ခွန်မျိုးနွယ်၏ ကပ်ဘေး
Vol. 114 Ch. 1696
ထိုစဥ်မှာပင် နောက်ထပ်ကျယ်လောင်သော နဂါးဟိန်းသံတစ်သံက ဘိုးဘေးနဂါးကုန်းမြေ၏ အနက်ပိုင်းထဲကနေ ထွက်ပေါ်လာ၏။
မနှိုင်းယှဥ်သာအောင် စွမ်းအားကြီးမားသော စွမ်းအားတစ်ခုက ဘိုးဘေးနဂါးကုန်းမြေကနေတစ်ဆင့် ပျံ့နှံ့သွားလေသည်။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ဧကရာဇ်ဘွဲ့ကို ခံယူအပြီး၌ နောက်ထပ်နဂါးတစ်ကောင်ကလည်း ဧကရာဇ်တစ်ပါးဖြစ်လာခဲ့လေပြီ။
“အဲ့ဒါ လုံရန်ပဲ”
နီနဂါးဧကရာဇ်က ခေါင်းညိတ်လိုက်၏။
ဖူနဂါးဧကရာဇ်က ညင်သာစွာ သက်ပြင်းချလိုက်သည်။
“အဲ့ဒါ... ချန်နဂါးဧကရာဇ်ရဲ့ ကောင်းချီးပေးမှုကြောင့် လုံမိုနဲ့ လုံယန်က တစ်ယောက်ပြီးတစ်ယောက် အဆင့်ချိုးဖျက်တက်လှမ်းလာနိုင်တာဖြစ်ရမယ်... မဟုတ်ရင် နဂါးမျိုးနွယ်ရဲ့အခြေအနေက အရမ်းကို ဆိုးဝါးသွားလိမ့်မယ်”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် လုံရန်အပါအဝင် နဂါးမျိုးနွယ်မှာ ဧကရာဇ် ၅ ဦးရှိလာဆဲ ဖြစ်၏။
သို့သော်လည်း တိုက်ခိုက်ရည်မှာအသန်မာဆုံးဖြစ်သော ချန်နဂါးဧကရာဇ်ကို ဆုံးရှုံးရခြင်းသည် နဂါးမျိုးနွယ်အတွက် အစားထိုးမရသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်လေသည်။
ဆိုလိုသည်မှာ နဂါး ၊ ခွန် ၊ လူရိုင်းမျိုးနွယ်နှင့် ကမ္ဘာဦးမျိုးနွယ်ကြားမှာ မျှခြေက ကျိုးပျက်သွားပြီဟု အဓိပ္ပါယ်ရလေသည်။
ထိုအခိုက်အတန့်မှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် လုံရန်သည် ဘိုးဘေးနဂါးကုန်းမြေမှာ အန္တိမနတ်ဘုရားစွမ်းအားများ၏ ဆေးကြောသန့်စင်မှုကို ခံယူနေဆဲဖြစ်၏။ နီနဂါးဧကရာဇ်နှင့် အခြားနှစ်ဦးက ဘေးမှာနေပြီး စောင့်ရှောက်နေကြ၏။
လုံရန်သည် နေ့တစ်ဝက်ကြာပြီးနောက် သူ၏ ဆေးကြောသန့်စင်မှုကို ခံယူလို့ပြီးဆီးသွားခဲ့၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကတော့ သုံးရက်သုံးညကြာပြီးမှသာ သူ၏ အော်ရာက တဖြည်းဖြည်းတည်ငြိမ်လာခဲ့၏။
“ပင်လယ်နဂါးဧကရီရဲ့ ရည်ရွယ်ချက်က ဘာလဲ”
နီနဂါးဧကရာဇ်က မျက်မှောင်ကြုတ်၍ မေးလိုက်၏။
“သူက.. ကမ္ဘာဦးမျိုးနွယ် ၅ စုနဲ့ ပူးပေါင်းသွားပြီလား”
“အဲ့ဒါက အဓိပ္ပါယ်မရှိဘူး... သူက ဘာလို့အဲ့လိုလုပ်ရမှာလဲ”
လောင်ကျွမ်းတိမ်စိုင်ဧကရာဇ်က တွေဝေရှုပ်ထွေးစွာဖြင့် သူ၏ ခေါင်းကို ခါယမ်းလိုက်၏။
