လူသားမျိုးနွယ်၏ ကောင်းကင်ဘုံတာအို နိုးထလာခြင်း(ခ)
Vol. 89 Ch. 1374
အဖြူရောင်ကြိုးကြာသည် ကောင်းကင်ဘုံတာအိုတစ်ခု ဖြစ်သည်။
နောက်ဆုံးထွက်ပေါ်လာသော ကောင်းကင်ဘုံတာအိုသည် သက်ရှိသတ္တဝါတစ်ကောင် မဟုတ်ပေ။ ယင်းအစား အလွန်ကြီးမားသော ချိပ်တံဆိပ်တစ်ခု ဖြစ်သည်။
ချိပ်တံဆိပ်သည် အလွန်ရှေးကျပြီး အချိန်ကာလ၏ အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ချိပ်တံဆိပ်၏ မျက်နှာပြင်ပေါ်တွင် ဝမ်ကူးကုန်းမြေ၏ တောင်တန်းများ၊ မြစ်ချောင်းများနှင့် မရေမတွက်နိုင်သော လူသားများ၏ ပုံရိပ်များကို ရေးထွင်းထားသည်။ ထိုလူသားပုံရိပ်များသည် နတ်ဘုရားများကို ဆန့်ကျင်တိုက်ခိုက်နေကြသည်။
ယင်းက လူသားချိပ်တံဆိပ်ဖြစ်သည်။
ယင်းက ဝမ်ကူးကုန်းမြေမှ ပထမဆုံးရှေးဘုရင်၏ ချိပ်တံဆိပ်ဖြစ်သည်။ နောက်ပိုင်းတွင် ယင်းက ကောင်းကင်ပေါ်သို့ စေလွှတ်ခံလိုက်ရပြီး ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ဘုံတာအိုတစ်ခု ဖြစ်လာခဲ့သည်။
ဤအခိုက်အတန့်မှာ လူသားချိပ်တံဆိပ်အပါအဝင် ရှေးဟောင်းကောင်းကင်ဘုံတာအို(၅)ခုသည် လူသားမျိုးနွယ်၏ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။
ဤသည်မှာ ရွှမ်ယုံသူတော်စင်ကုန်းမြေက ဝမ်ကူးကုန်းမြေထဲမှ မထွက်သွားခင် ချန်ထားခဲ့သော အခြေခံအုတ်မြစ်ဖြစ်သည်။ ယခု ၎င်းတို့က ဧကရီကို တားဆီးရန် အသုံးပြုခံလိုက်ရကြသည်။
ချက်ချင်းဆိုသလို ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး လေတဟူးဟူး တိုက်ခတ်လာသည်။ ကောင်းကင်ဘုံတာအို၏ အစွမ်းသည် အလွန်ကျယ်ပြောသည်။ နောက်ဆုံးမှာတော့ ၎င်းတို့က ဖိနှိပ်မှုအစွမ်းတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
မြေပြင်သည် တုန်လှုပ်သွားပြီး ဟင်းလင်းပြင်သည် ဆုတ်ဖြဲခံလိုက်ရသည်။ မရေမတွက်နိုင်သော ချိပ်တံဆိပ်များသည် ဧကရီကို လွှမ်းခြုံသွားကြသည်။
သေမျိုးများသော်လည်းကောင်း၊ ကျင့်ကြံသူများသော်လည်းကောင်း၊ ဝန်ကြီးများသော်လည်းကောင်း သို့မဟုတ် နန်းမြို့တော်ထဲမှ လူသားအများစုသော်လည်းကောင်း အမူအရာပြောင်းလဲသွားကြသည်။ သူတို့ထဲမှ လူအနည်းစုသာလျှင် တည်ငြိမ်နေကြသည်။
ဧကရီသည် ထိုလူများထဲမှ တစ်ယောက်ဖြစ်သည်။
