← Chapters

ဧကရာဇ်များကို စုစည်းခြင်း

Vol. 114 Ch. 1699

ဧကရာဇ်များကို စုစည်းခြင်း

Vol. 114 Ch. 1699

“အဲဒါက ခက်တယ်”

ပုံပြောသူက သူ၏ ခေါင်းကို ခါပြလိုက်၏။

“ငါ့ရဲ့ ခန့်မှန်းချက်အရ.. ရှေးဟောင်းတိုက်ပွဲမြေမှာ ဧကရာဇ် ၂၀ကျော်ပဲ ရှိတယ်.. ကိုယ်တော်ဖုံးယွမ်နဲ့ စိန်ကျောင်းတော်က တခြားဧကရာဇ်တချို့က လွဲရင် ကျန်တဲ့ ဧကရာဇ်တွေက ရှေ့ကို ထွက်လာကြမှာ မဟုတ်ဘူး”

ခဏမျှ ရပ်တန့်ပြီးနောက် ပုံပြောသူက ဆက်ပြောလိုက်၏။

“ငါ မင်းကို ပွင့်ပွင့်လင်းလင်း ပြောရမယ့် အချို့အရာတွေ ရှိတယ်.. မင်းက ဧကရာဇ်တစ်ပါး ဖြစ်လာပြီဆိုပေမဲ့ မင်းရဲ့ နာမည်ဂုဏ်သတင်းက ထာဝရ လူသားဧကရာဇ်ကို မီဖို့ အဝေးကြီးလိုသေးတယ်.. မင်းက အဲဒီ ဧကရာဇ်တွေကို အမိန့်ပေးနိုင်ဖို့ မလွယ်ဘူး”

“မပူပါနဲ့”

ဆူဇီမိုက ပြောလိုက်၏။

“ထာဝရ လူသားဧကရာဇ် အရင်တုန်းက စပြီးပေါ်ထွက်လာတုန်းကလည်း လောကမှာ သူ့ထံ အညံ့ခံခဲ့တဲ့ ဧကရာဇ်တွေ များများစားစား မရှိခဲ့ဘူးမလား.. လူသားဧကရာဇ်က သူ့ရဲ့ နာမည်ဂုဏ်သတင်းနဲ့ ဂုဏ်ကျက်သရေကို တည်ဆောက်ဖို့ သူ့ကိုယ်ပိုင်ခွန်အားကိုပဲ မှီခိုခဲ့တာပဲ”

“ကျုပ်ကလည်း လူသားဧကရာဇ် လျှောက်ခဲ့တဲ့ တူညီတဲ့ လမ်းကိုပဲ လျှောက်ရလိမ့်မယ်”

ပုံပြောသူက ခဏမျှ စဉ်းစားတွေးတောလိုက်၏။

“မင်းမှာ ဘာအစီအစဉ်ရှိလဲ.. ငါ မင်းကို အကောင်းဆုံး ကူညီပေးမယ်”

“ကျုပ်က လူသားမျိုးနွယ်က ဧကရာဇ်တွေကို စုစည်းဖို့အတွက် နောက်ပြီးကျရင် ဓမ္မအမိန့်ပြန်တမ်းတစ်ခုကို ထုတ်ပြန်လိုက်မယ်”

ဆူဇီမိုက လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ပေါ်ထွက်မလာတဲ့ ဘယ်ဧကရာဇ်ကိုမဆို.. စီနီယာ.. ခင်ဗျားက ကျေးဇူးပြုပြီး သူတို့ရဲ့ တည်နေရာကို ဗေဒင်တွက်ချက်ပေးပါ.. သူတို့ကို ကျုပ်ကိုယ်တိုင် သွားဖိတ်မယ်”

“အဲ့လိုလုပ်စရာ မလိုပါဘူး.. သူတို့ကို ငါဖိတ်ပေးနိုင်တယ်”

