← Chapters

ဓားက ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်သည်

Vol. 64 Ch. 953

ဓားက ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်သည်

Vol. 64 Ch. 953

“ဓားကခန္ဓာကိုယ်နဲ့ တစ်သားတည်းဖြစ်သွားရင် ခန္ဓာကိုယ်ကအကြောတွေ ပွင့်သွားလိမ့်မယ်”

ဤစကားက ဖေဖေချန်း စည်းရုံးသိမ်းသွင်းခဲ့သော စကားဖြစ်သည်။

သို့သော် ထိုစကားကို သူအခြေအမြစ်မရှိဘဲ ပြောခဲ့ခြင်းမဟုတ်ပေ။

အထက်တန်းကျောင်းများတွင် ကာယဆရာများ၏ လမ်းညွှန်မှုအောက်၌ ဓားစကေးလ်နှင့် ခန္ဓာကိုယ် နည်းစနစ်များကို သင်ကြားပို့ချပေးသော်လည်း တက္ကသိုလ် သင်ရိုးညွှန်းတန်းတွင်မူ ပိုမိုပြည့်စုံသည်။

ကျင့်ကြံခြင်း ကျောင်းပေါင်းတစ်သောင်း မဟာမိတ်၏ သင်ရိုးညွှန်းတန်းအရ အထက်တန်းအဆင့် မပြီးမီ လက်နက်၏ အခြေခံသဘောတရား အသုံးပြုမှုကို ကျင့်ကြံရမည်ဖြစ်သည်။

ထိုအတွက် အခြေခံလက်နက်မှာ ဓားလက်နက် ဖြစ်သည်။

ဓားလက်နက်သည် အနှစ်သာရအားဖြင့် အခြား လက်နက်များနှင့် တူညီကြသည်။

ထိုကြောင့် ဓားလက်နက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ခြင်းသည် အခြားသော လက်နက်အချို့ကို အသုံးပြုရာတွင် အထောက်အကူပြု၏။

တက္ကသိုလ်မဝင်ခင် ဓားစကေးလ် အကဲဖြတ်မှုသည် အလွန်ပင် အရေးကြီးသည်။

ပုံမှန်အားဖြင့် တက္ကသိုလ်တွင် သင်ယူနိုင်သည့် လက်နက်နည်းစနစ် အမျိုးမျိုး ရှိသည်။

ဓားပိုင်းသည် ဓားတိုက်ခိုက်ရေးဌာနကို ရွေးချယ်သောကျောင်းသားများမှလွဲ၍ မသင်မနေရ သင်တန်းတော့ မဟုတ်ပေ။

ဓားတိုက်ပွဲ အကဲဖြတ်ခြင်းကို မူလတန်းကျောင်း၏ ဒုတိယနှစ် တွင် စတင်သည်။

ချန်းချောင်က လေးနှစ်သာ ရှိသေးသော်လည်း ရှေးခေတ်သိုင်းမိသားစုမှ ဆင်းသက်လာသော ကလေး ဖြစ်၍ လိုအပ်သော အခြေခံနည်းစနစ်များကို ကျွမ်းကျင်စွာ တတ်မြောက်ထားခဲ့သည်။

ဝမ်လင်းက ချန်းချောင်၏ လေ့ကျင့်မှုကိုကြည့်၍ ဖေဖေချန်းမည်မျှ တင်းကျပ်စွာ ကိုင်တွယ်သည်ကို စိတ်ကူးကြည့်နိုင်ခဲ့သည်။

တကယ်တမ်းတွင် လူတိုင်းသည် မွေးစကတည်းက အရာအားလုံးကို လုပ်ဆောင်နိုင်သည့် ဝမ်လင်းနှင့်မတူပေ။

ဝမ်လင်းက ဓားပညာကို အသေးစိတ် မလေ့လာခဲ့သလို ၎င်းနှင့် ပတ်သက်သည့် အခြေခံအုတ်မြစ်လည်း မရှိပေ။

သို့သော်လည်း ဓားတာအို၏ အနက်ရှိုင်းဆုံးနှင့် နက်နဲသိမ်မွေ့ဆုံး သဘောတရားကို ကောင်းစွာ နားလည်ထားခဲ့သည်။

ထိုကဲ့သို့ နားလည်ခြင်း၏ အားသာချက်ကြောင့် ဝမ်လင်းသည် ဓားတစ်ချောင်းကို ကိုင်ဆောင်ရန် လုံးဝ မလိုအပ်တော့ပေ။

