သိုင်းတာအိုကို ပြီးပြည့်စုံစေခြင်း
Vol. 114 Ch. 1698
ထိုစဉ်မှာပင်.. နဂါးတစ်ကောင်သည် ရှေ့သို့ လျှောက်လှမ်းလာပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ဧကရာဇ်တို့.. နဂါးအရိုးတောင်ကြား အပြင်ဘက်မှာ လူငယ်လေးတစ်ယောက်က သခင်လေးနဲ့ တွေ့ခွင့်တောင်းနေတယ်.. သူ့ရဲ့ နာမည်က ထောင်ယောင်တဲ့.. သူ့မှာ တင်ပြစရာ တစ်စုံတစ်ရာ ရှိတယ်လို့ ပြောနေတယ်”
“ဟမ်”
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ရင်တစ်ချက်ထိတ်သွား၏။
ထောင်ယောင်သည် ပုံမှန်အားဖြင့် ပင်ယန်းမြို့ကို စောင့်ရှောက်နေရမည်ဖြစ်၏။ အဲဒီမှာ တစ်ခုခုများ ဖြစ်လို့လား…။
ထောင်ယောင် ဝင်အလာကို စောင့်မနေတော့ဘဲ သူ၏ နဂါးဖီးနစ် တောင်ပံများနှင့် ဧရာမ ရွှေငှက်တောင်ပံများကို ထုတ်ဖော်ကာ သူ၏ အလျင်အဟုန်ကို ၎င်း၏ အကန့်အသတ်ထိ မြှင့်တင်လိုက်လေသည်။ သူက တစ်ခဏချင်းမှာပင် နဂါးအရိုးတောင်ကြား အပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။ လုံရန်နှင့် အခြားသူများကလည်း နောက်ကနေ လိုက်ပါလာကြ၏။
“ပင်ယန်းမြို့မှာ တစ်ခုခုဖြစ်လို့လား”
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ထောင်ယောင်ကို တွေ့သောအခါ.. အလ္လာပသလ္လာပ ပြောဆိုမနေတော့ဘဲ တိုက်ရိုက်မေးမြန်းလိုက်လေသည်။
“နှုတ်ဆက်ပါတယ် သခင်လေး”
ထောင်ယောင်က ခေါင်းခါပြလိုက်၏။
“ပင်ယန်းမြို့က အဆင်ပြေပါတယ်… ဒါပေမဲ့ ယက္ခယုက ရောက်လာခဲ့ပြီးတော့ သခင်လေးကို ကိုယ်တိုင်ပေးဖို့အတွက် ကျုပ်ကို စာလိပ်တစ်လိပ် ပေးခဲ့တယ်”
အစကတော့ ယက္ခယုသည် သိုင်းတာအိုပင်မခန္ဓာကို ရှာချင်ခဲ့လေသည်။ သို့သော်လည်း ထိုသူသည် ပင်ယန်းမြို့မှာ ရှိမနေသည့်အတွက် သူမသည် ကျောက်စိမ်းစာလိပ်ကို ထောင်ယောင်ထံ လွှဲပေးခဲ့ခြင်း ဖြစ်လေသည်။
ထောင်ယောင်သည် ကျောက်စိမ်းစာလိပ်ကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ကျောက်စိမ်းစာလိပ်ကို ယူပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို အထဲသို့ ထိုးသွင်းကာ ယက္ခယု ပေးပို့သည့် သတင်းအချက်အလက်ကို ကြည့်လိုက်လေသည်။
အဲဒီမှာ စာကြောင်းနှစ်ကြောင်းက လွဲ၍ သတင်းအချက်အလက်များစွာ မပါရှိပေ။
“သားရဲနယ်မြေ ရှစ်ခွင်က သားရဲဧကရာဇ်တွေ အားလုံးက အညံ့ခံသွားခဲ့ကြပြီ… ကမ္ဘာဦးမျိုးနွယ် ၅စုက အတူပူးပေါင်းပြီး စစ်ပွဲတစ်ခု စတင်ဖို့ ပြင်ဆင်နေကြတယ်”