ပုံပြောအဘိုးအိုက ပြောလိုက်၏။

“ငါ့ရဲ့ အဆင့်အတန်းနဲ့ဆို.. ငါ့မှာ နာမည်ဂုဏ်သတင်းတချို့ ရှိတယ်.. ဒါပေမဲ့ ငါက လူသားမျိုးနွယ်က ဧကရာဇ်တွေကို စုစည်းနိုင်မယ်ဆိုရင်တောင်မှ သူတို့ကို အမိန့်ပေးနိုင်မှာ မဟုတ်ဘူး”

“ကျုပ်က အထီးကျန်သိုင်းသခင်ပဲ.. နှစ်တစ်ထောင်ကြာပြီးတဲ့နောက် ထျန်ဟွမ်ကုန်းမြေတိုက်မှာ မုန်တိုင်းတစ်ခုက နောက်တစ်ဖန် စတင်ပြီး ကမ္ဘာဦးမျိုးနွယ် ၅စုက လူရိုင်းမျိုးနွယ်၊ နဂါးမျိုးနွယ်နဲ့ ခွန်မျိုးနွယ်တို့ကို သတ်ဖြတ်ဖို့အတွက် ပူးပေါင်းလာကြပြီ”

“ကမ္ဘာဦးမျိုးနွယ် သုံးစုက ဖျက်ဆီးခံရမယ်ဆိုရင် လူသားမျိုးနွယ်ကလည်း အန္တရာယ်ရှိလာလိမ့်မယ်.. သိုင်းဧကရာဇ်အနေနဲ့ ကျုပ်က လူသားမျိုးနွယ်က ဧကရာဇ်တွေနဲ့ မျိုးနွယ်စုခေါင်းဆောင်တွေ အားလုံးကို စုစည်းမယ်.. ကျေးဇူးပြုပြီး ဆွေးနွေးပြောဆိုဖို့အတွက် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်အောက်ကို လာပြီး စုပေးကြပါ”

ဆူဇီမို၏ အသံက ရှေးဟောင်းတိုက်ပွဲမြေ၏ တစ်ထောင့်တစ်နေရာမကျန် ပျံ့နှံ့သွားပြီး တံခါးပိတ်ကျင့်ကြံသူများပင်လျှင် ထိုအသံကို ရှင်းလင်းစွာ ကြားလိုက်ကြရ၏။

ထိုသတင်းကို ကြားသော မျိုးနွယ်စုခေါင်းဆောင်များနှင့် ဧကရာဇ်များက မတူညီသော အမူအရာများ ရှိနေကြ၏။

သူတို့ထဲမှ အချို့သည် စိုးရိမ်ပူပန်သော အမူအရာများနှင့်အတူ တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက် ရှိရာသို့ ချက်ချင်းဦးတည်လိုက်ကြ၏။

သူတို့ထဲမှ အချို့သည် မည်သည့် အရာကိုမှ မကြားလိုက်သည့်အလား အေးစက်စွာ လှောင်ရယ်လိုက်ကြ၏။

“အော်မီထောဖော”

စိန်ကျောင်းတော်၏ ကိုယ်တော်ခုန်းယွင်က နှစ်တစ်ထောင်ကြာ အားဖြည့်ပြီးနောက် သူ၏ ဒဏ်ရာများက သက်သာပျောက်ကင်းသွားခဲ့လေပြီ။ သူသည် ထိုသတင်းကို ကြားသောအခါ အာမေဋိတ်အသံတစ်ခုကို ရွတ်ဆိုပြီး သက်ပြင်းချလိုက်၏။

“ထျန်ဟွမ်ကုန်းမြေတိုက်မှာ နှစ်တစ်ထောင် တည်ငြိမ်အေးချမ်းပြီးတဲ့နောက်.. နောက်ထပ် သွေးလွှမ်းမှုတစ်ခုက ဖြစ်ပွားတော့မှာပဲ”