ဝမ်လင်းက တိုက်ခိုက်ရာတွင် ဓားကို အသုံးပြုရန် စိတ်အားထက်သန်ခြင်း မရှိသည်မှာ ဓားနှင့်ပတ်သက်၍ အတွေ့အကြုံလုံးဝ မရှိသောကြောင့် ဖြစ်သည်။

ဆန့်ကျင့်ဘက်အားဖြင့် သူ့အတွက် ပါးရိုက်ခြင်းသည်သာ ပို၍ စိတ်ကျေနပ်စရာကောင်းသည်ဟု ခံစားမိသည်။

ထိုညနေခင်းတွင် ဖေဖေချန်း၏ ကြင်နာသော ဖိတ်ကြားချက်အရ ရှောင်လင်းတို့အမေသည် သိုင်းခန်းမတွင် တည်းခိုပြီး ညစာအတူ စားခဲ့သည်။

ထိုညမှာပင် ရှောင်လင်း၏ အဝတ်အစားများကို ထုပ်ပိုးပြီး သိုင်းခန်းမသို့ ယူဆောင်လာခဲ့သည်။

ထိုအဝတ်အစားများ အားလုံးသည် အဝတ်ဟောင်းများသာဖြစ်ပြီး အချို့မှာ တစ်ပတ်နွမ်းများ ဖြစ်သည်။

ရှောင်လင်းတို့အမေ လက်ထဲမှ အဝတ်အစားများကို ကြည့်ပြီး ဖေဖေချန်းက ကရုဏာ သက်သွားမိသည်။

ပုံမှန်အားဖြင့် ရှောင်လင်းတို့အမေသည် ပတ်ဝန်းကျင်မှလူများနှင့် ဆက်ဆံရေး ကောင်းမွန်သည်။

အခြေခံအားဖြင့် လျန့်မိသားစုလို ဆင်ခြင်တုံတရားမဲ့သည့် သူအချို့မှလွဲ၍ ရှောင်လင်းတို့ သားအမိကို အခက်တွေ့အောင်လုပ်မည့်သူ မရှိပေ။

ယခုအခါတွင် ရှောင်လင်းတို့အမေသည် ဖေဖေချန်း၏ စေတနာကြောင့် စိတ်လှုပ်ရှားပြီး မျက်ရည်ကျနေခဲ့သည်။

သူမတွင် ပြောချင်သည့် စကားများ ရှိသော်လည်း အဆုံးသတ်တွင် သူမသည် ဘာမှမပြောနိုင်ဘဲ ဖေဖေချန်းကို လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

"သမီးလေးကို ပြုစုစောင့်ရှောက်ဖို့ အတွက် ဆရာချန်းကိုပဲ ဒုက္ခပေးရတော့မယ်”

ယခင်က သူမ အစိုးရိမ်ဆုံးကိစ္စမှာ သူမ အမှိုက်သွားကောက်သည့် အချိန်တွင် အိမ်တွင် ကျန်ရစ်ခဲ့သည့် ရှောင်လင်းကို စောင့်ရှောက်မည့်သူ မရှိခြင်း ဖြစ်သည်။

ငွေကြေးအခက်အခဲကြောင့် သူမက ရှောင်လင်းကို ကျောင်းမထားနိုင်ခဲ့၍ ရှောင်လင်းလေးက သူငယ်တန်းပင် မတက်ခဲ့ရပေ။

ရှောင်လင်းသည် မကြာမီတွင် မူလတန်းကျောင်းကို တက်ရန်အတွက် အသက်ပြည့်မှီတော့မည် ဖြစ်သည်။

ထို့ကြောင့် ဖေဖေချန်း၏ အကူအညီသည် ရှောင်လင်းတို့သားအမိ၏ စိတ်ပျက်အားငယ်သော အခြေအနေကို ဖြေရှင်းပေးသည်ဟု ဆိုရမည်။

ဟုတ်ပါသည်၊ ပုံမှန်အားဖြင့် ဖေဖေချန်းသည် ဤမျှသဘောကောင်းသူ တစ်ယောက် မဟုတ်ပေ။

သူက ရှောင်လင်းတို့သားအမိကို အမှန်တကယ် သနားမိသော်လည်း တကယ်တမ်း ထိုသို့ အခွင့်အရေးပေးခြင်းမှာ ရှောင်လင်းထံတွင် အလွန်ကောင်းမွန်သည့် အရိုးအဆစ်များ ရှိနေခြင်းကြောင့်ပင်။

