ကြီးမားသော တိုက်ပွဲ
Vol. 114 Ch. 1701
“ဖူဧကရာဇ်.. မင်းက အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကိုပဲ နားလည်ဆင်ခြင်ထားတာ ငါမှတ်မိပါသေးတယ်”
ပဒေသရာဇ်နန်းတော်၏ ဧကရာဇ်က ရယ်မောလိုက်၏။
“မင်းရဲ့ တိုက်ခိုက်ရည်ခွန်အားက ငါ့ကိုယ်တောင် မယှဉ်နိုင်.. မင်းက သိုင်းဧကရာဇ်ကို ဘယ်လိုတိုက်ခိုက်မှာလဲ”
ဖူဧကရာဇ်၏ အကြည့်က အေးစက်လာပြီး သူက တင်းမာခက်ထန်စွာ ပြောလိုက်၏။
“တိုက်ပွဲဝင်ဧကရာဇ်… သိပ်ပြီး မောက်မာပြမနေနဲ့.. မင်းကိုယ်မင်း လျှာမကိုက်မိအောင် သတိထားဦး”
“ဟမ်”
ပဒေသရာဇ်နန်းတော်၏ တိုက်ပွဲဝင်ဧကရာဇ်က လှောင်ရယ်လိုက်၏။
“မင်း အဲ့လောက်ထိ တိုက်ခိုက်ချင်နေတယ်ဆိုရင် ငါ မင်းနဲ့ တိုက်ခိုက်လိမ့်မယ်”
“အဲ့လိုလုပ်စရာ မလိုတော့ဘူး”
ထိုစဉ်မှာပင် ဆူဇီမိုက ရုတ်တရက် ပြောလိုက်၏။
“ဖူဧကရာဇ်အပြင်.. ငါနဲ့ တိုက်ခိုက်ချင်တဲ့ ဘယ်သူမဆို ရှေ့ကို ထွက်လာခဲ့.. ငါ အထီးကျန်သိုင်းသခင်.. မင်းတို့တွေ အားလုံးကို ဧည့်ခံပေးမယ်”
“ဘယ်လောက်တောင် မောက်မာလိုက်သလဲ”
ဒေါင်ဖန် လှံဧကရာဇ်က အထင်အမြင်သေးသော အမူအရာတစ်ခုနှင့်အတူ ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာ၏။
“ငါလည်း ပါမယ်”
“ငါ့ကိုပါ ထည့်တွက်လိုက်”
ရှီမန် ကြေးမုံဧကရာဇ်ကလည်း ရှေ့သို့ ထွက်လာခဲ့၏။
“ကျုပ်ကလည်း သိုင်းဧကရာဇ်ရဲ့ အစွမ်းအစကို စမ်းသပ်ကြည့်ချင်နေတာ.. ခင်ဗျား ကျုပ်ကို စိတ်မပျက်စေဖို့ မျှော်လင့်ရတာပဲ”
ကောင်းကင်စင်ရော်ဂိုဏ်း၏ ရှုံးဧကရာဇ်က ညင်သာစွာ ပြုံး၍ ဆူဇီမိုဘက်သို့ လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။
အစကတော့ ဓားဧကရာဇ်နှင့် အခြားသူများကလည်း ရှေ့သို့ ထွက်ချင်ခဲ့လေသည်။ သို့သော်လည်း ထိုမြင်ကွင်းကို တွေ့မြင်သောအခါ အခြားသော ဧကရာဇ်များက မျက်မှောင်ကြုတ်၍ နောက်သို့ အနည်းငယ် ဆုတ်လိုက်ကြ၏။
ဧကရာဇ်များအနေဖြင့် သူတို့၏ အဆင့်အတန်းအရ.. အခြားသူများကို အရေအတွက်ဖြင့် အနိုင်မကျင့်လိုကြပေ။
