← Chapters

ဘာသာစကားအနုပညာ တံခါးပေါက်

Vol. 64 Ch. 956

ဘာသာစကားအနုပညာ တံခါးပေါက်

Vol. 64 Ch. 956

ထိုအချိန်က နာမည်ကျော်စာရေးဆရာ အများအပြားရှိခဲ့ပြီး အကျော်ကြားဆုံးဆရာမှာ ကျူးကဲ ဖြစ်သည်။

ထိုစာရေးဆရာ ကျူးကဲကို ဖေဖေဝမ်၏ ကလောင်နာမည် ဖြစ်သည့် ဝမ်စစ်ထူဟုလည်း လူတိုင်းက သိကြသည်။

တကယ်တမ်းတွင် ဖေဖေဝမ်သည် ဝမ်စစ်ထူ ဟူသည့် ကလောင်အမည်ကို မစဉ်းစားဘဲ ပေးခဲ့မိခြင်း ဖြစ်သည်။

အွန်လိုင်းတွင် ဝမ်စစ်ထူ(ဝါ)ကျူးကဲဟုခေါ်သော စာရေးဆရာကြီးတစ်ယောက်ရှိမှန်း သူလုံးဝမသိခဲ့ပေ။

ထို့ကြောင့် ဖေဖေဝမ်က ဤကလောင်အမည်ကို စတင်အသုံးပြုပြီး ဝတ္တုကို ထုတ်ဝေသည်နှင့်တပြိုင်နက် ကျူးကဲ၏ ပရိသတ်များက သူ့ကို တရစပ် တိုက်ခိုက်ခဲ့ကြသည်။

ဖေဖေဝမ်က ကျူးကဲ၏ အောင်မြင်ကျော်ကြားမှုကို အခွင့်ကောင်းယူပြီး ကျူးကဲကို စစ်ကြေညာနေသည်ဟု သူတို့က ထင်မြင်ခဲ့ကြသည်။

ထိုအချိန်က ကလောင်အမည် ပဋိပက္ခကြောင့် ဖေဖေဝမ်၏ ပထမဆုံးစာအုပ်သည် ကြီးကြီးမားမား အာရုံစိုက်မှု ရရှိခဲ့သည်။

နာမည်ကျော် တိုက်ရိုက်ထုတ်လွှင့်သူများက ဖေဖေဝမ်ကို ဘလိမ်းရန်အတွက် သူ့စာအုပ်ကို ဖတ်ခဲ့သော်လည်း အဆုံးသတ်တွင် ၎င်းတို့သည် သူ့ပရိသတ်များ ရုတ်တရက် ဖြစ်လာခဲ့ကြသည်။

ထို့နောက်တွင် ၎င်းတို့သည် ဖေဖေဝမ်၏ ဝတ္တုအသစ်ကို အောင်မြင်ပေါက်မြောက်အောင် ကူညီခဲ့ကြသည်။

ဖေဖေဝမ် အောင်မြင်လာသည်နှင့်အမျှ ကျူးကဲနှင့် သူ၏အကြားတွင် အမုန်းတရားများ ပိုမို ပေါက်ဖွားလာခဲ့သည်။

အတိုချုပ်ပြောရလျှင် ထိုအချိန်က ကျူးကဲသည် ပရိသတ် အများအပြား၏ ထောက်ခံမှုကို ရရှိထားသည့် နာမည်ကြီး အွန်လိုင်းစာရေးဆရာတစ်ဦး ဖြစ်သည်။

သူက မရေမတွက်နိုင်သော ဘောစိ စာဖတ်သူများထံမှ တစ်နေ့တစ်မျိုး လက်ဆောင်မျိုးစုံကို မရပ်မနား ရရှိခဲ့သည်။

ထိုအချိန်က ကျူးကဲကို စာပေတစ်ခေတ် ဆန်းစေခဲ့သည့် အလယ်ပိုင်းလွင်ပြင်ရှိ ဂုရု ၅ဦးနှင့် မျိုးဆက်တူ ဝါရင့်စာရေးဆရာတစ်ဦး ဖြစ်မည်ဟု လူအများက ထင်မှတ်ခဲ့ကြသည်။