ဤသည်ကို ဖေဖေချန်းက ဆေးရုံမှအပြန်၌ သတိထားမိခဲ့သည်။

ဖေဖေချန်း၏ ကျင့်ကြံခြင်းနယ်ပယ်အဆင့်က အခြေခံတည်ထောင်ခြင်း အဆင့်တွင်သာ ရှိ၍ မမြင့်မားသော်လည်း သိုင်းခန်းမ၏ ခန္ဓာကိုယ်နည်းစနစ်ပိုင်း ဆိုင်ရာ အကြီးအကဲတစ်ဦးအနေဖြင့် ရှောင်လင်း၏ အရည်အချင်းကို ကောင်းစွာ ပိုင်းခြားနိုင်ခဲ့သည်။

ရှောင်လင်း၏အမေ ပြောခဲ့သည့်အတိုင်း ရှောင်လင်းသည် သိုင်းနည်းစနစ်များကို မလေ့ကျင့်ဖူးပေ။

ထို့ကြောင့် သူမက ချန်းချောင်၏ လေ့ကျင့်ဖော် ဖြစ်လာလျှင် ချန်းချောင် လုပ်သမျှ ခံရမည်မှာ သေချာသည်။

သို့သော် ဖေဖေချန်းတွင် ဤပြဿနာကို ဖြေရှင်းရန် အစီအစဉ်ရှိပြီးသား ဖြစ်၏။

နောက်တစ်နေ့တွင် ဖေဖေချန်းသည် ချန်းချောင်အတွက် ၂၀ကီလိုဂရမ် အလေးချိန်ရှိသော အားကစားလက်ပတ် နှစ်ခုကို ပြင်ဆင်ခဲ့သည်။

ထိုလက်ပတ်က သေးငယ်သော်လည်း အလွန်ပင် လေးလံသည်။

ချန်းချောင်က လက်ပတ်၏ အလေးချိန်ကို မသိ၍ ပေါ့ပေါ့ဆဆ ဝတ်ဆင်လိုက်သောအခါ လက်က တွဲကျမလိုပင် ဖြစ်သွားရသည်။

“အဖေ.. ဒါကဘာကြီးလဲ”

ချန်းချောင်က မေးခွန်းထုတ်လိုက်သည်။

"အလွန်သိပ်သည်းတဲ့ ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတဲ့ အလေးကွင်းတွေပါ.. အဲဒီပစ္စည်းက အရမ်းလေးလံတယ်.. နောက်ပိုင်း ရှောင်လင်းနဲ့ လေ့ကျင့်မယ်ဆိုရင် သားက ဒါတွေကို အမြဲဝတ်ထားရမယ်”

ဖေဖေချန်းက ပြောလိုက်သည်။

“ကျွန်တော်က သူနဲ့တကယ်ပဲ လေ့ကျင့်ရမှာလား.. သူက ကျွန်တော့်ရဲ့လေ့ကျင့်ဖက် ဖြစ်နိုင်ပါ့မလား အဖေ”

ချန်းချောင်က သူ၏လက်ချက်ဖြင့် ရှောင်လင်းတစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်နေခဲ့သည်။

“မနေ့က မင်းကို ငါပြောတယ်လေ.. ရှောင်လင်းရဲ့ အရိုးအဆစ်တွေက အရမ်းကိုကောင်းတယ်.. ပြောရရင် သူက မင်းအတွက်ပြီးပြည့်စုံတဲ့ လေ့ကျင့်ဖော်ပဲ”

ထို့နောက်တွင် ဖေဖေချန်းသည် ရှောင်လင်းနှင့် ချန်းချောင် တို့ကို ပလက်စတစ် ဓားနှစ်လက် ပေးအပ်ခဲ့သည်။

ဤသည်က ဓားတာအို စတင်လေ့ကျင့်သူများအတွက် အထူးသင့်လျော်သည့် လေ့ကျင့်ရေးဓားများ ဖြစ်ကြောင်း ဝမ်လင်းသိထားသည်။

လေ့ကျင့်နေစဉ်အတွင်း ဓားက အခြားသူ၏ ခန္ဓာကိုယ်ကို ထိမိသောအခါတွင် ဂျယ်လီကဲ့သို့ ပျော့ပျောင်းသွားမည် ဖြစ်၍ တစ်ဖက်သားအား နာကျင်စေမည်ကို စိုးရိမ်နေရန် မလိုအပ်ပေ။