ကိုယ်တော်ခုန်းယွင်နှင့်အတူ တံခါးပိတ်ကျင့်ကြံနေခဲ့သော ပညာဉာဏ်အလင်းကျောင်းတော်၏ ဧကရာဇ် ကိုယ်တော်ကျစ်ဝမ်ကလည်း စိုးရိမ်ပူပန်သော အမူအရာတစ်ခုကို ထုတ်ဖော်ပြသလာ၏။

“ကမ္ဘာဦးမျိုးနွယ် ၃စုမှာ တစ်ခုခုဖြစ်ပွားခဲ့တာပဲ ဖြစ်ရမယ်.. မဟုတ်ရင် ကမ္ဘာဦးမျိုးနွယ် ၅စုက စစ်ပွဲတစ်ခုကို မဆင်မခြင် စတင်ရဲမှာ မဟုတ်ဘူး”

“အဲဒါ အမှန်ပဲ”

ကိုယ်တော်ခုန်းယွင်က ခေါင်းညိတ်ပြလိုက်၏။

“သေရေး ရှင်ရေး အခြေအနေကြောင့်သာ မဟုတ်ရင် သိုင်းဧကရာဇ်က လူသားမျိုးနွယ်က ဧကရာဇ်တွေကို စုစည်းမှာ မဟုတ်ဘူး.. ဒီတိုက်ပွဲမှာ ထျန်ဟွမ်ကုန်းမြေတိုက်က မျိုးနွယ်စုတစ်သောင်းလုံး ပါဝင်လာမှာကို ငါစိုးရိမ်နေတယ်”

“သွားကြရအောင်.. ငါတို့ အခု လှုပ်ရှားကြတာပေါ့”

ကိုယ်တော်ကျစ်ဝမ်က ပြော၍ ကိုယ်တော်ခုန်းယွင်နှင့်အတူ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက် ရှိရာသို့ ဦးတည်လိုက်၏။

တစ်ချိန်တည်းမှာပင်.. ရှေးဟောင်းတိုက်ပွဲမြေ၏ နေရာတစ်ဝှမ်း၌ ဧကရာဇ်များသည် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်ခွာ၍ နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက် ရှိရာသို့ ပျံသန်းလာကြလေသည်။

ဧကရာဇ်များ၏ အလျင်အဟုန်အရ သူတို့သည် သိပ်မကြာခင် နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက် ရှိရာသို့ ရောက်ရှိလာကြ၏။

အထီးကျန်သိုင်းသခင်က နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်အောက်မှာ တိတ်တဆိတ် မတ်တတ်ရပ်ပြီး လူသားမျိုးနွယ်မှ ဧကရာဇ်များ ရောက်အလာကို စောင့်ဆိုင်းနေ၏။

ဆူဇီမိုထံမှ သတင်းစကားကို ကြားရပြီးနောက်.. နှစ်နာရီအတွင်း နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်အောက်မှာ ဧကရာဇ် ၁၀ဦး ရောက်ရှိလာ၏။

ဧကရာဇ်အများစုက လှုပ်ရှားမလာကြသေးပေ။

“သိုင်းဧကရာဇ်.. ကျုပ်ကို ပြောပါဦး.. ဘာတွေဖြစ်ကုန်တာလဲ”

ပဒေသရာဇ်နန်းတော်၏ ဧကရာဇ်က မေးမြန်းလိုက်လေသည်။

“ကမ္ဘာဦးမျိုးနွယ် ၅စုက ဘာလို့ ရုတ်တရက် စစ်ပွဲတစ်ခုကို စတင်လာတာလဲ.. သူတို့ကြားမှာ တစ်ခုခုဖြစ်ခဲ့လို့လား”

“အားလုံးပဲ.. ကျေးဇူးပြုပြီး စိတ်ကို လျှော့ထားကြပါ”

ဆူဇီမိုက လေးနက်သော အသံဖြင့် ပြောလိုက်၏။

“တခြားဧကရာဇ်တွေ ရောက်လာတာနဲ့ ကျုပ်က အကုန်လုံးကို ပြောပြပါမယ်”

