ချန်းချောင်၏ ရှာဖွေတွေ့ရှိမှုအသစ်နှင့် မူလဆံပင်စတိုင်
Vol. 64 Ch. 951
ဆေးရုံတွင် ဖေဖေချန်းသည် တိုက်ဂါးလျန့်ကို ပါးစပ်အမြှောက်ဖြင့် တိုက်ခိုက်ခဲ့ပြီးချိန်မှစ၍ လေးနှစ်အရွယ် ချန်းချောင်လေးသည် ပါးနပ်စွာ စကားပြောဆိုခြင်းနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာကို နားလည်သွားပုံရသည်။
နောက်တစ်နေ့တွင် ချန်းချောင်သည် သစ်ပင်အိုကြီးအောက်တွင် ထိုင်ကာ စကားပြောဆိုနည်း စာအုပ်ကို ဖတ်ရှုနေခဲ့သည်။
ယမန်နေ့က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကြောင့် သူ၏သားက ပုံမှန်အခြေအနေသို့ မရောက်ရှိသေးဟု ဖေဖေချန်း ထင်မြင်ခဲ့သည်။
ဖေဖေချန်းက စာအုပ်ဖတ်နေသည့် ချန်းချောင်၏ အနားသို့ သွားလိုက်သည်။
“သားလေး.. မင်းက ခန္ဓာကိုယ်နည်းစနစ်မှာ ပါရမီပါတဲ့သူပဲ.. မနေ့က သနားစရာကောင်းတဲ့ ဆွံအမိန်းကလေးကို သတ္တိရှိရှိကယ်တင်ခဲ့တဲ့ အတွက် မင်းအတွက် ငါအရမ်းဂုဏ်ယူမိတယ်”
ချန်းချောင်၏ သူရဲကောင်းဆန်သော အကျင့်စရိုက်ကြောင့် ဖေဖေချန်းက နှလုံးပီတိဂွမ်းဆီထိသည် အထိ အလွန်ပင် ပျော်ရွှင်နေခဲ့သည်။
"အခုခေတ်မှာ လဲကျနေတဲ့ အဖွားအိုတစ်ယောက်ကိုတောင် ဖေးမမယ့်လူ မရှိတာ.. အသက်ငါးနှစ် ခြောက်နှစ် ပိုကြီးတဲ့ ကလေး တစ်ယောက်ကို မင်းလို ရင်ဆိုင်ဖို့ကိုဆို ပြောမနေနဲ့တော့”
သူ၏သားက ချန်းမျိုးရိုး၏ ကြောက်ရွံမှုမရှိသော ကိုယ်ရည်ကိုယ်သွေးကို အမွေဆက်ခံခဲ့သည်ဟု ဖေဖေချန်း တွေးထင်ခဲ့သည်။
လေးနှစ်အရွယ် ချန်းချောင်လေးသည် ထိုအရွယ်က ဖေဖေချန်းထက်ပင် ရဲရင့်ပုံပေါက်နေ၏။
ယမန်နေ့က တိုက်ဂါးလျန့်ကို တိုက်ခိုက်ခြင်းအတွက် ဖေဖေချန်းက ချန်းချောင်ကို လုံးဝ အပြစ်တင်ခြင်း မရှိခဲ့ပေ။
ဖေဖေချန်းက ဘယ်သူ့ဘက်က မှန်သလဲဆိုသည်ကို ကောင်းစွာ နားလည်ထားသည်။
ယမန်နေ့က ဖေဖေချန်းသည် လျန့်ဟန်၏ ဆေးဖိုးကို ပေးခဲ့ရသည်။
သို့သော် ချန်းချောင်၏ အမူအရာသည် သူ့ကိုယ်သူအပြစ်ရှိသည်ဟု ခံယူထားသကဲ့သို့ အနည်းငယ် ထူးခြားနေ၏။
ထိုအတွက်ကြောင့် ဖေဖေချန်းက ချန်းချောင်ကိုဖြောင်းဖြလိုက်သည်။
“သားလေး.. မင်းရဲ့ မနေ့ကလုပ်ရပ်က ဘာမှမမှားဘူး”
“ကျွန်တော်သိပါတယ်”
လိမ္မာပါးနပ်စွာ စကားပြောဆိုနည်း စာအုပ်ကို လက်ထဲတွင် ကိုင်ထားသော ချန်းချောင်က ပြန်ဖြေလိုက်သည်။
