← Chapters

ဖေဖေချန်း၏တပည့်

Vol. 64 Ch. 952

ဖေဖေချန်း၏တပည့်

Vol. 64 Ch. 952

ဖေဖေချန်းက တစ်ချက်ကြည့်လိုက်သည်နှင့် ဝမ်ရှောင်လင်း၏အမေဟု တပ်အပ် ပြောနိုင်ခဲ့သည်။

ထိုအမျိုးသမီးက ခပ်နွမ်းနွမ်း အဝတ်အစားကို ဝတ်ဆင်ထားပြီး သမီးဖြစ်သူနှင့်အတူ သိုင်းသင်တန်းခန်းမ တံခါးဝတွင် သတ္တိအားလုံး စုစည်းကာ မဝံမရဲ ရပ်တည်နေပုံရသည်။

သူမက ခေါင်းပင် မမော့ရဲဘဲ မျက်လုံးထောင့်ကနေ သိုင်းခန်းမအတွင်းရှိ အရာအားလုံးကို စူးစမ်းလေ့လာနေသည်။

သူမ၏ဖိနပ်က အလွန်ပင် ဟောင်းနွမ်း စုတ်ပြတ်နေ၏။

သူမက သင်တန်းကျောင်းသို့မလာမီ သူမ၏ ဖိနပ်ကို သေချာစွာ သန့်စင်ထားခဲ့သည်မှာ သိသာထင်ရှားနေသော်လည်း ဖိနပ်များမှာ ဟောင်းနွမ်းစုတ်ပြတ်နေဆဲ ဖြစ်သည်။

"လာ.. အထဲဝင်လေ"

ဖေဖေချန်းက ပြုံး၍ ပြောလိုက်သည်။

ဝမ်ရှောင်လင်း၏အမေကို သူယခင်က မြင်ဖူးသည်။

ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေရသော အမျိုးသမီးတစ်ယောက်မှန်း သိသောကြောင့် ချန်းမိသားစုမှ မလိုအပ်သောပစ္စည်းများကို စွန်းကြဲပေးကမ်းခဲ့ဖူး၏။

ဆိုရလျှင် ဖေဖေချန်းနှင့် မေမေချန်းတို့ နှစ်ယောက်လုံးသည် နွေးထွေးသော စိတ်ထားရှိသူများ ဖြစ်ကြသည်။

သူတို့က ထိုသားအမိနှစ်ယောက်၏ဘဝ မည်မျှ ခက်ခဲမည်ကို တွေးကြည့်နိုင်ခဲ့သည်။

ဝမ်လင်းက မိန်းကလေး၏ မှတ်ဉာဏ်နှင့် လိုက်လျောညီထွေရှိနေ၍ အလွန်ပင် စိတ်လှုပ်ရှားနေသည်။

ဝမ်ရှောင်လင်း၏ စိတ်ထဲတွင် ကျေးဇူးတင်ရုံမှလွဲ၍ အခြားဘာမှရှိမနေပေ။

ဝမ်ရှောင်လင်းက အလွန် ငယ်ရွယ်သော်လည်း ချန်းချောင်က သူမကို ကယ်တင်ခဲ့မှန်း ကောင်းစွာသိသည်။

သူမက တစ်ယောက်ယောက်ကို သဘောကျသည့် ခံစားချက်အား သေချာမသိသော်လည်း သင်တန်းခန်းမ၏ အဝတွင်ရပ်နေသည့် သူမ အမေကဲ့သို့ပင် ဤနေရာသို့ ရောက်လာရန် သတ္တိကို စုစည်း၍ တွန်းအားပေးခဲ့ရသည်။

ဝမ်ရှောင်လင်းသည် ချန်းချောင်ကို မြင်လိုက်ရသောအခါတွင် မသိစိတ်ကနေ မျက်နှာ ပူနွေးလာသလို ရှင်းရှင်းလင်းလင်းခံစားလိုက်ရ၏။