သူတို့သည် အဲ့ဒါကို ကိုယ်တိုင်မြင်တွေ့ခဲ့ရခြင်းကြောင့်သာမဟုတ်လျှင် ချန်နဂါးဧကရာဇ်သည် ပင်လယ်နဂါးဧကရီ၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံရသည်ကို ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။
ရုတ်တရက် ဖူနဂါးဧကရာဇ်က ပြောလိုက်၏။
“ချန်နဂါးဧကရာဇ်က သူမသေခင် ကပ်ဘေးတစ်ခုကျရောက်လာမယ်လို့ပြောခဲ့တယ်... အဲ့ဒါက ဘာအဓိပ္ပါယ်လဲ”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေ၏။
ထိုစကားကိုကြားသောအခါ သူက ကြောက်စရာကောင်းသော ဖြစ်နိုင်ခြေတစ်ခုကိုတွေးရင်း ရင်တစ်ချက်ထိတ်သွားလေသည်။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ပဟေဠိနန်းတော်မှ ရှေးဟောင်းမှတ်တမ်းတချို့ကို ဖတ်ခဲ့ဖူးလေသည်။ လွန်ခဲ့သည့် နှစ်လေးသောင်းမှစတင်၍ ထျန်ဟွမ်ကုန်းမြေတိုက်မှာ နှစ်တစ်သောင်းကြာတိုင်း ကပ်ဘေးတစ်ခုဖြစ်ပွားလာတတ်ပြီး ထိုကပ်ဘေးမှာ မရေမတွက်နိုင်သော သက်ရှိများနှင့် ပညာရှင်များက သေကြေပျက်စီး၍ သွေးမြစ်များစီးခဲ့ရလေသည်။
လွန်ခဲ့သည့်နှစ်သုံးသောင်းက သားရဲတစ်ထောင်ကပ်ဘေး...။
လွန်ခဲ့သည့်နှစ်နှစ်သောင်းက ကြယ်တာရာကပ်ဘေး...။
လွန်ခဲ့သည့်နှစ်တစ်သောင်းက မဟာချွမ်ကပ်ဘေး...။
မမြင်ရသော လက်တစ်စုံက ကပ်ဘေးသုံးခု၏ နောက်ကွယ်ကနေ ကြိုးကိုင်ခြယ်လှယ်နေခဲ့၏။
သို့သော် ယခုအခါ... မဟာချွမ်ကပ်ဘေး ဖြစ်ပွားခဲ့သည်မှာ နှစ်တစ်သောင်းကြာသွားခဲ့လေပြီ။
ချန်နဂါးဧကရာဇ်၏ သေဆုံးမှုက ဤကပ်ဘေး၏ စတင်မှုဖြစ်နေမလား။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ချန်နဂါးဧကရာဇ်၏ ဦးခေါင်းပေါ်ရှိ ဧရာမ ကြီးမားသော အချိုင့်ကိုကြည့်လိုက်၏။ ရုတ်တရက် သူက မေးလိုက်လေသည်။
“ပင်လယ်နဂါးဧကရီက အန္တိမနတ်ဘုရားစွမ်းအား ဘယ်လောက်များများများကို နားလည်ဆင်ခြင်ထားလဲ”
“တစ်ခုပဲ”
နီနဂါးဧကရာဇ်ကပြောလိုက်၏။
“အဲ့ဒါက ဦးချိုမဲ့နဂါးမျိုးရိုးရဲ့ ပင်ကိုနတ်ဘုရားစွမ်းအားကနေ ဆင့်ကဲပြောင်းလဲလာခဲ့တာပဲ”
“အဲ့ဒါက သိပ်မူမမှန်ဘူး”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက သူ၏ ခေါင်းကို ခါယမ်းပြလိုက်၏။
“စောစောက ငါသူ့နောက်ကိုလိုက်တုန်းက သူက လျှပ်တပြက်ခုန်ကူးခြင်းကို ထုတ်ဖော်ခဲ့တယ်... အဲ့ဒါက သူက အနည်းဆုံး အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုကို နားလည်ဆင်ခြင်ထားတယ်လို့ အဓိပ္ပါယ်ရတယ်”