တစ်ခဏချင်းမှာပင် ဧကရာဇ် ၄ဦးက ရှေ့သို့ ထွက်လာခဲ့၏။
ဤဧကရာဇ် ၄ဦးသည် ကိုယ်တော်တာမင်း ပြောခဲ့သည့် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားသော လူများ ဖြစ်လေသည်။
ဆူဇီမို၏ အကြည့်က ကိုယ်တော်ကျစ်ဝမ်ထံ ရွေ့လျားသွားလေသည်။
“ကျစ်ဝမ်.. မင်းတစ်ယောက်ပဲ ကျန်တော့တယ်.. ထွက်လာခဲ့လေ”
ကိုယ်တော်ကျစ်ဝမ်သည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံထားသည့် ပဉ္စမမြောက် ဧကရာဇ်ဖြစ်လေသည်။ သို့သော်လည်း သူက အဲဒါကို ကောင်းကောင်း ဖုံးကွယ်ထားပြီး စောစောက သူ့ဘက်ကနေ အရင်စ၍ ဆူဇီမိုဘက်ကနေ ရပ်တည်ပေးခဲ့လေသည်။
ကိုယ်တော်တာမင်း၏ သတိပေးပြောဆိုခဲ့မှုကြောင့်သာ မဟုတ်လျှင် ဆူဇီမိုသည် ကိုယ်တော်ကျစ်ဝမ်ကို လုံးဝ သံသယဝင်လိမ့်မည် မဟုတ်ပေ။
ကိုယ်တော်ကျစ်ဝမ်က အနည်းငယ် မှင်တက်သွား၏။
“ကျုပ်က ဘာလို့ တိုက်ခိုက်ရမှာလဲ.. ကျုပ်ရဲ့ ရင်ထဲမှာ ခင်ဗျားက ဧကရာဇ်တွေရဲ့ ခေါင်းဆောင်ဖြစ်လာဖို့ တကယ်ပဲ အဆင့်မီတယ်.. ကျုပ်က ခင်ဗျားပေးတဲ့ အမိန့်ကို နားထောင်မှာပေါ့”
“မင်း ထွက်မလာဘူးဆိုရင်တောင်မှ နောက်ပြီးကျရင် ငါ မင်းဆီကို လာခဲ့မယ်”
ဆူဇီမိုက အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်၏။
ကိုယ်တော်ကျစ်ဝမ်က တွေဝေရှုပ်ထွေးချင်ယောင် ဟန်ဆောင်ပြီး ညင်သာစွာ ပြုံးပြလိုက်၏။
“သိုင်းဧကရာဇ်.. ခင်ဗျား တစ်ခုခုလိုအပ်တာရှိရင် ကျုပ်က လိုက်လျောပေးဖို့ အဆင်သင့်ပါပဲ”
ကိုယ်တော်ဖုန်းယွီသည် တွေဝေသွားပြီး သူ့ဘေးတွင် ရှိသော ကိုယ်တော်ကျစ်ဝမ်ကို ကြည့်ကာ ဆူဇီမိုက ဘာကြောင့် ထိုသူကို ရုတ်တရက် ပစ်မှတ်ထားလာသလဲ နားမလည်နိုင်ပေ။
ပုံပြောအဘိုးအိုကသာလျှင် အလေးအနက် စဉ်းစားသွား၏။
ဆူဇီမို၏ အပြုအမူက အကြောင်းရင်း မရှိဘဲ ဖြစ်လာလိမ့်မည် မဟုတ်ဟု သူယုံလေသည်။
“သိုင်းဧကရာဇ်.. မင်း ငါ့ရဲ့ အကူအညီကို လိုသေးလား”
ပုံပြောသူက အသံတစ်ခုကို တိတ်တဆိတ် ပို့လွှတ်လိုက်၏။
“မလိုတော့ပါဘူး”
ဆူဇီမိုက အသံတစ်ခုကို ပြန်လည်ပို့လွှတ်လိုက်၏။