“အဖေ ကျွန်တော် လိမ္မာပါးနပ်စွာ စကားပြောဆိုတဲ့ အတတ်ကို လေ့လာလိုက်စားဖို့ ဆုံးဖြတ်ထားတယ်”
“လိမ္မာပါးနပ်စွာ စကားပြောဆိုတဲ့ အတတ်လား”
“အဖေ မနေ့က တိုက်ဂါးလျန့်ကို ပြောခဲ့တဲ့စကားတွေက အရမ်းအထာကျတယ်.. ဒါကြောင့် ခန္ဓာကိုယ်နည်းစနစ်တွေအပြင် ဒီလိုမျိုး စကားပြောတတ်ဖို့လည်း လိုအပ်တယ်လို့ကျွန်တော်ထင်တယ်”
ချန်းချောင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဖေဖေချန်းက တစ်ခဏမျှ မတုံ့ပြန်နိုင်ခဲ့ပေ။
တိုက်ဂါးလျန့်၏ ရန်လိုသောသဘောထားကို မခံနိုင်၍ ယမန်နေ့တွင် သူသည် ပါးစပ်အမြှောက်ကို ထုတ်သုံးလိုက်ရခြင်း ဖြစ်သည်။
ဤကဲ့သို့ ကလေးမျိုးကို သင်ခန်းစာပေးရသည်မှာ သူ့အတွက်အလွန်လွယ်ကူသည်။
သူမေးခဲ့သော မေးခွန်းများသည် ချမ်းသာသောဒုတိယမျိုးဆက်ဖြစ်သည့် တိုက်ဂါးလျန့်ကို အနာဆားပက်ခံရသကဲ့သို့ ဆတ်ဆတ်ခါစေခဲ့သည်။
ဤလုပ်ရပ်က သူ၏သားကို စကားပြောဆိုနည်း အတတ်အား စွဲလမ်းစေမည်ဟု သူ မထင်မှတ်ခဲ့ပေ။
သူက မရယ်ဘဲ မနေနိုင်တော့ချေ။
“သားလေး မင်းလေ့လာနေတဲ့ လိမ္မာပါးနပ်စွာ စကားပြောဆိုနည်းစာအုပ်က အမှန်တကယ်တော့ ကန့်လန့်ပြောဆိုနည်းစာအုပ်ပဲ.. ဒါနဲ့ ဒီစာအုပ်မှာ မင်းဖတ်ပြီးသလောက် ဘယ်လိုအချက်အလက်တွေကို ရှာတွေ့ထားလဲ”
လေးနှစ်အရွယ် ချန်းချောင်က ခဏမျှစဉ်းစားပြီးမှ လေးလေးနက်နက် ပြန်ဖြေလိုက်သည်။
“အဓိကအချက်ကတော့ ကန့်လန့်ပြောဆိုမယ့် လူတစ်ယောက်က ဆေးလိပ်သောက်တတ်ရတယ်.. အရက်လည်းသောက်တတ်ရတယ်”
ဖေဖေချန်း “……….”
ချန်းချောင် “ပြီးတော့ ဆံပင်လည်း ညှပ်ရတယ်”
ဖေဖေချန်း “ဒါပေမဲ့ မင်းက ကလေးပဲရှိသေးတယ်လေ.. အဖေတို့ မိသားစုစည်းမျဉ်းမှာ အသက်မပြည့်သေးတဲ့ ကလေးတွေကို အရက်နဲ့ဆေးလိပ် သောက်သုံးခွင့် မပေးတာ သားသိမှာပါ”
ချန်းချောင် “ဒါပေမဲ့ ဆံပင်မညှပ်ရဘူးလို့တော့ မပါဘူး မဟုတ်လား”
“အင်း.. ဒီတစ်ခုတော့ စည်းမျဉ်းနဲ့ လွတ်တယ်သား”
ဖေဖေချန်းက ခပ်ယဲ့ယဲ့ပြုံး၍ပြောလိုက်သည်။
ထို့နောက်တွင် ဖေဖေချန်းသည် ချန်းချောင်ကို ဆံပင်ညှပ်ဆိုင်သို့ခေါ်သွား၍ ဆံပင်ညှပ်ဆရာအား ညွှန်ကြားလိုက်သည်။
“ငါ့သားရဲ့ဆံပင်ကို နည်းနည်းလေး တိုပေးပါ”
ထိုနှစ်တွင် ချန်းချောင်သည် လေးနှစ်သားအရွယ် ဖြစ်သည်။