“အင်း”
လုံရန်က မျက်မှောင်အနည်းငယ် ကြုတ်ပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက တစ်ခုခုကို သွယ်ဝိုက်ပြောဆိုလိုခြင်းဖြစ်ကြောင်း သတိထားမိလိုက်၏။
“မင်းက ဘာကိုပြောချင်တာလဲ”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ပြောလိုက်၏။
“ပင်လယ်နဂါးဧကရီက အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုကို နားလည်ဆင်ခြင်ထားတယ်ဆိုရင်တောင်.... သူ့ရဲ့ တိုက်ခိုက်ရည်ခွန်အားက အန္တိမနတ်ဘုရားစွမ်းအားလေးခုကို နားလည်ဆင်ခြင်ထားတဲ့ ချန်နဂါးဧကရာဇ်ထက် အများကြီးနိမ့်ကျနေတုန်းပဲ”
“တစ်ချက်ကြည့်လိုက်”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ချန်နဂါးဧကရာဇ်၏ ခြေထောက်ဘေးတွင် ပြုတ်ကျနေသော တောင်ဝှေးကို လက်ညိုးထိုးပြလိုက်၏။
“ဒီတောင်ဝှေးနဲ့ ချန်နဂါးဧကရာဇ်ရဲ့ ဦးခေါင်းကို ပစ်ရိုက်ခဲ့တုန်းက တောင်ဝှေးတစ်ချောင်းလုံးက ကြေမွသွားပြီး လုံးဝပျက်စီးသွားခဲ့တယ်”
“ချန်နဂါးဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကို အန္တိမနတ်ဘုရားစွမ်းအား လေးခုနဲ့ ဆေးကြောသန့်စင်ထားတာ.. အဲ့ဒါက အရမ်းကိုသန်မာတယ်... ပင်လယ်နဂါးဧကရီက သူ့ကိုချက်ချင်းလက်ငင်းသတ်ဖို့အတွက် ဒီလောက်ကြီးမားတဲ့စွမ်းအားကို ဘယ်လိုလုပ်ထုတ်ဖော်နိုင်မှာလဲ”
လုံရန်နှင့် အခြားသူများကလည်း ခေါင်းညိတ်ပြလိုက်ကြ၏။ သူတို့သည်လည်း တစ်စုံတစ်ရာထူးဆန်းနေသည်ကို သတိထားမိလာကြ၏။
သူတို့သည်ပင် ချန်နဂါးဧကရာဇ်ကို အငိုက်ဖမ်းသတ်ဖြတ်ချင်သည်ဆိုပါက သူတို့သည် အလွန်တရာကြောက်စရာကောင်းသော ပေါက်ကွဲစွမ်းအားတစ်ခုကို လိုအပ်ပေလိမ့်မည်။ အနည်းဆုံးတော့ သူတို့ထဲ မည်သူကမှ အဲ့ဒါကို လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
“ပင်လယ်နဂါးဧကရီက ဘယ်အချိန်တုန်းကများ အဲ့လောက်ထိ သန်မာသွားရတာလဲ”
နီနဂါးဧကရာဇ်နှင့် အခြားသူများက အကြည့်ချင်းဖလှယ်လိုက်ကြ၏။
သူတို့သည် ယခုအခါ ပို၍ပင်ရှုပ်ထွေးလာကြ၏။
ထိုစဥ်မှာပင် ဘိုးဘေးနဂါးကုန်းမြေ၏ အပြင်ဘက်ကနေ စိုးရိမ်ကြောင့်ကြ၍ ကြမ်းတမ်းသော အသံတစ်သံက ထွက်ပေါ်လာ၏။
“လုံရန်... လုံရန်... ငါ့ကို မြန်မြန်လာတွေ့ဦး”
“ဟမ်...”