“ကျုပ်က သူတို့တွေကို သုံးပြီး ကျုပ်ရဲ့ နတ်ဘုရားစွမ်းအားကို မီးဆေးချင်နေတာ”
ပုံပြောအဘိုးအို၏ မျက်လုံးက ဝင်းလက်သွား၏။
ဆူဇီမိုသည် အန္တိမ နတ်ဘုရားစွမ်းအားတစ်ခု၏ လေးနက်သိမ်မွေ့မှုကို နားလည်ဆင်ခြင်နေသည် ဆိုတာကို သူပြောနိုင်လေသည်။
သို့သော်လည်း သူက အခွင့်အလမ်းတစ်ခုကို လွဲချော်နေပြီး ဉာဏ်အလင်းပွင့်မှုတစ်ခုကို လိုအပ်နေ၏။
ဆူဇီမိုသည် အဆင့်ချိုးဖျက်တက်လှမ်းဖို့အတွက် ထိုဧကရာဇ်များကို အသုံးချချင်နေ၏။
တခြားသော ဧကရာဇ်များက နောက်သို့ ဆုတ်ခွာပေးလိုက်ကြ၏။
တစ်ခဏချင်းမှာပင်.. နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်အောက်မှာ လူငါးဦးသာလျှင် ကျန်ရစ်ခဲ့လေသည်။
ဆူဇီမိုက အလယ်မှာ ရပ်နေပြီး ကောင်းကင်စင်ရော်ဂိုဏ်း၏ ရှုံးဧကရာဇ်၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ ဖူဧကရာဇ်၊ ရှီမန် ကြေးမုံဧကရာဇ်နှင့် ဒေါင်ဖန် လှံဧကရာဇ်တို့က နေရာလေးခု ခွဲ၍ သူ့ကို ဝိုင်းပတ်ထားကြ၏။
ကောင်းကင်စင်ရော်ဂိုဏ်း၏ ရှုံးဧကရာဇ်က သူ၏ သိုလှောင်အိတ်ကို ပုတ်ပြီး ကျိန်းစပ်နေသော ကြယ်အလင်းရောင်ဖြင့် တောက်ပနေသည့် ဓားတစ်လက်ကို ဆင့်ခေါ်ထုတ်လိုက်၏။
ထိုဓားက တုန်ခါ၍ ၎င်း၏ ဘေးပတ်လည်မှာ အကန့်အသတ်မဲ့သော ကြယ်ပင်လယ်တစ်ခု ဖြစ်ပေါ်လာသည်ဟု ထင်ရပြီး လျှို့ဝှက်ဆန်းကြယ်ကာ ကျယ်ပြောနေ၏။
ဓားထံကနေ ဧကရာဇ်တာအို၏ စွမ်းပကားက ဖြာထွက်နေ၏။
အဲဒါက အစစ်အမှန် ဧကရာဇ်လက်နက်တစ်ခု ဖြစ်၏။
“ဟမ့်”
ရုတ်တရက်.. ပုံပြောသူက မျက်မှောင်ကြုတ်လိုက်၏။
သူသိထားသလောက်.. ကောင်းကင်စင်ရော်ဂိုဏ်း၏ ရှုံးဧကရာဇ်သည် အန္တိမ နတ်ဘုရားစွမ်းအားနှစ်ခုကို နားလည်ဆင်ခြင်ထားပြီး လူသားမျိုးနွယ်၏ ဧကရာဇ်များကြားမှာ ပညာရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်လေသည်။
သို့သော်လည်း အန္တိမ နတ်ဘုရားစွမ်းအားနှစ်ခုသည် ဤကဲ့သို့ စွမ်းအားကြီးမားသော ဧကရာဇ်လက်နက်တစ်ခုကို သန့်စင်မွမ်းမံနိုင်စရာ အကြောင်းမရှိပေ။
ရွှစ်..
