ဗလာနယ် ၄မျိုး
Vol. 114 Ch. 1706
မသတီစရာကောင်းသော ထိုလျှာနီသည် အလွန်တရာမြန်ဆန်လေသည်။ ကိုယ်တော်ခုံးယွင်သည် အချိန်တိုအတွင်းမှာ သူ၏ ခန္ဓာကိုယ်ကို ပြန်လည်မတည်ဆောင်နိုင်ဘဲ အန္တရာယ်များသောအခြေအနေတစ်ခုသို့ ချက်ချင်းပင် ကျရောက်သွား၏။
ရွှစ်...
ရုတ်တရက်ဆိုသလို...
စာလိပ်တစ်ခုက ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး လျင်မြန်စွာပြန့်ကားသွား၏။ စာလိပ်ပေါ်မှာ သွေးရောင်စာလုံးအချို့ရှိနေသော်လည်း သူတို့က အရောင်အဝါမှေးမှိန်နေပြီဖြစ်၏။
စာလိပ်သည် ကိုယ်တော်ခုံးယွင်ကို ဝိုင်းပတ်ပြီး စကားလုံးအချို့က အပြင်ဘက်သို့ လျှံထွက်နေ၏။
ကိုယ်တော်ကျစ်ဝမ်၏ လျှာသည် စာလိပ်ကို ထိတွေ့မိသွားလေသည်။ ပါးလွှာပုံရသော စာရွက်ကို ထိုးဖောက်သွားရမည့်အစား အစိမ်းရောင်မီးခိုးများက အူထွက်လာ၏။
ရှဲ....
မသတီစရာ လျှာနီနီသည် စွမ်းအားတချို့ဖြင့် လောင်ကျွမ်းခံလိုက်ရသည့်အလား နောက်သို့ ဆုတ်ခွာသွား၏။
ကိုယ်တော်ကျစ်ဝမ်က ခပ်သဲ့သဲ့ညည်းတွားရင်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
“လူသားဧကရာဇ်ရဲ့ ဓမ္မအမိန့်ပြန်တမ်း”
ဧကရာဇ်များကြားမှာ တချို့က ထိုစာလိပ်၏ဇာစ်မြစ်ကို မှတ်မိသိရှိသွားကြ၏။
ဆူဇီမိုသည် အချိန်မီတုံ့ပြန်ခဲ့ပြီး ကိုယ်တော်ခုံးယွင်ကို ကယ်တင်ဖို့အတွက် လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းကို ထုတ်ဖော်ခဲ့၏။
လွန်ခဲ့သည့် ရာစုနှစ်များက လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းသည် ဧကရာဇ်များကို သတ်ဖြတ်ခဲ့လေသည်။ ဤနှစ်များအတွင်း လူသားဧကရာဇ်ချန်ထားရစ်ခဲ့သည့် သတ်ဖြတ်ခြင်းစကားလုံးပညာရပ်၏ စွမ်းအားအများစုက ပျက်ပြယ်သွားခဲ့ပြီး ဧကရာဇ်များကို ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ပေ။
ထိုသို့ဆိုလျှင်တောင် လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းမှာ လူသားဧကရာဇ်၏ အော်ရာနှင့်စွမ်းအားကျန်ရှိနေဆဲ ဖြစ်ပြီး အဲ့ဒါကို အလွယ်တကူထိုးဖောက်လို့ မရနိုင်ပေ။
“စုဖွဲ့လိုက်”
လူသားဧကရာဇ် ဓမ္မအမိန့်ပြန်တမ်း၏ ကာကွယ်မှုအောက်မှာ ကိုယ်တော်ခုံးယွင်သည် သူ၏ ခန္ဓာကိုယ်ကို သိပ်မကြာခင် ပြန်လည်တည်ဆောက်ပြီး ပေါ်ထွက်လာ၏။ သူက ကိုယ်တော်ကျစ်ဝမ်ကို သံသယဝင်သော ၊ ဒေါသထွက်သော ၊ တွေဝေရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်လေသည်။
“ကျစ်ဝမ်... မင်းဘာလို့ ဒီလိုလုပ်ရတာလဲ”
ကိုယ်တော်ခုံးယွင်သည် ကိုယ်တော်ကျစ်ဝမ်က သူ့အပေါ် ဤကဲ့သို့ ပြုလုပ်လာသည်ကို မယုံကြည်နိုင်သေးပေ။
