← Chapters

သွေးမြစ်စီးကြောင်းများ

Vol. 114 Ch. 1710

သွေးမြစ်စီးကြောင်းများ

Vol. 114 Ch. 1710

အဲဒါသည် တစ်ကိုယ်လုံးကို သားမွေးထူများဖြင့် ဖုံးအုပ်ထားသည့် အရပ်အမောင်း မြင့်မား၍ တုတ်ခိုင်သော မျောက်ဝံတစ်ကောင် ဖြစ်လေသည်။ သူ၏မျက်လုံးများက နီရဲနေပြီး သူ၏ နှာခေါင်းပေါက်နှင့် ပါးစပ်ပေါက်တို့မှာ သိပ်သည်းပြင်းထန်သော သားရဲချီနှင့်အတူ မီးခိုးဖြူဖြူများက လျှံထွက်နေ၏။

မျောက်သည် ဆင်းသက်ရောက်ရှိလာခဲ့ပြီး သူက မဟာယာနအဆင့်၏ အထွတ်အထိပ်မှာ ဖြစ်လေသည်။

သူ့အနေနှင့် နှစ်တစ်ထောင်အတွင်း ဧကရာဇ်တစ်ပါး ဖြစ်လာဖို့က အရမ်းကို ခဲယဉ်းလေသည်။

လူသားဧကရာဇ်၏ ဓမ္မအမိန့်ပြန်တမ်းက ထျန်ဟွမ်ကုန်းမြေတိုက်၏ ကံကြမ္မာအခွင့်အလမ်းများကို စုစည်းပေးပြီး သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကောင်းကင်နှင့်မြေကြီး၏ ဖန်တီးမှုကို ခိုးယူနိုင်သောကြောင့် ဆူဇီမိုသည် ဧကရာဇ်ဘွဲ့ကို ခံယူနိုင်ခဲ့ခြင်းသာ ဖြစ်၏။

မျောက်သည် သူ၏ မှတ်ဉာဏ်များမှ အမွေအနှစ်အချို့ကို နိုးထလာစေရုံသာဖြစ်ပြီး ယခုအချိန်ထိ ဧကရာဇ်တစ်ပါး၏ အဆင့်ထိ မရောက်ရှိသေးပေ။

တကယ်တော့ မဟာယာန၏ အထွတ်အထိပ်အဆင့်မှာ ရှိသော မျောက်သည် သူ၏ ရူးသွပ်ပေါက်ကွဲသော မျိုးဆက်သွေးကို ထုတ်ဖော်ပြီးနောက် သာမန်ဧကရာဇ်အချို့ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်လေသည်။

မျောက်သည် အကျော်ဇေယျကို ကိုင်ဆွဲ၍ ကောင်းကင်ထက်ကနေ ဆင်းသက်ကာ ခြင်္သေ့ရိုင်း တောင်ကြောရိုးမှ သားရဲများထံသို့ ပစ်ရိုက်ချပြီး သူ၏ ရင်ဘတ်ကို တဖုန်းဖုန်းပုတ်၍ မာန်ဖီအော်ဟစ်လိုက်၏။ သားရဲတောကောင်များစွာသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး ရှေ့သို့ တက်လှမ်းရဲခြင်း မရှိတော့ပေ။

“ဂါး…”

ကြီးမားသော စိတ်ဝိညာဉ်ကျားတစ်ကောင်က တောအုပ်ထဲကနေ ခုန်ထွက်လာ၏။ သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးက များစွာသော ရှေးဟောင်းသစ်ပင်များထက်ပင် ပို၍ မြင့်မားနေ၏။

ကြောက်စရာ အကောင်းဆုံးအရာမှာ စိတ်ဝိညာဉ်ကျား၏ ခန္ဓာကိုယ်သည် ဝင်း​ပြောင်နေသော မိုးကြိုးစွမ်းအားတစ်ခုဖြင့် တောက်ပနေခြင်းဖြစ်၏။

“ဂီး..”

