြောက်စရာကောင်းပြီး ဖော်မပြနိုင်အောင် အလွန်ကျယ်ပြောသော စွမ်းအားသည် ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာပြီး ဤနေရာဆီသို့ ဆင်းသက်လာသည်။ ယင်းက လျှပ်တစ်ပြက်အတွင်း ကောင်းကင်ဝါးမျိုဒေသကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ပုံရိပ်ယောင်ဖြစ်သော်လည်း ကြည်လင်နေသော မြင်ကွင်းတစ်ခုသည် ကောင်းကင်ဝါးမျိုဧကရာဇ်၏ ဦးခေါင်းထက်မှ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။
ယင်းက ဤနေရာမှ ကောင်းကင်၊ ဤနေရာမှ တာအိုနှင့် ဤနေရာမှ အရာအားလုံးကို အစားထိုးလိုက်သည်။
ထိုမြင်ကွင်းသည် ထူးခြားဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသော လောကတစ်ခု ဖြစ်သည်။
ထိုလောကထဲတွင် ကောင်းကင်နှင့်ထိစပ်နေသော ဧရာမသစ်ပင်ကြီးများ၊ နတ်ဘုရားအရှိန်အဝါကို ထုတ်လွှတ်နေသော ဆန်းကြယ်သက်ရှိများနှင့် အလွန်ခမ်းနားထည်ဝါသော ရှေးဟောင်းဘုရားကျောင်းများ ရှိကြသည်။
တစ်စုံတစ်ယောက်သည် အေးခဲနေသော ပင်လယ်များ၊ အငွေ့ဖြစ်နေသော တောင်တန်းများနှင့် အတုအယောင်တိမ်တိုက်များကို မြင်နိုင်ပေသည်။ နေများနှင့် လများနှင့်ဆင်တူသော ရေဘဝဲသဏ္ဍာန်ဝိညာဉ်များအပြင် ကောင်းကင်ပေါ်မှာ လှည့်ပတ်ပျံသန်းနေသော ဧရာမငှက်ကြီးများလည်း ရှိကြသည်။
၎င်းတို့အားလုံးသည် အရွယ်အစား အလွန်ကြီးမားကြသည်။
ထိုလောက၏ အနက်ပိုင်းထဲတွင် အရွယ်အစား အလွန်ကြီးမားသော ဧရာမစက်လုံးတစ်လုံးရှိသည်။
ဧရာမစက်လုံးသည် ကီလိုမီတာထောင်ပေါင်းများစွာ ကြီးမားသည်။
ထိုစက်လုံးသည် လုံးဝမည်းနက်နေသည်။ ထို့ပြင် ဧရာမစက်လုံး၏ မျက်နှာပြင်ပေါ်မှာ မရေမတွက်နိုင်သော လက်တံအများအပြားက လူးလွန့်လှုပ်ရှားနေကြသည်။ ဧရာမစက်လုံးပေါ်မှ တစ်ဝက်မှိတ်နေသော မျက်လုံးသည် ချောက်ချားဖွယ်ကောင်းသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။ ဤသည်မှာ ၎င်း၏ အကြည့်က အချိန်နှင့် လေဟာနယ်ကို ထိုးဖောက်မြင်နိုင်သည့်အလားပင်။
ဧရာမစက်လုံးထံမှ ပဲ့တင်ထပ်နေသော အသံသည် အလွန်နက်ရှိုင်းပြီး ကျယ်လောင်သည်။ ယင်းက ကောင်းကင်ဘုံမိုးခြိမ်းသံပမာ တိမ်တိုက်များထဲတွင် ထစ်ချုန်းနေသည်။
ဧရာမစက်လုံးက လူးလွန့်နေစဉ် လောကတစ်ခုလုံး တုန်လှုပ်သွားသည်။ မြေပြင်သည် အက်ကွဲသွားပြီး ကောင်းကင်သည် လောင်ကျွမ်းသွားသည်။ ပင်လယ်သည် ပရမ်းပတာ လှုပ်ခတ်သွားသည်။
မရေမတွက်နိုင်သော မျက်နှာများသည် အနက်ရောင်စက်လုံး၏ မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာကြသည်။ ၎င်းတို့အားလုံးသည် အစောနက စကားများကို ထပ်ခါတလဲလဲ ရွတ်ဆိုနေကြသည်။
ဤသည်မှာ အလင်းရောင်ဂိုဏ်း၏ နတ်ဘုရားနယ်မြေဖြစ်သည်။
