← Chapters

ပြိုင်ပွဲအစစ်အမှန် စတင်ပြီ

Vol. 7 Ch. 87

ပြိုင်ပွဲအစစ်အမှန် စတင်ပြီ

Vol. 7 Ch. 87

ယွမ်ကျိရန်မှာ သူမ၏ကြိုးစားပမ်းစားသရုပ်ဆောင်မှုလေး မပီပြင်ခဲ့သောကြောင့် အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားရ၏။

သူမမျက်လုံးများကိုကျဥ်းမြောင်းလျက် ဖုန့်ယွင်ကိုစိုက်ကြည့်လိုက်သည်။ ရှက်ဒေါသမွှန်နေဟန်မျက်နှာပေးဖြင့်။

"ဟမ့် နင်သိသွားတော့ရောဘာအရေးလဲ"

ရှက်စရာအခြေအနေကိုဖုံးကွယ်ရင်း သူမကရန်စောင်လာသည်။ ရန်သူရှေ့မှာမှ တလွဲလုပ်မိသည့် သူမကိုယ်သူမ မယုံနိုင်အောင်ဖြစ်ရသည်။

"ဒါဆိုလည်းတည့်ပဲပြောကြတာပေါ့ ဖုန့်ယွင် နင်လိုကောင်က ငါတို့ဂျူနီယာညီမလေးနဲ့ နည်းနည်းမှမတူမတန်ဘူး ပြီးတော့ ဘာတဲ့ သုံးနှစ်ကြာစိန်ခေါ်မှုတဲ့လား ဟာသတွေလာလုပ်နေတယ်"

ယွမ်ကျိရန်က ရိုင်းစိုင်းစွာပြောလာသည်။ ဖုန့်ယွင်၏ သုံးနှစ်ကြာစိန်ခေါ်မှုဆိုသည်မှာလည်း လင်းမေယုကိုစကားနိုင်လုရုံသက်သက်သာ ပြောလိုက်သည့် ဗလောင်းဗလဲစကားဟုသာ သူမအခိုင်အမာယုံကြည်ထားသည်။

လင်းမေယု၏ စီနီယာအစ်မတစ်ဦးအနေဖြင့် သူမ၏ကျင့်ကြံခြင်းလမ်းက ခလုတ်ကန်သင်းမှန်သမျှကို ကူညီဖယ်ရှားပေးရန် တာဝန်ရှိပေ၏။

လင်းမေယုဟူသည့်နာမည်ကို ကြားလိုက်ရသော် ဖုန့်ယွင်၏မျက်နှာထက်မှ ခပ်အေးအေးသဏ္ဍာန်မှာ အနည်းငယ်မှိန်ဖျော့သွားသည်။ သို့သော် စက္ကန့်ပိုင်းမျှသာပင်။

တည်ငြိမ်သောအမူအရာကို ပြန်လည်ထိန်းသိမ်းလိုက်ပြီး မဟူရာမျက်လုံးများ မည်းနက်လာသည်မှာ သည်းထန်စွာတိုက်ခတ်မွှေနှောက်နေသည့်မုန်တိုင်းကို အလွှာပါးပါးလေးဖြင့်ဖုံးအုပ်ထားသကဲ့သို့ပင်။

ဖုန့်ယွင်မှာ ပုံမှန်အားဖြင့် မတုန်မလှုပ် တည်ငြိမ်သောအမူအရာရှိသော်လည်း လင်းမေယုနာမည်ကိုကြားတိုင်း ငြိမ်သက်နေသောကန်ရေပြင်ကို မွှေနှောက်လိုက်သည့်ပမာ အနည်းငယ်လှုပ်ခတ်သွားလေ့ရှိ၏။ အထူးသဖြင့် သူ့ကိုထိုမိန်းကလေးနှင့်မတန်ဟု ပြောလာသည့်အခါတွင်ပင်။

"ငါကသူနဲ့မတန်ဘူးလို့ မင်းတကယ်ထင်တယ်ပေါ့"

မယုတ်မလွန် အသံနိမ့်နိမ့်ဖြင့် အမေးရှိလာသော်လည်း သွားမထိဝံ့သောအကန့်အသတ်တစ်ခုကို ရောက်နေသလိုခံစားမိနိုင်၏။