သူက လေထဲမှာ မတ်တတ်ရပ်နေသည်။ ကောင်းကင်ဘုံတာအိုများ၏ ဖိနှိပ်မှုအောက်မှာ သူ၏ အရှိန်အဝါက မလျော့ကျသွားသည့်အပြင် ထိတ်လန့်ဖွယ်ကောင်းစွာ ပိုပြီးအားကောင်းလာသည်။
ဤသည်မှာ သူ၏ ရည်မှန်းချက်အတွက် မည်သည့်အတားအဆီးကမှ သူ့ကို မကန့်သတ်နိုင်သည့်အလားပင်။
မည်သည့်အင်အားကမှ သူ့ကို မဖိနှိပ်နိုင်ပေ။
မည်သူကမှ သူ့ကို ခေါင်းငုံ့သွားရန် မစွမ်းဆောင်နိုင်ပေ။
ဤအခိုက်အတန့်မှာ သူက ရှေးဟောင်းကောင်းကင်ဘုံတာအိုငါးခုကို တောက်ပသော မျက်လုံးဖြင့် စိုက်ကြည့်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းဆိုသလို ဧရာမစစ်ပွဲဗုံသည် ကျယ်လောင်သော မြည်သံနှင့်အတူ ရှေးဘုရင်ဂြိုလ်ပေါ်မှာ ဒြပ်ထည်ဖြစ်ပေါ်လာသည်။
ထိုစစ်ပွဲဗုံသည် လူသားမျိုးနွယ်၏ ပိုင်နက်အတွင်းထဲရှိ တောင်တန်းများ၊ မြစ်ချောင်းများနှင့် ကုန်းမြေများထံမှ ဖွဲ့စည်းသွားခြင်း ဖြစ်သည်။ စစ်ပွဲဗုံထဲမှာ လူသားမျိုးနွယ်၏ စိတ်ဆန္ဒနှင့် လူသားမျိုးနွယ်၏ သွေးမျိုးဆက်စွမ်းအားက ကိန်းအောင်းနေသည်။ စစ်ပွဲဗုံထွက်ပေါ်လာသည့်အခိုက် လောကသည် ကမောက်ကမာဖြစ်သွားပြီး အောင်ပွဲအတွက် ရည်ရွယ်သော စိတ်ဆန္ဒတစ်ခုကို ထုတ်လွှတ်လိုက်သည်။
ယင်းက လူသားမျိုးနွယ်၏ စစ်ပွဲဗုံဖြစ်သည်။
“ ဘုရင်ကျန်းကန် ”
“ မင်းရဲ့ အဆင့်အတန်းက ဒီအခြေအနေအတွက် အသင့်တော်ဆုံးပဲ… ငါ့အတွက် စစ်ပွဲဗုံကို တီးပေးပြီး ကောင်းကင်ဘုံတာအိုတွေကို ဖိနှိပ်ပေးဖို့ မင်းဆန္ဒရှိသလား ”
ဧကရီက တည်ငြိမ်စွာ ပြောသည်။ သူ၏ အသံက ရှေးဘုရင်ဂြိုလ်ပေါ်သို့ ကျရောက်သွားပြီး ရွှီချင်း၏ နားထဲသို့ ပဲ့တင်ထပ်သွားသည်။
ရွှီချင်းသည် အစောနက လှုပ်ရှားပြီးခဲ့ကတည်းက ခမ်းနားထည်ဝါသော ဤနတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့ကို ကြည့်ရှုနေခဲ့သည်။ ယခု ဧကရီ၏ စကားကို ကြားသောအခါ သူ့ကို ရွေးချယ်လိုက်သော ဧကရီ၏ စကားနောက်ကွယ်တွင် လေးနက်သော အဓိပ္ပာယ်တစ်ခုရှိကြောင်း သူနားလည်လိုက်သည်။
သူ၏ သားက ကောင်းကင်ဘုံတာအိုဖြစ်ပြီး သူနှင့် ရှေးဟောင်းကောင်းကင်ဘုံတာအိုကြားမှာ နက်ရှိုင်းသော ကမ္မဆက်နွယ်မှုတစ်ခုရှိကြောင်း ဧကရီသိထားပုံပေါ်သည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ ဤအခိုက်အတန့်မှာ ဧကရီ၏ ကြီးမားသော အစွမ်းကို သူအာရုံခံမိလေရာ ဧကရီ၏ အမိန့်တော်ကို သူမငြင်းဆန်ဝံ့ချေ။