သူ့အတွက် သင်္ဘောသားကေအညှပ်ခံရသည့် နှစ်လည်း ဖြစ်၏။
သူက ယနေ့တိုင် ထိုဆံပင်ပုံစံကို ထိန်းသိမ်းထားခဲ့သည်။
လျန့်မိသားစုနှင့် ပြဿနာဖြစ်ပြီးနောက်တွင် ချန်းမိသားစု၏ စူပါခွန်အားသိုင်းခန်းမသည် ရုတ်တရက် စီးပွားတက်လာခဲ့သည်။
တစ်လအတွင်း သိုင်းခန်းမသည် တပည့်အယောက် နှစ်ဆယ်ကို လက်ခံခဲ့ရသည်။
အများစုမှာ မူကြိုအရွယ်များဖြစ်ပြီး ချန်းချောင်ထက်အနည်းငယ်သာ အသက်ကြီးကြသည်။
ဤကဲ့သို့ တိုးတက်ပြောင်းလဲမှုတွင် အကြောင်းအရင်း နှစ်ခုရှိသည်။
လျန့်မိသားစု၏ မျှခြေ မှော်ခန်းမသည် ဤဒေသတွင်နာမည်ကြီး ကျောင်းတစ်ကျောင်း ဖြစ်ခဲ့သော်လည်း လျန့်ဟန်၏ ဆယ်နှစ်သားအရွယ် သားလေးသည် လေးနှစ်သားအရွယ် ချန်းချောင်ကို ရှုံးနိမ့်သွားခဲ့သည်။
ထိုသတင်းက ဆေးရုံမှတဆင့် ပျံ့နှံ့သွားခဲ့ပြီးနောက် အားလုံးက လေးနှစ်အရွယ် ချန်းချောင်လေး၏ သံမဏိသဲလက်ဝါးအစွမ်းကို အံ့ဩခဲ့ကြသည်။
လေးနှစ်အရွယ် ကလေးလေးတစ်ယောက်က သံမဏိသဲလက်ဝါးသိုင်းကို အသုံးပြု၍ တိုက်ဂါးလျန့်ကို အပြတ်အသတ် အနိုင်ယူသွားလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
ဟုတ်ပါသည်၊ ဤအဖြစ်အပျက်သည် လူတို့၏ ထုံးစံအတိုင်းပင် ပိုမို၍ ချဲ့ကားလာခဲ့သည်။
အဆုံးသတ်တွင် ၎င်းတို့အနက်မှ မည်သူတစ်ဦးတစ်ယောက်မှ မျက်မြင်မတွေ့ခဲ့ရပေ။
ထိုသတင်းကိုဖြန့်သည့် ပထမဆုံးလူသည်ပင် တိုက်ဂါးလျန့်၏ ဆိုးရွားစွာ ထိခိုက်ထားသော ပုံဆိုးပန်းဆိုးအ သွင်အပြင်ကိုသာ အခြေပြု၍ ရွှီးရွှမ်းခဲ့ခြင်း ဖြစ်၏။
ချန်းချောင်နှင့် တိုက်ဂါးလျန့်တို့၏ တိုက်ပွဲသည် စူပါခွန်အားသိုင်းခန်းမ၏ နာမည်ကို တိုက်ရိုက်ပင် မြှင့်တင်ပေးခဲ့သည်။
ဖေဖေချန်း ကိုယ်တိုင်ဦးစီးသော ဤမိသားစု သိုင်းခန်းမသည် အမြဲတစေ နာမည်ကောင်းရခဲ့သော်လည်း မှော်အတတ်ခေတ်စားလာပြီးနောက်တွင် သိုင်းခန်းမကို စာရင်းသွင်းသည့် တပည့် အရေအတွက်သည် တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။
သို့သော် ဤတိုက်ပွဲအပြီးတွင် ခန္ဓာကိုယ် နည်းစနစ်ကလည်း အရေးပါသည်ကို မီးမောင်းထိုးပြသွားခဲ့သည်။
လူသားများသည် ခေတ်ရေစီးကြောင်းအတိုင်း အမြဲလိုက်လျှောက်လိုသော သတ္တဝါများ ဖြစ်ကြသည်။