သူခေါင်းကိုအနည်းငယ်လှည့်၍ ယွမ်ကျိရန်ကိုကြည့်လိုက်သော် မျက်လုံးတွင်းမှတင်းမာမှုကြောင့် ယွမ်ကျိရန်ပင်တုံ့ဆိုင်းသွားရသည်။

ဖုန့်ယွင်၏မျက်နှာထက်မှ အေးစက်စက်အကြည့်ကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သဖြင့် အကြောက်တရားများစိမ့်ဝင်လာသည့်နှယ် သူမကိုယ်တိုင်ပင် အနည်းငယ်တုန်ယင်သွားရလေ၏။ ချက်ချင်းပင် ထိုသို့ခံစားလိုက်ရသည်ကိုက သူမကိုယ်သူမ ရှက်စရာကောင်းသည်ဟုတွေးလိုက်သည်။

(ငါကဘာကိစ္စ ဒီလိုအမှိုက်ကောင်ကိုကြောက်နေရမှာလဲ ဟမ့်)

ဖုန့်ယွင်သည် မေးရိုးကိုတင်းတင်းစေ့ထားပြီး အတွေးများမှာသူ့ခေါင်းထဲတွင် ပြေးလွှားလျက်ရှိသည်။ ယွမ်ကျိရန်သူ့ကို ဤမျှရန်ငြှိုးဖွဲ့နေခြင်းမှာ သူနှင့်လင်းမေယု၏ ပျက်ပြားသွားသောစေ့စပ်ပွဲကြောင့်တင်မဟုတ်ဘဲ ဂိုဏ်းနှစ်ခုကြားမှ ပြဿနာအရှုပ်အထွေးများကြောင့်လည်း ပါလောက်၏။

သူမသည် ဆန်းကြယ်မီးတောက်ဂိုဏ်းမှတပည့်ဖြစ်ပြီး ထိုဂိုဏ်းမှအကြီးအကဲသည် သူ့အစ်ကိုကြီးထံတွင် ပထမတစ်ကြိမ်မှာရှုံးနိမ့်ပြီး ဒုတိယတစ်ကြိမ်မှာအသတ်ခံလိုက်ရသည်ပင်။ သူမဘက်မှအမုန်းပွားနေမည်ဆိုလည်း ဖြစ်သင့်ပါသည်။

သို့သော် တကယ်တမ်းမှာ ထိုအကြောင်းကြောင့်ရန်လာစနေခြင်းမဟုတ်ဘဲ သုံးနှစ်ကြာစိန်ခေါ်မှုပြုလုပ်ခြင်းမှာ ဖုန့်ယွင်က လင်းမေယုအား ခံစားချက်ရှိနေသေး၍ဟု သူမတပ်အပ်တွေးထင်နေသောကြောင့်ဖြစ်၏။

ဖုန့်ယွင်မှာ ထိုအကြောင်းရင်းကိုသိလိုက်သည်နှင့် အန်ပင်အန်ချင်လာတော့သည်။

(အဲ့မိန်းမကိုကြိုက်တဲ့သူက စိတ်မမှန်တဲ့သူပဲ)

ဖုန့်ယွင်တွေးရင်း အဓိပ္ပာယ်မရှိလွန်း၍ အော်ရယ်ချင်သည်အထိ။

ဖုန့်ယွင်မယုံကြည်နိုင်ဟန်ဖြင့် နှုတ်ခမ်းတစ်ချက်တွန့်၍ ထိုမိန်းကလေးအားစိတ်ပျက်စွာ ခေါင်းယမ်းနေလိုက်သည်။

အေးခဲနေဆဲအကြည့်များမှာတော့ သူမထံမှ နည်းနည်းမျှပင်လွှဲဖယ်မသွား။

"မင်းတကယ်ကိုဘာမှနားလည်မနေဘူးပဲ"

အသံမှာ စိတ်ပျက်ဒေါသထွက်နေဟန်ရ၏။

"ငါကဒါတွေအားလုံးကို လင်းမေယုကြောင့်လုပ်နေတယ်လို့ မင်းထင်တယ်ပေါ့ သူမကိုပြန်အနိုင်ယူဖို့ ငါအဲ့လောက်စောက်ဂရုစိုက်နေမယ်ထင်လား"