သို့ဖြစ်၍ သူက ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။ ခြေသုံးလှမ်း လှမ်းပြီးနောက် လူတိုင်း၏ အကြည့်အောက်မှာ သူက ဧရာမစစ်ပွဲဗုံပေါ်မှာ ရပ်လိုက်သည်။
သူ၏ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်ပြီး ဝိညာဉ်ချည်မျှင်သန်းလေးဆယ်ကို ထုတ်လွှတ်လိုက်ကာ ပုံရိပ်ယောင်မဟာလောကတစ်ခုကို ဖွဲ့စည်းလိုက်သည်။ မဟာရွှမ်ထျန်းစစ်ချပ်ဝတ်သည်လည်း သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။ ကျူးလီသည် သူ၏ ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်သည်။ ဤအခိုက်အတန့်မှာ ရွှီချင်း၏ အရှိန်အဝါသည် အထွတ်အထိပ်သို့ မြင့်တတ်သွားသည်။
သူက စစ်ပွဲဗုံဆီသို့ လက်သီးထိုးချလိုက်လေရာ စူးရှသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ထိုလက်သီးသည် ဟင်းလင်းပြင်ကို အက်ကွဲသွားစေပြီး ကမ္ဘာဖျက်ဆီးပစ်နိုင်သော စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ယင်းက စစ်ပွဲဗုံပေါ်သို့ ကျရောက်သွားသည့်အခါ မိုးခြိမ်းသံသဖွယ် ကျယ်လောင်သော မြည်သံက ပဲ့တင်ထပ်လာသည်။
ထိုအသံထွက်ပေါ်လာသည်နှင့် ကောင်းကင်သည် ဝုန်းခနဲ မြည်သွားပြီး မြေပြင်သည် ပရမ်းပတာ တုန်ခါသွားသည်။ နန်းမြို့တော်အတွင်းမှ အဆောက်အဦးအားလုံးသည် တုန်ခါသွားကြသည်။ နန်းမြို့တော်အပြင်ဘက်မှ မြေကြီးသည်ပင် လှုပ်ခါသွားသည်။
ဤအခိုက်အတန့်မှာ မြစ်ချောင်းများက ပရမ်းပတာ လှုပ်ခတ်သွားကြပြီး ကောင်းကင်နှင့်မြေပြင်၏ အသံများဖြင့် ပေါင်းစပ်သွားသည်။ မြစ်ချောင်းများစီးဆင်းသံသည် ဗုံသံနှင့် တစ်သားတည်းဖြစ်သွားသည်။
ထိုအသံသည် ကောင်းကင်ကို ဖောက်ထွင်းသွားပြီး ခမ်းနားထည်ဝါသော အရှိန်အဟုန်ကို ဖန်တီးလိုက်သည်။ ထိုအသံအောက်မှာ ရှေးဟောင်းကောင်းကင်ဘုံတာအိုငါးခုသည် ဖိနှိပ်ခံလိုက်ရကြသည်။
ဗုံသံသည် အလွန်ထိတ်လန့်ဖွယ်ကောင်းရုံသာမက ယင်းထဲမှာ ရွှီချင်းနှင့် ရှေးဟောင်းကောင်းကင်ဘုံတာအိုကြားမှ ကမ္မဆက်နွယ်မှုလည်း ပါရှိသည်။ ထို့ပြင် ဗုံသံနှင့်အတူ ကလေးငယ်တစ်ယောက်၏ အော်ငိုသံသည် ဟင်းလင်းပြင်ထဲမှာ မသဲမကွဲ ပဲ့တင်ထပ်သွားသည်။
ချက်ချင်းဆိုသလို ရှေးဟောင်းကောင်းကင်ဘုံတာအိုငါးခုသည် တစ်ပြိုင်နက် တုန်ယင်သွားကြသည်။
