← Chapters

လူသားမျိုးနွယ်၏ ကောင်းကင်ဘုံတာအို နိုးထလာခြင်း(က)

Vol. 89 Ch. 1373

လူသားမျိုးနွယ်၏ ကောင်းကင်ဘုံတာအို နိုးထလာခြင်း(က)

Vol. 89 Ch. 1373

ကောင်းကင်ဝါးမျိုဒေသကြီး၏ ကောင်းကင်ကို အမှောင်အတိဖုံးလွှမ်းနေစဉ် ကပ်ဘေးက ဆင်းသက်လာသည်။ ဒေသကြီးအတွင်းရှိ သက်ရှိအားလုံးသည် အစုလိုက်အပြုံလိုက် သေကြေပျက်စီးသွားကြသည်။

တစ်ဖက်မှာတော့ အာရုဏ်ဦးအလင်းရောင်က လူသားမျိုးနွယ်၏ နန်းမြို့တော်ပေါ်သို့ ကျဆင်းလာသည်။

ဤအခိုက်အတန့်မှာ ဝမ်းကူးကုန်းမြေပေါ်တွင် အဖြူအမည်းကို ရှင်းလင်းစွာ ဖော်ပြနေသော ပန်းချီကားတစ်ချပ် ထွက်ပေါ်လာဟန် ရ၏။

သို့သော်လည်း အမှောင်ညထဲမှာ ရုန်းကန်နေသူများရှိသလို အာရုဏ်ဦးထဲမှာလည်း အတားအဆီးများ ရှိပေသည်။

လူသားမျိုးနွယ်၏ နန်းမြို့တော်ထဲမှ ရှေးဘုရင်ဂြိုလ်ပေါ်တွင် သူတော်စင်ကုန်းမြေမှ အမိန့်တော်ကြောင့် ဘက်ပြောင်းသွားသော ကမ္မသည် သူတော်စင်ကုန်းမြေကို တန်ပြန်တိုက်ခိုက်လိုက်သည်။ ဧကရာဇ်ဝတ်စုံနှင့် ဧကရာဇ်သရဖူသည် ဧကရီ၏ ခန္ဓာကိုယ်ပေါ်မှာ ပြန်လည်ထွက်ပေါ်လာကြသည်။ ရှေးဘုရင်ဂြိုလ်ပေါ်မှ နတ်ဘုရားမီးတောက်များသည်လည်း တဟုန်းဟုန်း တောက်လောင်လာသည်။

မီးတောက်ထဲမှ ရွှေရောင်သည် ပိုပြီးတိုးပွားလာသည်။

ဘေးပတ်ပတ်လည်မှ ဝဲကတော့ငါးခုထဲရှိ ယခင်လူသားဧကရာဇ်များ၏ အလောင်းများသည်လည်း ထို့အတူပင်။ ရွှေရောင်ဖျော့ဖျော့ မီးတောက်များသည် သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ တောက်လောင်လာကြသည်။ တစ်ချိန်တည်းမှာ သူတို့၏ အသွင်သဏ္ဍာန်သည် အသက်ဝင်လာပြီး သူတို့၏ ခန္ဓာကိုယ်သည် ပြန်လည်ကောင်းမွန်နေသော လက္ခဏာများ ပြလာသည်။

နတ်ဘုရားအရှိန်အဝါသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

အံ့အားသင့်ဖွယ်အကောင်းဆုံးလူသည် ဧကရီဖြစ်သည်။

ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် အလွန်ကြောက်စရာကောင်းသည်။ သူက နေရာမှာ မတ်တတ်ရပ်နေစဉ် ဤလောကကြီး၏ အရှင်သခင်အလား အောက်မေ့ရသည်။

ဤသည်မှာ သူက ဤလောက၏ နတ်ဘုရားတစ်ပါး ဖြစ်သည့်အလားပင်။ သူက အနန္တအသိဉာဏ်နှင့် အကန့်အသတ်မဲ့သော စွမ်းအားကို ပိုင်ဆိုင်ထားသည်ဟူသော ခံစားမှုကို ပေးသည်။

အထူးသဖြင့် ရွှေရောင်အလင်းသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ အစဉ်မပြတ် လင်းလက်နေသည်။

အဝေးမှကြည့်လျှင် နေလုံးတစ်လုံးက နန်းမြို့တော်၏ ကောင်းကင်ပေါ်မှာ ရောင်ဝါထွန်းလင်းနေသည့်အလားပင်။