ယွမ်ကျိရန်သည် သူမ၏အထင်အမြင်အပေါ် ယုံကြည်မှုနည်းနည်းမှလျော့မသွားပဲ ပမာမခန့်ဟန်ဖြင့် လက်ပိုက်လိုက်သည်။

"အဲ့လိုမဟုတ်ရင် ဘာရှိသေးလို့လဲ အရန်လူဖြစ်ရမှာမကြိုက်လို့ တဇွတ်ထိုးလုပ်ချင်တာလုပ်ပြီး နင်တော်ကြောင်း အရမ်းတွေသက်သေပြချင်နေတာမလား"

ဖုန့်ယွင်၏မျက်နှာထားမှာလည်း တင်းမာလို့လာ၏။

"တစ်ခုတော့ရှင်းအောင်ပြောထားမယ်" သူ့အသံက တည်ကြည်ခိုင်မာနေသည်။

"ငါလင်းမေယုကို လုံးဝခေါင်းထဲမထည့်သလို သူ့ဘက်ကပြန်တောင်းပန်လာမှာကိုလည်း မလိုချင်ဘူး"

ယွမ်ကျိရန်နားထောင်ရင်း ‌ဒေါသထွက်လာပြီး မျက်လုံးများလည်းကျဥ်းမြောင်းလာသည်။

ဂျူနီယာညီမလေးကို သူ့ရှေ့မှာတင်ဒီလိုစော်ကားနေတာ ဘယ်လိုလုပ်ကြည့်နေနိုင်မလဲ?

"နင့်ကိုများတောင်းပန်ရဦးမယ်? အိပ်မက်ဆက်မက်နေလိုက်လေ ဖုန့်ယွင် နှစ်သန်းပေါင်းများစွာကြာတောင် ဖြစ်လာမှာမဟုတ်ဘူး"

ယွမ်ကျိရန်က ဒေါသတကြီးဖြင့်ပြန်ပြောလာသည်။

သူမပြန်ပြောသည့်စကားများကိုကြားသော် ဖုန့်ယွင်မှာ ပိုလို့စိတ်ပျက်သွားဟန်ပင်။

သူမဘက်က အထင်မှားနေကြောင်း သူရှင်းပြချင်ရုံသက်သက်သာဖြစ်ပြီး လင်းမေယုကိုလည်း စိတ်မဝင်စားကြောင်းသိစေချင်တာဖြစ်သည်။

သူ့စကားတိုင်းကို လိုက်ပြီးအကျကောက်နေမယ်လို့ထင်မထားသဖြင့် ရယ်လည်းရယ်ချင် စိတ်လည်းတိုသွားရ၏။

"ငါပြောချင်တဲ့အဓိပ္ပာယ်ကို မင်းကတလွဲကြီးကောက်သွားတာပဲ" ဖုန့်ယွင်ခေါင်းအသာယမ်းလျက် ခပ်တိုးတိုးညည်းညူလာသည်။

"ဘာပဲဖြစ်ဖြစ် အဲ့ဒီစိန်ခေါ်မှုသ‌ဘောတူညီချက်ကလည်း ငါနဲ့လင်းမေယုကြားကကိစ္စပဲ မင်းနဲ့မဆိုင်တာကို ဝင်ပါစရာမလိုဘူး ဟုတ်ပြီလား"

ဖုန့်ယွင်သတိပေးလိုက်သည်။ သူ့ဘက်မှဘယ်လိုပဲရှင်းပြလာလာ ထိုမိန်းကလေးက နားလည်လက်ခံမည့်ပုံလည်းမပေါ်ပါ။

ဝင်မစွက်ဖက်အောင်တားဖို့နည်းလမ်းသာ ရှိပေတော့သည်။

"ဟမ့် ငါဝင်စွက်ဖက်တော့ရောဘာဖြစ်လဲ ငါကလင်းမေယုရဲ့စီနီယာအစ်မ၊ သူ့တက်လမ်းပေါ်ကပိုးကောင်မွှားကောင်တွေကိုရှင်းပေးရမှာ ငါ့တာဝန်ပဲ"

သူမကဆက်ပြောသည်။ "ဂျူနီယာညီမလေးက ငါတို့ဂိုဏ်းရဲ့ ပြိုင်ဘက်ကင်းပါရမီရှင်ပဲ တစ်ချိန်မှာဂိုဏ်းချုပ်နေရာကို ဆက်ခံမယ့်သူ"