ဓားက သူ၏ လက်ထဲကနေ ပျံသန်းသွားပြီး လေထုကို ဆုတ်ဖြဲလာခဲ့၏။ ချက်ချင်းပင် ကန့်သတ်မဲ့ ကြယ်ပင်လယ်က စုစည်း၍ ဓားထဲသို့ ပြန်လည်ဝင်ရောက်သွား၏။
ဓားက ကြယ်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ဆူဇီမို၏ ရှေ့သို့ ချက်ချင်းပင် ရောက်ရှိလာ၏။
တစ်ချိန်တည်းမှာပင် ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ ဖူဧကရာဇ်က တိုက်ခိုက်လာ၏။
ဖူဧကရာဇ်သည် မကောင်းဆိုးဝါးဆန်ဆန် အေးစက်နေသော အော်ရာတစ်ခု ဖြာထွက်နေသည့် ရွှေညိုရောင် ဆေဘာတစ်လက်ကို ဆွဲထုတ်လိုက်၏။
သူ၏ ပုံရိပ်က အလှည့်အပြောင်းမြန်စွာ တရိပ်ရိပ် လှုပ်ရှားနေ၏။ သို့သော်လည်း တစ်ခဏချင်းမှာပင် သူသည် ဆူဇီမို၏ ဘေးသို့ ရောက်ရှိလာပြီး သူ၏ လှုပ်ရှားမှု နည်းစနစ်သည် ကောင်းကင်စင်ရော်ဂိုဏ်းမှ ရှုံးဧကရာဇ်၏ ဧကရာဇ်လက်နက်ထက် မနိမ့်ကျပေ။
“သေစမ်း”
ဒေါင်ဖန် လှံဧကရာဇ်က လေထဲသို့ ခုန်တက်ပြီး သူ၏ လက်နှစ်ဖက်ကို သူ၏ ဦးခေါင်းပေါ်သို့ မြှောက်တင်လိုက်၏။ သိပ်သည်းလေးလံ၍ နက်မှောင်နေသော လှံတစ်လှံကို သူ၏ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး ဆူဇီမို၏ ဦးခေါင်းထက်သို့ ပစ်ထိုးချလိုက်၏။
တစ်ချိန်တည်းနီးပါးမှာပင်.. ရှီမန် ကြေးမုံဧကရာဇ်ကလည်း တိုက်ခိုက်လာ၏။
သူ၏ လက်ထဲမှာ ရှေးဟောင်းကြေးမုံတစ်ချပ် ရှိနေပြီး ၎င်းက ဆူဇီမိုပေါ်သို့ အလင်းမီးမောင်းတစ်ခုကို ထိုးချလိုက်၏။
ရွှစ်..
အဖြူရောင်အလင်းက ဆူဇီမိုပေါ်ကို အုပ်မိုးသွားပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုကို ဖြာထုတ်ပေးလာ၏။
ရှေးဟောင်းကြေးမုံ၏ စွမ်းအားသည် အဖြူရောင် ချိန်းကြိုးများအဖြစ် ပြောင်းလဲသွားပြီး ဆူဇီမိုကို တင်းကျပ်စွာ ရစ်ပတ်လာခဲ့၏။
ဧကရာဇ် ၄ဦးက တစ်ချိန်တည်းမှာ တိုက်ခိုက်လာကြလေပြီ။
ဧကရာဇ်တစ်ပါး၏ အဆင့်၌ သူတို့သည် သေခြင်း ရှင်ခြင်း တိုက်ပွဲပေါင်းများစွာကို ဖြတ်ကျော်ခဲ့ပြီးလေပြီ။ သူတို့သည် အရင်က တစ်ခါမှ မပူးပေါင်းခဲ့ဖူးလျှင်တောင် သူတို့၏ ပထမဆုံး အချိတ်အဆက်က ချို့ယွင်းချက်ကင်းမဲ့နေ၏။
