စိတ်ဆန္ဒပြင်းပြမှု
Vol. 7 Ch. 88
"မဟုတ်ဘူး မဟုတ်ဘူး မဖြစ်နိုင်ဘူး"
သူ့ကိုအမီလိုက်လာသော ယွမ်ကျိရန်ကိုမြင်ပြီး ထျန်းလုံယုအလန့်တကြားရေရွတ်မိသည်။
သူ့ကို တစ်ယောက်မှမီအောင်လိုက်မလာနိုင်ခြင်းကြောင့် သူသာအတော်ဆုံးဖြစ်လိမ့်မည်ဟုယူဆထားချိန်မှာပင် ယွမ်ကျိရန်သည် မိနစ်ပိုင်းအတွင်း ၁၂ဆင့်သို့တက်ရောက်လာလေသည်။
ထို့အပြင် သူမမှာ သူ့လိုပင်ပန်းရုန်းကန်နေရပုံလည်းမပေါ်။ ကျော်တောင်တက်သွားလိုက်သေး၏။
ထျန်းလုံယုမှာ နောက်တစ်ဆင့်ထပ်သွားဖို့ကြိုးစားကြည့်သော်ငြား ထပ်မရတော့သဖြင့် ဤအဆင့်ကိုဘယ်သူမှလိုက်မမီတော့ဟုထင်ကာ ထိုအတိုင်းရပ်နားနေခဲ့တာဖြစ်သည်။
သို့သော် ယွမ်ကျိရန်ပေါ်လာခဲ့ပြီး သူ့ကိုကျော်တက်မည့်ဟန်ပင်ပြနေလေပြီ။
ယွမ်ကျိရန်ကတော့ ထျန်းလုံယုကို တစ်ချက်ပင်လှည့်မကြည့်ဘဲ ရှေ့ကိုသာဦးတည်လျက် အားမာန်အပြည့်ဖြင့်ဆက်သွားနေသည်။
(ချီးပဲ မဖြစ်နိုင်လိုက်တာ)
ထျန်းလုံယုမကျေမနပ်ဖြင့်ကျိန်ဆဲလိုက်ပြီး သူ့မှာကျန်သမျှအားအင်တွေကို အလောတကြီးစုစည်းကာ နောက်တစ်လှမ်းထပ်လှမ်းလိုက်သည်။
ရှေ့တွင်ရှိသော ၁၂ဆင့်၏လမ်းရှည်ကြီးသည် လျှောက်၍မဆုံးနိုင်လောက်အောင်ရှည်လျားလှပြီး သူ့အားကဲ့ရဲ့လှောင်ပြောင်နေသကဲ့သို့ပင်။ သူ့ကိုဘယ်သူမှ မီမလာနိုင်လောက်ဟု အတော်လေးယုံကြည်ချက်ရှိထားခဲ့သည်။ ကျော်တက်နိုင်ဖို့ဆိုဝေးစွ။ သို့သော် ယွမ်ကျိရန်မှာ ၁၂ဆင့်ကိုပေါ့ပေါ့ပါးပါးဟန်ဖြင့်တက်လာပြီး သူ့မာနကိုရိုက်ချိုးလိုက်တော့၏။
စွမ်းရည်စစ်ကျောက်တောင်၏ ပြင်းထန်လှသောဖိအားအောက်တွင် သူ့ကြွက်သားမျှင်များ တဆတ်ဆတ်တုန်ယင်လာတော့သည်။ အသက်တစ်ချက်ရှူတိုင်း ပို၍ပင်ပန်းနာကျင်လာသလို ခံစားနေရပေသည်။
အံကိုတင်းတင်းကြိတ်၍ ခန္ဓာကိုယ်ကိုတွန်းအားပေးစေခိုင်းသော်ငြား အလုပ်မဖြစ်ခဲ့ပါ။ ခြေထောက်များမှာ ခဲဆွဲထားသလိုလေးလံနေပြီး ဝိဉာဥ်စွမ်းအင်များက သူ့ကျောပေါ် တောင်တစ်လုံးတက်ဖိထားသလို တွန်းလှန်ရခက်လှ၏။
(ချီးပဲ ငါလုံးဝအရှုံးမပေးနိုင်ဘူး)
မခံချင်စိတ်များမှာ သူ့ရင်အုံကိုမီးပမာလောင်ကျွမ်းလာပြီး အတွင်းစိတ်ထဲမှ အော်ဟစ်ကြုံးဝါးလိုက်သည်။ အာခေါင်ခြစ်သံဖြင့် ခပ်တိုးတိုးမာန်သွင်းအော်ရင်း ခြေတစ်ဖက်ကိုမဖို့ကြိုးစားသော်လည်း အရာမထင်ခဲ့ပါ။
