← Chapters

ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်

Vol. 114 Ch. 1703

ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်

Vol. 114 Ch. 1703

“သူက သေမသွားဘူးလား”

ဒေါင်ဖန် လှံဧကရာဇ်၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုဖြင့် တောက်ပလာ၏။ လျှပ်စီးလို အမြန်နှုန်းနှင့်အတူ သူက ဆူဇီမို၏ အောက်သို့ ရောက်ရှိသွားပြီး သူ့လက်ထဲရှိ လှံကို ဝှေ့ယမ်းလိုက်၏။

မနှိုင်းယှဉ်သာအောင် စွမ်းအားကြီးမားသော နတ်ဘုရားစွမ်းအားတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး ဖျတ်ခနဲဆို နက်မှောင်နေသော လှံက ပျောက်ကွယ်သွားသည်ဟု ထင်ရ၏။

၎င်း၏ နေရာမှာ နက်မှောင်နေသော နတ်နဂါးတစ်ကောင် ပေါ်ထွက်လာ၏။

“ပုန်ကန်နဂါး ဖြိုခွဲခြင်း”

ဒေါင်ဖန် လှံဧကရာဇ်က ဟိန်းဟောက်လိုက်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ကာ လှံတာအို၏ အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။

နတ်နဂါးသည် လေထုကို ဆုတ်ဖြဲ၍ အပေါ်သို့ နွယ်တက်သွားပြီး ပြိုင်ဘက်ကင်း အော်ရာတစ်ခုနှင့်အတူ ဆူဇီမိုထံသို့ ပြေးဝင်သွားလေသည်။

ဘန်း..

ဤတစ်ခေါက်မှာတော့ ၎င်းသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို တည့်တည့်မတ်မတ် ထိမှန်သွားလေသည်။

ဆူဇီမိုက လေထဲကနေ အဝေးသို့ လွင့်စင်ထွက်သွားပြီး သူ၏ ခန္ဓာကိုယ်ကနေ သွေးမြူတစ်ခု ပေါက်ကွဲထွက်ကာ အရိုးများ ကြိတ်ချေသံက ထွက်ပေါ်လာ၏။

ထိုတိုက်ခိုက်မှုတစ်ရပ်သည် သူ၏ အရိုးများစွာကို ကြေမွသွားစေ၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အပိုင်းပိုင်း ခြေမွှခံရလုနီးပါး ဖြစ်သွားခဲ့၏။ ထိုမျှသာမက နတ်နဂါးသည် ဆူဇီမို၏​ ဘေးမှာ လှည့်ပတ်နေဆဲဖြစ်ပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အသားများကို အဆက်မပြတ် ကိုက်ဖြဲနေ၏။ သွေးများက ကောင်းကင်ထက်မှာ နီစွေးသွားလေသည်။

ဆူဇီမိုသည် ဧကရာဇ်တစ်ပါး ဖြစ်လာပြီးကတည်းက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဤကဲ့သို့ ပြင်းထန်သည့် ဒဏ်ရာများကို မတွေ့ကြုံခဲ့ရပေ။

ထိုစဉ်မှာပင်.. ရှီမန် ကြေးမုံဧကရာဇ်၊ ကောင်းကင်စင်ရော်ဂိုဏ်း၏ ရှုံးဧကရာဇ်နှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ ဖူဧကရာဇ်တို့က နောက်တစ်ဖန်တိုက်ခိုက်လာပြီး နောက်ထပ် အန္တိမ နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်လိုက်ကြ၏။

“မရဏ လှီးဖြတ်ခြင်း”

ဧကရာဇ်သုံးပါးသည် သူတို့၏ အမြုတေစိတ်ဝိညာဉ်များကို လှည့်ပတ်ပြီး သူတို့ရှေ့မှာ သူတို့၏ လက်များကို လှုပ်ရှားလိုက်ကြလေသည်။

ဧကရာဇ်သုံးပါး၏ လက်ဖဝါးများကြားမှာ နတ်ဘုရားစွမ်းအားများ၏ စွမ်းအားက အဆက်မပြတ် လည်ပတ်လာပြီး ကြီးမားသော မရဏ လှည်းဘီးတစ်ခုကို ဖြစ်ပေါ်လာစေ၏။ ၎င်း၏ အနားစောင်းများက မညီမညာသော အချွန်အတက်များဖြင့် ပြည့်နှက်နေပြီး ပိန်းပိတ်အောင် နက်မှောင်ကာ ဆူဇီမိုထံသို့ လိမ့်ဝင်သွားလေသည်။