ပုံပြောအဘိုးအိုက အခြားသော ဧကရာဇ်များကို ဖိတ်ခေါ်ဖို့ ထွက်သွားခဲ့ပြီဖြစ်၏။

သိပ်မကြာခင်.. ခရမ်းရောင်မိုးကြိုးဧကရာဇ်က ရောက်ရှိလာ၏။ သူက အမူအရာကင်းမဲ့စွာဖြင့် ဆူဇီမိုကို အေးစက်စွာ ကြည့်ပြီး မည်သည့်စကားမှ မဆိုပေ။

သူ့ကို ပုံပြောအဘိုးအိုက ဖိတ်ခေါ်လာခဲ့ခြင်း ဖြစ်၏။

ခရမ်းရောင်မိုးကြိုး ဧကရာဇ်သည် လွန်ခဲ့သည့် ရာစုနှစ်တချို့က ကိုယ်တော်တာမင်း၏ ချောင်းမြောင်းတိုက်ခိုက်ခြင်း ခံခဲ့ရပြီးကတည်းက သူသည် တံခါးပိတ်ကျင့်ကြံဖို့ ဝင်ရောက်သွားခဲ့၏။ ယခု ပုံပြောအဘိုးအိုက သူ့ကို လာရှာမှသာ သူက ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်၏။

ခဏနေပြီးနောက်.. ခုနှစ်မျိုးသတ်ဖြတ်ခြင်းဂိုဏ်း၏ သတ်ဖြတ်ခြင်းဧကရာဇ်က ဆင်းသက်လာ၏။

အရင်တုန်းက ခရမ်းရောင်မိုးကြိုး ဧကရာဇ်၊ ဆီးနှင်း ဧကရာဇ်နှင့် သတ်ဖြတ်ခြင်းဧကရာဇ်တို့သည် ကိုယ်တော်တာမင်းနောက်သို့ ပြေးလိုက်သွားခဲ့စဉ် ဆီးနှင်း ဧကရာဇ်က သေဆုံးခဲ့ပြီး သတ်ဖြတ်ခြင်းဧကရာဇ်က ဒဏ်ရာအပြင်းအထန်ဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့၏။ သူ၏ ဒဏ်ရာများက ယခုမှ သက်သာလာကာစ ဖြစ်လေသည်။

ခရမ်းရောင်မိုးကြိုး ဧကရာဇ်နှင့် သတ်ဖြတ်ခြင်းဧကရာဇ် ရောက်ရှိလာပြီးနောက်.. အခြားသော ဧကရာဇ်များကလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြ၏။

ဧကရာဇ်များက အလိုမကျသော်လည်း သူတို့သည် ပုံပြောအဘိုးအိုကိုယ်တိုင် လာရောက်ဖိတ်ခေါ်ခြင်းကို မငြင်းပယ်နိုင်ကြပေ။

နေ့တစ်ဝက် မကြာခင်မှာပင်.. ဧကရာဇ် ၂၄ပါးစလုံးက စုစည်းမိလာကြ၏။ သူတို့ထဲမှ အများစုသည် ထိပ်သီးဂိုဏ်းကြီးများမှ ဖြစ်လေသည်။

ဥပမာအားဖြင့် သီယွီ သေဆုံးပြီးနောက်.. ကစဉ့်ကလျားအမြုတေဂိုဏ်းမှ နောက်ထပ် အဆုံးစွန်အမြုတေဧကရာဇ် ရှိလေသည်။

ထိပ်သီးဂိုဏ်းကြီးများ၏ အခြေခံအုတ်မြစ်က ဤအခိုက်အတန့်မှာ ရှင်းလင်းစွာ ပေါ်ထွက်လာ၏။

တောင်ပိုင်းဒေသ၏ ရှေးတော်ဝင်မိသားစု ၃စုမှာပင်လျှင် ဧကရာဇ်များ ရှိလေသည်။

ဒေါင်ဖန် လှံဧကရာဇ်..