ကောင်းကင်ထက်ကနေ ကြိုးကြာအော်သံတစ်သံက ထွက်ပေါ်လာ၏။ ချင်ချင်သည် သူမ၏ တောင်ပံများကို​ ဖြန့်ကြက်ထားပြီး သူမ၏ ခန္ဓာကိုယ်က မီးတောက်များဖြင့် လောင်ကျွမ်းနေကာ မီးတောက်များကြားမှာ နတ်မိမယ်တစ်ပါးကဲ့သို့ လောကကို ငုံ့ကြည့်နေ၏။

မလှမ်းမကမ်းရှိ တောင်ထွတ်တစ်ခုပေါ်မှာ ခံ့ညားသော ခြင်္သေ့တစ်ကောင်က သူ၏ ဦးခေါင်းကို မော့ပြီး ကောင်းကင်ထက်သို့ မာန်ဖီဟိန်းဟောက်လိုက်၏။ သူ၏ ခန္ဓာကိုယ်က အလျှံညီးညီး နေတစ်စင်းကဲ့သို့ ကျိန်းစပ်နေသော ရွှေရောင်အလင်းတစ်ခုဖြင့် တောက်ပနေ၏။

အခြားတစ်ဖက်မှာ ကောင်လေးတစ်ယောက်နှင့် မြေခွေးလေးတစ်ကောင်သည် ဆန်းကြယ်တောင်ထွတ်မှ ကျင့်ကြံသူများစွာ၏ ကာကွယ်မှုအောက်မှာ မတ်တတ်ရပ်နေကြ၏။

သူတို့သည် တိုက်ပွဲမြေပြင်နှင့် အရမ်းကွာဝေးသော်လည်း တစ်ဖက်မှာရှိသော သားရဲတောကောင်များက မြေခွေးလေးနှင့် အမှတ်တမဲ့ မျက်လုံးချင်းဆုံမိလျှင် သူတို့၏ အကြည့်များက ထုံထိုင်းသွားပြီး သူတို့၏ စိတ်များက ထိန်းချုပ်ခံရကာ ဘက်ပြောင်းတိုက်ခိုက်ကုန်ကြ၏။

ကောင်လေးကတော့ သူသည် သူ၏လက်ကို ဆန့်ထုတ်လိုက်ရုံသာဖြစ်ပြီး အဲဒါက မက်မွန်ပင် သစ်ကိုင်းတစ်ကိုင်းအဖြစ် အသွင်ပြောင်းလဲသွား၏။ ၎င်းကို သားရဲတောကောင်များ ရှိရာဘက်သို့ ဝှေ့ယမ်းရင်း သူက တစ်ကြိမ်စီတိုင်းမှာ သားရဲတောကောင် တစ်ကောင်စီကို လွင့်စင်ထွက်သွားစေ၏။

သို့သော်လည်း ကောင်လေးက တစ်ချိန်လုံး သတ်ဖြတ်ခြင်းကို မပြုလုပ်ပေ။

သူတို့နှစ်ယောက်က ထောင်ယောင်နှင့် မြေခွေးလေးတို့ ဖြစ်လေသည်။

မြောက်ပိုင်းဒေသထံသို့ သားရဲတောကောင်များက ပို၍ပို၍ ပြေးဝင်လာကြ၏။ ခြင်္သေ့ရိုင်း တောင်ကြောရိုးမှ သားရဲတောကောင်များအပြင် အခြားသော သားရဲနယ်မြေများမှ ကြမ်းကြုတ်တောကောင်များနှင့် ရှေးဦးဆက်နွယ် တောကောင်များကလည်း စတင်ဝင်ရောက်လာကြ၏။

မျောက်နှင့် အခြားသူများ ပေါ်ထွက်လာသည့် ခဏမှာပင်.. သားရဲနယ်မြေ ရှစ်ခွင်မှ သားရဲအိုကြီးများက မျောက်နှင့် အခြားသူများကို ကိုင်တွယ်ဖို့အတွက် ရှေ့သို့ ပြေးဝင်လာကြ၏။

“သားရဲမျောက်”

သားရဲတစ်ထောင် တောင်ကြားမှ အဖြူရောင် မျောက်ဝံအိုကြီးတစ်ကောင်က မျောက်ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ပြီး တင်းမာခက်ထန်စွာ ပြောလိုက်၏။

“မျောက်ဝံတစ်ကောင်အနေနဲ့ မင်းက မျောက်ဝံဧကရာဇ်ရဲ့ အမိန့်ကို ဘယ်လိုတောင် ဖီဆန်ရဲတာလဲ.. မင်းက သေချင်နေတာပဲ”

“ချီးကို မျောက်ဝံဧကရာဇ်လား.. သူက အကြောက်လွန်ပြီးတော့ ကမ္ဘာဦးမျိုးနွယ်တွေထံမှာ ဒူးထောက်အညံ့ခံသွားတဲ့ကောင်ပဲ”