သူဘယ်လောက်ပဲကြိုးစားနေပါစေ သူ့ခန္ဓာကိုယ်ကတော့ တစ်ချက်မှမတုံ့ပြန်တော့ပါလေ။ မျက်နှာထက်ချွေးစက်များစိုရွှဲနေပြီဖြစ်ပြီး အမြင်အာရုံများလည်း ဝေဝါးလို့လာတော့သည်။
နောက်တစ်လှမ်းလေးလှမ်းနိုင်ဖို့ကိုပင် ရုန်းကန်လို့မရတော့ပါ။ သူထပ်ကြိုးစားလေလေ လုပ်နိုင်စွမ်းကုန်နေပြီဖြစ်ကြောင်း ပိုသေချာလေလေ ဖြစ်လို့သာနေ၏။
အဖြစ်မှန်မှာ လက်ခံလိုက်ဖို့ရက်စက်လွန်းလှသည်။ သူတကယ်မလှုပ်နိုင်တော့ပါ။ ပြိုင်ဘက်ကကျော်တက်သွားသည်ကို စောင့်ကြည့်နေရုံသာ တတ်နိုင်တော့မည်။
(ဒီလိုမဖြစ်ရဘူး)
အရှုံးကိုလက်မခံဘဲ ဇွတ်အတင်းထပ်မံကြိုးပမ်းသော်ငြား အသက်ရှူရခက်ခဲလာသည်ပင်အဖတ်တည်၏။
လက်သည်းများ လက်ဝါးထက်စိုက်ဝင်သွားသည်ထိ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ ဖိအားအောက်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်ယိမ်းထိုးလို့နေလေပြီ။
ရုတ်တရတ် ဖိအားကတစ်ကျော့ပြန်ပြင်းထန်လာပြီး အဆုံးထိတွန်းကန်လျက်သားဖြစ်နေသည့် သူ့ကိုယ်တွင်းကစွမ်းအင်များကို ပွင့်ထွက်လာစေတော့သည်။
ချောင်းဆိုးသံတစ်ချက်နှင့်အတူ လည်ချောင်းထဲသို့ဆန်တက်လာသော သွေးတစ်ပွက်အား သူခံစားသိရှိလိုက်သည်။
လွန်လွန်ကဲကဲအသုံးပြုခံရမှုကြောင့် ခန္ဓာကိုယ်မှာ ယိုင်နဲ့ပြိုလဲသွားတော့သည်။ ဟန်ချက်မထိန်းလိုက်နိုင်ခင်မှာပင် ပါးစပ်အပြည့်သွေးတစ်ပွက် အန်ထွက်လာတော့၏။
ပါးစပ်တစ်ခုလုံး သွေး၏သံချေးအရသာမွှန်ထူသွားပြီး အရှုံး၏အရသာဟုခေါ်ရင်လည်း မှန်ပေသည်။
(သေစမ်း ငါလုပ်တာလွန်သွားပြီ)
ပါးစပ်မှသွေးများကိုသုတ်ပစ်လိုက်သော်လည်း ထိခိုက်ဒဏ်ရာက ရပြီးသွားလေပြီ။ မျက်နှာပြင်မှာ လူမမာကဲ့သို့ဖြူဖျော့သွားပြီး ထိုးကျသွားသောအားအင်များကို သူခံစားလို့ရနေသည်။
အမြင်အာရုံများမှာ ဝေဝါးထွေပြားနေလျက် ခြေထောက်အစုံကတုန်ယင်ချိနဲ့လို့နေသည်။ သူ့ဘက်က ဘယ်လောက်ပဲနိုင်ချင်စိတ်ပြင်းပြနေပါစေ သူ့ခန္ဓာကိုယ်ကား အကန့်အသတ်တစ်ခုကိုရောက်သွားပြီဖြစ်သည်။
ယွမ်ကျိရန်တစ်ယောက် ၁၃ဆင့်သို့တက်လှမ်းသွားခြင်းအား သူလှမ်းမျှော်ကြည့်နေရုံသာ တတ်နိုင်တော့၏။