ရှီမန် ကြေးမုံဧကရာဇ်..

နန်းကုန် တင်းဧကရာဇ်..

ပေမင် ရှေးတော်ဝင်မိသားစုသည် ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းကြောင့် ပြန်လည်ပေါ်ထွက်လာခါစ ဖြစ်လေသည်။ ဒီဘက်မျိုးဆက်မှာ သူတို့တွင် ဧကရာဇ်တစ်ပါး မပြောနှင့်.. မဟာယာနမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ပင် မရှိသေးပေ။

ဆူဇီမိုက လူအုပ်ကြီးကို တစ်ချက်ဝှေ့ကြည့်လိုက်၏။

အဲဒါက လူသားမျိုးနွယ်၏ ဧကရာဇ်များ အကုန်မဟုတ်သေးပေ။

အနည်းဆုံးတော့ ဆေဘာဧကရာဇ် ဟာမစ်က ရှေးဟောင်းတိုက်ပွဲမြေမှာ ရှိမနေပေ။

ပုံပြောအဘိုးအိုက ဆူဇီမို၏ နောက်သို့ ရောက်ရှိလာပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ရှေးဟောင်းတိုက်ပွဲမြေမှာ ရှိတဲ့ ဧကရာဇ်တွေ အားလုံးနီးပါးတော့ ရောက်လာပြီ.. ဒါပေမဲ့ ငါက လူတစ်ယောက်ရဲ့ တည်နေရာကို ဗေဒင်မတွက်နိုင်ဘူး ဖြစ်နေတယ်”

ခဏမျှ ရပ်တန့်ပြီးနောက် သူက ဆက်ပြောလိုက်၏။

“သူက နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်မှာ မင်းနဲ့ အဆင့်တစ် နေရာကို အတူရယူခဲ့တဲ့ သူရိယစန္ဒာပဲ.. သူကလည်း အခု ဧကရာဇ်တစ်ပါး ဖြစ်နေပြီ”

“သူ့ကို အရေးလုပ်မနေနဲ့တော့”

ဆူဇီမိုက ညင်သာစွာ ခေါင်းခါပြလိုက်၏။

ရုတ်တရက် ဆူဇီမို၏ စိတ်ထဲသို့ အသံတစ်ခုက ဝင်ရောက်လာခဲ့၏။

“ညီအစ်ကိုဆူ.. ငါပြောတာ နားထောင်ဦး”

အဲဒါက ကိုယ်တော်တာမင်း၏ အသံဖြစ်၏။

ဆူဇီမိုက အမူအရာကင်းမဲ့စွာဖြင့် သူ၏ အမူအရာက တည်ငြိမ်နေ၏။

ကိုယ်တော်တာမင်းက ဆက်ပြောလိုက်၏။

“မင်းရှေ့က ဧကရာဇ် ၂၄ပါးထဲမှာ ၅ယောက်က မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားတယ်.. မင်းက ကမ္ဘာဦးမျိုးနွယ် ၃စုနဲ့ ပူးပေါင်းချင်တယ်ဆိုရင် အဲဒီ ဧကရာဇ် ၅ယောက်ကို အရင်သတ်ဖြတ်ရလိမ့်မယ်”

“သူတို့ ၅ယောက်က ဒေါင်ဖန် လှံဧကရာဇ်၊ ရှီမန် ကြေးမုံဧကရာဇ်၊ ကောင်းကင်စင်ရော်ဂိုဏ်းရဲ့ ရှုံးဧကရာဇ်၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းရဲ့ ဖူဧကရာဇ်နဲ့ ပညာဉာဏ်အလင်းကျောင်းတော်က ကိုယ်တော်ကျစ်ဝမ်တို့ပဲ”

“ကျုပ်သိပြီ”

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေသော်လည်း သူက စိတ်ထဲမှာ တုန်လှုပ်သွား၏။

မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားသော ဧကရာဇ်များက သူ တွေးထင်ထားသည်ထက်ပင် ပို၍များပြားနေ၏။

မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်၏ ရိုက်ခတ်မှုက အရမ်းကို ကြီးမားလွန်းလေသည်။

အရင်တုန်းက သူသည်ပင်လျှင် အဲဒီ အဆုံးမဲ့ချောက်နက်ထဲကို နစ်မြုပ်လုနီးပါး ဖြစ်ခဲ့ရ၏။

ထိုဧကရာဇ် ၅ဦးသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားမည်ဆိုလျှင် သူတို့ကို သတ်ဖြတ်ရပေမည်။

သူတို့ ၅ယောက်ကို ကမ္ဘာဦးမျိုးနွယ် ၃စု၏ ဤကပ်ဘေးနှင့် ရင်ဆိုင်ရာမှာ လူသားမျိုးနွယ်၏ ဧကရာဇ်များအကြား ရောထားလိုက်မည်ဆိုလျှင် သူတို့က ရုတ်တရက် တိုက်ခိုက်လာနိုင်လေသည်။ ထိုအချိန်ကျလျှင် ပျက်စီးဆုံးရှုံးမှုက စဉ်းစားကြည့်၍ မရနိုင်အောင် ဖြစ်သွားပေလိမ့်မည်။

“အထီးကျန်သိုင်းသခင်”

ခရမ်းရောင်မိုးကြိုး ဧကရာဇ်က ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုပြီး ပြောလိုက်လေသည်။

“မင်းက ဧကရာဇ်ဘွဲ့ကို ခံယူခါစပဲ ရှိသေးတယ်.. မင်းက ဟိတ်ဟန်တွေ များလွန်းမနေဘူးလား… မင်းက လူသားမျိုးနွယ်က ဧကရာဇ်တွေကို စုစည်းပြီးတော့ ဘာလုပ်ဖို့ ကြိုးစားချင်နေတာလဲ”

“ငါ ဒါကို အရင်ဆုံး ရှင်းအောင် ပြောလိုက်မယ်.. ကမ္ဘာဦးမျိုးနွယ်တွေကြား တိုက်ပွဲကို ငါစိတ်မဝင်စားဘူး”

“အဲဒါ အမှန်ပဲ”

ဒေါင်ဖန် လှံဧကရာဇ်ကလည်း ရှေ့သို့ ထွက်ရပ်လာပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ကမ္ဘာဦးမျိုးနွယ်တွေက သူတို့ဘာသာသူတို့ စိတ်ကျေနပ်အားရတဲ့အထိ သတ်ဖြတ်ကြစမ်းပါစေ.. သူတို့ကြားမှာ နှစ်ဦးနှစ်ဖက် ပျက်စီးထိခိုက်တဲ့ ရလဒ်ဖြစ်လာရင် အကောင်းဆုံးပဲ”

“အထီးကျန်သိုင်းသခင်.. ငါနားမလည်နိုင်ဘူး.. လူသားမျိုးနွယ်က ဒီဘက်မျိုးဆက်မှာ အားနည်းလာပြီ.. မင်းက ငါတို့ကို ဘာလို့ ဒီတိုက်ပွဲမှာ ဝင်ပါခိုင်းချင်ရတာလဲ”

ရှီမန် ကြေးမုံဧကရာဇ်ကလည်း အေးစက်စွာ ပြောလိုက်၏။

“ငါ့အထင်တော့ အဲဒါက လူသားမျိုးနွယ်နဲ့ ဘာမှ မပတ်သက်ဘူး.. ငါတို့အတွက် ဉာဏ်အရှိဆုံး ရွေးချယ်မှုက ဘေးကနေ စောင့်ကြည့်နေဖို့ပဲ.. မင်းရဲ့ ကိုယ်ပွားက နဂါးမျိုးနွယ်မှာ ရှိနေလို့ မင်းက အဲ့လောက်ထိ စိုးရိမ်ကြောင့်ကြနေတာလား”

All Chapters