နောက်အခိုက်အတန့်မှာ အနက်ရောင်စက်လုံးထံမှ မရေမတွက်နိုင်သော လက်တံများက အပြင်သို့ ဆန့်တန်းထွက်လာကြသည်။ လက်တံတစ်ခုစီသည် နတ်ဘုရားအခွင့်အာဏာအစွမ်းတစ်ခုကို ထုတ်လွှတ်နေသည်။ ၎င်းတို့က ဥပဒေသများကို လျစ်လျူရှုထားပြီး ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားကြသည်။
ကောင်းကင်ဝါးမျိုဧကရာဇ်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားပြီး ၎င်းက အမြန်အနောက်ဆုတ်သွားသည်။ တစ်ချိန်တည်းမှာ ၎င်းက လက်မြှောက်လိုက်လေရာ အုပ်ချုပ်သူအရှိန်အဝါက ပေါ်လျှိုးလာသည်။
ကောင်းကင်နှင့် မြေပြင်သည် ဤလောကထဲမှ သီးခြားခွဲထုတ်ခံလိုက်ရသည့်အလား ကိုယ်ပိုင်စကြာဝဠာတစ်ခု ဖြစ်လာသည်။
သို့သော်လည်း အနက်ရောင်အလင်း တောက်ပလာသည့်အခါ ဧရာမစက်လုံးသည် နတ်ဘုရားနယ်မြေထဲမှ တိုက်ရိုက် ခုန်ထွက်လာပြီး စကြာဝဠာကို လွှမ်းခြုံလိုက်ကာ ၎င်းကို ဝါးမျိုလိုက်သည်။
မရေမတွက်နိုင်သော လက်တံများသည် ရူးသွပ်စွာ ဆန့်တန်းထွက်လာကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ဒဏ်ရာအပြင်းအထန်ရရှိထားသော ကောင်းကင်ဝါးမျိုဧကရာဇ်သည် နတ်ဘုရားနယ်မြေထဲသို့ အတင်းအကျပ် ဆွဲခေါ်ခံသွားရသည်။
ထို့နောက် ဘေးပတ်ဝန်းကျင်မှ ကောင်းကင်ဝါးမျိုမျိုးနွယ်ဝင်များက ဝမ်းနည်းစွာ အော်ဟစ်ငိုကြွေးနေကြစဉ် မျိုးနွယ်စုအသီးသီးမှ ပုံရိပ်အများအပြားသည် အလင်းရောင်ဂိုဏ်း၏ နတ်ဘုရားနယ်မြေထဲမှ ဆင်းသက်လာကြသည်။
ပုံရိပ်များသည် စုစုပေါင်း တစ်သိန်းထက်မနည်းပေ။
တချို့ပုံရိပ်များသည် အန္တရာယ်အရှိန်အဝါဖြင့် ပြည့်နှက်နေကြပြီး အလွန်ရက်စက်ကြမ်းကြုတ်ကြသည်။
တချို့ပုံရိပ်များသည် သာမန်လူများသဖွယ် အမူအရာကင်းမဲ့နေကြပြီး တချို့ပုံရိပ်များသည် သိမ်မွေ့ညင်သာစွာ ပြုံးထားကြသည်။
သူတို့က တစ်ယောက်နှင့်တစ်ယောက် အမူအကျင့်မတူညီကြသလို မျိုးနွယ်စုများလည်း ကွဲပြားခြားနားကြသည်။ သို့သော်လည်း တူညီသော အချက်မှာ သူတို့သည် ကောင်းကင်အရွေးချယ်ခံများဖြစ်ကြပြီး ခက်ခဲကြမ်းတမ်းသော တာဝန်များကို ထမ်းဆောင်ဖူးကြသည်။
သူတို့အားလုံးသည် ဝမ်ကူးကုန်းမြေ၏ မျိုးနွယ်စုအသီးသီးထံမှ အလင်းရောင်ဂိုဏ်းဝင်များ ဖြစ်ကြသည်။
သူတို့အပြင် ထူးဆန်းသော ပုံရိပ်တချို့လည်း ရှိကြသည်။
သူတို့က ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်ဝတ်ရုံဖြင့် ဖုံးကွယ်ထားကြသည်။ သို့သော်လည်း သူတို့ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် ထိတ်လန့်ဖွယ်ကောင်းစွာ အေးစက်သည်။ ဤသည်မှာ သူတို့က ငရဲပြည်ထဲမှ ထွက်ပေါ်လာကြသော ရှေးဟောင်းတစ္ဆေများအလားပင်။
အနက်ရောင်မြူခိုးသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်နေပြီး သူတို့၏ ဘေးပတ်ပတ်လည်မှာ ရစ်ဝဲနေသည်။ ထို့နောက် မြူခိုးသည် မိစ္ဆာများအသွင်သဏ္ဍာန်သို့ ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။