သူတို့သည် အနီးအဝေး တိုက်ခိုက်မှုများကို ထုတ်ဖော်ပြီး ဆူဇီမို၏ ပုံရိပ်ကို လျှို့ဝှက်အတတ်များနှင့်ပင် ကန့်သတ်ချုပ်နှောင်လိုက်ကြ၏။
ဆူဇီမိုက ချက်ချင်းပင် ဖိနှိမ်ခံလိုက်ရ၏။
လက်ရှိဧကရာဇ်များက တုန်လှုပ်သွားကြလေသည်။
ဘာတွေဖြစ်ကုန်တာလဲ…။
ပဒေသရာဇ်နန်းတော်၏ တိုက်ပွဲဝင်ဧကရာဇ်က မျက်မှောင်ကြုတ်၍ သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်လိုက်၏။
“အဲဒါက ဘယ်လိုလုပ် လက်ရည်စမ်းတယ်လို့ ခေါ်မှာလဲ.. သူတို့က သိုင်းဧကရာဇ်ကို သတ်ဖြတ်ဖို့ ကြိုးစားနေကြတာမလား”
“သူတို့လေးယောက်ရဲ့ တိုက်ခိုက်ရည်ခွန်အားက အဲ့လောက်တောင် သန်မာနေပြီလား”
ဓားဧကရာဇ်ကလည်း သူ၏ မျက်လုံးကို မှေးကျဉ်းလိုက်၏။
“သူတို့လေးယောက်က အရင်ကထက် အများကြီးပိုပြီး သန်မာလာတဲ့ပုံပဲ.. သူတို့က အန္တိမ နတ်ဘုရားစွမ်းအား တစ်ခုနှစ်ခုလောက်ကိုပဲ နားလည်ဆင်ခြင်ထားတာ မဟုတ်လောက်တော့ဘူး”
လက်ရှိဧကရာဇ်များ အားလုံးသည် တိတ်တဆိတ် တုန်လှုပ်သွားကြ၏။ သူတို့သာ ဆူဇီမို၏ နေရာမှာ ရှိမည်ဆိုလျှင် သူတို့ထဲ မည်သူကမှ ဤကဲ့သို့သော တိုက်ခိုက်မှုကနေ မထိမခိုက် ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ပေ။
ဖြစ်နိုင်ခြေ ရှိသည်မှာ အန္တိမ နတ်ဘုရားစွမ်းအားလေးခုကို နားလည်ဆင်ခြင်ထားသည့် ဂမ္ဘီရ ဧကရာဇ်သာလျှင် ထွက်ပြေးလွတ်မြောက်နိုင်ပေလိမ့်မည်။
“ကောင်းပြီလေ”
ထိုစဉ်မှာပင် ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားပြီး သူက နောက်ဆုတ်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်း မရှိပေ။ ကျယ်လောင်စွာ အော်ဟစ်၍ သူ၏ သွေးချီကို လှည့်ပတ်ပြီး သူ၏ အော်ရာက ၎င်း၏ အထွတ်အထိပ်ထိ ချက်ချင်းပင် မြင့်တက်လာ၏။
ဘုန်း.. ဘုန်း.. ဘုန်း..
ဆူနာမီအသံက တလိပ်လိပ်ထိုးတက်လာ၏။
ထို့နောက် ချက်ချင်း.. သူ၏ နောက်ဘက်မှာ ကျောက်စိမ်းရောင် ဖန်တီးခြင်း ကြာပဒုမ္မာက ကောင်းကင်ထက်သို့ ပျံတက်လာ၏။ ၎င်းက ညင်သာစွာ ယိမ်းနွဲ့၍ အစိမ်းရောင် ရောင်ခြယ်စက်ဝန်းတစ်ခုကို ဖြာထုတ်ပေးလိုက်၏။
ဖျောက်.. ဖျောက်.. ဖျောက်..
ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်ရှိ အချုပ်အနှောင်များသည် ဖြစ်ပေါ်လာသည့် ခဏမှာပင်.. ဖန်တီးခြင်း ကြာပဒုမ္မာဖြင့် ချိုးဖျက်ခြင်း ခံလိုက်ရ၏။
ကျောက်စိမ်းရောင် ကြာပန်းက ကောင်းကင်ထက်သို့ ပျံတက်လာပြီး ကောင်းကင်ထက်ကနေ ဆင်းသက်လာသော ဒေါင်ဖန် လှံဧကရာဇ်၏ လှံနှင့် ကျယ်လောင်စွာ ထိတွေ့ရိုက်ခတ်သွား၏။
ဘုန်း..
ဆူဇီမို၏ မျိုးဆက်သွေးနယ်မြေက နက်မှောင်နေသော လှံနှင့် ထိတွေ့ရိုက်ခတ်သောအခါ လောကက တုန်ခါ၍ ရာသီဥတုက ပြောင်းလဲသွား၏။
ကျောက်စိမ်းရောင် ဖန်တီးခြင်း ကြာပဒုမ္မာက အနည်းငယ် ယိမ်းနွဲ့သွားပြီး အစိမ်းရောင် ရောင်ခြယ်စက်ဝန်းက ပြန့်ကျဲကာ ဒေါင်ဖန် လှံဧကရာဇ်၏ တိုက်ခိုက်မှုဖြင့် ကြေမွှလုနီးပါး ဖြစ်သွား၏။
“ဟမ့်”
ပုံပြောအဘိုးအိုက တီးတိုးရေရွတ်ရင်း သူ၏ အကြည့်က အေးခဲတောင့်တင်းသွား၏။
“အန္တိမ နတ်ဘုရားစွမ်းအား ၃ခုပဲ”
ဒေါင်ဖန် လှံဧကရာဇ် စောစောက ထုတ်ဖော်လိုက်သော စွမ်းအားသည် အန္တိမ နတ်ဘုရားစွမ်းအား တစ်ခုကိုသာ နားလည်ဆင်ခြင်ထားသည့် အဆင့်မှာ သေချာပေါက် မဟုတ်တော့ပေ။
အခြားသော ဧကရာဇ်များကလည်း အဲဒါကို သတိထားမိလိုက်ကြ၏။
သူတို့ မတွေ့မြင်ရသည့် အချိန်များမှာ ဒေါင်ဖန် လှံဧကရာဇ်သည် အန္တိမ နတ်ဘုရားစွမ်းအား ၃ခုကို နားလည်ဆင်ခြင်လာနိုင်ခဲ့လေသည်။
တိုက်ပွဲမြေပြင်မှာ.. ကောင်းကင်စင်ရော်ဂိုဏ်းမှ ရှုံးဧကရာဇ်၏ ကြယ်အလင်းက ဆင်းသက်လာခဲ့၏။
ဆူဇီမိုက လက်လှမ်းပြီး ကြယ်အလင်းရောင်ကို လက်ဗလာဖြင့် လှမ်းဆွဲလိုက်၏။
“မင်းက တော်တော်ဘဝင်မြင့်နေတာပဲ”
ရှုံးဧကရာဇ်၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အလင်းတစ်ခုက ဖျတ်ခနဲ လက်သွား၏။
ကြယ်အလင်းရောင်သည် အထီးကျန်သိုင်းသခင်၏ လက်ဖဝါးကို ထိုးဖောက်ပစ်ဖို့ လုံလောက်သည်ဟု သူက ယုံကြည်လေသည်။
သူသည် အန္တိမ နတ်ဘုရားစွမ်းအား ၄ခုကို နားလည်ဆင်ခြင်နိုင်ခဲ့ပြီဆိုတာကို မည်သူကမှ မသိကြသေးပေ။
ဖောက်…
သွေးရောင် အလင်းတန်းတစ်ခုက ဖျတ်ခနဲ လက်သွားပြီး ကြယ်အလင်းတန်းက ဆူဇီမို၏ လက်ဖဝါးကို ထိုးဖောက်ကာ သူ၏ နှာရောင်ဆီသို့ ဝင်ရောက်လာ၏။