ပြတ်သားသောအသံဖြင့် သူမက ခပ်ကျယ်ကျယ်ဆက်ပြောလာသည်။

"နောက်ပြီး နင့်ရဲ့ဟိုရူးတူး‌ပေါတောစိန်ခေါ်မှုကိုဆက်လုပ်ချင်တယ်ဆိုရင် အရင်ဆုံး ငါ့ကိုအရင်နိုင်အောင်လုပ်ပါဦး ငါ့ကိုမှမနိုင်ရင် ဂျူနီယာညီမလေးနဲ့ ယှဥ်နေစရာအကြောင်းကိုမရှိတော့ဘူး ဟမ့်"

စကားဆုံးသည်နှင့် ယွမ်ကျိရန်သည် ဟန်ဆောင်နှေးကွေးမနေတော့ဘဲ စွမ်းရည်စစ်ကျောက်တောင်ထက်သို့ တဟုန်ထိုးပြေးတက်သွားတော့၏။

ဖုန့်ယွင်သည် ယွမ်ကျိရန်၏ကျောပြင်ပျောက်ကွယ်သွားသည်ကို ခပ်ကြောင်ကြောင်ရပ်ကြည့်နေမိသည်။ သူ့ဘက်မှပင်သဘောမတူရသေးဘဲ ဇွတ်စိန်ခေါ်လျက်ပြေးတက်သွားလေပြီ။ သူစိတ်ကုန်စွာခေါင်းယမ်းလိုက်မိ၏။ ထွက်သွားတာပဲကောင်းပါသည်လေ။ မကြာမီမှာပင် ယွမ်ကျိရန်သည် ၆ဆင့်မှ၇ဆင့် ထို့နောက် ၈ဆင့် ၉ဆင့်ထိရောက်သွားကာ ဖုန့်ကျန်းဟောင်နှင့်ကျန်ဖုန့်မိသားစုဝင်များအား ကပ်လျက်အမီလိုက်နိုင်လာလေပြီ။

ဟောဟဲလိုက်လို့နေပြီး ပြိုင်ပွဲပြီးလောက်ပြီဟုထင်နေသောသူများမှာ ရုတ်တရတ်အံ့သြသွားရတော့၏။

**********

ပွဲကြည့်ပရိတ်သတ်များထဲတွင် ယွမ်ဟောင်သည် သမီးဖြစ်သူ ဖုန့်ယွင်နှင့်ရပ်စကားပြောနေသည်ကို တွေ့လိုက်ရသည်။

(အဲ့ကောင်မလေး ဘာလုပ်နေပြန်ပါလိမ့်)

သူ့သမီးကိုစောင့်ကြည့်အကဲခတ်ရင်း ထိပ်ဆုံးကသူများကိုလည်း မျက်ခြေမပြတ်စေရ။

ထျန်းလုံယုမှာ ထိပ်ဆုံးအဆင့်တွင်ရှိနေဆဲပင်။ ၁၂ဆင့်သို့ရောက်နေပြီဖြစ်ပြီး ဖုန့်မေ၊ ယွမ်လင်းနှင့် ဟုလျန်းတို့မှာ ၁၁ဆင့်သို့ရောက်နေကြပြီဖြစ်၏။

ယွမ်ကျိရန်ရုတ်တရတ်အရှိန်တင်လာခြင်းက ကြည့်ရှုသူအများကိုအံ့သြသွားစေသည်။ သူမသည်ချက်ချင်းပင် ထိပ်ဆုံး၁၀‌ယောက်အတွင်းသို့ဝင်လာပြီး ပြိုင်ပွဲဝင်အဆင့်၉နှင့် ၁၀ကိုတောင် ကျော်တက်သွားလိုက်တော့သည်။

"တစ်ယောက်က လှေကားထစ်တွေကို အမြန်ကြီးပြေးတက်နေတာပါလား"

"အဲ့ဒါယွမ်ကျိရန်ပဲ အခုအဆင့်၉ကိုတောင်ရောက်နေပြီ"

"ယွမ်ကျိရန်လား ခုနကအနောက်မှာဘာများလုပ်နေတာပါလိမ့်"