ထိုဖြစ်ရပ်ပြီးနောက်တွင် မိဘ တချို့သည် ဖေဖေချန်း၏ သိုင်းခန်းမ၌ ချက်ချင်းပင် စာရင်းသွင်းခဲ့ကြပြီး လျှောက်ထားသူ အရေအတွက်သည် ချက်ချင်းပင် ဆက်လက် တိုးတက်လာခဲ့သည်။
မိဘများသည် စူပါခွန်အားသိုင်းခန်းမကို စာရင်းသွင်းရန် မလာရောက်မီ မျှခြေမှော်ခန်းမထံ၌ သွင်းထားသည့် ငွေများကို ပြန်လည် ထုတ်ယူခဲ့ကြသည်။
ဖေဖေချန်းက ဒေါသတကြီး ဖြစ်နေသော လျန့်ဟန်၏ အသွင်အပြင်ကို အတွေးထဲတွင် ပုံဖော်၍ ပြုံးစိစိ ဖြစ်နေခဲ့သည်။
အားလုံးကို ခြုံပြောရလျှင် ဤအဖြစ်အပျက်သည် ဖေဖေချန်း အတွက် ကောင်းကျိုးရော ဆိုးကျိုးပါ ရှိနေခဲ့သည်။
ကောင်းကျိုးအနေဖြင့် ချန်းမိသားစု၏ စီးပွားရေးက တိုးတက်ကောင်းမွန်လာသဖြင့် ယခင်လို အသုံးမကျသည့် အတွက် သူ့ကိုယ်သူ အပြစ်ပေးရန် အဝတ်လျှော်တုတ်တံ ပေါ်၌ ဒူးထောက်ရန် မလိုတော့ပေ။
ဆိုးကျိုးအနေဖြင့်မူ လျန့်ဟန်နှင့် သူ့ကြားရှိ အမုန်းတရားက ပိုမိုကြီးထွားလာခဲ့ပြီ ဖြစ်သည်။
ဆိုရလျှင် လျန့်ဟန်သည် အစကတည်းကပင် သူနှင့်ပြိုင်ဆိုင်ရသည်ကို နှစ်သက်သောသူ ဖြစ်သည်။
ထိုအချိန်က ကောလိပ်ကျောင်းဆရာမသည် True or Dare ဂိမ်းတွင် ဖေဖေချန်းကို နမ်းခဲ့ရသည်။
ဤသည်ကို လျန့်ဟန်က တွေ့ပြီး ဖေဖေချန်း၏ ရည်းစားဟု အထင်မှားသွားခဲ့သည်။
နောက်ထပ် တစ်လတွင် လျန့်ဟန်သည် ဆရာမ၏ နှလုံးသားကို ဖမ်းစားကာ ချစ်သူများနေ့တွင် ဖေဖေချန်း၏ ရှေ့၌ ပြင်သစ်အနမ်းကို နမ်းပြခဲ့သည်။
လျန့်ဟန်အနေဖြင့် တကယ်ပဲ အထင်မှားခဲ့သလား ဆိုသည်ကိုမူ ဘုရားသာလျှင် သိပေလိမ့်မည်။
မည်သို့ပင်ဆိုစေ ယခုအခါတွင် ဖေဖေချန်းသည် မျှခြေမှော်ခန်းမ၏ လုပ်ငန်းကို မရည်ရွယ်ဘဲ ဖျက်ဆီးသလို ဖြစ်သွားခဲ့သည်။
ဖေဖေချန်းက ချန်းချောင်ကို လှမ်းကြည့်ရင်း တစ်နည်းနည်းဖြင့် စိတ်မသက်သာသလို ခံစားလိုက်ရသည်။
ထိုအချိန်မှာပင် ရင်းနှီးသော ရုပ်ပုံတစ်ပုံသည် သူတို့၏ ခြံတံခါးဝ ရှေ့တွင် ပေါ်လာခဲ့သည်။
၎င်းတို့မှာ ဝမ်ရှောင်လင်းနှင့် သူမ၏မိခင်တို့ ဖြစ်သည်။
ဤအမေနှင့် သမီးတို့သည် စူပါခွန်အားသိုင်းခန်းမ ဆိုင်းဘုတ်အောက်တွင် အတူတကွ ပွေ့ဖက်ထားကြသည်။
၎င်းတို့၏မျက်လုံးများတွင် ကျေးဇူးတင်သော အရိပ်အယောင်များ ရှိနေခဲ့သည်။
“ကျွန်မခေါင်းဆောင်ကို လာရှာတာက…”
ဝမ်ရှောင်လင်း၏ မိခင်အသံက အနည်းငယ် တုန်ခါနေခဲ့သည်။
အပိုင်း(၉၅၁) ပြီး၏