ပထမတစ်ချီမှာ ဒရမ်တီးမှုတ်ပြီး တိုက်ခိုက်ရေး စိတ်ဓာတ်ကို နှိုးဆွ၊ ဒုတိယတစ်ချီမှာ ပြိုင်ဘက်ကို ခွန်အားလျော့နည်းသွားစေမယ်၊ ဒါဆို တတိယအချီမှာ ခြေကုန်လက်ပန်း ကျသွားလိမ့်မယ်
Vol. 64 Ch. 957
ဤသည်က ခက်ခဲသည့်တိုက်ပွဲတစ်ခုဖြစ်၍ နှစ်ဖက်စလုံးမှ ပရိသတ် ခေါင်းဆောင်များသည် ရလဒ်ကို စောင့်မျှော်နေကြသည်။
တကယ်တမ်းတွင် ဖေဖေချန်းသည် ယမန်နေ့ညက လစဉ်မဲအများအပြား ပေးခဲ့သည့် စာပေဖိုရမ်တိုင်းတွင် နို့ထိန်းမိခင်ဆီသွားကြစို့ ဝတ္တုနှင့် ပတ်သက်၍ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့သည်။
သို့ရာတွင် သူကြိုးစားထားသမျှသည် အလဟဿ ဖြစ်သွားခဲ့ကြောင်း လျင်မြန်စွာပင် သူသဘောပေါက်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ပို့စ်များအားလုံးသည် နာရီဝက်မပြည့်မီမှာပင် ပိတ်ပင်ခံခဲ့ရသောကြောင့်ပင်။
အများစုမှာ ကျူးကဲ၏ စနက်ဖြစ်မှန်း ဖေဖေချန်း ကောင်းစွာသိသည်။
ဝါရင့်စာရေးဆရာကြီး တစ်ဦးအနေဖြင့် ကျူးကဲသည် စာပေဖိုရမ်များစွာ၏ အကြီးအကဲများနှင့် ခိုင်မာသော ဆက်ဆံရေးရှိသည်။
သူ၏ ဖုန်းခေါ်ဆိုမှုတစ်ခုတည်းဖြင့်ပင် ပို့စ်များကို အလွယ်တကူ ဖယ်ရှားနိုင်ပြီး လစဉ်မဲပေးပြိုင်ပွဲနှင့်ပတ်သက်၍ ကုန်ကျစရိတ်အချို့ကို သက်သာစေမည်ဖြစ်သည်။
“ချန်းချောင်.. ဒီအကြောင်းကို မင်းအမေကို သွားမပြောနဲ့နော်”
ဖေဖေချန်းက ချန်းချောင်ကိုကြည့်၍ ပြောလိုက်သည်။
ချန်းချောင် “..........”
ဝမ်လင်း “..........”
၎င်းတို့၏ပို့စ်များ ဖယ်ရှားခံလိုက်ရသောကြောင့် ဖေဖေချန်းတို့လူစုက ရင်ထဲတွင် နာကျင်သွားခဲ့သည်။
“ပထမတစ်ချီမှာ ဒရမ်တီးမှုတ်ပြီး ပြိုင်ဘက်ရဲ့စိတ်ကို ဖြိုလှဲရမယ်.. ဒါဆိုဒုတိယတစ်ချီမှာ ပြိုင်ဘက်က ခွန်အားလျော့နည်းသွားလိမ့်မယ်.. တတိယတစ်ချီ ကျရင်တော့ ခြေကုန်လက်ပမ်း ကျသွားလိမ့်မယ်.. ဒီနည်းဗျူဟာအတိုင်းပဲ ငါတို့တွေက စိတ်ဓာတ်ကျနေဖို့ အချိန်မရှိဘူး.. အဓိကအချက်က ပြိုင်ဘက်ကို စဉ်ဆက်မပြတ် တိုက်ခိုက်နေဖို့ပဲ”
ဂုရုအဆင့် စာရေးဆရာကြီးဖြစ်သည့် ကျူးကဲကို ဖြုတ်ချဖို့ ဆိုသည်မှာ အလွန်ခက်ခဲသော တိုက်ပွဲတစ်ခု ဖြစ်မှန်း ဖေဖေချန်း ကောင်းစွာသိသည်။
အားလုံးကိုခြုံငုံ၍ပြောရလျှင် ဖေဖေဝမ်၏ ပရိသတ်များသည် အရေအတွက် အကန့်အသတ်သာ ရှိသလို စာအုပ်ကို ပရိုမိုးရှင်း လုပ်ရာတွင်လည်း အကူအညီပေးမည့် ပရော်ဖက်ရှင်နယ် ဈေးကွက်ရှာဖွေရေး အဖွဲ့လည်း ရှိမနေပေ။