“အဲဒီအချိန်ကျရင် နတ်ဘုရားမျိုးနွယ်က ရှေ့ပြေးတပ်အနေနဲ့ ရောက်လာလိမ့်မယ်.. ပြီးရင် သားရဲမျိုးနွယ်နဲ့ ကမ္ဘာဦးမျိုးနွယ် ၅စု လိုက်ပါလာလိမ့်မယ်.. ကျွန်မတို့က လူရိုင်းမျိုးနွယ်ကို အရင်ဖျက်ဆီးပြီး.. ပြီးရင် နဂါးမျိုးနွယ်နဲ့ ခွန်မျိုးနွယ်ဘက်ကို လှည့်လာလိမ့်မယ်”
ကျောက်စိမ်းစာလိပ်ကို ဖတ်ရှုပြီးနောက်.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် ၎င်းကို အမူအရာ ကင်းမဲ့စွာ ချိုးချေပြီး အထဲမှာ ပါဝင်သော သတင်းအချက်အလက်များက လူတိုင်း၏ ရှေ့မှာ ပေါ်ထွက်လာစေသည်။
လူတိုင်း၏ အမူအရာက ပျက်ယွင်းသွားကြ၏။
သူတို့ မျိုးနွယ်သုံးစုမှာ တစ်စုံတစ်ရာ ဖြစ်ပျက်လာသည့် ခဏမှာပင်.. အခြားသော မျိုးနွယ် ၅စုသည် ထိုသတင်းကို လက်ခံရရှိသွားပြီး အတူပူးပေါင်းကာ စစ်ပွဲတစ်ခု စတင်ဖို့ ပြင်ဆင်လာကြလေသည်။
လွန်ခဲ့သည့် နှစ်တစ်သောင်းက ကမ္ဘာဦးမျိုးနွယ် ၅စုသည် ကြီးမားစွာ ပျက်စီးထိခိုက်ဆုံးရှုံးခဲ့ရ၏။
ဤတစ်ခေါက်မှာ သူတို့သည် သူတို့၏ အမျက်ဒေါသများကို သေချာပေါက် သွန်ချလာပေတော့မည်။
“ဒါဆို ငါတို့ ဘာလုပ်ရမလဲ”
မန်ဖုန့်သည် လူရိုင်းမျိုးနွယ်၏ ကလန်ခေါင်းဆောင်ဖြစ်သော်လည်း ထိုအခိုက်အတန့်မှာ သူက ထိတ်ထိတ်ပျာပျာ ဖြစ်နေ၏။
လက်ရှိ အခြေအနေသည် အရင်ကနှင့် မတူတော့ပေ။
သူတို့သည် အဲဒါကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်ဘူးဆိုလျှင် လူရိုင်းမျိုးနွယ်က အပြီးတိုင် ဖျက်ဆီးချေမှုန်းခံရပေလိမ့်မည်။
လူတိုင်းသည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို ကြည့်ပြီး သူ ဆုံးဖြတ်ချက်ချအလာကို စောင့်ဆိုင်းနေကြ၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ငါတို့မှာ တိုက်ခိုက်ဖို့က လွဲပြီး တခြားရွေးချယ်စရာ ဘာရှိဦးမှာလဲ”
ထိုကပ်ဘေးကို မမြင်ရသော လက်တစ်စုံက ထိန်းချုပ်နေသည်ကို သူတို့ သိရှိထားသည်ဆိုလျှင်တောင် ကမ္ဘာဦးမျိုးနွယ် ၃စုမှာ ရွေးချယ်စရာ မရှိပေ။
သူတို့သည် စိန်ခေါ်မှုကို လက်ခံရုံသာ ရှိလေသည်။
“ဒါပေမဲ့ ငါတို့က ဘယ်လိုတိုက်ခိုက်မှာလဲ”
မန်ဖုန့်က ခေါင်းခါပြလိုက်၏။
“ခွန်အားကွာဟချက်က အရမ်းကို ကြီးမားနေတယ်.. ချန်နဂါးဧကရာဇ်က သေသွားပြီး သူတို့ဘက်မှာတော့ ထိပ်သီးဧကရာဇ် ၅ဦး ရှိနေတယ်.. ငါတို့က လုံးဝ ခုခံနိုင်မှာ မဟုတ်ဘူး”
“အဲဒီ ဧကရာဇ် ၅ဦးကို ငါကိုင်တွယ်လိုက်မယ်”