ဆူဇီမိုသာ စောစောက သူ့ကိုမကယ်တင်ခဲ့ဘူးဆိုရင် သူကသေဆုံးသွားရပေလိမ့်မည်။
“ဘာလို့လဲဆိုတာ မရှိဘူး”
ကိုယ်တော်ကျစ်ဝမ်၏ အမူအရာကအေးစက်နေပြီး သူ၏ မျက်လုံးက ထူးဆန်းသော သွေးရောင်အလင်းဖြင်် တောက်ပနေ၏။
“မင်းကလည်း အဲ့ဒီမိစ္ဆာနည်းစနစ်ကို ကျင့်ကြံထားတာလား”
ကိုယ်တော်ခုံးယွင်သည် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး မျက်မှောင်ကြုတ်၍ မေးလိုက်၏။
ကိုယ်တော်ကျစ်ဝမ်က ပြုံး၍ ကိုယ်တော်ခုံးယွင်ကို လျစ်လျုရှုလိုက်လေသည်။ သူ၏ မျက်လုံးထဲရှိ သွေးရောင်အလင်းက ဆူဇီမိုဘက်သို့ ရွေ့လျားသွား၏။
“သိုင်းဧကရာဇ်... မင်းမှာ အစွမ်းအစဘယ်လောက်ရှိသလဲ စမ်းကြည့်ရသေးတာပေါ့”
“ငွေသော်တာ အထင်ကရကြယ်တံခွန်”
ကိုယ်တော်ကျစ်ဝမ်သည် ဓားပညာရပ်တစ်ခုကို ဆင့်ခေါ်ပြီး သူ၏ လက်ချောင်းနှစ်ချောင်းကို ပူးကပ်လိုက်၏။ ညင်သာစွာ အော်ငေါက်သံနှင့်အတူ သူက ဆူဇီမိုရှိရာဘက်သို့ ခုတ်ပိုင်းချလိုက်လေသည်။
အဆုံးမဲ့ ဓားစိတ်ဆန္ဒက ကိုယ်တော်ကျစ်ဝမ်၏ ဓားလက်ညိုးပေါ်မှာ စုဝေးလာခဲ့၏။ ၎င်းက အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ ညိုမည်း၍ နက်ရှိုင်းနေ၏။
အဲ့ဒါသည် ဓားတာအို၏ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဖြစ်၏။
ယခုအချိန်တွင်... ထျန်ဟွမ်ကုန်းမြေတိုက်မှာ ကျော်ကြားသော ဓားတာအို၏ အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုရှိလေသည်။ တစ်ခုက ငွေသော်တာ အထင်ကရကြယ်တံခွန်ဖြစ်ပြီး အခြားတစ်ခုကတော့... နေရောင်ထိုးဖောက် အဖြူရောင်သက်တံဖြစ်လေသည်။
ငွေသော်တာအထင်ကရကြယ်တံခွန်ပေါက်ကွဲထွက်လာသည့် ခဏမှာပင် ဧကရာဇ်များက တုန်လှုပ်သွားကြ၏။
အဲ့ဒါသည် အန္တိမနတ်ဘုရားစွမ်းအားကြောင့်သာလျှင် မဟုတ်ဘဲ ကိုယ်တော်ကျစ်ဝမ်ထုတ်ဖော်လိုက်သည့် ရုန်းကန်ပေါက်ကွဲ စွမ်းအားကြောင့်ဖြစ်၏။
ထိုအန္တိမနတ်ဘုရားစွမ်းအားသည် ရှုံးဧကရာဇ် ၊ ဖူဧကရာဇ်တို့နှင့် နှိုင်းယှဥ်လျှင် နောက်ထပ်အဆင့်တစ်ခုသို့ ရောက်ရှိနေလေပြီ။
ရှုံးဧကရာဇ်နှင့် ဖူဧကရာဇ်နှစ်ယောက်စလုံးသည် အန္တိမနတ်ဘုရားစွမ်းအားလေးခုကို နားလည်ဆင်ခြင်ထားကြ၏။
ကိုယ်တော်ကျစ်ဝမ် ထုတ်ဖော်လိုက်သောစွမ်းအားက ထိုဧကရာဇ်နှစ်ပါးထက် ပိုမိုသန်မာနေသည်ဆိုလျှင် အဲ့ဒီမှာ ဖြစ်နိုင်ခြေတစ်ခုသာလျှင် ရှိတော့လေသည်။
သူက အန္တိမနတ်ဘုရားစွမ်းအား ၅ခုကို နားလည်ဆင်ခြင်ထားခြင်းပင်။ ဧကရာဇ်များကြားမှာ ပုန်းကွယ်နေသော ကိုယ်တော်ကျစ်ဝမ်သည် အန္တိမနတ်ဘုရားစွမ်းအား ၅ခု ကို နားလည်ဆင်ခြင်ထားပြီး ဂမ္ဘီရဧကရာဇ်ထက်ပင် ပိုမိုသန်မာနေမည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။