လုံရန်၏ အမူအရာက ပြောင်းလဲသွား၏။
“အဲ့ဒါက မန်ဖုန့်ပဲ”
မန်ဖုန့်သည် လူရိုင်းမျိုးနွယ်၏ ကလန်ခေါင်းဆောင်ဖြစ်လေသည်။
“ငါအပြင်ကိုသွားပြီး တစ်ချက်ကြည့်လိုက်မယ်”
လုံရန်က လေထုကိုဆုတ်ဖြဲပြီး ဘိုးဘေးနဂါးကုန်းမြေကနေ ထွက်ခွာကာ နဂါးအရိုးတောင်ကြားအထက်သို့ ဆင်းသက်လာခဲ့၏။
“ကလန်ခေါင်းဆောင်”
လုံစန်းက ကူကယ်ရာမဲ့သော အမူအရာဖြင့် ပြောလိုက်လေသည်။
“သူက အထဲကို အတင်းဝင်ရောက်လာတယ်... ကျုပ်တို့က သူ့ကိုမတားနိုင်ဘူး”
လုံရန်က မသိမသာခေါင်းညိတ်ပြပြီး မလှမ်းမကမ်းတွင် မောဟိုက်နေသော မန်ဖုန့်ကို ကြည့်လိုက်လေသည်။ သူက မျက်မှောင်ကြုတ်၍ အော်မေးလိုက်၏။
“မန်ဖုန့်... ငါတို့က ရင်းနှီးကြပါတယ်... ဒါပေမဲ့ မင်းက နဂါးမျိုးနွယ်ရဲ့ပိုင်နက်ထဲကို ဒီလိုမျိုး အတင်းဝင်ရောက်လို့ မရဘူးလေ... မင်းဘာလို့ အော်နေတာလဲ”
“စကားအပိုတွေပြောမနေနဲ့တော့... ငါ့ကို စီနီယာချန်နဂါးဧကရာဇ်ဆီ ခေါ်သွားပေး”
မန်ဖုန့်က ရှေ့သို့တက်လှမ်းလာပြီး လုံရန်၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ အော်ပြောလိုက်၏။
ရုတ်တရက် လုံရန်က ငြိမ်သက်သွားလေသည်။
“မင်းဘာတွေငိုင်နေတာလဲ”
မန်ဖုန့်က ထပ်မံ၍ လောဆော်လိုက်၏။
“ငါ့ကို စီနီယာ ချန်နဂါးဧကရာဇ်ဆီ ခေါ်သွားပေးစမ်းပါ... ကြီးကြီးမားမားကိစ္စတွေ ဖြစ်ပွားကုန်ပြီ”
ထိုစဥ်မှာပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ ၊ နီနဂါးဧကရာဇ် ၊ ဖူနဂါးဧကရာဇ်နှင့် လောင်ကျွမ်းတိမ်စိုင်နဂါးဧကရာဇ်တို့က ဘိုးဘေးနဂါးကုန်းမြေကနေ လျှောက်လှမ်းထွက်လာကြလေသည်။
“ဘာတွေဖြစ်နေတာလဲ”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ရင်တစ်ချက်ထိတ်သွားပြီး အလောတကြီးမေးလိုက်၏။
မန်ဖုန့်သည် များပြားလှသော ဧကရာဇ်များကို တွေ့မြင်သောအခါ သူက အံကိုကြိတ်ပြီး ပြောလိုက်လေသည်။
“လူရိုင်းမျိုးနွယ်မှာ ကြီးမားတဲ့ကိစ္စတစ်ခု ဖြစ်ပွားခဲ့တယ် ... တောင်လူရိုင်းဧကရာဇ်က ငါတို့ကို သစ္စာဖောက်ပြီး ငါတို့ရဲ့ အသန်မာဆုံး ဧကရာဇ်ကို သတ်ဖြတ်ခဲ့တယ်... အဲ့ဒီနောက် သူက တခြားလူရိုင်းဧကရာဇ်နှစ်ပါးကို သတ်ဖြတ်ပြီး လူရိုင်းမျိုးနွယ်ကနေ ထွက်ပြေးလွတ်မြောက်သွားတယ်... သူက အခုဆိုရင် ဘယ်ရောက်နေလဲ မသိရဘူး”
“ဘာ...”
ထိုသည်ကိုကြားသောအခါ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် အခြားသူများက တုန်လှုပ်သွားပြီး ထိတ်လန့်တကြား ရေရွတ်လိုက်ကြ၏။
မန်ဖုန့်က ပြောလိုက်လေသည်။
“လူရိုင်းမျိုးနွယ်ရဲ့ လက်ရှိဧကရာဇ်တွေထဲမှာ တိုက်ခိုက်နိုင်တာ နှစ်ယောက်ပဲကျန်တော့တယ်... ကျန်တဲ့နှစ်ယောက်က ဒဏ်ရာအပြင်းအထန် ရထားပြီးတော့ အခုချိန်မှာ မတိုက်ခိုက်နိုင်တော့ဘူး”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ ၊ လုံရန်နှင့် အခြားသူများက သုန်မှုန်နေသော အမူအရာများနှင့်အတူ အကြည့်ချင်းဖလှယ်လိုက်ကြ၏။
ချန်နဂါးဧကရာဇ်သေဆုံးသွားပြီး သုံးရက်အကြာမှာပင် လူရိုင်းမျိုးနွယ်မှာ ဤကဲ့သို့ ကြီးမားသည့်အပြောင်းလဲတစ်ရပ်ဖြစ်ပွားလာလိမ့်မည်ဟု သူတို့က ထင်မှတ်မထားကြပေ။
“ချန်နဂါးဧကရာဇ်က ဘယ်မှာလဲ”
မန်ဖုန့်ကပြောလိုက်၏။
“မင်းတို့တွေက ဘာကိုစောင့်နေကြတာလဲ... ချန်နဂါးဧကရာဇ်ကို မြန်မြန်သွားပြီး သတင်းပေးလေ... ဒီကိစ္စက ကမ္ဘာဦးမျိုးနွယ် ၅စုရဲ့ အကြံအစည်ပဲ သေချာပေါက်ဖြစ်ရမယ်”
“ချန်နဂါးဧကရာဇ်က သေသွားခဲ့ပြီ”
လုံရန်က သက်ပြင်းချကာ ပြောလိုက်၏။
“အား...”