ဤကျူးကဲ ဟူသော ကလောင်အမည်ပင် ထိုစာရေးဆရာ၏ အသစ် ဖန်တီးထားသော ကလောင်အမည် တစ်ခုသာ ဖြစ်လောက်သည်ဟု ကောလာဟလ ရှိခဲ့သည်။

ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် နာမည်ကျော် စာရေးဆရာများသည် ဖေဖေဝမ်ကဲ့သို့ မျက်နှာသစ် စာရေးဆရာများကို သတိထားမိမည် မဟုတ်ပေ။

သူတို့နှစ်ဦး၏ ပရိသတ် အရေအတွက်က အဆင့်တူများမဟုတ်သဖြင့် ကျူးကဲသည် အစပိုင်းတွင် လုံးဝ ဂရုမစိုက်ခဲ့ပေ။

သို့ရာတွင် ဖေဖေဝမ်သည် သူ၏ဝတ္တုကို ကောင်းမွန်စွာအစပျိုးနိုင်ခဲ့သည်။

ထိုနှစ်အကုန်လောက်တွင် ဖေဖေဝမ်သည် တစ်ဟုန်ထိုး ကျော်ကြားလာခဲ့ပြီး ဝါရင့်စာရေးဆရာကြီးများကို အံ့အားသင့်စေခဲ့သည်။

သူတို့ အကြောက်ဆုံးအရာမှာ ထိပ်ဆုံးနေရာကို ရယူထားသည့် မျက်နှာသစ် စာရေးဆရာမှလွဲ၍ အခြားမဟုတ်ပေ။

ဖေဖေဝမ်ကို မည်သူက ကျောထောက်နောက်ခံ ပေးထားပါသနည်း။

ဒါမှမဟုတ် ဖေဖေဝမ်သည် ဝက်ဘ်ဆိုက်ပိုင်ရှင်နှင့် ဆက်စပ်မှုရှိနေပါသလော။

သို့မဟုတ် သူကိုယ်တိုင်က ချမ်းသာပြီး သူ့ဝတ္တု၏ ဖတ်ရှုသူ အရေအတွက်ကို အခကြေးငွေဖြင့် ဝယ်ယူထားပါသလော စသဖြင့် လူအတော်များများသည် တွေးမိခဲ့ကြသည်။

သို့ရာတွင် 'ဖေဖေဝမ်၏ နို့ထိန်းမိခင်ဆီ သွားကြစို့' ဟူသောဝတ္တုသည် အမှန်တကယ်ပင် ရေပန်းစာခဲ့သည်။

ဤတစ်ကြိမ်တွင်ရရှိခဲ့သော မှတ်ချက် အရေအတွက်သည် ဝါရင့်ဂုရုစာရေးဆရာကြီးများထက်ပင် ကျော်လွန်သွားခဲ့သည်။

တစ်ခါတရံတွင် ဝတ္တုတစ်ပုဒ်သည် ထိပ်ဆုံးနေရာတွင် ရှိနေခဲ့လျှင် လူအများသည် အလွန်ပင် စိတ်ဝင်စားလာတတ်ကြသည်။

ဖေဖေဝမ်၏ဝတ္တုမှ ရရှိသည့် လက်ဆောင် အရေအတွက်သည် မကြုံစဖူး မြင့်မားလာသဖြင့် ဂုရုစာရေးဆရာ ကျူးကဲသည်ပင် ထိတ်လန့်သွားခဲ့ရသည်။

ဤသို့ဖြင့် လစဉ်မဲများ ပေးသောကာလသို့ ရောက်ရှိခဲ့သည်။

ဤအကျပ်အတည်း ကာလတွင် စာရေးဆရာ အများအပြားသည် ပရိသတ်များ ၎င်းတို့ကို မဲပေးစေရန်အတွက် ဇာတ်နာစေမည့် ဇာတ်လမ်းများကို ဖန်တီးခဲ့ကြသည်။

ဥပမာအားဖြင့် စာရေးဆရာအချို့သည် ၎င်းတို့၏ ရည်းစားက အခြားသူနှင့် လိုက်ပြေးသွားသည်ဟု ဆိုခဲ့ကြသည်။

အကယ်၍ လစဉ်မဲများမရလျှင် ကိုယ့်ကိုယ်ကိုယ် သတ်သေသည်အထိ အသည်းကွဲသွားမည်ဟု ပြောကြားခဲ့သည်။