ထိုခံစားချက်က အလွန် အံ့ဩစရာကောင်းသည်ဟု ဝမ်လင်းက ထင်မြင်မိသည်။

ဇာတ်လမ်းအသွားအလာကို ကြည့်လျှင် ဤဝမ်ရှောင်လင်းသည် ချန်းချောင်၏ ကလေးဘဝတွင် အရေးပါသောအစိတ်အပိုင်းတစ်ခု ဖြစ်သည်မှာ သိသာ ထင်ရှားနေ၏။

ထိုအကြောင်းကို စဉ်းစားလိုက်တိုင်းတွင် ဝမ်လင်းသည် တမျိုးတမည် ခံစားလိုက်ရသည်။

အစောပိုင်းက သူဖမ်းယူခဲ့သော ဝမ်ရှောင်လင်း၏ မှတ်ဉာဏ်အစိတ်အပိုင်းသည် မီးခိုးရောင် ဖြစ်သည်။

ဤသည်က ဝမ်ရှောင်လင်းနှင့် ပတ်သက်သော ဇာတ်လမ်းသည် ဇာတ်သိမ်းမကောင်းကြောင်း အရိပ်အမြွက် ပြနေခြင်းပင်။

ထို့ကြောင့် ဝမ်လင်းသည် နောက်ပိုင်းတွင် ဘာဆက်ဖြစ်သွားသည်ကို သိလိုခဲ့၏။

ဖေဖေချန်းက သူမကို ဖိတ်ခေါ်ခဲ့သော်လည်း ဝမ်ရှောင်လင်း၏ အမေသည် သင်တန်းခန်းမ တံခါးဝတွင်သာ ဆက်လက် ရပ်နေခဲ့ပြီး အထဲကို မဝင်ရဲခဲ့ပေ။

သိုင်းသင်တန်းခန်းမက အလွန် သန့်ရှင်းပြီး သူမ ဝင်သွားခဲ့လျှင် ညစ်ပတ်သွားမည်ကို စိုးရိမ်နေခဲ့သည်။

သူမက ဝင်ပေါက်တွင်သာ ရပ်နေပြီး ဝမ်ရှောင်လင်းနှင့် အတူ ဖေဖေချန်းကို ဦးညွှတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာချန်း.. ဆရာချန်း ကျေးဇူးပြုပြီး ဒီလက်ဆောင်ကို လက်ခံပေးပါ"

အမျိုးသမီးက အနည်းငယ် ထိတ်လန့်သော အမူအရာဖြင့် သူမ၏ လက်ထဲတွင် ဆုပ်ကိုင်ထားသည့် အိတ်ကလေးကို လှမ်းပေးလိုက်သည်။

ထိုအိတ်ထဲတွင် သူမ ဝယ်ယူခဲ့သော စိတ်ဝိညာဉ်သစ်သီးများ ရှိနေခဲ့သည်။

စိတ်ဝိညာဉ်သစ်သီးသည် လူများစွာအတွက် အလွန်တရာတန်ဖိုး မရှိသော်လည်း ဝမ်ရှောင်လင်း၏ မိသားစုအခြေအနေအရ အလွန်တန်ဖိုးကြီးမှန်း ဖေဖေချန်း သိသည်။

ဤသည်က ဝမ်ရှောင်လင်း၏ အမေ ပေးနိုင်သည့် အကောင်းဆုံးလက်ဆောင် ဆိုလည်း မမှားပေ။

"ရှောင်လင်းတို့အမေ.. ဘာမှ အားနာနေစရာ မလိုပါဘူး.. လူတိုင်းက ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာ ကောင်းကောင်းသိပါတယ်.. ဝိညာဉ်သစ်သီး အတွက်လည်း ကျေးဇူးတင်ပါတယ်"