ထိုအရှိန်အဝါသည် ကောင်းကင်ကို တုန်လှုပ်သွားစေပြီး ၎င်း၏ စိတ်ဆန္ဒသည် ဟင်းလင်းပြင်ကို ထိုးဖောက်သွားသည်။

ဧကရီနှင့်အတူ လူသားမျိုးနွယ်၏ ကမ္မက တစ်ဟုန်ထိုး ပျံတတ်သွားသည်။

ကမ္မသည် ပရမ်းပတာ လှုပ်ခတ်သွားပြီး ရေလှိုင်းလုံးများသဖွယ် မြှောက်တတ်သွားသည်။ နောက်ဆုံးမှာတော့ ကမ္မသည် အကန့်အသတ်မဲ့သော ကောင်းချီးမင်္ဂလာတိမ်တိုက်များကို ဖွဲ့စည်းလိုက်သည်။

ဤအခိုက်အတန့်မှာ နတ်ဘုရားတစ်ပါးဖြစ်လာမည့် ဧကရီ၏ ရည်မှန်းချက်ကို မည်သူမှ မတားဆီးကြတော့ချေ။

ယခင်လူသားဧကရာဇ်များ၏ နတ်ဘုရားအစွမ်းပေါက်ကွဲမှုသည် လောကကြီးကို တုန်ယင်သွားစေသည်။ ထို့နောက် ယင်းက ဧကရီ၏ အရှိန်အဝါနှင့် ပေါင်းစပ်သွားပြီး တောက်ပသော နတ်ဘုရားမီးအိမ်တစ်ခုကို ဖန်တီးလိုက်သည်။

အလင်းရောင်သည် ဝမ်ကူးကုန်းမြေတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

မရေမတွက်နိုင်သော အစွမ်းထက်မျိုးနွယ်စုကြီးများနှင့် မရေမတွက်နိုင်သော နတ်ဘုရားများသည် ယင်းကို အာရုံခံမိသွားကြသည်။ သို့ဖြစ်၍ မရေမတွက်နိုင်သော နတ်ဘုရားစိတ်အာရုံအမျှင်တန်းများသည် လူသားမျိုးနွယ်၏ နန်းမြို့တော်ဆီသို့ အရပ်မျက်နှာအသီးသီးမှ စုဝေးရောက်ရှိလာကြသည်။

ဧကရီထုတ်လွှတ်လိုက်သော အရှိန်အဝါသည် အလွန်ထိတ်လန့်ဖွယ်ကောင်းသည်။

သူ၏ လုပ်ဆောင်မှုများသည် အလွန်လွှမ်းမိုးဖိနှိပ်သည်။

သူ၏ ရည်မှန်းချက်သည် လူတိုင်းကို တုန်လှုပ်ချောက်ချားသွားစေရန် လုံလောက်သည်။

အထွတ်အထိပ်အဆင့် အုပ်ချုပ်သူများသည် ကပ်ဘေးမီးတောက်အဆင့် အဆင့်မြင့်နတ်ဘုရားများနှင့် နှိုင်းယှဉ်နိုင်သော တည်ရှိမှုများဖြစ်ကြသည်။ ၎င်းတို့က ပြစ်ချက်မဲ့အဆင့်မှာ မဟုတ်သော်လည်း ထိုအဆင့်နှင့် အလွန်အမင်း နီးကပ်ကြသည်။

ထိုသို့တည်ရှိမှုက နတ်ဘုရားလမ်းစဉ်သို့ ပြောင်းလဲသွားခြင်းသည် ရှေးခေတ်ကာလမှာကတည်းက အလွန်ရှားပါးသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။

အကယ်၍ ဧကရီက နတ်ဘုရားမီးတောက်ကို အောင်မြင်စွာ ထွန်းညှိနိုင်မည်ဆိုလျှင် သူ၏ နတ်ဘုရားမီးတောက်အစွမ်းသည် အနည်းဆုံး ပြစ်ချက်မဲ့အဆင့်မှာ ရှိလိမ့်မည်။

ထို့ပြင် လီဇီဟွားကဲ့သို့ ပြစ်ချက်မဲ့အဆင့်ကို တိုက်ရိုက် ကျော်လွှားပြီး နတ်ဘုရားယဇ်ပလ္လင်အဆင့်သို့ တတ်လှမ်းနိုင်မည့် အခွင့်အရေးပင် သူ့မှာ ရှိသည်။