*********
ပရိတ်သတ်ထဲမှ ထျန်းလုံချီသည်လည်း မျက်နှာထားပြောင်းလို့သွား၏။ ဒီတစ်ခေါက်ပြိုင်ပွဲမှာ သူ့မိသားစုသာပထမရလိမ့်မည်ဟု သူလည်းထင်ခဲ့တာပင်။
သို့သော် ယွမ်ကျိရန်က သူမှားကြောင်းသက်သေပြသွားလေပြီ။
ထျန်းလုံယု၏မျက်နှာအနေအထားအရ ၁၂ဆင့်မှာ သူအတတ်နိုင်ဆုံးကြိုးစားထားသမျှ ဖြစ်လောက်ပေသည်။ သူတို့မိသားစု ပထမရရန်လမ်းမရှိတော့ပါဆိုသည့် အဓိပ္ပာယ်ပင်။
မဟာအကြီးအကဲရန်တောက်ယုမှာလည်း သူ့နည်းတူစိတ်ပျက်လက်ပျက်ဖြစ်သွားဟန်ရှိပြီး ဒေါသရိပ်ငွေ့ငွေ့ဟပ်နေတော့၏။
အခြားတစ်ဖက်တွင်မူ ဖုန့်မိသားစုနှင့် ယွမ်မိသားစုတို့၏ အကြီးအကဲများမှာကား သူတို့မိသားစုဝင်များ၏ထူးချွန်တောက်ပြောင်မှုကိုရှုစားရင်း အကျေနပ်ကြီးကျေနပ်လျက်ရှိသည်။
ကျေနပ်အားရလျက်ရှိသောမျက်နှာထားများဖြင့် မိသားစုမျိုးဆက်သစ်လေးများ တစ်ဆင့်ပြီးတစ်ဆင့်တက်နေသည်ကို တောက်ပသောမျက်လုံးအစုံဖြင့် တက်ကြွစွာစောင့်ကြည့်လို့နေကြသည်။
သူတို့မိသားစုနှစ်ခုမှာ ထိပ်ဆုံးသုံးယောက်အတွင်း ပါကိုပါလောက်မည့်အနေအထားရှိနေပေပြီ။ အခြားမိသားစုမှလူငယ်များမှာ ၁၀ဆင့်ကိုကျော်နိုင်သူ နှစ်ယောက်ထက်ပိုမရှိပါချေ။
"ဟားဟား မိသားစုခေါင်းဆောင်ယွမ်ဟောင်ရေ ခင်ဗျားသမီးလည်း အတော်လေးလျှိုထားနိုင်တာပဲ"
ဖုန့်ချန်းကချီးကျူးလိုက်သည်။
ယွမ်ဟောင်မှာ နှိမ့်ချစွာပြုံးရင်းပြန်ပြောလာသည်။ "ကျုပ်သမီးက ပါရမီပါတာတော့ဟုတ်ပေမယ့် ဆက်လျှောက်စရာလမ်းအရှည်ကြီးကျန်ပါသေးတယ်"
ထို့နောက် တစ်စုံတစ်ယောက်ကိုအတွေးရောက်သွားဟန်ဖြင့် သူကထပ်ပြောလာသည်။
"ပါရမီရှင်အစစ်အမှန်တွေနဲ့ယှဥ်ရင် သူကဘာမှမဟုတ်သေးပါဘူး"
ယွမ်ဟောင်ပြောလိုသည်မှာ လင်းမေယုနှင့်ယှဥ်လျှင် သူ့သမီး၏ပါရမီမှာကား ပြောပလောက်စရာပင်မရှိသေး ဟူ၏။
သို့သော် ဖုန့်ချန်းနှင့်လင်းမေယုကြားက အရှုပ်အထွေးများကြောင့် နာမည်ကိုထုတ်မပြောလိုက်ပေ။
ဖုန့်ချန်းလည်း ယွမ်ဟောင်ဆိုလိုချင်သည့်အဓိပ္ပာယ်ကို ကောင်းကောင်းနားလည်လိုက်ပါသည်။
အသက်၁၇နှစ်ဖြင့် ချီအရည်ဖွဲ့ခြင်းကျင့်ကြံဆင့်ကိုတက်လှမ်းထားနိုင်သူ လင်းမေယုနှင့်ယှဥ်လျှင် ၁၉နှစ်မှာ အမြုတေဖွဲ့စည်းခြင်းအထွဋ်အထိပ်ဆင့်ရှိ ယွမ်ကျိရန်သည် မှေးမှိန်ပျောက်ကွယ်သွားသလိုပင်။