မျောက်က လှောင်ရယ်လိုက်၏။

“အဲ့လို သတ္တိကြောင်ပုံမျိုးနဲ့ သူ့ကိုယ်သူ ဧကရာဇ်တစ်ပါးလို့ ဘယ်လိုတောင် ပြောဆိုရဲတာလဲ.. ငါ တစ်နေ့ သူ့နေရာကို သေချာပေါက် အစားထိုးပစ်မယ်”

“မင်း ဘယ်လိုတောင် ပြောရဲတာလဲ”

အဖြူရောင် မျောက်ဝံအိုကြီးက စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ပြီး အေးစက်စွာဖြင့် ပြောလိုက်၏။

“ဧကရာဇ်တစ်ပါးကို အရှက်ခွဲလို့ မရဘူး.. သတ်”

သူက ရှေ့သို့ ခုန်တက်ပြီး မျောက်၏ ဦးခေါင်းထံသို့ နက်မှောင်နေသော တောင်ဝှေးတစ်ချောင်းဖြင့် ပြင်းထန်စွာ ပစ်ရိုက်ချလိုက်၏။

“သွားစမ်းပါကွာ”

မျောက်က လုံးဝ ကြောက်ရွံ့ခြင်း မရှိဘဲ သူ၏ သွေးချီက တလိပ်လိပ်တက်လာ၏။ သူသည် အကျော်ဇေယျကို ကိုင်မြှောက်ပြီး မြေပြင်ကို ခြေတစ်ချက်ဆောင့်ရင်း ရွှေရောင်အလင်းစီးကြောင်းများကို ထုတ်ဖော်ကာ တိုက်ခိုက်မှုကို ခံယူလိုက်၏။

ဘုန်း…

တောင်ဝှေးနှစ်ချောင်းက ကျယ်လောင်သော မြည်သံဖြင့် ထိတွေ့ရိုက်ခတ်သွား၏။

ထိတွေ့ရိုက်ခတ်သော နေရာကနေ ကျိန်းစပ်နေသော အလင်းတန်းတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး လျင်မြန်စွာ ဖြန့်ကြက်သွား၏။ များပြားလှစွာသော ရှေးဟောင်းသစ်ပင်များသည် တဝုန်းဝုန်းမြည်၍ ကျိုးပြတ်သွားပြီး သားရဲများစွာက နောက်သို့ ဆုတ်ပေးလိုက်ရ၏။

“ဖွီး..”

အဖြူရောင် မျောက်ဝံအိုကြီးသည် သွေးများကို ထွေးထုတ်ပြီး ပျက်ယွင်းသွားသော အမူအရာနှင့်အတူ ဒယီးဒယိုင် နောက်ဆုတ်သွားရ၏။

ထိုထိပ်တိုက်ရင်ဆိုင်မှု အပြီး၌ သူက ဒဏ်ရာရရှိသွားခဲ့လေပြီ။

မျောက်၏ ပုံရိပ်ကလည်း မြေပြင်ပေါ်သို့ လျင်မြန်စွာ ပစ်ကျလာ၏။ သို့သော်လည်း သူက ပို၍ပင် မြန်ဆန်သော နှုန်းထားဖြင့် နောက်တစ်ဖန် ခုန်ထပြီး အဖြူရောင် မျောက်ဝံအိုကြီးကို အသက်ရှူခွင့်ပင် မပေးလိုဘဲ အကျော်ဇေယျဖြင့် ထပ်မံ ပစ်ရိုက်ချလိုက်၏။

မျောက်၏ လက်ထဲမှာ အကျော်ဇေယျသည် ရွှေရောင်အလင်းတစ်ခုဖြင့် တောက်ပလာ​ပြီး ပေပေါင်းများစွာ အဆက်မပြတ် ရှည်ထွက်သွားလေသည်။ ၎င်းက ကောင်းကင်ထိုးဖောက် နတ်ဘုရားကျောက်တိုင်တစ်တိုင်ကဲ့သို့ ပစ်ကျလာခဲ့၏။

အဖြူရောင် မျောက်ဝံအိုကြီးသည် သူ၏ တောင်ဝှေးကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ အပေါ်သို့ ပင့်မြှောက်၍ ခုခံလိုက်၏။

ဘုန်း..