ဖေဖေချန်းက ဝိညာဉ်သစ်သီးအိတ်ကို လက်ခံလိုက်သည်။

တကယ်တမ်းတွင် သူ လက်မခံလိုသော်လည်း ရှောင်လင်း၏ အမေ စိတ်မသက်မသာ ဖြစ်မည်ကို စိုးရိမ်သောကြောင့် လက်ခံလိုက်ခြင်းသာ ဖြစ်သည်။

အနည်းဆုံးတော့ ထိုသားအမိက သိုင်းသင်တန်းခန်းမတွင် သိမ်ငယ်နေမည် မဟုတ်တော့ပေ။

ဖေဖေချန်းက သစ်သီးအိတ်ကို ယူပြီးနောက်တွင် ဖော်ရွေစွာပြုံးလိုက်ပြီး ရှောင်လင်း၏ အမေကို ဖိတ်ခေါ်လိုက်သည်။

"ရှောင်လင်းတို့အမေ.. ငါမင်းနဲ့ ဆွေးနွေးစရာရှိတယ်"

ဤအချိန်က နေဝင်ရီတရော အချိန်နှင့် နီးကပ်နေပြီဖြစ်၍ သင်တန်းခန်းမရှိ ကလေးများအားလုံးသည် အိမ်ပြန်သွားကြပြီ ဖြစ်သည်။

ချန်းချောင်နှင့် ရှောင်လင်းတို့ သားအမိသာ ခန်းမတွင် ကျန်နေခဲ့သည်။

ရှောင်လင်း၏အမေက ဖေဖေချန်း၏ ဖိတ်ခေါ်မှုကို တုံ့ဆိုင်းနေသည်အား မြင်လျှင် ချန်းချောင်သည် ရှောင်လင်းကို ဆွဲခေါ်ရန် ရှေ့သို့ တိုးလာခဲ့သည်။

ထို့နောက်တွင် ကလေးနှစ်ဦးသည် အရုပ်အချို့ရှိသည့် သင်တန်းခန်းမ၏ အနောက်ဘက်သို့ ပြေးထွက်သွားခဲ့ကြသည်။

အဆုံးသတ်တွင် ရှောင်လင်း၏အမေသည် သူမ၏ ဖိနပ်ကို အပြင်ဘက်တွင် ချွတ်လိုက်ပြီး သင်တန်းခန်းမ၏ အေးစက်နေသော သစ်သားကြမ်းပြင် ဆီသို့ ခြေဗလာဖြင့် ဝင်လာခဲ့သည်။

"ရှောင်လင်းတို့အမေ.. ငါမင်းကို အကူအညီတစ်ခု တောင်းစရာရှိတယ်"

"ကျွန်မလား.. ကျွန်မက ဆရာချန်းကို ကူညီရမှာလား"

ရှောင်လင်း၏အမေက နားကြားမှားသည်ဟု ထင်မှတ်ပြီး မယုံနိုင်အောင် ဖြစ်နေခဲ့သည်။

သူမက အမှိုက်များကို စုဆောင်းသည့် ပလုံကောက်သမ တစ်ဦးသာ ဖြစ်သည်။

သူမ၏အဆင့်ဖြင့် ဆရာချန်းကို မည်သို့ ကူညီပေးနိုင်ပါအံ့နည်း။

"ဒီလိုပါ.. ငါတို့ချန်းချောင်လေးက မကြာမီမှာ ငါးနှစ်ပြည့်တော့မယ်.. ဒီအသက်အရွယ်က ဓားသိုင်းကို သင်ယူဖို့ အချိန်တန်နေပြီလေ.. သူ့မှာ ဓားသိုင်းနဲ့ ပတ်သက်ပြီး အခြေခံအုတ်မြစ်တော့ မရှိသေးဘူး.. ဒါပေမဲ့ ဓားသိုင်းကို လေ့ကျင့်မယ်ဆိုရင် ပိုမိုထိရောက်ဖို့ အတွက် လေ့ကျင့်ဖော် တစ်ယောက်တော့ လိုအပ်လိမ့်မယ်.. ရှောင်လင်းက စကားမပြောနိုင်ပေမဲ့ ထက်မြက်တဲ့မိန်းကလေး ဖြစ်ပြီး ငါတို့ ချန်းချောင်လေးနဲ့ ကောင်းကောင်း ကစားနိုင်တာကိုလည်း ငါမြင်မိတယ်.. နောက်ပြီး သူတို့နှစ်ယောက်က သက်တူရွယ်တူလည်း ဖြစ်တယ်"