အခြားဥပမာတစ်ခု အနေဖြင့် ခူဟွမ်ဟု ခေါ်သော စာရေးဆရာသည် ခြေထောက်ကျိုးသွားသည်ဟု အွန်လိုင်းတွင် နေ့စဉ်ရက်ဆက် ပို့စ်တင်ခဲ့သည်။

ဝမ်နည်းစရာကောင်းသည်မှာ သူ၏ ထွင်လုံးကို မည်သူမှ မယုံကြည်ခြင်း ဖြစ်၏။

ဇာတ်နာသောဇာတ်လမ်းများ ဖန်တီးခြင်းသည် စာရေးဆရာများ၏ စံနည်းလမ်းတစ်ခု ဖြစ်သည်။

၎င်းသည် ပုံမှန်ဈေးကွက်ရှာဖွေရေး ဗျူဟာလည်း ဖြစ်၏။

သို့ရာတွင် ၎င်းသည် စာရေးဆရာများ၏ ကျော်ကြားမှုပေါ်တွင်လည်း မူတည်နေပါသေးသည်။

ဆိုရလျှင် ထိုကဲ့သို့ ဆင်ခြေများသည် ဂုရုစာရေးဆရာများအတွက် ပို၍ အသုံးဝင်လေ့ရှိ၏။

ထိုနှစ်တွင် ချန်းချောင်နှင့် ဝမ်လင်းတို့ နှစ်ဦးစလုံးသည် လေးနှစ်သာ ရှိသေးသည်။

ဝမ်လင်းသည် ထိုအချိန်က ဖေဖေဝမ် တွေ့ကြုံခဲ့ရသော အရာများကို ကြားသိခဲ့ရသော်လည်း ကိုယ်တိုင် မခံစားခဲ့ရပေ။

သို့သော် မှတ်ဉာဏ်ထဲမှ အချိန်ကာလကိုကြည့်လျှင် ဖေဖေဝမ်နှင့် ကျူးကဲတို့၏ အပြိုင်အဆိုင်ကာလ ဖြစ်ပုံရသည်။

နောက်တစ်နေ့တွင် ဖေဖေချန်းသည် မျက်နှာမကောင်းသော အမူအရာဖြင့် အစောကြီး ရောက်လာခဲ့သည်။

ဖေဖေချန်းက သူ၏တစ်နေ့တာ အချိန်ဇယား အားလုံးကို ဖျက်သိမ်းလိုက်ပြီး နောက်ပိုင်းမှသာ ဆက်လက် သင်ကြားပေးရန် စီစဉ်ခဲ့သည်။

ဝမ်ရှောင်လင်းနှင့် ချန်းချောင်တို့က အနည်းငယ် အံ့ဩသွားခဲ့သည်။

ဖေဖေချန်း ဘာတွေလုပ်နေမှန်း သူတို့မသိခဲ့ပေ။

ထို့နောက်တွင် လူတစ်စုသည် သိုင်းသင်တန်းခန်းမသို့ ရောက်လာကြသည်။

၎င်းတို့ကို ကြည့်ရသည်မှာ လူမမာများလို ဖြစ်နေသည်။

တစ်ဦးချင်းစီ၏ မျက်လုံးသည် မျက်တွင်းကျနေသည်။

သူတို့၏ ပုံသဏ္ဍာန်က မီးခိုးငွေ့များ ပြည့်နှက်နေသော စစ်မြေပြင်မှ ပြန်လာသော စစ်သည်များနှင့် တူနေသည်။

ယနေ့တွင် မည်သည့်အတန်းမှ ရှိမည် မဟုတ်ကြောင်း ချန်းချောင်သိသည်။

ကြည့်ရသည်မှာ ဖေဖေချန်းသည် သင်တန်းခန်းမတွင် ကိစ္စကြီးကြီးမားမား တစ်ခုအတွက် ပြင်ဆင်နေပုံ ရ၏။

သိုင်းသင်တန်းခန်းမသို့ ရောက်လာသော လူ ၅ဦးတွင် တစ်ဦးစီသည် အိတ်တစ်လုံးစီကို သယ်လာကြသည်။

၎င်းတို့က သင်တန်းခန်းမသို့ ရောက်လာသောအချိန်တွင် ဝင်ပေါက်၌ ဖိနပ်ချွတ်ပြီး အိတ်များကို အထဲသို့ သယ်လာကြသည်။