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ လေသံက ပြတ်သားနေ၏။
သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် ညဝိညာဉ်နှင့်အတူ သူသည် ငရဲစုန်းဧကရာဇ်နှင့် အခြားသူများကို တိုက်ခိုက်ဖို့ ကြိုးစားကြည့်နိုင်လေသည်။
တကယ်တော့ သိုင်းတာအိုပင်မခန္ဓာက ဧကရာဇ်တစ်ပါး ဖြစ်လာမည်ဆိုလျှင်.. ငရဲစုန်းဧကရာဇ်နှင့် အခြားသူများက ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပေ။
သို့သော်လည်း.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် တစ်ချိန်လုံး တံခါးပိတ်ကျင့်ကြံနေခဲ့၏။
ယခု သူထွက်လာသောအခါ သူသည် သိုင်းတာအိုပင်မခန္ဓာနှင့် ဆက်သွယ်၍ မရတော့ပေ။
စောစောက သူသည် သိုင်းတာအိုပင်မခန္ဓာနှင့် ဆက်သွယ်ဖို့ ကြိုးစားကြည့်ခဲ့သော်လည်း မည်သည့် တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။
“ဒါပေမဲ့.. အလုံးစုံ ခွန်အားကွာဟချက်က ကြီးမားနေတုန်းပဲ”
နီနဂါးဧကရာဇ်က သက်ပြင်းချလိုက်၏။
“နတ်ဘုရားမျိုးနွယ် အပါအဝင်.. တစ်ဖက်မှာက ကမ္ဘာဦးမျိုးနွယ် ၆စု ရှိနေတယ်.. နောက်ပြီး သူတို့က သားရဲမျိုးနွယ်ရဲ့ အကူအညီလည်း ရှိတယ်.. ငါတို့က…”
“တိုက်ခိုက်ဖို့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး”
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ကျုပ်က လူသားမျိုးနွယ်နဲ့ ဆက်သွယ်ပြီး သူတို့ကို ကျုပ်တို့ ကမ္ဘာဦးမျိုးနွယ် ၃စုနဲ့ ပူးပေါင်းလာအောင် စည်းရုံးလိုက်မယ်”
တကယ်တော့ လူသားမျိုးနွယ်အပြင်.. အဲဒီမှာ ကမ္ဘာဦးမျိုးနွယ်များ၏ ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်နေသည့် နောက်ထပ် အဖွဲ့အစည်းတစ်ခု ရှိလေသည်။
အဲဒါက ညဝိညာဉ်၏ လက်အောက်ရှိ ခွန်မျိုးနွယ် ဖြစ်လေသည်။
ခွန်မျိုးနွယ်သည် ခွန်လွင်အပျက်အစီးဒေသကနေ ထွက်လာခဲ့သည်မှာ သိပ်မကြာသေးပေ။ ညဝိညာဉ်က လွဲလျှင် အဲဒီမှာ တခြား မည်သည့် ခွန်လွင်ဧကရာဇ်မှ မရှိပေ။ သို့သော်လည်း ခွန်လွင်မျိုးနွယ်မှာ မျိုးနွယ်စုခေါင်းဆောင်များစွာ ရှိပြီး သူတို့က လျစ်လျူရှု၍ မရနိုင်သည့် အင်အားစုတစ်ရပ် ဖြစ်လေသည်။
“မန်ဖုန့်.. လူရိုင်းမျိုးနွယ်ကို ချက်ချင်းပြန်လိုက်.. ပြီးရင် မင်းရဲ့ နေရာလွတ် ဓမ္မရတနာကို သုံးပြီး လူရိုင်းမျိုးနွယ်တစ်ခုလုံးကို နဂါးအရိုးတောင်ကြားဆီ ရွှေ့ပြောင်းလာခဲ့”