ဝမ်လင်းသည် ယခင်က ဖေဖေချန်း၏ သိုင်းခန်းမရှိ သိုလှောင်ခန်းကို စစ်ဆေးခဲ့ဖူးသည်။

သိုလှောင်ခန်းအတွင်း၌ သစ်သားဓားများမှ လွဲ၍ အခြားသောဓားများ မရှိခဲ့ပေ။

ထို့ကြောင့် ဤလေ့ကျင့်ရေး ဓားနှစ်ချောင်းကို ဖေဖေချန်းက မကြာသေးမီကမှ ဝယ်ယူခဲ့ကြောင်း သိသာနေသည်။

ဖေဖေချန်းက စိတ်ရင်းကောင်းပြီး ကတိသစ္စာကို လိုက်နာသောသူ ဖြစ်သည်။

ထို့ကြောင့် ဝမ်ရှောင်လင်း အနေဖြင့် ဖေဖေချန်း၏ အရိပ်အောက်တွင် နေထိုင်ခွင့်ရသည်မှာ ဝမ်ရှောင်လင်း၏ ကံကောင်းမှုပင် ဖြစ်သည်။

ချန်းချောင်က ဖေဖေချန်း၏ ကိုယ်ရည်ကိုယ်သွေးကို အမွေဆက်ခံခဲ့ကြောင်း ဝမ်လင်း ရိပ်စားမိသည်။

၎င်းတို့ကို သားအဖဖြစ်ကြောင်း အတည်ပြုရန်အတွက် DNA စစ်ဆေးချက်ပင် မလိုအပ်ပေ။

သို့သော်ဝမ်လင်း အမှန်တကယ် သိချင်သည့် အရာတစ်ခုရှိသည်။

ယင်းမှာ ချန်းချောင်၏ “ကောင်းချီးပေးသောပါးစပ်”က မည်သို့မည်ပုံ ဖြစ်ပေါ်လာရသည်ဆိုသော အချက်ပင်ဖြစ်သည်။

သိုင်းခန်းမတွင် ဖေဖေချန်း၏ ရှေ့၌ ချန်းချောင်နှင့်ဝမ်ရှောင်လင်း တို့သည် မျက်နှာချင်းဆိုင် ရပ်နေကြသည်။

ထို့နောက်တွင် သူတို့က အချင်းချင်း ဦးညွှတ်လိုက်ကြသည်။

ဖေဖေချန်းက သစ်သားဓားတစ်ချောင်းကို လက်ထဲတွင် ကိုင်ထားပြီး သူတို့နှစ်ယောက်ကို ညွှန်ကြားချက်များ စတင်ပေးခဲ့သည်။

“ဓားစကေးလ်တွေနဲ့ ခန္ဓာကိုယ် နည်းစနစ်တွေက မတူညီကြဘူး.. နှစ်မျိုးစလုံးက သန်မာမှုနဲ့ သွက်လက်မှုကို အထူးပြုကြတယ်.. ခန္ဓာကိုယ်နည်းစနစ်တွေက သန်မာမှုကို အလေးပေးပေမဲ့ ဓားနည်းစနစ်တွေကတော့ သွက်လက်မှုကို ပိုပြီးအလေးပေးတယ်”

ဖေဖေချန်း၏ စကားကိုနားထောင်ရင်း ချန်းချောင်နှင့် ဝမ်ရှောင်လင်းတို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ချန်းချောင်က ယခုအခါတွင် လက်ပတ်ကို မဝတ်ထားပေ။

ဖေဖေချန်းက ချန်းချောင်ကို ကြည့်၍ ပြောလိုက်သည်။

“လာစမ်း ချန်းချောင်.. ငါ့ကို အစွမ်းကုန် တိုက်ခိုက်ကြည့်စမ်း”

သူက ဝမ်ရှောင်လင်း၏ ခံစားချက်ကိုပါ ထည့်သွင်းစဉ်းစားပြီး ချန်းချောင်ကို သားဟု တမင်တကာ မခေါ်ခဲ့ပေ။

ယင်းအတွက်ကြောင့် ဖေဖေချန်းသည် အမှန်တကယ်ပင် စိတ်နှလုံးနွေးထွေးသူ ဖြစ်သည်ဟု ဆိုရပေမည်။

“ယား”

ချန်းချောင်က မာန်သွင်းလိုက်ပြီး သွားများကို အံကြိတ်လိုက်ကာ ဓားကိုမြှောက်လိုက်သည်။