ဧကရာဇ်များစွာပေါ်ထွက်လာခဲ့သော ရှေးဟောင်းခေတ်မှာပင်လျှင် အန္တိမနတ်ဘုရားစွမ်းအား ၅ခုကို နားလည်ဆင်ခြင်နိုင်ခဲ့သည့် ဧကရာဇ်တစ်ပါးသာလျှင် ရှိခဲ့လေသည်။ အဲ့ဒါက မိစ္ဆာဧကရာဇ်အမုန်းဖြစ်လေသည်။
တိုက်ပွဲနယ်မြေမှာ ဓားတာအို၏ ချောက်ချားစရာကောင်းသော အန္တမနတ်ဘုရားစွမ်းအားတစ်ခုက ဆင်းသက်ရောက်ရှိလာ၏။
နက်မှောင်နေသော အရိပ်တစ်ခုက ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် လေထုကို ဆုတ်ဖြဲလာခဲ့၏။
ဆူဇီမို၏ လှုပ်ရှားမှုနည်းစနစ်နှင့်ပင်လျှင် သူက အဲ့ဒါကို မရှောင်တိမ်းနိုင်ပေ။
ထိုအခိုက်အတန့်မှာ ဓားတာအို၏ အန္တိမနတ်ဘုရားစွမ်းအားသည် သူ၏ အာရုံခံသတိစိတ်ကိုပင် လျစ်လျူရှုနိုင်လေသည်။
အဲ့ဒါက အရမ်းကိုမြန်ဆန်လွန်း၏။
ဆူဇီမိုသည် သူ၏ သွေးချီအားလုံးကို ထုတ်ဖော်ပြီး လေထဲသို့ ခုန်တက်လိုက်၏။
ဖောက်...
အနက်ရောင်အရိပ်က အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ရင်ဘက်ကို ထိုးဖောက်သွားလေသည်။
အလွန်တရာထက်ရှသော ဓားချီက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အသိစိတ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး သူ၏ အသားတစ်မျှင်ချင်းစီကို ဆုတ်ဖြဲကာ သူ၏ အသက်ဓာတ်အားကို အရုးအမူးဖျက်ဆီးပစ်နေ၏။
သို့သော်လည်း ယခုသူသည် အန္တိမနတ်ဘုရားစွမ်းအား နှစ်ခုကို နားလည်ဆင်ခြင်ထားပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ယခင်ကနှင့် မတူတော့ပေ။
ငွေသော်တာအထင်ကရကြယ်တံခွန်သည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ထိုးဖောက်ပြီးနောက် ၎င်း၏ အကန့်အသတ်ထိ ရောက်ရှိသွားခဲ့လေပြီ။ ငွေသောတာအထင်ကရကြယ်တံခွန်အနေဖြင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို လုံးလုံးလျားလျားဖျက်ဆီးပစ်ဖို့က မဖြစ်နိုင်ပေ။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအတွင်းမှာ သွေးချီက တလိပ်လိပ်ထိုးတက်လာ၏။ ထာဝရအသက်ဓာတ်က လှည့်ပတ်လာပြီး အသက်ဓာတ်အားက အားမာန်ပြည့်ဖြိုးသော ပုံစံဖြင့် အဆက်မပြတ်ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ထဲမှာ ဆူနာမီတစ်ခုကဲ့သို့ အော်မြည်နေ၏။
သူ့အသက်ဓာတ်အား၏ တစ်စိတ်တစ်ပိုင်းက ထက်ရှသော ဓားစိတ်ဆန္ဒဖြင့် ဖျက်ဆီးခံလိုက်ရသည့်ခဏမှာပင် ပို၍ပင်ကြွယ်ဝသော အသက်ဓာတ်အားက ရုန်းကန်ပေါက်ကွဲထွက်ပေါ်လာ၏။