ဆိုရလျှင် ထိုအချိန်က ဖေဖေဝမ်သည် ကဏ္ဍပေါင်းစုံတွင် စာရေးဆရာကျူးကဲ၏ နောက်၌ နောက်ကောက်ကျနေသည်။
သို့ရာတွင် လူတစ်ယောက်၌ အိပ်မက်တစ်ခု အမြဲရှိနေသင့်သည်။
ထိုအိပ်မက်က တစ်နေ့ အမှန်တကယ် ဖြစ်မလာနိုင်ဟု မည်သူပြောနိုင်ပါအံ့နည်း။
“မနေ့ညက ငါရေတွက်ခဲ့တယ်.. လောလောဆယ် ငါတို့မှာ အဖွဲ့ ၅ဖွဲ့ရှိပြီး လူဦးရေ ရှစ်ထောင်ရှိတယ်.. မနက်စောစောဆိုရင်တော့ အွန်လိုင်းပေါ်မှာ လူလေးထောင်ကျော် ရှိတယ်.. ညဘက်ဆိုရင်တော့ ဒီထက် လူအနည်းငယ် ပိုရှိမယ်”
ထိပ်ပြောင်နေသော ခေါင်းတစ်ဝိုက်တွင် အားကစားကြိုးကိုဝတ်ဆင်ထားသော အမျိုးသား တစ်ဦးသည် အခြေအနေကို သတင်းပို့ခဲ့သည်။
ထိုလူက ဝက်ဘ်ဆိုက်တွင် နှစ်ပေါင်းနှစ်ဆယ်ကျော် စာဖတ်ခဲ့သည့် ဝါရင့်စာဖတ်သူ ဖြစ်ကြောင်း ဝမ်လင်း သိရှိခဲ့သည်။
ထိုလူမှာ လင်းကန်ဟု အမည်ရှိပြီး ဖေဖေဝမ်၏ ဝမ်စစ်ထူအမည်ကို ပံ့ပိုးပေးသည့် ပထမအသုတ် ပရိသတ်များထဲတွင် ပါဝင်ခဲ့သူဖြစ်သည်။
အုပ်စုခွဲများ၏ ခေါင်းဆောင်များထဲတွင် လင်းကန်၏ အဖွဲ့သည် လူဦးရေအများဆုံး ဖြစ်သည်။
သူ၏အဖွဲ့တွင် အဖွဲ့ဝင်ဦးရေ နှစ်ထောင် သို့မဟုတ် နှစ်ထောင်ကျော်ခန့် ရှိသည်။
၎င်းတို့အားလုံးသည် အမာခံ စာဖတ်ပရိသတ်များ ဖြစ်ကြသည်။
“ကဲ.. စလိုက်ရအောင်.. မင်းမှာအကောင့် ဘယ်လောက်ရှိလဲ”
“မနေ့ထဲက အဖွဲ့ထဲမှာ ရေတွက်ထားတယ်.. အခုချိန်ထိဆို အကောင့်လေးရာကျော် ရှိနေပြီ”
“လေးရာပဲလား”
ဖေဖေချန်းက မျက်မှောင်ကြုတ်သွားခဲ့သည်။
အဖွဲ့ဝင်စုစုပေါင်း အရေအတွက်နှင့် နှိုင်းယှဉ်လျှင် ဤအရေအတွက်သည် အလွန်ပင်နည်းပါးသည်။
သို့ရာတွင် ဖေဖေချန်းက နားလည်ပေးနိုင်ခဲ့သည်။
အဆုံးသတ်တွင် စာဖတ်သူအကောင့်သည် ကိုယ်ရေးကိုယ်တာအကောင့်တစ်ခု ဖြစ်သည်။
ထို့ကြောင့် အလွန်အလေးနက်ရှိသူသာ အကောင့်ကို စီမံခန့်ခွဲရန် ကမ်းလှမ်းမည် ဖြစ်သည်။
“အကောင့်ဝင်ရောက်ဖို့ အတွက် ဆော့ဝဲလ်ကို ငါတပ်ဆင်ထားပြီးပြီ.. အကောင့်တွေအားလုံးကို အစုလိုက် တင်သွင်းနိုင်သလို အိုင်ဒီလိပ်စာတွေကိုလည်း အလိုအလျောက် ပြောင်းလဲနိုင်မှာ ဖြစ်တယ်.. ဒါပေမဲ့ အကောင့်တစ်ခုစီက လစဉ်မဲအတွက် အရေအတွက် ကန့်သတ်ချက်တော့ ရှိတယ်.. စာရင်းသွင်းသူတွေက အကန့်အသတ်နဲ့ အများဆုံး ၅မဲသာ ပေးနိုင်တယ်”