သစ်ပင်များနှင့် ပေါင်းစပ်နေသော ခန္ဓာကိုယ်တချို့လည်း ရှိကြသည်။ ၎င်းတို့အားလုံးသည် အရပ်ရှည်ပြီး ထူးခြားဆန်းကြယ်ကြသည်။ တချို့သည် လူသားအသွင်သဏ္ဍာန်ရှိကြပြီး တချို့သည် သားရဲအသွင်သဏ္ဍာန်ရှိကြသည်။ ထို့ပြင် ၎င်းတို့အားလုံးသည် နတ်ဘုရားများနှင့်သက်ဆိုင်သော ဒြပ်နှောများကို ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်နေကြသည်။
အကယ်၍ ရွှီချင်းသာ ဤနေရာမှာရှိမည်ဆိုလျှင် သူက ထိုလူများကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သေချာပေါက် မှတ်မိနိုင်လိမ့်မည်။
၎င်းတို့သည် ယခင်က သူမြင်တွေ့ခဲ့ဖူးသော နတ်ဘုရားနောက်လိုက်များ ဖြစ်ကြသည်။
ဤနေရာသို့ ဆင်းသက်လာပြီးနောက် ထိုနတ်ဆိုးကျင့်ကြံသူများ၏ မျက်လုံးထဲမှာ အနက်ရောင်အလင်း ထွက်ပေါ်လာသည်။ ၎င်းတို့က ချောက်ချားဖွယ်ကောင်းစွာ ရယ်မောလိုက်ကြသည်။
“ ဒီနေရာက ငါတို့အတွက် အိမ်ရှေ့စံမင်းသား ရွေးချယ်ပေးထားတဲ့ နေရာလား ”
“ ဒီနေရာက လေက တကယ်ပဲ လတ်ဆတ်တယ်… ”
“ ဒါဆိုလည်း ငါတို့တွေ သတ်ဖြတ်ပွဲကို စတင်လိုက်ရအောင်… ဒီနေရာက သက်ရှိအားလုံးကို အသွေးအသားပစ္စည်းတွေအဖြစ် ပြောင်းလဲပစ်ဖို့ အိမ်ရှေ့စံမင်းသားက အမိန့်ပေးထားတယ် ”
၎င်းတို့သည် စကားပြောပြီးသည်နှင့် အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံသန်းသွားကြသည်။
ယခု လူသားမျိုးနွယ်က ဝမ်ကူးကုန်းမြေတစ်ခုလုံး၏ အာရုံစိုက်မှုကို ရရှိနေစဉ် ထိတ်လန့်ဖွယ်ကောင်းသော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသည် ကောင်းကင်ဝါးမျိုမျိုးနွယ်၏ နန်းမြို့တော်မှစတင်၍ ဒေသကြီးတစ်ခုလုံးသို့ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။
ကောင်းကင်ဝါးမျိုဧကရာဇ်နှင့် အသန်မာဆုံး ကောင်းကင်ဘုရင်လေးပါးကို ဆုံးရှုံးသွားပြီးနောက် ကောင်းကင်ဝါးမျိုမျိုးနွယ်သည် အလင်းရောင်ဂိုဏ်းမှ အဖွဲ့ဝင်များနှင့် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်နိုင်သော နတ်ဘုရားနောက်လိုက်များ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများဖြင့် ရင်ဆိုင်လိုက်ရသည်။ ထို့ပြင် နတ်ဘုရားနယ်မြေသည် ၎င်းတို့၏ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။
သို့ဖြစ်၍ ကောင်းကင်ဝါးမျိုမျိုးနွယ်စု၏ နောက်ဆုံးရလဒ်ကို မည်သူမဆို အလွယ်တကူ ခန့်မှန်းနိုင်ပေသည်။
အထူးသဖြင့် နတ်ဘုရားနယ်မြေထဲမှ ဆန်းကြယ်သက်ရှိများက ဆင်းသက်လာသည့်အခါ ဖြစ်သည်။ ကပ်ဘေးသည် ဒေသကြီးတစ်ခုလုံးကို ပျံ့နှံ့သွားသည်။
ကောင်းကင်ဝါးမျိုဒေသကြီးတစ်ခုလုံးသည် အန္တရာယ်အမျိုးမျိုးဖြင့် ရင်ဆိုင်လိုက်ရသည်။