အဲဒါသည် မဟာဆုတ်ဖြဲခြင်း နည်းစနစ်နှင့် မဟာခုတ်ထွင်ခြင်း နည်းစနစ်ကဲ့သို့ အဆင့်မြင့်နတ်ဘုရားစွမ်းအားများစွာကို ပေါင်းစည်းထားသည့် အန္တိမ နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်လေသည်။ ၎င်း၏ သတ်ဖြတ်ခြင်းစွမ်းအားက အရမ်းကို ကြောက်စရာကောင်းလေသည်။

လှည်းဘီးသုံးခုက ချောက်ချားစရာကောင်းသော မရဏ အော်ရာနှင့်အတူ ဆင်းသက်လာခဲ့၏။

ဆူဇီမိုသည် နတ်နဂါး၏ လိုက်လံတိုက်ခိုက်မှုကနေ ရုန်းမထွက်နိုင်ခင်မှာပင် နက်မှောင်နေသော လှည်းဘီးသုံးခုက ဆင်းသက်လာခဲ့လေပြီ။

သူသည် ဒဏ်ရာ အပြင်းအထန်ရရှိထားသော သူ၏ ခန္ဓာကိုယ်ကို ဒရွတ်တိုက်ဆွဲပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ကာ ထွက်ပြေးခြင်း နည်းစနစ်များစွာကို ထုတ်ဖော်လိုက်၏။ သူသည် နက်မှောင်နေသော လှည်းဘီးတစ်ခုကို အနိုင်နိုင် ရှောင်တိမ်းလိုက်နိုင်သော်လည်း သူသည် နောက်ထပ် နှစ်ခုကို မရှောင်နိုင်တော့​ပေ။

သူက ခုခံဖို့အတွက် သူ၏ လက်နှစ်ဖက်ကို မြှောက်လိုက်၏။

ဖောင်း..

သွေးရောင်က ဖြာလက်သွား၏။

နက်မှောင်နေသော လှည်းဘီးနှစ်ခုက ဆူဇီမို၏ လက်နှစ်ဖက်ပေါ်သို့ ဆင်းသက်သွားလေသည်။ သူတို့က မလှုပ်မယှက် ရှိနေသည်ဟု ထင်ရသော်လည်း တကယ်တော့ မြင့်မားသော အလျင်အဟုန်ဖြင့် လည်ပတ်နေခြင်း ဖြစ်လေသည်။

ချက်ချင်းနီးပါးပင် ဆူဇီမို၏ လက်နှစ်ဖက်က လှီးဖြတ်ခံလိုက်ရပြီး အလွန်တရာ ချောက်ချားစရာကောင်းသော ပုံစံဖြင့် သွေးများက အဘက်ဘက်သို့ ပန်းထွက်သွား၏။

ဆူဇီမို၏ မျက်နှာက ဖြူဖျော့သွားပြီး တိတ်တဆိတ်ဖြင့် အံကို ကြိတ်နေ၏။ သူသည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို ရူးသွပ်စွာ လှည့်ပတ်ပြီး ထာဝရအသက်ဓာတ်ကို ထိန်းချုပ်ကာ သူ၏ လက်များကို ပြန်လည်ပေါက်စေချင်လေသည်။

သို့သော်လည်း ပြတ်တောက်သွားသော လက်နှစ်ဖက်၏ ဒဏ်ရာများ ပတ်လည်မှာ ကြွယ်ဝသော မရဏ အော်ရာတစ်ခုက ရစ်ဝဲနေလေသည်။ ၎င်းသည် ဆွေးရိတိုက်စားတတ်ပြီး ထာဝရ အသက်ဓာတ်နှင့် တစ်ခုကိုတစ်ခု ချေဖျက်ကာ အဆက်မပြတ် ဝါးမျိုနေကြ၏။ ကောင်းကင်စင်ရော်ဂိုဏ်း၏ ရှုံးဧကရာဇ်နှင့် အခြားဧကရာဇ်များသည် အန္တိမ နတ်ဘုရားစွမ်းအား ၃ခု သို့မဟုတ် ၄ခုစီကို နားလည်ဆင်ခြင်ထားကြပြီး အလွန်တရာ သန်မာနေကြ၏။

ထာဝရ အသက်ဓာတ်ပင်လျှင် မရဏ လှီးဖြတ်ခြင်းကနေ ဖြစ်ပေါ်လာသော ဒဏ်ရာများကို မခုခံနိုင်တော့ပေ။