မလွယ်ကူသောအဆင့်များကိုပင် အရှိန်ဖြင့်ပြေးတက်နေနိုင်သူအားမြင်သော် လူအုပ်ကြီးမှာ အစပိုင်းတော့အံ့အားသင့်သွားကြသည်။

သို့သော် ထိုသူမှာဘယ်သူမှန်းသိလိုက်သည်နှင့် အံ့သြသွားသောမျက်နှာများ ပြန်လည်ပြေပျောက်သွားတော့၏။

"ဟာ နောက်တစ်ယောက်ကလည်း အပြေးတက်လာပြန်ပြီ"

"ဘယ်သူလဲဟ"

"ဖုန့်မိသားစုက ဖုန့်ယွင်ပဲ"

"ဖုန့်ယွင်ဆိုတာ မိန်းကလေးလင်းရဲ့ အရင်သတို့သားလောင်းမလား"

"ဟုတ်‌လောက်တယ် ဟာ ကြည့်စမ်း အဲ့ကောင်လေး၉ဆင့်ထိတောင်ရောက်သွားပြီ"

ယွမ်ကျိရန်တစ်ယောက် ၉ဆင့်သို့တက်ရောက်သွားပြီးမကြာမီ ဖုန့်ယွင်လည်း စွမ်းရည်စစ်ကျောက်တောင်ကို အမှန်တကယ်စတက်လာတော့သည်။

ယွမ်ကျိရန်၏စိန်ခေါ်မှုကို အဲ့လောက်အမှုမထားသော်ငြား သူအနည်းဆုံးတော့ ၁၇ဆင့်ထိရောက်ရမည်ဟု စိတ်ပိုင်းဖြတ်ထားသည်လေ။

ဖုန့်ယွင်လိုက်မီလာသည်ကိုမြင်သော် ယွမ်ကျိရန်နှာခေါင်းတစ်ချက်ရှုံ့ပြီး အရှိန်ထပ်တင်လိုက်သည်။

ထိုအဆင့်များတွင် ဖိအားအလွန်ပြင်းထန်သော်ငြား ယွမ်ကျိရန်ကိုတော့မတားဆီးနိုင်ပါချေ။ သူမသည် ချက်ချင်းဆိုသလိုပင် ၁၁ဆင့်ရှိ ဖုန့်မေနှင့်အခြားသူများကို လိုက်မီလာသည်။

"မမ"

"ကျိရန်အာ"

ဟုလျန်းနှင့်ယွမ်လင်းမှ ပြိုင်တူလှမ်းခေါ်လိုက်ကြသည်။ သူမခုချိန်ထိတက်မလာသေး၍ တစ်နေရာရာတွင်ဒုက္ခရောက်နေမလားဟု သူတို့ခုလေးတင်တွေးမိနေကြတာပင်။

သို့သော် ယခုမြင်လိုက်ရသည်မလို့ စိတ်အေးသွားရသည်။

သေချာပေါက် သူတို့ထက်သာသောယွမ်ကျိရန်က ဘယ်လိုလုပ်နောက်ကျကျန်ခဲ့နိုင်ပါ့မလဲ။

ဘာကြောင့်နောက်ချန်နေခဲ့သလဲဟု မေးမည်ပြင်သော်ငြား သူမကမရပ်ဘဲ အမြန်ပြေးတက်သွားတော့၏။

"ငါအရင်သွားနှင့်ပြီ နှစ်‌ယောက်လုံး ဖြည်းဖြည်းမှန်မှန်ပဲတက်ခဲ့ကြ"

ယွမ်ကျိရန်ကအမြန်မှာပြီး လှစ်ခနဲထွက်ခွာသွားသည်။ ဟုလျန်းနှင့်ယွမ်လင်းတို့မှာ ပါးစပ်အဟောင်းသားဖြင့်ကျန်ခဲ့လျက်။

ဖုန့်ယွင်မှာ ဂျူနီယာညီမလေးမဆိုထားနှင့် သူမ၏ပြိုင်ဘက်ပင်မဟုတ်ကြောင်း သက်သေပြရမည်။

"ဟမ့် နင်ဒီထိများရောက်လာနိုင်မလား ကြည့်ကြသေးတာပေါ့"

၁၂ဆင့်သို့လွှားခနဲ ခုန်တက်လိုက်သည့် သူမရေရွတ်လိုက်သည်။

All Chapters