ရွှီချင်းသည်တော့ အစွမ်းကုန် တိုက်ခိုက်ပြီးနောက် စစ်ဗုံထံမှ ထိတ်လန့်ဖွယ်ကောင်းသော တန်ပြန်အားလှိုင်းတစ်ခုကို ခံစားရလိုက်သည်။ အားလှိုင်းသည် လက်သီးမှတဆင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ထို့နောက် အက်ကွဲသံများနှင့်အတူ ထိုစွမ်းအားက သူ၏ အသွေးအသားများ၊ မရီဒျန်များ၊ အရိုးများနှင့် ဝိညာဉ်ကို ဖြတ်သန်းသွားသည်။
ရွှီချင်းသည် တုန်ယင်သွားပြီး အနက်ရောင်သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
ထိုသွေးထဲမှာ အလွန်ဆိုးဝါးသော အပုပ်နံ့က ထွက်ပေါ်နေသည်။ ဤသည်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ ညစ်ညမ်းမှုများက ထိုသွေးထဲမှာ ပါဝင်နေသည့်အလားပင်။
ရွှီချင်းသည် သွေးတစ်ပွက်ကို အန်ထုတ်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်က ပေါ့ပါးလန်းဆန်းသွားကြောင်း ခံစားမိသွားသည်။ ကြည်လင်ပြတ်သားမှုနှင့် သက်တောင့်သက်သာရှိသော စိတ်ခံစားမှုက သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။
ယင်းက ရွှီချင်း၏ နှလုံးကို လှိုင်းထသွားစေပြီး သူ၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင် ထွက်ပေါ်လာစေသည်။
ဤနှစ်များတွင် မရေမတွက်နိုင်သော တိုက်ပွဲပေါင်းများစွာကို ရင်ဆိုင်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှာ ပုန်းကွယ်နေကြသော ဒဏ်ရာအများစုသည် စစ်ပွဲဗုံမှ တန်ပြန်အားလှိုင်းကြောင်း အမှန်တကယ် ပြန်သက်သာသွားသည်။ ဤသည်မှာ သူက သန့်စင်ခံလိုက်ရသည့်အလားပင်။
ထို့ကြောင့် ရွှီချင်းသည် လုံးဝတုံ့ဆိုင်းမနေတော့ပေ။ သူက လက်မြှောက်လိုက်ပြီး ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သည်။ သူ၏ ခွန်အားက အထွတ်အထိပ်သို့ ရောက်ရှိသွားသည့်အခါ သူက စစ်ပွဲဗုံဆီသို့ ဒုတိယအကြိမ် လက်သီးထိုးလွှတ်လိုက်သည်။
ဒုံး…
ဗုံသံသည် နောက်တစ်ကြိမ် ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။ ကောင်းကင်သည် လှုပ်ခါသွားပြီး လူတိုင်း၏ နှလုံးသားသည် ဖရိုဖရဲဖြစ်သွားသည်။ ကမ္မအမျှင်တန်းများသည် လူသားအားလုံးထံမှ ထွက်ပေါ်လာပြီး ကမ္မနဂါးပေါ်မှာ စုဝေးသွားကြသည်။