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချပြီး အမိန့်ပေးလိုက်၏။
“ယင်လန်.. ခင်ဗျားလည်း ခွန်မျိုးနွယ်ဆီ ပြန်ပြီး သူတို့ကို ရွှေ့ပြောင်းလာခဲ့”
သူတို့ ကမ္ဘာဦးမျိုးနွယ် ၃စုသည် ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့နေရ၏။ သူတို့က အတူပူးပေါင်းမထားဘူးဆိုလျှင် သူတို့မျိုးနွယ်များသည် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဖျက်ဆီးခံရပေလိမ့်မည်။ လူရိုင်းမျိုးနွယ်သည် အရှေ့အရပ်ဒေသမှာ တည်ရှိလေသည်။ နဂါးနှင့် ခွန်မျိုးနွယ်တို့က အဲဒီကို သွားမည်ဆိုလျှင် သူတို့အနေဖြင့် ဝန်းရံပိတ်ဆို့ခံရဖို့ လွယ်ကူသွားပေလိမ့်မည်။
“ကောင်းပါပြီ”
မန်ဖုန့်နှင့် ယင်လန်က တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သဘောတူလိုက်ပြီး လှည့်ထွက်သွားကြ၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် သိုင်းတာအိုပင်မခန္ဓာနှင့် ဆက်သွယ်၍ မရသည့်အတွက် သူက ဤနေရာမှာ ရှိသည့် သတင်းအချက်အလက်များ အားလုံးကို အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထံ ပေးပို့လိုက်လေသည်။
အဲဒီနောက်.. နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် တစ်စုံတစ်ရာကို အမှတ်ရသွားပြီး သူ၏ အသိစိတ်ထဲရှိ အခြေအနေကို အလောတကြီး စစ်ဆေးကြည့်လိုက်၏။
အဲဒီနောက်.. သူ၏ မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက် ဖြစ်သွားသည့် အရိပ်အယောင်တစ်ခုက ထင်ဟပ်လာ၏။
သူသည် အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ပြီး ဧကရာဇ်တစ်ပါး ဖြစ်လာသော်လည်း သူ၏ အသိစိတ်ထဲရှိ စတုတ္ထမြောက် အလင်းလုံးက ကြေမွသွားခြင်း မရှိပေ။
စတုတ္ထမြောက် အလင်းလုံးထဲမှာ နတ်ဘုရားစွမ်းအားတစ်ခု ရှိလေသည်။
သူသည် ထိုနတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်နိုင်မည်ဆိုလျှင် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ တိုက်ခိုက်ရည်ခွန်အားက သိသိသာသာ တိုးလာပေလိမ့်မည်။ ကံဆိုးစွာနှင့်ပင် စတုတ္ထမြောက် အလင်းလုံးမှ မည်သည့် တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။
ရှေးဟောင်းတိုက်ပွဲမြေမှာ ဆူဇီမိုသည် သုန်မှုန်နေသာ အမူအရာနှင့်အတူ တံခါးပိတ်ကျင့်ကြံရာကနေ နိုးထလာ၏။
သူ စိုးရိမ်ပူပန်နေသည့် အရာက ဖြစ်ပျက်လာဆဲပင်။