လင်းကန်က ရှင်းပြလိုက်သည်။
“အခြေအနေ မကောင်းတော့ဘူး.. ဝမ်စစ်ထူက ထိပ်တန်းဆယ်ယောက် စာရင်းထဲကနေ ထွက်သွားတော့မယ်”
အခြားအဖွဲ့ခေါင်းဆောင်များက အဆင့်သတ်မှတ်ချက် စာရင်းကို ဖွင့်ပြီးနောက်တွင် နှိုးဆော်သံဖြင့် အော်ဟစ်လိုက်သည်။
ဝမ်စစ်ထူက ယမန်နေ့ညကပင် ထိပ်ဆုံး၅ဦးစာရင်း၌ ရှိနေသေးသည်။
ဖေဖေချန်းက အဆင့်သတ်မှတ်ချက်စာရင်းကို ဖွင့်ကြည့်လိုက်သည်။
အခြေအနေက မကောင်းတော့ဘဲ မဲကွာဟချက်က အတော်လေး ကွာဟလာသည်ကို တွေ့လိုက်ရသည်။
ကျိုးကဲ၏ဝတ္တုဖြစ်သည့် “အရှက်မရှိ”သည် ယခုအခါတွင် မဲပေါင်း သုံးသောင်းခြောက်ထောင်ဖြင့် နံပါတ်တစ် နေရာ၌ ရပ်တည်နေသည်။
တစ်ဖက်တွင်မူ ဝမ်စစ်ထူ ကလောင်အမည်ဖြင့် ဖေဖေဝမ်၏ “နို့ထိန်းမိခင်ဆီသွားကြစို့”ဝတ္တုသည် မဲအရေအတွက် တစ်သောင်းကိုးထောင်ဖြင့် အဆင့်တစ်ဆယ်၌ ရောက်နေခဲ့သည်။
အဆင့်ကိုးမှဝတ္တုသည် မဲနှစ်သောင်းကျော် ရှိနေ၍ ဖေဖေဝမ်၏ မဲအရေအတွက်နှင့် သိပ်မကွာပေ။
ဤအခြေအနေက ကိုင်တွယ်ရခက်သည်ကို ဖေဖေချန်းက သိသော်လည်း နောက်ဆုတ်ရန် အကြောင်းမရှိပေ။
“အခြားနည်းလမ်းမရှိဘူး.. ငါတို့လုပ်သင့်တာကို အရင်လုပ်ရတော့မယ်.. ပထမနေရာကို မရဘူးဆိုရင်တောင် ထိပ်တန်းသုံးနေရာမှာ တစ်ခုခု ချိတ်ဖို့တော့ လိုအပ်တယ်”
ဖေဖေချန်းက ထိုစကားကိုပြောပြီး မျက်မှောင်ကြုတ်လိုက်ရာ နဖူးပေါ်၌ အပြာရောင် သွေးကြောများပင် ထင်းခနဲ ပေါ်လာသည်။
သူက အမှန်တကယ်ကို စိတ်ဆိုးနေခဲ့သည်။
ဝက်ဘ်ဆိုက်ပေါ်ရှိ ဝါရင့်စာဖတ်သူ တစ်ဦးအနေဖြင့် ဤမျှအထိ မဲကွာဟချက် ရှိနေခြင်းသည် တစ်စုံတရာ မူမမှန်ကြောင်း သူရှင်းရှင်းလင်းလင်း သိသည်။
သူတို့ထံတွင် အကောင့်များစွာ မရှိပေ။
သို့သော်လည်း အကောင့်များအားလုံးသည် ပရိသတ်များထံမှ ချေးယူထားသော တရားဝင်အကောင့်များသာ ဖြစ်သည်။
သို့ရာတွင် အဆုံးသတ်၌ ပရိသတ်အနည်းငယ်မျှသာ ၎င်းတို့၏ အကောင့်များကို ချေးငှားရန် ဆန္ဒရှိခဲ့ကြသည်။
လင်းကန် ပြောသည့်အတိုင်းပင် အကောင့်တစ်ခုဆီ၌ မဲမည်မျှပေးရမည်ကို ကန့်သတ်ထားခဲ့သည်။
ရောင်းအားတစ်ခုတည်းအရဆိုလျှင် “နို့ထိန်းမိခင်ဆီသွားကြစို့”ဝတ္တုသည် သမိုင်းတွင် နံပါတ်တစ်ဖြစ်ပြီး စာရေးဆရာကျူးကဲ၏ “အရှက်မရှိ”ဝတ္တုသည် အရောင်းစာရင်းတွင် ထိပ်တန်းအဆင့် နေရာမှ ထွက်ခွာရတော့မည် ဖြစ်သည်။