အဆုံးစွန်စွမ်းအားနှစ်ခုသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို စစ်တလင်းတစ်ခုအဖြစ် အသုံးပြုပြီး တစ်ဘက်ကိုတစ်ဘက် ဝါးမျိုနေကြ၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ရင်ဘတ်ပေါ်ရှိ သွေးသံရဲရဲအပေါက်က ချက်ချင်းသက်သာပျောက်ကင်းမသွားသော်လည်း သွေးများက ဆက်လက်၍ စီးထွက်ခြင်းမရှိတော့ပေ။ အဲ့ဒါက တစ်စတစ်စသက်သာပျောက်ကင်းလာနေ၏။
“ဖန်တီးခြင်းကြာပဒုမ္မာက တကယ့်ကို ပြီးပြည့်စုံနေတာပဲ”
ကိုယ်တော်ကျစ်ဝမ်သည် ထိုသည်ကိုတွေ့မြင်သောအခါ ချီးကျူးလိုက်လေသည်။
“အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အန္တိမနတ်ဘုရားစွမ်းအား လေးခု ဒါမှမဟုတ် ငါးခု ခြောက်ခုလောက်ကို နားလည်ဆင်ခြင်နိုင်ခဲ့မယ်ဆိုရင်... ဒီလောကမှာ အဲ့ဒါကို ဘယ်သူကများ ခုခံနိုင်ဦးမှာလဲ
“အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အဆင့်၉ ထိ ရောက်ရှိသွားတာနဲ့ တဗူးတွေတောင်မှ သူ့ကိုလိုက်မီမှာ မဟုတ်တော့ဘူး”
စိတ်ဖောက်ပြန်သွားသော အမူအရာနှင့်အတူ ကိုယ်တော်ကျစ်ဝမ်၏ မျက်လုံးထဲမှာ အေးစက်စက်အလင်းတစ်ခုသည် လောဘတကြီး အကြည့်နှင့်အတူ တောက်ပလာခဲ့၏။
အဲ့ဒါက ထူးဆန်းသော အကြည့်တစ်ခုဖြစ်၏။
ပုံမှန်အခြေအနေမှာဆိုလျှင် ဆူဇီမိုနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ပဲက ပိုမိုသန်မာလေလေ အဲ့ဒါက ကိုယ်တော်ကျစ်ဝမ်အပေါ် ခြိမ်းခြောက်နိုင်စွမ်း ပိုမိုကြီးမားလေလေဖြစ်၏။
သို့သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် ကိုယ်တော်ကျစ်ဝမ်က ဆူဇီမိုထက်ပင် ပို၍ စိတ်လှုပ်ရှားတက်ကြွနေ၏။
ရုတ်တရက်... ဆူဇီမိုက ပုံရိပ်ယောင်တစ်ခုကို မြင်လာခဲ့၏။
ထိုအခိုက်အတန့်မှာ သူရင်ဆိုင်နေရသော သူက ကိုယ်တော်ကျစ်ဝမ် ဆက်လက်၍ မဟုတ်တော့သည့်အလားပင်။
“ငါ့ရဲ့တိုက်ခိုက်မှုကိုလည်း ခံယူကြည့်လိုက်”
ဆူဇီမိုက စိတ်ဖောက်ပြန်နေပုံရသော ကိုယ်တော်ကျစ်ဝမ်ကို လျစ်လျုရှုပြီး ရှေ့သို့တက်လှမ်းလိုက်၏။
သူ၏ လက်ခြောက်ဖက်က လှုပ်ရှားလာပြီး လက်တစ်ဖက်ချင်းစီတွင် ဓမ္မရတနာ ၊ ဆေဘာ ၊ ဓားနှင့် ကြာခုံ တစ်ခုစီကို ကိုင်ဆွဲထားလေသည်။ လေထဲမှာ သူတို့သည် နောက်ချန်ပုံရိပ်များကို ချန်ထားရစ်ပြီး ကိုယ်တော်ကျစ်ဝမ်ကို ဖိနှိမ်လာခဲ့၏။
သူနားလည်ဆင်ခြင်ထားသော အန္တိမနတ်ဘုရားစွမ်းအားနှစ်မျိုးက တိုက်ရိုက်သတ်ဖြတ်ခြင်းစွမ်းအားများ မဟုတ်ပေ။
ခေါင်းသုံးလုံး လက်ခြောက်ဖက်က ကြောက်စရာကောင်းသော်လည်း ၎င်းသည် လူတစ်ယောက်၏ ခွန်အားကို မြှင့်တင်ပေးရုံသာဖြစ်ပြီး သူတို့၏ ပြိုင်ဘက်ကို ဖိနှိမ်ဖို့အတွက် မည်သည့်နတ်ဘုရားစွမ်းအား သို့မဟုတ် လျှို့ဝှက်အတတ်ကိုမှ ထုတ်ဖော်ပေးလိမ့်မည် မဟုတ်ပေ။