သင်တန်းခန်းမထဲတွင် ဖေဖေချန်းသည် စားပွဲအနည်းငယ်ကို ကြိုတင် ပြင်ဆင်ထားခဲ့သည်။

၎င်းတို့ ၅ယောက်က အိတ်များကို စားပွဲပေါ် တင်လိုက်ပြီးနောက် အိတ်ထဲမှ လက်ပ်တော့ပေါင်း များစွာကို ထုတ်လိုက်သည်။

ထို့နောက်တွင် ပလက်များထိုးကာ စားပွဲရှေ့တွင် ထိုင်၍ အလုပ်များ စတင်ရန် အသင့်ပြင်လိုက်ကြသည်။

“အားလုံးပဲ အဆင်သင့်ဖြစ်ကြပြီလား”

ဖေဖေချန်းက ထို၅ယောက်ကို စိုက်ကြည့်၍ ပြောလိုက်သည်။

“ခေါင်းဆောင်ချန်းကို သတင်းပို့ပါတယ်.. အားလုံးအဆင်သင့်ဖြစ်ပါပြီ”

ထို၅ယောက်က တညီတညွတ်တည်း ပြောလိုက်ကြသည်။

ချန်းချောင်က ဘာတွေဖြစ်နေမှန်း မသိသေးပေ။

ထိုခဏတွင် ထို၅ယောက်က ပင်မစာမျက်နှာကို ဖွင့်လိုက်ရာ 'နို့ထိန်းမိခင်ဆီ သွားကြစို့' ဝတ္တုကို ချန်းချောင်က တွေ့ပြီး ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။

ချန်းချောင် “အဖေ.. လစဉ်မဲအတွက် လုပ်နေတာလား”

ဖေဖေချန်း “ဟုတ်တယ်.. ငါလုပ်နေတာအားလုံးက တရားမျှတမှုအတွက်ပဲ”

ဝမ်လင်း “..........”

ချန်းချောင် “..........”

ဖေဖေချန်းက သူလုပ်နေသည်ကို ဖုံးကွယ်မထားဘဲ ရိုးသားစွာပင် သူတို့အား ပြောပြခဲ့သည်။

“သားလေး.. မင်းအဖေက နို့ထိန်းမိခင်ဆီသွားကြစို့ ဝတ္တုကို အားတဲ့ အချိန်တိုင်းဖတ်နေတာ မင်းသိမယ်လို့ ထင်တယ်.. မနေ့ညက အဆင့်သတ်မှတ်ချက် ပြိုင်ပွဲမှာ ဂုရုစာရေးဆရာကျူးကဲက ဇာတ်နာတဲ့ ပုံပြင်တစ်ပုဒ်ကို ဖန်တီးခဲ့တယ်.. အခုဆိုရင် သူ့ရဲ့လစဉ်မဲတွေက ဝမ်စစ်ထူရဲ့ ဝတ္တုထက်ကို အများကြီး ကျော်လွန်သွားခဲ့ပြီ.. ဝမ်စစ်ထူရဲ့ ပရိသတ် ခေါင်းဆောင် တစ်ယောက်အနေနဲ့ မင်းအဖေက သူ့အတွက် တိုက်ပွဲဝင်ရမှာပဲ”

ချန်းချောင် “အဖေက ပရိသတ်ခေါင်းဆောင်လား”

ထိုစကားကိုကြားသောအခါ ဝမ်လင်းက အံ့အားသင့်သွားသည်။

သူက ဖေဖေချန်းကို ပုံမှန်စာဖတ်သူဟုသာ ထင်ခဲ့ခြင်း ဖြစ်ပြီး ဖေဖေဝမ်၏ ပရိသတ်ခေါင်းဆောင် ဖြစ်နေလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

ဝမ်လင်းက ယခုအချိန်တွင် မြင်ကွင်းတစ်ခုကို စိတ်ကူးနေခဲ့မိသည်။

အမှတ်၆၀ အထက်တန်းကျောင်းတွင် မိဘဆရာအစည်းအဝေး၌ သူ၏မိဘအဖြစ် အစည်းအဝေးကို တက်ရောက်ခဲ့သူမှာ ဗုံးပစ်စီနီယာအင်မော်တယ် ဖြစ်သည်။