အင်မော်တယ်ကျင့်ကြံခြင်းလမ်းစဉ်အရ နတ်ဘုရားယဇ်ပလ္လင်အဆင့်သည် ခြေလှမ်းဝက်အင်မော်တယ်ဖြစ်သော မဟာဧကရာဇ်အဆင့်နှင့် နှိုင်းယှဉ်နိုင်ပေသည်။

အသေးစိတ် ကွာခြားမှုများကိုတော့ အကဲဖြတ်ရန် ခက်ခဲသည်။

နတ်ဘုရားယဇ်ပလ္လင်ဆီသို့ တတ်လှမ်းနိုင်မည့် အခွင့်အရေးက အလွန်နည်းပါးသော်လည်း မည်သို့ဖြစ်ပါစေ သူ့မှာ အခွင့်အရေးရှိနေဆဲပင်။

လီဇီဟွားကို ဥပမာအနေဖြင့် မြင်နိုင်ပေသည်။

သို့ဖြစ်၍ ဝမ်ကူးကုန်းမြေထဲမှ အင်အားစုများက မည်သို့ကြောင့် မထိတ်လန့်သွားဘဲ နေမည်နည်း။

ထိုအခွင့်အရေးက မည်မျှသေးငယ်ပါစေ ဝမ်ကူးကုန်းမြေထဲမှ နတ်ဘုရားများသည် နောက်ထပ် နတ်ဘုရားတစ်ပါးထွက်ပေါ်လာမည်ကို ခွင့်မပြုကြချေ။

မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်သည် လက်တလောမှာ ယခင်ကထက် ပိုပြီးမြင့်တတ်လာသည်။ သို့ဖြစ်၍ ဝမ်ကူးကုန်းမြေထဲမှ အစွမ်းထက်မျိုးနွယ်စုကြီးများသည် နောက်ထပ်မျိုးနွယ်စုတစ်ခု မြင့်တတ်လာမည်ကို ခွင့်မပြုကြချေ။

ထို့ကြောင့် နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့တွင် ဧကရီတွေ့ကြုံရမည့် အတားအဆီးများသည် အတိတ်တုန်းက မီးလျှံလနတ်ဘုရားသုံးပါး၏ အဆင့်တတ်မှုထက် အဆပေါင်းများစွာ ပိုပြီးခက်ခဲလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ကိုယ်၌က အစွမ်းထက်မျိုးနွယ်စုကြီးတစ်ခုဖြစ်ပြီး ၎င်းတို့၏ အုပ်ချုပ်သူများသည် အဆင့်မြင့်နတ်ဘုရားများ ဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့က ပြစ်ချက်မဲ့နတ်ဘုရားအဆင့်သို့ တတ်လှမ်းရန် အရည်အချင်းပြည့်မီကြသည်။ သို့သော်လည်း လူသားမျိုးနွယ်သည်တော့ ထိုသို့အရည်အချင်းမရှိပေ။

ထို့ပြင် အတိတ်မှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ ဂမ္ဘီရမှော်သခင်တစ်ဦးတည်းသာ နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့ကို ကျင်းပခဲ့သည်။ သို့သော်လည်း လူသားမျိုးနွယ်တွင် ဧကရီအပါအဝင် ယခင်လူသားဧကရာဇ်ငါးပါးသည် နတ်ဘုရားအဖြစ်သို့ တတ်လှမ်းရန် ပြင်ဆင်နေကြသည်။

အရေးကြီးဆုံးမှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်သည် သူတော်စင်ကုန်းမြေ၏ လက်အောက်မှာ မရှိပေ။

သို့သော်လည်း လူသားမျိုးနွယ်သည် မီးလျှံလနှင့် ကွဲပြားခြားနားသည်။

အတိအကျဆိုရလျှင် ဤနှစ်များမှာ သူတော်စင်ကုန်းမြေသည် အမြဲတမ်း အစွမ်းကြီးမားပြီး အဆင့်အတန်းမြင့်မားသည်။ လူသားမျိုးနွယ်သည် သူတော်စင်ကုန်းမြေ၏ တိုက်ရိုက် ထိန်းချုပ်မှုအောက်မှာ ရှိသည်။ ဧကရာဇ်ဒုန်းရှန့်သော်လည်းကောင်း ဧကရာဇ်ရှန့်ထျန်းသော်လည်းကောင်း သူတို့သည် သူတော်စင်ကုန်းမြေကို ခေါင်းငုံ့ခဲ့ကြရသည်။