ယင်းက ကမ္မနဂါး၏ ခန္ဓာကိုယ်ကို အဆပေါင်းများစွာ ပိုပြီးကြီးထွားလာစေပြီး ပိုပြီးသန်မာလာစေသည်။ နဂါးသည် ကမ္မစွမ်းအားထဲမှာ ပျံသန်းနေပြီး ကောင်းကင်ပေါ်မှ ကောင်းကင်ဘုံတာအိုများကို ဟိန်းဟောက်လိုက်သည်။
၎င်းက ဟိန်းဟောက်လိုက်သည်နှင့် ဧကရီကို အညံ့ခံသွားကြသော ဘိုးဘေးများနှင့် သူရဲကောင်းဝိညာဉ်များသည် အကန့်အသတ်မဲ့သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်ကြသည်။
ထို့နောက် သူတို့က ကောင်းကင်ဘုံတာအိုများဆီသို့ ပျံသန်းသွားကြသည်။
သူတို့က အသက်ရှင်နေချိန်မှာ ရန်သူများကို သတ်ဖြတ်ခဲ့သည်။ သေဆုံးသွားပြီးသည့်နောက်မှာပင် သူတို့က လူသားဧကရာဇ်ကို ကာကွယ်ပေးလိမ့်မည်။
သတ်ပစ်…
ဤအခိုက်အတန့်မှာ လောက၏ အရောင်သည် ပြောင်းလဲသွားသည်။
ကောင်းကင်ပေါ်မှ ကောင်းကင်ဘုံတာအိုငါးခုသည် ပိုပြီးပြင်းထန်စွာ တုန်လှုပ်သွားကြသည်။ လူသားချိပ်တံဆိပ်၏ ဖိနှိပ်မှုစွမ်းအားသည် စတင်အားနည်းလာသည်။
ရွှီချင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပုန်းကွယ်နေသော ဒဏ်ရာအားလုံးက စစ်ပွဲဗုံ၏ တန်ပြန်အားလှိုင်းကြောင့် သက်သာပျောက်ကင်းသွားကြောင်း ခံစားမိသွားသည်။ အမှန်မှာ သူ၏ ရုပ်ခွန်အားသည်ပင် အနည်းငယ် တိုးမြှင့်သွားသည်။
ထို့ပြင် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် ပေါင်းစပ်သွားသည်။ ယင်းက သူ့ကို ပြီးပြည့်စုံသွားသည်ဟု ခံစားမိစေသည်။
ထိုခံစားမှုက ရုတ်တရက်ဆန်စွာ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့မှာ စဉ်းစားနေရန် အချိန်အများကြီး မရှိပေ။ သူ၏ မျက်လုံးထဲမှာ စူးရှသော အလင်းရောင် ဖြတ်ပြေးသွားသည်နှင့် သူက တတိယအကြိမ် လက်သီးထုတ်လွှတ်လိုက်သည်။
ဗုံးသံက ဆက်လက် ထွက်ပေါ်လာသည့်အခါ ကောင်းကင်နှင့် မြေပြင်က အက်ကွဲသွားတော့မည့်ဟန် ရသည်။ ဗုံသံသည် မဟာနန်းမြို့တော်ဒေသကြီးထဲမှာသာမက လူသားမျိုးနွယ်၏ လက်အောက်မှာရှိကြသော ဒေသငယ်ခုနစ်ခု၊ သန့်စင်ရေလှိုင်းဒေသကြီး၊ ကောင်းကင်နက်ဒေသကြီးနှင့် ဝိညာဉ်နက်ဒေသကြီးထဲမှာပင် ပဲ့တင်ထပ်သွားသည်။ ထို့ပြင် တခြားဒေသကြီးများထဲမှာ ဆိုးဝါးစွာ တွေ့ကြုံခံစားနေကြရသော လူသားများသည်ပင် ဗုံသံကို ကြားမိကြသည်။
သူတို့က မည်သည့်အရာကို လုပ်ဆောင်နေပါစေ သွေးမျိုးဆက်၏ လမ်းညွှန်မှုအောက်မှာ သူတို့၏ စိတ်ဆန္ဒကို ထုတ်လွှတ်လိုက်ကြသည်။