တကယ်တော့ ဆူဇီမိုက အေးအေးဆေးဆေး အားဖြည့်နိုင်မည်ဆိုလျှင် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ပြန်လည်ကုသနိုင်စွမ်းအရ သူ၏ ဒဏ်ရာများ သက်သာပျောက်ကင်းလာဖို့က သိပ်ကြာလိမ့်မည် မဟုတ်ပေ။

သို့သော် ယခုအခါ အကြိတ်အနယ်ရှိသော တိုက်ပွဲနယ်မြေမှာ ဧကရာဇ် လေးဦးသည် ကြမ်းကြုတ်ခက်ထန်နေပြီး ဆူဇီမိုကို အသက်ရှူခွင့်ပင် မပေးလိုကြပေ။

ထာဝရ အသက်ဓာတ်ကို နားလည်ဆင်ခြင်ထားသည့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို တရစပ် တိုက်ခိုက်နေမှသာ ၎င်းက ပြန်လည်ကုသနိုင်ခြင်း မရှိဘဲ နောက်ဆုံးမှာ အားအင်ကုန်ခမ်း၍ သေဆုံးမည်ဟု ဧကရာဇ် လေးဦးက နားလည်သိရှိထားကြလေသည်။

“သိုင်း ဧကရာဇ်..”

ထိုသည်ကို တွေ့မြင်သောအခါ နှင်းပုံတောင်ကြား ဧကရာဇ်နှင့် အခြားသူများ၏ မျက်လုံးထဲမှာ နက်ရှိုင်းသော စိုးရိမ်ပူပန်မှုက ထင်ဟပ်လာ၏။

သူတို့၏ ထင်မြင်ချက်အရ အထီးကျန်သိုင်းသခင်က ဤတိုင်းသာ ဆက်သွားလျှင် သေချာပေါက် သေရပေတော့မည်။

“ငါတို့က ဒီတိုင်းပဲ ကြည့်နေရမှာလား”

ပဒေသရာဇ်နန်းတော်၏ တိုက်ပွဲဝင် ဧကရာဇ်က သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ပြီး မျက်လုံးပြူး၍ စိုက်ကြည့်နေ၏။

သူက ဆက်လက်၍ သည်းမခံနိုင်တော့ပေ။

ကိုယ်တော်ကျစ်ဝမ်က ပြောလိုက်၏။

“ဒီတိုက်ပွဲက သိုင်းဧကရာဇ်ရဲ့ ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်မှုပဲ.. ခင်ဗျားတို့က သူ့ကို ကူညီပေးမယ်ဆို.. သူက အနိုင်ရခဲ့မယ်ဆိုရင်တောင် သူ့အနေနဲ့ တခြားလူတွေကို ယုံကြည်လက်ခံလာစေဖို့ ခက်ခဲသွားလိမ့်မယ်”

“နောက်ပြီး ခင်ဗျားတို့ ဝင်ပြီး တိုက်ခိုက်မယ်ဆိုရင်တောင်မှ အခြေအနေအပေါ် ဘာမှ သက်ရောက်စေနိုင်မှာ မဟုတ်ဘူး”

ပဒေသရာဇ်နန်းတော်၏ တိုက်ပွဲဝင် ဧကရာဇ်သည် အန္တိမ နတ်ဘုရားစွမ်းအား ၂ခုကိုသာ နားလည်ဆင်ခြင်ထား၏။

တိုက်ပွဲနယ်မြေရှိ အနက်ရောင် လှည်းဘီးတစ်ခုကပင် တိုက်ပွဲဝင် ဧကရာဇ်ကို ဒဏ်ရာ အပြင်းအထန် ရရှိသွားစေဖို့ လုံလောက်လေသည်။

ပုံပြောအဘိုးအိုက တည်တံ့သော အမူအရာနှင့်အတူ မျက်မှောင်ကြုတ်နေ၏။

စောစောက သူသည်လည်းပဲ ဆူဇီမိုကို ကယ်တင်ရန် တိုက်ပွဲနယ်မြေသို့ ဝင်ရောက်လုနီးပါး ဖြစ်ခဲ့၏။

လူသားဧကရာဇ်နန်းတော်၏ နန်းတော် အစောင့်အရှောက်အနေဖြင့် သူသည် ဆူဇီမို အသတ်ခံရမည်ကို စောင့်ကြည့်နေစရာ အကြောင်းမရှိပေ။