ဧကရာဇ်တာအိုရှီကျဲသည် သူတော်စင်ကုန်းမြေဖြင့် အဆက်အသွယ်ဖြတ်ရန် ကြံရွယ်ခဲ့သော်လည်း တိတ်တဆိတ် လုပ်ကြံခံခဲ့ရသည်။ သူ၏ သေဆုံးမှုက ယခုအချိန်ထိ မဖြေရှင်းနိုင်သော အမူကိစ္စ ဖြစ်ခဲ့သည်။ ယင်းကို ကြည့်ခြင်းအားဖြင့် သူတော်စင်ကုန်းမြေက ဝမ်ကူးကုန်းမြေမှ လူသားမျိုးနွယ်ကို မည်မျှထိန်းချုပ်ထားကြောင်း မြင်သာပေသည်။

ဧကရီ၏ နတ်ဘုရားဖြစ်လာရန် ကြိုးစားနေသော လုပ်ဆောင်မှုသည် ဝမ်ကူးကုန်းမြေမှ လူသားမျိုးနွယ်၏ သီးခြားလွတ်လပ်မှုကို ကိုယ်စားပြုသည်။ တစ်နည်းအားဖြင့် ယခုအချိန်မှစ၍ လူသားမျိုးနွယ်သည် သူတော်စင်ကုန်းမြေ၏ ထိန်းချုပ်အောက်မှာ မရှိတော့ကြောင်း ဆိုလိုပေသည်။

ထို့ကြောင့် အကယ်၍ အာရုဏ်ဦးနေမင်း(၄၉)ခု၏ တိုက်ခိုက်မှုမရှိလျှင်ပင် ရွှမ်ယုံသူတော်စင်ကုန်းမြေသည် ဧကရီ၏ လုပ်ဆောင်မှုကို သေချာပေါက် ခွင့်ပြုလိမ့်မည် မဟုတ်ချေ။

သို့မဟုတ်လျှင် မည်သို့ကြောင့် သူတို့က လူသားဧကရာဇ်၏ တိုက်ပွဲစွမ်းအားကို စမ်းသပ်ခိုင်းရန် ကောင်းကင်ဝါးမျိုမျိုးနွယ်စုကို ကတိပေးခဲ့မည်နည်း။

ထို့ကြောင့် ယခု လူသားမျိုးနွယ်သည် နတ်ဘုရားများ၊ အစွမ်းထက်မျိုးနွယ်စုကြီးများနှင့် သူတော်စင်ကုန်းမြေ၏ တားဆီးမှုများကို တွေ့ကြုံရတော့ပေမည်။

ဧကရီ၏ နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့ကို မည်သူကမှ ခွင့်မပြုဘူးဟု ပြောလျှင် ချဲ့ကားလွန်းရာမကျပေ။

ထို့ကြောင့် သူတော်စင်ကုန်းမြေက လူသားမျိုးနွယ်၏ ကမ္မကို လွှမ်းမိုးခြယ်လှယ်ရန် သူတော်စင်အမိန့်တော်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းက ပထမအဆင့်မျှသာ ရှိသေးသည်။

ဤအခိုက်အတန့်မှာ သူတော်စင်ကုန်းမြေ၏ ဒုတိယအဆင့် တန်ပြန်တိုက်ခိုက်မှုက ရောက်ရှိလာသည်။

သူတော်စင်ကုန်းမြေသည် ကောင်းကင်အလွန်မှာ တည်ရှိပြီး ဝမ်ကူးကုန်းမြေပေါ်သို့ အလွယ်တကူ မဆင်းသက်လာနိုင်ပေ။ ထို့ကြောင့် သူတို့၏ နည်းလမ်းများမှာ အကန့်အသတ်ရှိပြီး သူတို့က ကိုယ်တိုင်ဝင်မနှောင့်ယှက်နိုင်ကြပေ။ သို့သော်လည်း အတိတ်မှာ သူတို့ချန်ထားခဲ့သည့် အကြွင်းအကျန်များကို အသုံးပြု၍ အစွမ်းထက်သော အတားအဆီးများကိုတော့ ထုတ်ဖော်နိုင်နေဆဲပင်။