တစ်ဖက်တွင်လည်း ဝမ်ရှောင်လင်း၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ဝမ်လင်းသည် ချန်းချောင်နှင့် ကစားနေခဲ့သည်။

ဤသည်က မှတ်ဉာဏ်အပိုင်းအစများ ဖြစ်၍ ဝမ်လင်းက မလှုပ်ရှားချင်ဘူး ဆိုလျှင်ပင် သူ၏ ခန္ဓာကိုယ်က မှတ်ဉာဏ်ထဲတွင် ရှိသည့်အတွက် အလိုအလျောက် လှုပ်ရှားနေမည်သာ ဖြစ်သည်။

ထို့ကြောင့် ဝမ်လင်းက ချန်းချောင်နှင့် ကစားနေရင်း ဖေဖေချန်းပြောသည့် စကားများကိုလည်း နားထောင်နေခဲ့သည်။

အကြောင်းတစ်ခုခုကြောင့် ဖေဖေချန်း၏ စကားက ချန်းချောင်အတွက် အိမ်ထောင်ရေး အင်တာဗျူးတစ်ခု လုပ်နေသကဲ့သို့ သူခံစားခဲ့ရသည်။

ကံမကောင်းစွာဖြင့် ဖေဖေချန်းသည် ဖေဖေဝမ်လို စာပေ ပညာရှင်တစ်ယောက် မဟုတ်ပေ။

သူက ရှောင်လင်း၏ အမေ နားလည်အောင် အတတ်နိုင်ဆုံး ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

"ဆရာချန်းကိုတော့ အားနာပါတယ်.. ရှောင်လင်းက ဓားသိုင်း လေ့ကျင့်ဖို့ နေနေသာသာ အခြေခံလေး အနည်းငယ်တောင် ရှိတာ မဟုတ်ဘူး"

ရှောင်လင်း၏အမေက အနည်းငယ် စိုးရိမ်သောလေသံဖြင့် ပြောလိုက်သည်။

"ရှောင်လင်းတို့အမေ.. အဲဒီအတွက် စိတ်ပူနေစရာမလိုဘူး.. ငါက ချန်းချောင်နဲ့လိုက်ဖက်မယ့် လေ့ကျင့်ဖော်ကို ရှာနေတာပါ.. ရှောင်လင်းကို ငါတို့သိုင်းခန်းမက ခန္ဓာကိုယ်နည်းစနစ်တွေအပြင် အရာအားလုံး ပံ့ပိုးပေးပါ့မယ်.. ကလေးမလေးရဲ့ ဘဝနေထိုင်မှုကိုပါ တာဝန်ယူမယ်.. ကလေးမသာ ဓားသိုင်းကိုသေချာသင်ယူမယ် ဆိုရင် ခန္ဓာကိုယ်နဲ့ တစ်သားတည်းအဆင့်ကို ရောက်တာနဲ့ ခန္ဓာကိုယ်ရဲ့သွေးကြောတွေက တစ်ခါထဲ ပွင့်သွားလိမ့်မယ်"

ရှောင်လင်းတို့အမေ ".........."

ဝမ်လင်းက အံ့ဩသွားသည်။

".........."