သို့သော်လည်း တိုက်ပွဲ မစခင် ဆူဇီမို ပြောခဲ့သည့် စကားကို သူက အမှတ်ရသွား၏။

ပုံပြောအဘိုးအိုက ဆူဇီမို၏ မျက်လုံးများကို ကြည့်လိုက်၏။

သူသည် ဒဏ်ရာ အပြင်းအထန် ရရှိထားပြီး သေကြေပျက်သုဉ်းရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော်လည်း သူ၏ မျက်လုံးများက တစ်မူထူးခြားအောင် တည်ငြိမ်၍ ဝင်းလက်တောက်ပနေ၏။

ပုံပြောအဘိုးအိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး အဲဒါကို သည်းခံကာ အချိန်မရွေး တိုက်ခိုက်ဖို့ ပြင်ဆင်ရင်း ဆက်လက်စောင့်ကြည့်နေ၏။

တိုက်ပွဲနယ်မြေမှာ…

ဧကရာဇ်လေးဦး၏ အန္တိမ နတ်ဘုရားစွမ်းအားများသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပေါ် သိပ်သည်းပြင်းထန်သော ပျက်စီးထိခိုက်မှုကို ဖြစ်စေ၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် လက်နှစ်ဖက်ကို ဆုံးရှုံးထားပြီး အသက်ဆယ်ရှိုက်စာ ကြာပြီးတာတောင် သူတို့က ပြန်လည်ပေါက်ဖွားမလာခဲ့ပေ။

ထိုမျှသာမက.. သူ့လက်နှစ်ဖက်ပေါ်ရှိ ဒဏ်ရာများက ပုပ်အဲ့အဲ့ အနံ့တစ်ခုနှင့်အတူ ဆွေးရိလာခဲ့ပြီဖြစ်၏။

သူ၏ နတ်ဘုရားစွမ်းအားများနှင့် ထွက်ပြေးခြင်း နည်းစနစ်များကို မှီခို၍ ဆူဇီမိုသည် ဧကရာဇ်လေးဦး၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ရှေ့တိုး နောက်ဆုတ် ရှောင်တိမ်းနေ၏။

သို့သော်လည်း တကယ်တမ်းမှာတော့ ဆူဇီမိုသည် ထိုအခိုက်အတန့်မှာ လျှို့ဝှက်ဆန်းကြယ်သော အခြေအနေတစ်ခုသို့ ကျဆင်းသွားခဲ့ပြီဖြစ်၏။ သူ၏ စိတ်က အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုအပေါ် နားလည်ဆင်ခြင်ခြင်းမှာ လုံးဝ နစ်မျောသွားခဲ့ပြီဖြစ်၏။

သူ၏ ရှောင်တိမ်းနေသော အပြုအမူက ပင်ကိုအသိစိတ်အရ အလိုအလျောက် တုံ့ပြန်မှု ဖြစ်လေသည်။

ဘန်း..

ဆူဇီမို၏ နောက်ဘက်ရှိ ဆန်းကြယ်တောင်ပံများက အနက်ရောင် လှည်းဘီးဖြင့် ဆုတ်ဖြဲခံလိုက်ရပြီး ပျက်ပြယ်သွားလေသည်။

ချက်ချင်းပင် ဆူဇီမို၏ လှုပ်ရှားမှု နည်းစနစ်က နှေးကွေးသွား၏။

“သေလိုက်တော့”

ကောင်းကင်စင်ရော်ဂိုဏ်းမှ ရှုံးဧကရာဇ်၏ မျက်လုံးနှစ်ဖက်က ဝင်းလက်သွားပြီး ရှေ့သို့ လက်ညိုးထိုးကာ အနက်ရောင် လှည်းဘီးကို ဆူဇီမို၏ လည်ပင်းဆီသို့ ပျံသန်းသွားစေ၏။

ဖောက်…

သွေးများက ရေပန်းတစ်ခုကဲ့သို့ ပန်းထွက်လာ၏။

ဆူဇီမို၏ ဦးခေါင်းက အနက်ရောင်လှည်းဘီးဖြင့် လှီးဖြတ်ခံလိုက်ရပြီး လေထဲကနေ ပြုတ်ကျကာ ကြေမှုန့်သွားလေသည်။

သူ၏ ဦးခေါင်း ဖြတ်တောက်ခံလိုက်ရခြင်းနှင့်အတူ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် လုံးဝ ပျက်စီးသွားပြီဟု အဓိပ္ပာယ်ရလေသည်။

သို့သော်လည်း ယိုယွင်းပျက်စီးနေသော အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက လေထဲမှာ လွင့်မျောနေဆဲဖြစ်၏။

ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်က ဖန်တီးခြင်း ကြာခုံပေါ်မှာ ထိုင်၍ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ လည်ပင်းထက်မှာ ရစ်ဝဲနေ၏။

“အား… သိုင်းဧကရာဇ်ကတော့ သွားပါပြီ”

“ဟုတ်တယ်.. ဖန်တီးခြင်း ကြာပဒုမ္မာကတောင် အန္တိမ နတ်ဘုရားစွမ်းအား နှစ်ခု သုံးခု ကွာဟနေတာကို မဖာထေးပေးနိုင်တော့ဘူး.. ကွာဟချက်က အရမ်းကို ကြီးမားနေပြီ”

“အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ပျက်စီးသွား​ပြီ.. အမြုတေစိတ်ဝိညာဉ်တစ်ခုပဲ ကျန်တော့တယ်ဆိုတော့.. သူက ဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူး”

ဧကရာဇ်များစွာက ယူကျုံးမရသော အမူအရာများနှင့်အတူ သူတို့၏ ခေါင်းများကို ခါယမ်းလိုက်ကြ၏။

“မင်း ခန္ဓာကိုယ်ရဲ့ ကာကွယ်မှု မရှိဘဲ မင်း အသက်ရှင်နိုင်ဦးမလား ကြည့်ရသေးတာပေါ့”

ဒေါင်ဖန် လှံဧကရာဇ်က လှောင်ရယ်လိုက်ပြီး သူ့လက်ထဲရှိ လှံကို ဝှေ့ယမ်းကာ ဖန်တီးခြင်းကြာခုံပေါ်ရှိ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်ကို ပစ်ထိုးလိုက်လေသည်။

ရုတ်တရက်ဆိုသလို…

ဖန်တီးခြင်းကြာခုံပေါ်ရှိ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်က ၎င်း၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။

အမြုတေစိတ်ဝိညာဉ်၏ မျက်လုံးထဲကနေ နတ်ဘုရားဆန်ဆန် အလင်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာ၏။

ထို့နောက် ချက်ချင်းပင်.. အလွန်တရာ စွမ်းအားကြီးမားသော နတ်ဘုရားစွမ်းအားတစ်ခုက ယိုယွင်းပျက်စီးနေသော အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထဲကနေ ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ မျိုးဆက်သွေး၊ အရိုးတို့နှင့် ဒဏ်ရာများကို အရူးအမူး ဆေးကြောသန့်စင်ပေးလိုက်၏။

ချွမ်း..

နက်မှောင်နေသော လှံက အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်နှင့် ထိခတ်တော့မည့်ဆဲဆဲမှာပင်.. အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ လည်ပင်းကနေ ဦးခေါင်းတစ်လုံးက ရုတ်တရက် ကြီးထွားပေါ်ထွက်လာပြီး အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်ကို ကာကွယ်ပေးလိုက်၏။

အနက်ရောင် လှံသည် ထိုဦးခေါင်းကို မထိုးဖောက်နိုင်ပေ။ ထိုအစား ၎င်းသည် သတ္တုချင်း ထိခတ်သံနှင့်အတူ ပြန်ကန်ထွက်သွား၏။

ထို့နောက် ချက်ချင်းပင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ လက်နှစ်ဖက်က ပြန်ပေါက်လာခဲ့၏။

တစ်ခဏချင်းမှာပင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိသွားခဲ့လေသည်။

အဲဒါနှင့် ပြီးဆုံးမသွားသေးပေ။

သူ့ဦးခေါင်း၏ အခြားတစ်ဖက်တွင် နောက်ထပ် ဦးခေါင်းတစ်လုံးက ပေါက်ဖွားလာခဲ့၏။

ရုတ်တရက်.. အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပေါ်တွင် နောက်ထပ် လက်နှစ်ဖက်ကလည်း ပေါ်ထွက်လာ၏။

“ဒါက… “

များစွာသော ဧကရာဇ်များက မျက်လုံးအပြူးသား ဖြစ်သွားကြ၏။

တတိယမြောက် ဦးခေါင်းနှင့် တတိယမြောက် လက်တစ်စုံက ထပ်မံပေါ်ထွက်လာသောအခါ.. ဧကရာဇ်များသည် တုန်လှုပ်စွာဖြင့် အံ့အားတသင့် ရေရွတ်လိုက်ကြ၏။

“အန္တိမ နတ်ဘုရားစွမ်းအား.. ခေါင်းသုံးလုံး လက်ခြောက်ဖက်…”

All Chapters