ချန်းချောင်၏ ရုတ်တရက် အော်သံကြောင့် ဝမ်လင်းကထိတ်လန့်သွားသော်လည်း ဤသည်မှာ ချန်းချောင်၏ သွေးပူပုံစံ ဖြစ်ကြောင်း ဝမ်လင်း သတိရမိသည်။

သူက ဖေဖေချန်း၏ သစ်သားဓားကို 'ရေထဲမှ နဂါးခေါင်းမော့နည်းစနစ်'ဖြင့် နေရာကနေ မရွှေ့ဘဲ တိုက်ရိုက် ခုတ်ချလိုက်သည်။

ထို့နောက်တွင် ဖေဖေချန်းက ချန်းချောင်ကို ပြောလိုက်သည်။

“မင်းရဲ့ဓားပေါ်က ဒိုင်ကွက်ကို ကြည့်လိုက်စမ်း”

ထိုစကားကြောင့် ချန်းချောင်က စစ်ကြည့်လိုက်သည်။

လေ့ကျင့်ရေးဓား၏ ထိပ်တွင် ဒိုင်ခွက် တပ်ဆင်ထား၍ ဓားအပေါ်တွင် ခွန်အားမည်မျှ အသုံးပြုခဲ့မှန်း ပြသနိုင်၏။

ချန်းချောင်၏ဒိုင်ခွက်က 10 ကီလိုဂရမ်ဟု ပြသနေခဲ့သည်။

“ချန်းချောင်.. မင်းငါ့ရဲ့ဓားကို ခုတ်လို့မရဘူး မဟုတ်လား.. မင်းရဲ့ဓားကို သေချာကိုင်ထားစမ်း.. အဖေခုတ်ပြမယ်”

ထိုစကားကို ပြောပြီးနောက် ဖေဖေချန်းသည် ချန်းချောင်၏ဓားကို လက်ထဲမှ သစ်သားဓားလေးဖြင့် ခုတ်လိုက်ရာ ချန်းချောင်၏ ဓားက လွင့်ထွက်သွားခဲ့သည်။

ထိုသို့လုပ်ဆောင်ရန်အတွက် ဖေဖေချန်းသည် ကြက်ဥတစ်လုံး၏ အလေးချိန် 50 ဂရမ်လောက်သာ လေးသည့် ဓားကို အသုံးပြုခဲ့ခြင်း ဖြစ်၏။

ချန်းချောင်က မယုံနိုင်လောက်အောင် ဆွံ့အသွားခဲ့သည်။

“ဒါက…”

“ဓားကို အသုံးပြုဖို့ ရုပ်ရည်နဲ့ ခွန်အားနှစ်ခုတည်းနဲ့ မလုံလောက်ဘူး”

ဖေဖေချန်းက ခပ်ပြုံးပြုံး ရှင်းပြလိုက်သည်။

ထိုစကားကိုကြားလျှင် ချန်းချောင်နှင့် ရှောင်လင်းတို့က ခေါင်းညိမ့်လိုက်ကြသည်။

ဟုတ်ပါသည်၊ ခေါင်းညိမ့်သည်မှာ ဝမ်လင်း၏ စိတ်ကူး မဟုတ်ခဲ့ပေ။

သူက ရှောင်လင်း၏ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း သူ မလှုပ်ရှားလျှင်ပင် ရှောင်လင်း၏ခန္ဓာကိုယ်သည် ချန်းချောင်၏ မှတ်ဉာဏ်အရ သူ့ဘာသာသူ လှုပ်ရှားသွားမည်ဖြစ်သည်။

ဤသည်က ဝမ်လင်းအတွက် ဂိမ်းတစ်ခုတွင် ကိုယ်တိုင်ကိုယ်ကျ ဝင်ဆော့သလို ဖြစ်နေသည်။

မည်သို့ပင်ဖြစ်စေ ပျင်းစရာကောင်းသည့် နွေရာသီအားလပ်ရက်တွင် ဤကဲ့သို့ အတွေ့အကြုံသည် စိတ်ဝင်စားစရာကောင်းသည်။

“လာခဲ့ ရှောင်လင်း.. ဒီတစ်ခေါက်တော့ မင်းအလှည့်ပဲ.. ချန်းချောင်လိုမျိုး ဦးလေးရဲ့ လက်ထဲကဓားကို တစ်ချက်လောက်လာခုတ်စမ်းကြည့်”

အပိုင်း(၉၅၃) ပြီး၏

All Chapters