"ဟုတ်တယ်.. ကျုပ်ပြောချင်တာက ရှောင်လင်းလေးက ချန်းချောင်ရဲ့ သာမန်လေ့ကျင့်ဖော် ဖြစ်လာမှာမဟုတ်ဘူး.. ဒီနေ့ကစပြီး မင်းနဲ့ ရှောင်လင်းတို့က သိုင်းခန်းမရဲ့အနောက်ဘက်အဆောင်မှာ နေထိုင်နိုင်တယ်.. ချန်းချောင်နဲ့ လေ့ကျင့်ပေးတဲ့အတွက် ရှောင်လင်းကိုလည်း လစဉ် ထောက်ပံ့ပေးမယ်.. ရှောင်လင်းအတွက်လည်း ကိုယ်ခံပညာကို တတ်ထားတော့ အနာဂတ်မှာ တိုက်ဂါးလျန့်လို လူဆိုးတွေရဲ့ အနိုင်ကျင့်တာကို ခံရတော့မှာ မဟုတ်ဘူးပေါ့"

ဖေဖေချန်း "မင်းဘယ်လိုမြင်လဲ"

ရှောင်လင်းတို့အမေက ဖေဖေချန်း၏ စကားကြောင့် အလွန်ပင် စိတ်လှုပ်ရှား​နေသည်။

သိုင်းခန်းမ၏ ခေါင်းဆောင်ဖြစ်သည့် ချန်ယွီက သူမနှင့်သူမ၏ သမီးကို ကူညီရန် ကြိုးစားနေသည်အား သူမ ကောင်းစွာသိသည်။

သူမက နှလုံးသားထဲကနေ ဆရာချန်းကို ကျေးဇူးတင်နေမိသည်။

သူမက အနီးနားတွင် ချန်းချောင်နှင့် ဆော့ကစားနေသော ရှောင်လင်းကို ငေးကြည့်လိုက်သည်။

ရှောင်လင်း၏ မျက်နှာပေါ်တွင် ဤကဲ့သို့ ပျော်ရွှင်နေသောအပြုံးကို မမြင်ရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

သူမတို့က အိမ်တွင်းအကြမ်းဖက်ခံရမှုကနေ လွတ်မြောက်ခဲ့သည့် သားအမိနှစ်ဦး ဖြစ်သည်။

ရှောင်လင်း၏ဖခင် သေဆုံးပြီးနောက်တွင် သူမတို့သားအမိသည် လောကဓံ၏ တိုက်စားမှုဒဏ်ကို မခံနိုင်တော့ပေ။

ထို့နောက်ပိုင်းတွင် ရှောင်လင်းသည် စကားမပြောနိုင် ဖြစ်ခဲ့ရသည်။

"ဒါဆိုလည်း ကျွန်မသဘောတူပါတယ်"

ရှောင်လင်းတို့အမေက ခေါင်းငုံ့၍ ပြောလိုက်သည်။

သို့ရာတွင် ရှောင်လင်းနှင့်အတူ နေထိုင်ရန်ကိုမူ သူမ ဝန်လေးနေခဲ့သည်။

"ကျွန်မဒီကိုတော့ ပြောင်းလာလို့ မဖြစ်ဘူး.. ကျွန်မမှာ ကြွေးမြီတချို့ ရှိသေးတယ်.. ဒီကိုပြောင်းလာရင် ဘယ်သူမှ ကျွန်မကို ရှာတွေ့တော့မှာ မဟုတ်ဘူး"

ဖေဖေချန်းက ခေါင်းညိမ့်လိုက်သည်။

"ကိစ္စမရှိပါဘူး ရှောင်လင်းတို့အမေ.. ရှောင်လင်းကို ငါ့ဆီမှာ ယုံယုံကြည်ကြည် ထားခဲ့လို့ ရပါတယ်.. အနောက်က အဆောင်မှာ မင်းနဲ့ရှောင်လင်းတို့ အတွက် နှစ်ယောက်ခန်းကို ငါအသင့်ပြင်ထားပေးမယ်.. ရှောင်လင်းကို ကြိုက်တဲ့အချိန် လာတွေ့လို့ ရပါတယ်"

အပိုင်း(၉၅၂) ပြီး၏။

All Chapters