ကပ်ဘေးတစ်ခု ဆင်းသက်လာနိုင်သည်ဆိုတာကို သူက ဝိုးတဝါး ခန့်မှန်းမိနေခဲ့ပြီဖြစ်၏။ သို့သော်လည်း အဲဒါသည် ဤမျှအထိ ရုတ်တရက်ဆန်ဆန် ရောက်ရှိလာပြီး ကမ္ဘာဦးမျိုးနွယ် ၃စုကို ချောင်ပိတ်လုနီးပါး ဖြစ်သွားစေမည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
ဤကပ်ဘေး၏ နောက်ကွယ်မှာ ရှိသည်က သွေးမျက်နှာဖြစ်စေ.. သွေးမိစ္ဆာဖြစ်စေ.. ဤပြဿနာ၏ အတိုင်းအတာက အရမ်းကို ကြီးမားလာခဲ့လေပြီ။
အဲဒါသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံး စစ်မီးတောက်မည့် ကမ္ဘာဦးခေတ် နှင့် ရှေးဟောင်းခေတ်၏ စစ်ပွဲတို့နှင့် ယှဉ်နိုင်သည့် ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့်မည်။
မည်သူကမှ ချမ်းသာရာရလိမ့်မည် မဟုတ်ပေ။
ကြောက်စရာကောင်းသောအရာမှာ ထိုသွေးမျက်နှာသည် ကမ္ဘာဦးမျိုးနွယ် ၃စုနှင့် လူသားမျိုးနွယ်တို့ကို မည်သည့် ရွေးချယ်စရာမှ မပေးခဲ့ပေ။
သူတို့က စိန်ခေါ်မှုကို လက်ခံရုံသာ ရှိလေသည်။
ဆူဇီမိုသည် ဤတစ်ခေါက် တံခါးပိတ်ကျင့်ကြံခြင်းသို့ မဝင်ရောက်ခင်.. သူသည် သိုင်းတာအိုပင်မခန္ဓာနှင့် ဆက်သွယ်ခဲ့သေးလေသည်။
သိုင်းတာအိုပင်မခန္ဓာက အကျပ်အတည်းတစ်ခုနှင့် ကြုံတွေ့နေခဲ့ရ၏။
နတ်ဘုရားစွမ်းအားများကို မွမ်းမံသန့်စင်ရခြင်းက သိုင်းတာအိုပင်မခန္ဓာ တွေးထင်ထားသည်ထက် များစွာပိုမိုခက်ခဲနေခဲ့၏။
သိုင်းစိတ်ဝိညာဉ်မီးသည် ကျင့်ကြံရေး နည်းစနစ်များနှင့် လျှို့ဝှက်အတတ်များကို အရည်ဖျော်နိုင်သော်လည်း နတ်ဘုရားစွမ်းအားများကို အရည်ဖျော်သည့် အလျင်အဟုန်က သိသိသာသာ နှေးကွေးသွားခဲ့၏။
သိုင်းတာအိုပင်မခန္ဓာသည် သာမန်နှင့် အဆင့်မြင့်နတ်ဘုရားစွမ်းအား အချို့ကို ဤနှစ်များထဲမှာ အရည်ဖျော်နိုင်ခဲ့သော်လည်း သူသည် အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို အရည်ဖျော်ခြင်းမှာ အောင်မြင်မှု မရရှိသေးပေ။
ပို၍ အရေးကြီးသည်မှာ သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုက တစ်ဆို့သွားသော အမှတ်တစ်ခုသို့ ရောက်ရှိလာခဲ့၏။
သိုင်းတာအိုပင်မခန္ဓာ ကျင့်ကြံထားသော ဓမ္မအစီအရင်များသည် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ ပညာရပ်များနှင့် ကွဲပြားခြားနားလေသည်။ သူသည် သိုင်းတာအိုကို ကောက်ချက်ချ၍ ပြီးပြည့်စုံခြင်းဖြင့်သာ ဆက်လက်ကျင့်ကြံနိုင်မည်ဖြစ်၏။
သို့သော် ယခုအခါ သူ၏ရှေ့မှာ မည်သည့် လမ်းကြောင်းမှ မရှိတော့ပေ။