အကယ်၍ ဖေဖေဝမ်သာ ထိုအစည်းအဝေးကို လူကိုယ်တိုင်တက်ရောက်ခဲ့လျှင် ဖေဖေချန်းနှင့် စကားလက်ဆုံကျပြီး သူတို့၏ အပြန်အလှန် ပြောဆိုမှုများသည် ပရိသတ် တွေ့ဆုံပွဲ ကဲ့သို့ပင် ဖြစ်သွားလိမ့်မည် ဖြစ်၏။

“ဝမ်စစ်ထူအတွက် လစဉ်မဲတွေ အများအပြားရဖို့ မင်းအဖေ ငါက သိမ်းထားတဲ့ ပိုက်ဆံအားလုံးကို အသုံးပြုဖို့ အဆင်သင့်ပြင်ထားပြီးပြီ”

ဖေဖေချန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။

“အခု မင်းရှေ့မှာရှိနေတဲ့ ဦးလေး၅ယောက်က ငါတို့ပရိသတ် အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်တွေပဲ.. ဂုရုဝမ်စစ်ထူကို အဆင့်တက်အောင် ကူညီပေးဖို့အတွက် မနေ့ညကတည်းက ငါတို့ အားလုံး အလုပ်များနေခဲ့တယ်”

“..........”

“အခုဆိုရင် ငါ့ဆီက ဘဏ္ဍာငွေတွေနဲ့ ပရိသတ်တွေဆီက စုပေါင်းထားတဲ့ ရံပုံငွေတွေ အားလုံးပေါင်းလိုက်ရင် စုစုပေါင်းနှစ်သိန်းလောက် ရှိတယ်”

“နှစ်သိန်းတောင်လား”

ချန်းချောင်က အံ့ဩသွားခဲ့သည်။

ဤသည်မှာ အတော်လေး များပြားသော ပမာဏ ဖြစ်သည်။

ချန်းချောင်က လေးနှစ်သာ ရှိသေးသော်လည်း နှစ်သစ်ကူး အန်ပေါင်းကို ရေတွက်လေ့ ရှိသောကြောင့် ကိန်းဂဏန်းအယူအဆနှင့် ပတ်သက်၍ နားလည်နေပြီ ဖြစ်သည်။

တစ်နှစ်ကို တစ်သောင်းနှင့်တွက်လျှင် နှစ်သိန်း ဆိုသည်မှာ စုစုပေါင်း အနှစ်နှစ်ဆယ်နှင့် ညီမျှသည် မဟုတ်ပါလော။

ထိုသို့ တွေးမိလိုက်သောအခါ ချန်းချောင်က မယုံနိုင်လောက်အောင် များပြားသော ပမာဏတစ်ခုဟု ခံစားလိုက်ရသည်။

လစဉ်မဲများကို အွန်လိုင်း အနီရောင်ပက်ကေ့များမှ ဝယ်လျှင် ၅ယွမ်စီ ကုန်ကျမည် ဖြစ်သည်။

အရောင်းဌာနရှိ ရောင်းဝယ်ဖောက်ကားသူထံမှ မရိုးသားသောလမ်းကြောင်းမှ တဆင့် မဲအမြောက်အများ ဝယ်ယူခြင်းသည် ဈေးသက်သာနိုင်သည်။

ဖေဖေချန်းတို့အဖွဲ့သည် မနေ့ညကတည်းကနေ ယခုအချိန်ထိ မဲကိစ္စနှင့် ပတ်သက်၍ အလုပ်များနေခဲ့ကြသည်။

၎င်းတို့က ရံပုံငွေနှစ်သိန်းကို အနီရောင်ပက်ကေ့များဝယ်ယူရန် ဆုံးဖြတ်ခဲ့သည်။

တကယ်တမ်းတွင် ဤသည်မှာ လစဉ်မဲများအတွက် စစ်ပွဲ၏နိဒါန်းပင်ဖြစ်သည်။

ဆိုရလျှင် ဤစစ်ပွဲသည် ချန်းချောင် အတွက် ဘာသာစကားအတတ်ပညာ တံခါးပေါက်ကို လုံးလုံးလျားလျား ဖွင့်ပေးခဲ့သည့် စစ်ပွဲလည်း ဖြစ်သည်။

အပိုင်း(၉၅၆) ပြီး၏

All Chapters