မန်ဖုန့်က ပါးစပ်အဟောင်းသားဖြစ်သွားပြီး လုံးဝမှင်တက်သွားလေသည်။ သို့သော်လည်းသူက အလိုလိုပြောလိုက်၏။
“အဲ့..အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ.. ချန်နဂါးဧကရာဇ်က ဘဝသက်တမ်း နှစ်တစ်သောင်းနီးပါး ကျန်နေသေးတယ်မလား”
အဲ့ဒါသည် နဂါးမျိုးနွယ်၏ ကျော်မကောင်းကြားမကောင်း သတင်းတစ်ခုဖြစ်သော်လည်း လုံရန်က ပြောလ်ိုက်လေသည်။
“ပင်လယ်နဂါးဧကရီက ငါတို့ကိုသစ္စာဖောက်ပြီး ချန်နဂါးဧကရာဇ်ကို ဒဏ်ရာအပြင်းအထန် ရရှိအောင် လုပ်ကြံတိုက်ခိုက်ခဲ့တယ်.... ချန်နဂါးဧကရာဇ်က အဲ့ဒီကနေ မရှင်သန်နိုင်ခဲ့ဘူး”
မန်ဖုန့်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။
သူက အကူအညီတောင်းဖို့ ရောက်လာစဥ် နဂါးမျိုးနွယ်မှာလည်း ဤကဲ့သို့ အပြောင်းအလဲတစ်ရပ်ဖြစ်ပွားနေသည်ဆိုတော့...။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားပုံရပြီး သူက ရုတ်တရက် အလောတကြီးပြောလိုက်လေသည်။
“ခွန်မျိုးနွယ်... မြန်မြန်လုပ်.. ခွန်မျိုးနွယ်ကို မြန်မြန်သတိပေးဖို့လုပ်”
လုံရန် ၊ မန်ဖုန့်နှင့် အခြားသူများကလည်း ချက်ချင်းပင် တုံ့ပြန်လိုက်ကြ၏။
လူရိုင်းမျိုးနွယ်နှင့် နဂါးမျိုးနွယ််မှာ ဤကဲ့သို့ အပြောင်းအလဲများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်မှာ သေချာပေါက် တိုက်ဆိုင်မှုတစ်ခု မဟုတ်ပေ။
နောက်ထပ်ပစ်မှတ်က ခွန်မျိုးနွယ်ဖြစ်လာနိုင်ခြေရှိလေသည်။
“အဲ့ဒီကိုငါသွားလိုက်မယ်”
လုံရန်က ခွန်မျိုးနွယ်ထံသို့ ကိုယ်တိုင်သွားရောက်ဖို့ ပြင်ဆင်လိုက်၏။
ထိုစဥ်မှာပင် နဂါးအရိုးတောင်ကြား၏ ကောင်းကင်ထက်ကနေ ငွေရောင်အလင်းတန်းတစ်ခုက ပျံသန်းလာခဲ့၏။
၎င်းက ရောက်ရှိမလာခင်မှာပင် ငွေရောင်အလင်းတန်းက အော်ပြောလိုက်လေသည်။
“အားလုံးပဲ... လုံမိုကို မြန်မြန်ခေါ်ပေးပါဦး”
“အဲ့ဒါက ခွန်မျိုးနွယ်က ယင်လန်ပဲ”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ထိုသူကို ချက်ချင်းပင် မှတ်မိသွား၏။
တစ်ချိန်တည်းမှာပင် ခွန်မျိုးနွယ်မှာ တစ်စုံတစ်ရာဖြစ်ပွားနေပြီဖြစ်ကြောင်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက နားလည်သိရှိလိုက်၏။
“ကျုပ်ဒီမှာရှိတယ်”
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက သူမကို ကြိုဆိုလိုက်၏။
ယင်လန်၏ မျက်နှာက စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူမကပြောလိုက်၏။
“ခွန်မျိုးနွယ်ရဲ့ကပ်ဘေး…”