ထိုသို့ဆိုလျှင်တောင် အဆင့်၈ ဖန်တီးခြင်းကြာပဒုမ္မာကနေ ထုတ်ဖော်လိုက်သောစွမ်းအားသည် နတ်ဘုရားစွမ်းအားများနှင့် ဓမ္မရတနာအချို့ကို ထိပ်တိုက်ရင်ဆိုင်နိုင်လောက်သည်အထိ လုံလောက်အောင်သန်မာနေပြီဖြစ်၏။
ဆူဇီမိုက ချဥ်းကပ်လာပြီး သူ၏ လက်ခြောက်ဖက်ဖြင့် တိုက်ခိုက်လာသည်နှင့် ကိုယ်တော်ကျစ်ဝမ်သည် သူ၏ နတ်ဘုရားစွမ်းအားများကိုပင် ထုတ်ဖော်ဖို့ အခွင့်အရေးရတော့မည် မဟုတ်ပေ။
ထိုအချိန်ကျလျှင် ကိုယ်တော်ကျစ်ဝမ်အတွက် ရလဒ်တစ်ခုသာလျှင် ရှိလာပေလိမ့်မည်။ သူက သေသည့်တိုင်အောင် ထုရိုက်ခံရခြင်းပင်။
အဲ့ဒါသည် ကောင်းကင်စင်ရော်ဂိုဏ်းမှ ရှုံးဧကရာဇ်ဖြစ်ပွားခဲ့ပုံနှင့် အတူတူပင်ဖြစ်လေသည်။
ထာဝရအသက်ဓာတ်နှင့် ခေါင်းသုံးလုံး လက်ခြောက်ဖက်ကို ပေါင်းစပ်လိုက်သောအခါ ဆူဇီမိုကို ယှဥ်နိုင်သည့်သူက မရှိသလောက်နီးပါးပင်။
ဆူဇီမိုက ချဥ်းကပ်လာသည့်ခဏမှာပင် ကိုယ်တော်ကျစ်ဝမ်က ရုတ်တရက်နောက်သို့ ခုန်ဆုတ်ပြီး သူ့မျက်လုံးထဲရှိ သွေးရောင်အလင်းက ပျောက်ကွယ်သွား၏။ သူ၏ ပုံစံက ခံ့ညား၍ သူတော်ကောင်းဆန်လာခဲ့၏။
ကိုယ်တော်ကျစ်ဝမ်သည် ဆူဇီမိုကို လက်ညိုးထိုးပြီး ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။
“ဗလာနယ် ၄မျိုး”
ထိုအသံကို ကြားသောအခါ လက်ရှိဧကရာဇ်များနှင့် ပုံပြောသူက လှုပ်ရှားယိမ်းယိုင်သွား၏။
ဗလာနယ် ၄မျိုးသည် ဗုဒ္ဓကျောင်းတော်များ၏ နတ်ဘုရားစွမ်းအားများစွာကြားမှာ အလွန်တရာ စွမ်းအားကြီးမားသော အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဖြစ်ပြီး ၎င်း၏ အဖျက်စွမ်းအားက တုန်လှုပ်စရာကောင်းလေသည်။
ရှေးဟောင်းဗုဒ္ဓဧကရာဇ်သည် အန္တိမနတ်ဘုရားစွမ်းအား သုံးခုကိုသာ နားလည်ဆင်ခြင်ထားသော်လည်း သူက ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်အချို့ကို ဖိနှိမ်နိုင်ခဲ့၏။
အဲ့ဒါသည် ဖန်တီးခြင်းကြာပဒုမ္မာအပြင် ရှေးဟောင်းဗုဒ္ဓဧကရာဇ်က ထိုအန္တိမနတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်ထားသောကြောင့်ဖြစ်၏။
ထိုအရာလေးမျိုးမှာ မြေ ၊ ရေ ၊ လေနှင့် မီးတို့ကို ရည်ညွှန်းလေသည်။
ဗုဒ္ဓသုတ္တန်များနှင့် တာအိုများမှာ သူတို့သည် သက်ရှိများအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်လေသည်။
ဗလာနယ် ၄ မျိုးသည် အရာရာတိုင်းက တိတ်ဆိတ်ငြိမ်သက်မှုသို့ ပြန်လည်ရောက်ရှိသွားစေပြီး ဘာမှမကျန်အောင် ပြောင်းလဲပေးလိမ့်မည်ဟု ဆိုလိုလေသည်။