သိုင်းတာအိုပင်မခန္ဓာသည် ဆက်လက်၍ မကျင့်ကြံခင်.. သူ့ခြေထောက်အောက်မှာ လမ်းကြောင်းတစ်ခု ဖောက်လုပ်ရန် သိုင်းတာအိုကို ကောက်ချက်ချ၍ ပြီးပြည့်စုံအောင် ပြုလုပ်ရမည်ဖြစ်၏။
ကျင့်ကြံရေး နည်းစနစ်များကို ကောက်နုတ်ရခြင်းက အတိုင်းအဆမရှိ အချိန်အတိုင်းအတာတစ်ခုကို လိုအပ်လေသည်။
သိုင်းတာအိုပင်မခန္ဓာသည် လောလောဆယ်မှာ နတ်ဘုရားစွမ်းအားများအား အရည်ဖျော်ချခြင်းကို လက်လျှော့ပြီး တံခါးပိတ်ကျင့်ကြံဖို့ ဝင်ရောက်သွားခဲ့ရ၏။
သို့သော်လည်း ဤကျင့်ကြံမှုမှာ သိုင်းတာအိုပင်မခန္ဓာသည် အဆက်အသွယ်များအားလုံးကို ဖြတ်တောက်ခဲ့ပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာတို့ပင် သူ၏ တည်ရှိမှုကို အာရုံမခံနိုင်တော့ပေ။
သိုင်းတာအိုပင်မခန္ဓာသည် ထျန်ဟွမ်ကုန်းမြေတိုက်ကနေ ပျောက်ကွယ်သွားသည့်အလားပင်။
ထိုစဉ်မှာပင်.. ဧကရာဇ်တာအို၏ စွမ်းပကားကို ဖြာထုတ်ပေးနေသည့် ရှေးဟောင်းနန်းတော်တစ်ခုက ရှေးဟောင်းတိုက်ပွဲမြေ၏ မိုးကောင်းကင်ထက်မှာ ပေါ်ထွက်လာခဲ့၏။
လူသားဧကရာဇ်၏ နန်းတော်က ဆင်းသက်လာခဲ့လေပြီ။
သိပ်မကြာခင် ပုံပြောအဘိုးအိုက လူသားဧကရာဇ် နန်းတော်ထဲကနေ လျှောက်လှမ်းထွက်လာ၏။
ပုံပြောအဘိုးအိုသည် လူသားဧကရာဇ် နန်းတော်ထဲသို့ ဝင်ရောက်ပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်ပေါ်ထွက်လာခြင်းဖြစ်၏။
နှစ်တစ်ထောင်ကြာပြီးနောက်.. ပုံပြောအဘိုးအိုကလည်း သိသိသာသာ ပြောင်းလဲသွားခဲ့၏။
ယခင်က ပုံပြောအဘိုးအိုသည် အန္တိမ နတ်ဘုရားစွမ်းအား ၃ခုကိုသာ နားလည်ဆင်ခြင်ထား၏။
လွန်ခဲ့သည့် နှစ်တစ်ထောင်က လူသားဧကရာဇ် နန်းတော်၏ အမွေအနှစ်ကို လက်ခံရရှိပြီးနောက်.. ပုံပြောအဘိုးအိုသည် အန္တိမ နတ်ဘုရားစွမ်းအား ၄ခုကို နားလည်ဆင်ခြင်လာနိုင်ခဲ့၏။
“တစ်ခုခုတော့ ဖြစ်နေပြီ”
ပုံပြောအဘိုးအိုက ဆူဇီမိုကို ချက်ချင်းပင် သွားရှာပြီး သုန်မှုန်နေသော အမူအရာဖြင့် ပြောလိုက်၏။
လူသားဧကရာဇ် နန်းတော်ထဲမှာပင်လျှင် ပုံပြောအဘိုးအိုသည် လောကရှိ အရာရာတိုင်းကို သိရှိထားလေသည်။
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“ကျုပ်က ရှေးဟောင်းတိုက်ပွဲမြေက ဧကရာဇ်တွေကို စုစည်းပြီး ကမ္ဘာဦးမျိုးနွယ် ၅စုကို ခုခံဖို့အတွက် နဂါးမျိုးနွယ်၊ ခွန်မျိုးနွယ်နဲ့ လူရိုင်းမျိုးနွယ်တို့နဲ့ ပူးပေါင်းဖို့ ပြင်ဆင်ထားတယ်”