အဲဒီမှာ ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။

အဖြူရောင် မျောက်ဝံအိုကြီးသည် မြေကြီးပေါ်မှာ ပြားကပ်သွား​ပြီး အသားပျော့ဖတ်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

သူ၏ အမြုတေစိတ်ဝိညာဉ်က ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိခင်မှာပင် သေသည့်တိုင်အောင် ပစ်ရိုက်ခြင်း ခံလိုက်ရ၏။

သူ၏ ရူးသွပ်ပေါက်ကွဲသော မျိုးဆက်သွေးကို နှိုးဆွပြီးနောက် မျောက်၏ ခွန်အားက ဆပွားတိုးလာခဲ့၏။

အဖြူရောင် မျောက်ဝံအိုကြီးသည် နှစ်ပေါင်းများစွာ ကျော်ကြားလာခဲ့ပြီး မဟာယာနအဆင့်၏ အထွတ်အထိပ်မှာ ရှိသော်လည်း သူသည် မျောက်၏ ရိုက်ချက်တစ်ချက်ထံမှ စွမ်းအားကို ခံနိုင်ရည် မရှိဘဲ အသားပျော့ဖတ်တစ်ခုအဖြစ် ပြောင်းလဲကာ သူ၏ အမြုတေစိတ်ဝိညာဉ်ကပါ ဖျက်ဆီးခံလိုက်ရ၏။

ဝေါ…

အရှေ့ပင်လယ်မှ ရေနဂါးတစ်ကောင်သည် ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုနှင့်အတူ ဝင်ရောက်လာခဲ့၏။ ၎င်း၏ ပါးစပ်ကို ဖွင့်ဟပြီး အတောမသတ်နိုင်သော ပင်လယ်ရေများကို ထွေးထုတ်လိုက်လေသည်။ အဲဒါသည် အရှေ့ပင်လယ်မှ ရေများ အားလုံးကို သွန်ချလိုက်သည့်အလားပင်။

စိတ်ဝိညာဉ်ကျားက ဟိန်းဟောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးလျှပ်ပန်းများ တဖျတ်ဖျတ်လက်ကာ ရေနဂါးထံသို့ ခုန်ဝင်သွားလေသည်။

တိုက်ပွဲမြေပြင်မှာ အသွေးအသားများက ဖိတ်စင်ပြန့်ကျဲနေ၏။

ဤအဆင့် တိုက်ပွဲတစ်ပွဲ ဖြစ်ပွားလာပြီး တစ်နာရီ မကြာခင်မှာပင်.. မြောက်ပိုင်းဒေသနှင့် အလယ်ပိုင်းတိုက်ကြားရှိ နယ်စပ်စည်းမျဉ်းက အလောင်းများဖြင့်​ ပြည့်နှက်ပြီး သွေးမြစ်များ စီးလာခဲ့လေပြီ။

အဲဒီမှာ သားရဲနယ်မြေ ရှစ်ခွင်မှ သားရဲများစွာ ရှိသော်လည်း လူသားကျင့်ကြံသူများကလည်း များပြားလေသည်။ အမျိုးမျိုးသော ထိပ်သီးဂိုဏ်းကြီးများမှ ဂိုဏ်းချုပ်များ၏ ဦးဆောင်မှုအောက်တွင် သူတို့သည် ကြီးမားသော အင်အားအစုအဖွဲ့တစ်ခု ဖြစ်လာခဲ့၏။

လူသားကျင့်ကြံသူများသည် ဤတိုက်ပွဲမှာ နောက်မဆုတ်ကြပေ။

ပုံပြောအဘိုးအို ပြောသည့်အတိုင်းပင်.. ဒီဘက်မျိုးဆက် လူသားမျိုးနွယ်တွင် လစ်လပ်နေသည့် တစ်ခုတည်းသောအရာမှာ ထာဝရ လူသားဧကရာဇ်ကဲ့သို့ အန္တိမ ပညာရှင်တစ်ဦး ဖြစ်လေသည်။

ထို့ကြောင့်ပင်လျှင် ဂိုဏ်းကြီးများ၊ အဖွဲ့အစည်းကြီးများ၊ အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများက စည်းလုံးညီညွတ်မှု​ မရှိဘဲ တစ်ယောက်ကိုတစ်ယောက် အကောက်ကြံနေသည့် အခြေအနေတစ်ရပ်သို့ ကျဆင်းလာခဲ့ခြင်းဖြစ်၏။