သို့ရာတွင် ကျူးကဲသည် ဖေဖေဝမ်ထက် လစဉ်မဲအများအပြား ရရှိခဲ့သည်။
အတွေ့အကြုံရှိ စာဖတ်သူများသည် ဤအကြောင်းအရင်းကို ကောင်းစွာ သိရှိခဲ့ကြသည်။
ကျူးကဲသည် အခြားသော စာရေးဆရာများ၏ အွန်လိုင်းဈေးကွက်ချဲ့ထွင်မှု အချို့ကို ပိတ်ပင်ခဲ့ပုံရသည်။
ကျူးကဲထံတွင် ဖေဖေချန်းတို့အဖွဲ့ ပရိသတ်များထံမှ ချေးယူထားသည့် အကောင့်များထက် အများကြီး ပိုမိုအစွမ်းထက်သည့် အကောင့်အများအပြား ရှိသည်။
ထို့အပြင် ကျူးကဲသည် စာရင်းသွင်းပြီးသော အကောင့်အချို့ကို ဟက်ခ်ကာ အကောင့် ပိတ်ပစ်နိုင်စွမ်းလည်း ရှိသည်။
စာဖတ်သူ အများအပြားသည် ၎င်းတို့၏ လစဉ်မဲများ သို့မဟုတ် ထောက်ခံချက်မဲများ ထူးထူးခြားခြား လျော့နည်းသွားကြောင်း တွေ့ရှိမှသာ ၎င်းတို့၏ အကောင့်များကို ဝင်ရောက် ကြည့်ရှုလေ့ ရှိကြသည်။
ဖန်အကောင့်များနှင့် ရန်ပုံငွေများကို စုဆောင်းပြီးနောက်တွင် ဖေဖေချန်းသည် ပထမဆုံးအနေဖြင့် ယွမ်တစ်သောင်းတန် အနီရောင်ပက်ကေ့ချ် တစ်ခုကို လက်ဆောင်ပေးခဲ့သည်။
ဤလုပ်ရပ်က ဝက်ဘ်ဆိုက်ပေါ်မှ လူအများ၏ အာရုံကို ဆွဲဆောင်ရန် ဖြစ်သည်။
တစ်ခဏအတွင်းမှာပင် လက်ဆောင်နှင့် ပတ်သက်သည့် ကြော်ညာတစ်ခုက ဝက်ဘ်ဆိုက်၏ ထိပ်ဆုံးနေရာတွင် ထွက်ပေါ်လာခဲ့၏။
ဖေဖေချန်းက မှတ်ချက်များကဏ္ဍတွင် မဲပေးရန်အတွက် ကြိုတင် ရေးသားထားသော ပို့စ်တစ်ခုကို တင်ခဲ့သည်။
ကျူးကဲက လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဖေဖေဝမ်၏ ဝတ္တုနှင့်ပတ်သက်၍ အပျက်သဘောဆောင်သော အချက်အလက် များစွာကို ဈေးကွက်တွင် ဖြန့်ကျက်ခဲ့သော်လည်း ဖေဖေချန်းသည် အဆိုပါကိစ္စနှင့် ပတ်သက်၍ ဘာမှမပြောခဲ့ပေ။
သူ၏နည်းဗျူဟာက အလွန်ပင် ရိုးရှင်းသည်။
သူက ဇာတ်နာပြဖို့ မကြိုးစားသလို ရိုးသားကြိုးစား ဖိုးသခွားလုပ်ရန်လည်း စိတ်မကူးခဲ့ပေ။
ဖေဖေချန်းတို့အဖွဲ့သည် အစောပိုင်းတွင် အွန်လိုင်း၌ ဖေဖေဝမ်နှင့် စကားပြောခဲ့ကြသည်။
လစဉ်မဲအတွက် မဲတစ်ထောင်ပြည့်တိုင်းတွင် အခန်းတစ်ခန်းကို အက်ပ်ဒိတ်ပေးရန် ဖြစ်သည်။
ပထမဆုံးခြေလှမ်း အနေဖြင့် ဖေဖေချန်းသည် ဝက်ဘ်ဆိုက်ရှိလူတိုင်း၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်ရန်အတွက် ယွမ်တစ်သောင်းကို အသုံးပြုခဲ့သည်။
ယခုအခါတွင် လစဉ်မဲများ အတွက် စစ်မှန်သောတိုက်ပွဲသည် ပြင်းထန်စွာ စတင်ခဲ့ပြီ ဖြစ်သည်။
အပိုင်း(၉၅၇) ပြီး၏