(နတ်ဘုရားမျက်လုံး ဖွင့်စမ်း)
****************
အမည် - ယွမ်ကျိရန်
ကျင့်ကြံဆင့် - အမြုတေဖွဲ့စည်းခြင်းအထွဋ်အထိပ်အဆင့်
ပါရမီ - သာလွန်ထူးကဲသော
ခန္ဓာ - မရှိ
**************
(တကယ့် ပါရမီရှင်လေးပါလား)
ဖုန့်မေအပြင် သာလွန်ထူးကဲသောပါရမီပိုင်ရှင်ကို သူဒုတိယအကြိမ်မြင်ဖူးခြင်းပင်။
ဖုန့်မေတွင် ဖီးနစ်ခန္ဓာရှိနေသဖြင့် ယွမ်ကျိရန်ထက် ပိုမိုတောက်ပသောအနာဂတ်ကို ပိုင်ဆိုင်ရမည်မှာတော့မလွဲပေ။
သို့သော် ယွမ်ကျိရန်၏ပါရမီမှာလည်း တစ်သန်းတွင်တစ်ယောက်သော ရှားပါးမှုဖြစ်၏။
***
စွမ်းရည်စစ်ကျောက်တောင်ထက်တွင် ဖုန့်ယွင်သည် လမ်းတစ်လျှောက်ရှိပြိုင်ပွဲဝင်များ အံ့သြဘနန်းဖြစ်ရလောက်သောအရှိန်ဖြင့်ပြေးတက်လာပြီး ဖုန့်ကျန်းဟောင်၊ ဖုန့်လျန်းနှင့် ဖုန့်ရှောင်ယုတို့ရှိရာ ၁၀ဆင့်သို့မီလာသည်။
"အားလုံးပဲ အဆင်ပြေကြရဲ့လား"
ဖုန့်ယွင်မေးလိုက်သည်။
"အဆင်ပြေပါသေးတယ် ဒါပေမယ့် ဒီ့ထက်ပိုမြင့်အောင်တက်ချင်ရင်တော့ စွမ်းအင်ပိုထုတ်ရဦးမယ်ထင်တယ်"
ဖုန့်လျန်းကပြန်ပြောလိုက်သည်။ ၁၀ဆင့်သို့ရောက်နေပြီဆိုသော်ငြား သူတို့မှာ ဆက်သွားဖို့အားကျန်ပါသေးသည်။
ဖုန့်ယွင်ခေါင်းညိတ်ပြလိုက်သည်။ သူတို့စွမ်းရည်နှင့်ဆိုလျှင် ၁၀ဆင့်မှာအကန့်အသတ်မရောက်သေးကြောင်း သူကောင်းကောင်းသိပါ၏။
သို့သော် ဖုန့်ကျန်းဟောင်တစ်ယောက် အနည်းငယ်အားကုန်နေဟန်ပေါ်သည်ကို မျက်လုံထောင့်မှမြင်နေရပေသည်။ သူဘာမှတော့ဝင်မပြောခဲ့ပါ။
လက်လျှော့လိုက်တော့ဖို့ပြောလျှင်လည်း ဖုန့်ကျန်းဟောင်ကနားထောင်မှာမဟုတ်သလို ဖုန့်ယွင်ဝင်ဆုံးဖြတ်စရာကိစ္စလည်းဟုတ်မနေပါ။
သူလည်း အရင်က ထိုသို့ကြုံတွေ့ခဲ့ဖူးသောကြောင့်ပင်။
အတိတ်မှာတုန်းက သူကျင့်ကြံဆင့်မတက်နိုင်တော့ အသုံးမကျတဲ့အတူတူ ဆက်လက်မကျင့်ကြံတော့ဖို့ လူပေါင်းများစွာအကြံပေးခြင်းခံခဲ့ရသည်။ အချို့က သူ့ကောင်းကျိုးအတွက် ရိုးရိုးသားသားအကြံပေးခြင်းဖြစ်သလို အချို့ကတော့ လှောင်ပြောင်နှိမ့်ချဟန်ဖြင့်ပင်။
မည်သို့ပင်ဖြစ်စေ သူမရမကဆက်ကြိုးစားခဲ့ပြီး သူတို့မှားကြောင်းသက်သေပြနိုင်လိုက်သည်သာ။
ထို့ကြောင့် ဖုန့်ကျန်းဟောင်ကိုလည်း သူအကြံပြုချက်မပေးလိုပါ။
"ဟုတ်ပြီ အကောင်းဆုံးကြိုးစားကြ"