သို့သော် ယခုအခါ ဤကဲ့သို့သော အန္တိမ ပညာရှင်တစ်ဦးက ပေါ်ထွက်လာခဲ့လေပြီ။

လွန်ခဲ့သည့် နှစ်တစ်ထောင်က လူသားဧကရာဇ်သည် သူ၏ဘွဲ့ကို အထီးကျန်သိုင်းသခင်ထံ လွှဲပေးခဲ့၏။

ဤနှစ်များအတွင်း သိုင်းတာအိုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ အလွန်တရာ ကျယ်ပြန့်စွာ ပျံ့နှံ့လာခဲ့ပြီး အထီးကျန်သိုင်းသခင်၏ နာမည်ဂုဏ်သတင်းက မြင့်မားလာခဲ့၏။

လွန်ခဲ့သည့် ရက်အနည်းငယ်က လူသားမျိုးနွယ်မှ ဧကရာဇ်များ အားလုံးသည် သိုင်းဧကရာဇ်ထံ အညံ့ခံသွားခဲ့သောကြောင့် အထီးကျန်သိုင်းသခင်၏ နာမည်ဂုဏ်သတင်းက ၎င်း၏ အကန့်အသတ်ထိ တဟုန်ဖိုး မြင့်တက်လာခဲ့၏။

သိုင်းဧကရာဇ်က အမိန့်ပေးလာသည်နှင့်အမျှ လောကရှိ ကျင့်ကြံသူများ အားလုံးက စုစည်းမိနေကြပေလိမ့်မည်။

ကမ္ဘာဦးမျိုးနွယ် ၅စုသည် သားရဲနယ်မြေ ရှစ်ခွင်မှ ကြမ်းကြုတ်တောကောင်များကို စုစည်းလာခဲ့သော်လည်း သူတို့သည် မြောက်ပိုင်းဒေသနှင့် အလယ်ပိုင်းတိုက်၏ နယ်စပ်စည်းမျဉ်းပေါ်မှာ လူသားအဖွဲ့အစည်းများ၏ ပိတ်ဆို့တားဆီးခြင်းကို ခံနေရ၏။

ရှည်လျားသော နယ်စပ်စည်းမျဉ်းက အလောင်းများဖြင့် ပြည့်နှက်နေခဲ့လေပြီ။

သားရဲနှင့် ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များသည် တိုက်ခိုက်ဖို့ အလောတကြီး ရှိမနေကြပေ။

တိုက်ပွဲက စတင်ခါစသာ ရှိသေးပြီး ယခုအချိန်မှာ စစ်မြေပြင်တွင် ကျင့်ကြံမှု အမြင့်မားဆုံးက မျိုးနွယ်စုခေါင်းဆောင်များ ဖြစ်လေသည်။

ဧကရာဇ်များ၏ မျက်လုံးထဲမှာ မျိုးနွယ်စုခေါင်းဆောင်များပင်လျှင် ပုရွက်ဆိတ်သာသာ ဖြစ်လေသည်။

အောက်ဘက်ရှိ တောင်ပုံရာပုံဖြစ်နေသော အလောင်းများကို မှင်သေသေ အမူအရာဖြင့် ကြည့်ရင်း ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ်များ၏ မျက်လုံးထဲမှာ မည်သည့် စိတ်ခံစားချက်မှ ရှိမနေပေ။

“လူသားမျိုးနွယ်က ပုရွက်ဆိတ်တွေမှာ လှည့်ကွက်တချို့ ရှိနေသေးတာပဲ”

ရွှေကျီးကန်း မီးဧကရာဇ်က စိတ်လက်ပေါ့ပါးသော အမူအရာတစ်ခုနှင့်အတူ ပြုံးလိုက်၏။

မျက်လုံးတစ်ထောင် ဧကရာဇ်က မှင်သေသေဖြင့် ပြောလိုက်၏။

“အဲဒါက အချည်းနှီး အားထုတ်မှုတစ်ခုပါပဲ”

ငရဲစုန်းဧကရာဇ်က ပြောလိုက်လေသည်။

“ကြည့်ရတာ.. သားရဲနယ်မြေရှစ်ခွင်က သားရဲတောကောင်တွေနဲ့တင် လူသားပုရွက်ဆိတ်တွေရဲ့ ခံစစ်ကို ချိုးဖျက်ဖို့ မလုံလောက်တော့ဘူးနဲ့ တူတယ်.. ငါတို့ အခု နတ်ဘုရားမျိုးနွယ်ကို တိုက်ခိုက်ခိုင်းကြတာပေါ့”