နောက်အခိုက်အတန့်မှာ နန်းမြို့တော်၏ ကောင်းကင်သည် တအိအိလှိုင်းထသွားသည်။ ကောင်းကင်ဘုံမိုးခြိမ်းသံက ကျယ်လောင်စွာ ထစ်ချုန်းသွားစဉ် ဧရာမပုံရိပ်တစ်ခုသည် ဟင်းလင်းပြင်ထဲမှ ထွက်လျှောက်လာပြီး လူသားမျိုးနွယ်၏ ကောင်းကင်ကို အစားထိုးသွားသည်။

၎င်းက လူသားမျက်နှာနှင့် နဂါးခန္ဓာကိုယ်ရှိသော ဧရာမသတ္တဝါကြီးတစ်ကောင် ဖြစ်သည်။

၎င်းက အရွယ်အစား အလွန်ကြီးမားလေရာ ၎င်း၏ ဧရာမခန္ဓာကိုယ်က ကောင်းကင်ကို ဖုံးကွယ်သွားသည်။ ၎င်းထွက်ပေါ်လာသည်နှင့်ချက်ချင်း နန်းမြို့တော်ထဲမှ ကျင့်ကြံသူအားလုံးသည် နှလုံးတုန်သွားကြသည်။

အရိုအသေပေးချင်သော စိတ်ဆန္ဒက သူတို့၏ စိတ်ဝိညာဉ်ထဲမှ ပေါ်ထွက်လာသည်။ ယင်းက လူတိုင်း၏ အမူအရာကို ပြောင်းလဲသွားစေသည်။

ကြောက်မက်ဖွယ်ကောင်းသော ဧရာမသတ္တဝါကြီးသည် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လေထဲမှ လူသားဧကရာဇ်ကို အေးစက်စွာ စူးစိုက်ကြည့်လိုက်သည်။

၎င်း၏ မျက်နှာကိုကြည့်၍ လိင်အမျိုးအစားကို မခွဲခြားနိုင်ပေ။ သို့သော်လည်း ၎င်း၏ တစ်ကိုယ်လုံးမှ ကောင်းကင်ဘုံစွမ်းအားကို ထုတ်လွှတ်နေသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အကြေးခွံတစ်ခုစီမှာ ကျင့်ကြံသူအားလုံး၏ အခြေခံအုတ်မြစ်ကို လှုပ်ခါစေနိုင်သော ဥပဒေသများ ပါဝင်သည်။

၎င်းက ကောင်းကင်ဘုံတာအို ဖြစ်သည်။

၎င်းက ဝမ်ကူးကုန်းမြေ၏ ရှေးဟောင်းကောင်းကင်ဘုံတာအို(၉၉)ထဲမှ တစ်ခုဖြစ်သည်။

ထို့ပြင် ကောင်းကင်ဘုံတာအိုသည် ထိုတစ်ခုတည်း မဟုတ်ပေ။

နောက်အခိုက်အတန့်မှာ ဒုတိယကောင်းကင်ဘုံတာအိုသည် ကောင်းကင်ပေါ်မှာ ဒြပ်ထည်ဖြစ်ပေါ်လာသည်။

ဒုတိယကောင်းကင်ဘုံတာအိုသည် ခေါင်းကိုးလုံးခြင်္သေ့ဖြစ်သည်။ ၎င်းက အဝေးမှ ထွက်လျှောက်လာပြီး လေ၊ မိုး၊ လျှပ်စီးနှင့် မိုးကြိုးကို ဆင့်ခေါ်လိုက်သည်။ ကြမ်းကြုတ်သော အရှိန်အဝါသည် ဤလောကပေါ်သို့ ချက်ချင်း ဆင်းသက်လာပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ အနက်ရောင်ရှေးဟောင်းရုပ်တုတစ်ခုသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။ ချိပ်ပိတ်ခြင်းစွမ်းအားသည် ၎င်းထံမှ တစ်ဟုန်းထိုး ပေါ်လျှိုးလာသည်။

ထို့နောက် နှင်းကဲ့သို့ ဖြူဖွေးသော အဖြူရောင်ကြိုးကြာတစ်ကောင်သည် စူးရှသော အော်မြည်သံကို ထုတ်ဖော်လျက် မိုးကုပ်စက်ဝိုင်းထဲမှ ပျံသန်းလာပြီး လူသားမျိုးနွယ်၏ ကောင်းကင်ပေါ်မှာ လှည့်ပတ်လိုက်သည်။

All Chapters