မီးပွားစများ စုပေါင်းလိုက်သည့်အခါ မီးတောက်ကြီးတစ်ခု ဖြစ်လာလိမ့်မည်။
ယင်းက ဤသဘောတရားအတိုင်း ဖြစ်သည်။
ဝမ်ကူးကုန်းမြေထဲမှ လူသားအားလုံးသည် ဗုံသံနှင့်အတူ ဆုံးဖြတ်ချက်ပြတ်သားစွာ ချမှတ်လိုက်ကြသည်။ သူတို့၏ စိတ်ဆန္ဒက တတိယမြောက်ဗုံသံထဲသို့ ပေါင်းစပ်သွားပြီး ဗုံသံကို လူသားမျိုးနွယ်၏ နက်ရှိုင်းသော ဟိန်းသံအဖြစ် ပြောင်းလဲသွားစေသည်။
“ နီ ”
ထိုစကားလုံးသည် ထူးခြားသည်။ ယင်းက မြေအောက်လောက၏ နာမည်နှင့် ဆက်စပ်နေသည်။ ကောင်းကင်ဘုံတာအိုများကို ဖွဲ့စည်းခဲ့စဉ် ၎င်းတို့ထဲမှ အနည်းစုသည် လက်နက်များထံမှ ဖြစ်ပေါ်လာကြခြင်းဖြစ်ပြီး ကျန်ကောင်းကင်ဘုံတာအိုများသည်တော့ တိုက်ပွဲအတွင်းမှာ သေဆုံးသွားခဲ့ကြသော သူရဲကောင်းဝိညာဉ်များထံမှ ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။
ထို့ကြောင့် ‘ နီ ’ဟူသော စကားလုံးကို ကောင်းကင်ဘုံတာအိုအားလုံး၏ အစစ်အမှန်နာမည်အဖြစ် နွေဦးအင်မော်တယ်များက သတ်မှတ်ခဲ့ကြသည်။
ဒဏ္ဍာရီအရ လူသားတစ်ဦး သေဆုံးသွားသည့်အခါ သက်ရှိအားလုံးက ကြောက်လန့်ကြသော တစ္ဆေတစ်ကောင်ဖြစ်လာလိမ့်မည်။ တစ္ဆေတစ်ကောင်သေဆုံးသွားသည့်အခါ တခြားတစ္ဆေများက ကြောက်လန့်ကြသော ‘ နီ ’ဖြစ်လာလိမ့်မည်။ ယင်းက ကောင်းကင်ဘုံတာအိုဖြစ်သည်။
ဤအခိုက်အတန့်မှာ လူသားမျိုးနွယ်၏ စိတ်ဆန္ဒက ‘ နီ ’ဟူသော စကားလုံးကို အော်ခေါ်လိုက်သည်။ ကျယ်လောင်သော ဟိန်းသံသည် ကောင်းကင်နှင့်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။
ကောင်းကင်ဘုံတာအိုများကို ချိုးဖြတ်ခြင်း…
ဝမ်ကူးကုန်းမြေမှ ကောင်းကင်ဘုံတာအိုများသည် အသင်္ချေမျိုးနွယ်စုများ၏ စိတ်ဆန္ဒအတွက်နှင့် ဤလောကထဲမှ သက်ရှိများကို ကာကွယ်ပေးရန် တည်ရှိနေကြခြင်းဖြစ်သည်။ ဤအခိုက်အတန့်မှာ ဝမ်ကူးကုန်းမြေကို အကြိမ်ပေါင်းများစွာ စည်းလုံးညီညွတ်စေခဲ့သော လူသားမျိုးနွယ်၏ စိတ်ဆန္ဒအောက်မှာ အစစ်အမှန် နာမည်ကို အော်ခေါ်လိုက်ခြင်းသည် ထုံးစံအားဖြင့် ကောင်းကင်ဘုံတာအိုများ၏ အခြေခံအုတ်မြစ်ကို လှုပ်ခါသွားစေသည်။
သူတော်စင်ကုန်းမြေ၏ ထိန်းချုပ်ခံထားရသော ကောင်းကင်ဘုံတာအိုငါးခုသည်လည်း စည်းမျဉ်းများကို လိုက်နာရလိမ့်မည်။ ဤအခိုက်အတန့်မှာ ၎င်းတို့က တုန်ယင်သွားကြပြီး အနောက်သို့ ဆုတ်သွားကြသည်။