ကမ္ဘာဦးမျိုးနွယ်များသည် ဤတိုက်ပွဲမှာ မျိုးနွယ်စုတစ်သောင်းကို အသေအကြေ တိုက်ခိုက်စေချင်လေသည်။

ထိုသို့ဖြင့် ကမ္ဘာဦးမျိုးနွယ် ၅စုက ဤတိုက်ပွဲအပြီး၌ ပျက်စီးထိခိုက်ဆုံးရှုံးခဲ့ရမည် ဆိုလျှင်တောင် မျိုးနွယ်စုတစ်သောင်းသည်လည်း ပို၍ပင် ဆိုးဆိုးဝါးဝါး ခံစားခဲ့ရပြီး သူတို့အတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာတော့မည် မဟုတ်ပေ။

အဲဒါမှသာ ရှေးဟောင်းခေတ် စစ်ပွဲအပြီး၌ လူသားများက အခွင့်အလမ်းကို ချိန်ဆပြီး မြင့်မားတိုးတက်လာသည့် ဖြစ်ရပ်မျိုး ထပ်မံ၍ ရှိမလာတော့မှာဖြစ်၏။

နတ်ဘုရားမျိုးနွယ် ဧကရာဇ်သည် တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ နတ်ဘုရား ကလန်ခေါင်းဆောင်ကို အမိန့်ပေးလိုက်၏။

နတ်ဘုရား ကလန်ခေါင်းဆောင်သည် နတ်ဘုရားမျိုးနွယ် စစ်တပ်ကို ဦးဆောင်ပြီး မြောက်ပိုင်းဒေသ၏ ခံစစ်စည်းမျဉ်းပေါ်သို့ စတင်ချီတက်သွားလေသည်။

စစ်မြေပြင်တွင် နတ်ဘုရားမျိုးနွယ် ပညာရှင်များ ပါဝင်လာခြင်းသည် မြောက်ပိုင်းဒေသ ကျင့်ကြံသူများ၏ ခံစစ်စည်းမျဉ်းအပေါ် ချက်ချင်းပင် ကြီးမားသည့် ရိုက်ချက်တစ်ခု ဖြစ်လာခဲ့၏။

နတ်ဘုရားမျိုးနွယ်၏ သွေးချီက မနှိုင်းယှဉ်သာအောင် သန်မာပြီး အဆင့်တူချင်းမှာ သူတို့ကို ယှဉ်နိုင်သည့် ကျင့်ကြံသူများ မရှိသလောက်နီးပါးပင်။

နတ်ဘုရားမျိုးနွယ် သက်ရှိများက အရေအတွက်များစွာ မရှိသော်လည်း သူတို့သည် အလွန်တရာ ကြောက်စရာကောင်းသော အဖျက်စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားကြ၏။

လူသားကျင့်ကြံသူများသည် စတင်၍ အရေးနိမ့်ကာ နောက်ဆုတ်လာရ၏။

ထိုစဉ်မှာပင်.. မြောက်ပိုင်းဒေသ၏ အနောက်ဘက်ကနေ ကြီးမားသော အနက်ရောင် အရိပ်တစ်ခုက လေထဲကနေ တလိပ်လိပ် ထိုးတက်လာ၏။ အဲဒါသည် မြို့တစ်မြို့အပေါ်သို့ ဖုံးအုပ်လာသည့် နက်မှောင်နေသော တိမ်စိုင်များကဲ့သို့ဖြစ်ပြီး အလွန်တရာ စွမ်းအားကြီးမားသော အော်ရာတစ်ခုနှင့်အတူ တလိပ်လိပ် တိုးဝင်လာကြ၏။

အဲဒါသည် မတူညီသော မျိုးနွယ်ဝင်များ ရောထွေးပါဝင်နေသည့် ဧရာမ စစ်တပ်ကြီးတစ်တပ် ဖြစ်လေသည်။

သို့သော်လည်း သက်ရှိတစ်ယောက်ချင်းစီတိုင်းသည် အလွန်တရာ ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုစီကို ဖြာထုတ်ပေးနေကြ၏။

ခွန်လွင်မျိုးနွယ်က ရောက်ရှိလာခဲ့လေပြီ။

All Chapters