ယင်းကို မြင်သောအခါ ဧကရီ၏ မျက်လုံးက ဝင်းလက်သွားသည်။
အတိတ်တွင် မီးလျှံလနတ်ဘုရားသုံးပါး အဆင့်တတ်ခဲ့ချိန်မှာ ၎င်းတို့က တခြားနတ်ဘုရားများ၏ တားဆီးမှုကို ခုခံကာကွယ်ရန် ဒေသစစ်လက်နက်အများအပြားနှင့် အင်မော်တယ်လက်နက်တစ်ခုကိုပင် အသုံးပြုခဲ့ကြသည်။ ယင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ အင်အားကို ဖော်ပြပြီး နတ်ဘုရားသုံးပါး၏ အခြေခံအုတ်မြစ်ကို ကိုယ်စားပြုသည်။
လူသားမျိုးနွယ်သည်တော့ အတိတ်မှာ နက်ရှိုင်းသော အခြေခံအုတ်မြစ်ရှိခဲ့သော်လည်း နှစ်ပေါင်းများစွာကြာအောင် နိမ့်ကျသွားပြီးနောက် သူတို့ဆီမှာ ဝှက်ဖဲကတ်အများကြီး မကျန်ရှိတော့ပေ။ သို့သော်လည်း လူသားမျိုးနွယ်၏ စိတ်ဆန္ဒသည် ဤရက်စက်ကြမ်းတမ်းသော ဝမ်ကူးကုန်းမြေထဲမှာ ဆက်လက် တည်ရှိနေဆဲပင်။
စစ်ပွဲဗုံသည် လူသားမျိုးနွယ်၏ စိတ်ဆန္ဒကို လှုံ့ဆော်ပေးလိုက်သည်။
ဤအခိုက်အတန့်မှာ ယင်းက ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး လောကကြီးကို တုန်လှုပ်သွားစေသည်။
ရွှီချင်း၏ အရှိန်အဝါသည် ပြီးပြည့်စုံသော စိတ်ခံစားမှုနှင့်အတူ နောက်တစ်ကြိမ် မြင့်တတ်သွားသည်။ တစ်ချိန်တည်းမှာ သူက စတုတ္ထအကြိမ် လက်သီးထိုးလွှတ်လိုက်သည်။
ဗုံသံသည် ကောင်းကင်ကို တုန်လှုပ်သွားစေသည်။
ယင်းက အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားပြီး လူသားမျိုးနွယ်၏ ဆုံးဖြတ်ချက်၊ လူသားမျိုးနွယ်၏ ကမ္မ၊ တောင်တန်းများနှင့် မြစ်ချောင်းများ၏ ပဲ့တင်ထပ်မှု၊ သွေးမျိုးဆက် ပဲ့တင်ထပ်မှုနှင့် ခေတ်အဆက်ဆက် အချိန်ဆက်သွယ်မှုကို တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားစေသည်။ ထိုသို့ပေါင်းစည်းမှုနှင့်အတူ အတိတ်ဂုဏ်ကျက်သရေသည် ဤလောကပေါ်သို့ တဖန်ဆင်းသက်လာပြီး ပုံရိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။
ယင်းက တောင်တန်းပင်လယ်မြေပုံတစ်ခု ဖြစ်သည်။
တောင်တန်းပင်လယ်မြေပုံသည် ဗုံသံကြောင့် အချိန်မြစ်ထဲမှ ဆွဲထုတ်ခံလိုက်ရပြီး ကောင်းကင်နှင့်မြေပြင်ကြားမှာ ထွက်ပေါ်လာသည်။
ရှေးခေတ်တုန်းက ဒေသကြီးများသည် မျိုးနွယ်စုအသီးသီး၏ ကုန်းမြေများ ဖြစ်ကြသည်။
ဝမ်ကူးကုန်းမြေထဲမှ အသင်္ချေမျိုးနွယ်စုများသည် ကြောက်ရွံ့ရိုသေစွာ ဦးညွတ်ခဲ့ကြရသည်။
ဧကရီသည် လက်မြှောက်လိုက်ပြီး ပုံရိပ်ယောင်ရှေးဟောင်းမြေပုံကို သူ၏ လက်ထဲမှာ ဆုပ်ကိုင်လိုက်သည်။
“ အတိတ်မှာ ကောင်းကင်ဘုံတာအိုတွေကို ငါတို့လူသားမျိုးနွယ်က အဓိက အပ်နှင်းပေးခဲ့တယ်… တခြားမျိုးနွယ်စုတွေက သဘောတူကြပြီး ကောင်းကင်ဘုံတာအိုတွေကို အတူတကွ ဖန်တီးခဲ့ကြတယ် ”
“ ဒီတစ်ကြိမ် မင်းတို့ရဲ့ ဆင်းသက်လာမှုက… ဒီလုပ်ဆောင်မှုက… မင်းတို့ရဲ့ စည်းဘောင်ကို ကျော်လွန်သွားပြီ ”
“ ငါတို့လူသားမျိုးနွယ်မှာလည်း ကောင်းကင်ဘုံတာအိုရှိတယ်ဆိုတာ မမေ့နဲ့ဦး… နွေဦးအင်မော်တယ်ကနေ ဖွဲ့စည်းလာခဲ့တဲ့ ဘိုးဘေးကောင်းကင်ဘုံတာအိုကလွဲရင် အဲ့ဒါက ဝမ်ကူးကုန်းမြေက ကောင်းကင်ဘုံတာအိုတွေထဲမှာ ရှေးအကျဆုံး တည်ရှိမှုပဲ ”
“ ရှေးဘုရင်ရွှမ်ယုံထွက်သွားပြီး နတ်ဘုရားမျက်နှာပျက်ကြီးရောက်လာပြီးနောက် သူက နှစ်ပေါင်းများစွာကြာအောင် အိပ်မောကျနေခဲ့တယ် ”
“ အခု သူ့ကို နှိုးဖို့ အချိန်ကျပြီ ”
“ ရွှီချင်း… ဗုံကို ဆက်တီးပါ ”
ဧကရီ၏ အသံသည် မိုးခြိမ်းသံပမာ ပဲ့တင်ထပ်သွားသည်။ သူက လက်ထဲမှ ရှေးဟောင်းမြေပုံကို ပစ်လွှတ်လိုက်သည်။ ရှေးဟောင်းမြေပုံသည် အရွယ်အစားကြီးမားသော တုတ်ချောင်းအဖြစ် လေထဲမှာ အသွင်ပြောင်းလဲသွားပြီး ရွှီချင်းပေါ်သို့ ကျဆင်းလာသည်။
ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ ကျင့်ကြံခြင်းအခြေခံကို အပြည့်အဝ လှည့်ပတ်လိုက်သည်။ သွေးနှင့်ချီက သူ၏ ခန္ဓာကိုယ်ထဲမှာ အဆုံးမဲ့စွာ စီးဆင်းသွားနေစဉ် သူက လက်မြှောက်လိုက်ပြီး ရှေးဟောင်းမြေပုံမှ အသွင်ပြောင်းလဲသွားသော ဧရာမတုတ်ကို ဖမ်းဆုပ်လိုက်သည်။
သူက ဧရာမတုတ်ဖြင့် စစ်ပွဲဗုံကို အားကုန် ထုရိုက်လိုက်သည်။
ဒုံး…
ပဉ္စမအကြိမ်မြောက် ဗုံသံက ပဲ့တင်ထပ်သွားသည်။
ဗုံသံက ဝမ်ကူးကုန်းမြေ၏ ကောင်းကင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်နှင့်ချက်ချင်း ရှေးခေတ်ကာလထဲမှ ထွက်ပေါ်လာဟန်ရသော ဟိန်းသံတစ်သံသည် ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။
နောက်အခိုက်အတန့်မှာ လောကတစ်ခုလုံး ရွှေရောင်သို့ ပြောင်းလဲသွားသည်။
လက်သည်းခုနစ်ခု ရွှေရောင်နဂါးတစ်ကောင်သည် ကောင်းကင်ပေါ်မှ တိမ်တိုက်များကြားမှာ ရုတ်တရက် ထွက်ပေါ်လာသည်။