အချစ်ပြိုင်ဘက်များ
Vol. 7 Ch. 89
ဖုန့်ယွင်တစ်ယောက် ဆက်လက်ခရီးဆက်ခဲ့ရာ မကြာမီပင် ဖုန့်မေတို့ရပ်နေသည့်နားသို့ရောက်လာတော့သည်။ ဟုလျန်းနှင့် ယွမ်လင်းမှာ အသစ်ရောက်လာသောတစ်ယောက်ကို စိတ်ဝင်တစားဖြင့်လေ့လာစူးစမ်းမိကြ၏။
ဖုန့်မိသားစုသည် သူတို့အားလုံးကို ပါရမီရှင်တစ်သိုက်ဖြင့် အံ့အားသင့်တုန်လှုပ်စေနိုင်ခဲ့ပြီး ထိုတစ်သိုက်ထဲမှ ဖုန့်ယွင်နှင့်ဖုန့်မေက အထင်ရှားဆုံးဖြစ်သည်။ ပြိုင်ပွဲမှာလည်း ယခုချိန်ထိ ထိပ်ဆုံးနေရာများကို ရယူထားနိုင်သည်လေ။
ဒါက မောက်မာဝင့်ကြွားနေခြင်းမဟုတ်ဘဲ အမှန်တရားသာဖြစ်၏။
ထိပ်သီးဂိုဏ်းများကတောင် တန်ဖိုးထားရသည့် ရှားပါးပါရမီရှင်များနှင့် ရင်ဘောင်တန်းနေနိုင်သောကြောင့် သူတို့၏ပါရမီအဆင့်အတန်းများကို နားလည်သူတို့က နားလည်ကြပေမည်။
သို့သော် ယွမ်လင်း၏အာရုံမှာ ဖုန့်ယွင်မဟုတ်သည့် တစ်ခြားတစ်နေရာ၌သာရှိနေသည်။
ဟုလျန်းကမူ သူ့ဂျူနီယာညီမလေးဖြစ်သည့် လင်းမေယု၏ အရင်သတို့သားလောင်းကို အာရုံစိုက်အကဲခတ်လို့နေသည်။
သို့သော် သူမနှင့်လင်းမေယုမှာ သိပ်ရင်းနှီးသည်မဟုတ်၍ လင်းမေယုအရေးကိစ္စများကိုလည်း ဝင်ရှုပ်ချင်စိတ်မရှိပေ။
သို့သော် လင်းမေယုကိုကွာရှင်းပြတ်စဲရဲသည့် ထိုလူငယ်အား သူလည်း စိတ်ဝင်တစားတော့ရှိပေသည်။
လင်းမေယုဆိုသည်မှာ မင်းနေပြည်တော်၏ ထိပ်ဆုံးမိသားစုကြီးသုံးခုထဲမှ ဝိဉာဉ်သန္ဓေအဆင့်ကျင့်ကြံသူရှိသည့် လင်းမိသားစု၏သမီးပင်။
ထို့အပြင် ဆန်းကြယ်မီးတောက်ဂိုဏ်း၏ ပါရမီရှင် ခေါင်းဆောင်အလောင်းအလျာလေးဖြစ်ပြီး တစ်နေ့ကျလျှင် မိုးပြာကောင်းကင်အင်ပါယာ၏ နံပါတ်တစ်ဂိုဏ်းအဖွဲ့အစည်းကို ဦးစီးအုပ်ချုပ်ရမည်ဖြစ်သည်။
ထို့ကြောင့် သူမဘက်မှ စေ့စပ်ပွဲဖျက်သိမ်းဖို့စတင်ကြေငြာလာလျှင် တစ်ဖက်လူမှာ ခုခံမှုမရှိပဲ ရိုကျိုးစွာနာခံရမည်သာဖြစ်သည်။
သို့သော် ထိုဖုန့်ယွင်ဆိုသူမှာ လင်းမေယုကို တစ်ပြန်ကြီးကွာရှင်းစကားပြောရဲရုံသာမက သုံးနှစ်ကြာစိန်ခေါ်မှုတစ်ခုကိုပင် ချိန်းဆိုလိုက်သေး၏။ ဆန်းကြယ်မီးတောက်ဂိုဏ်းရှိရာမြို့တော်တွင်တော့ လပေါင်းများစွာပြောလို့မပြီးနိုင်ကြသည့် အတင်းအဖျင်းခေါင်းစဥ်တစ်ခုပင်။
ယွမ်လင်းမှာမူ ဖုန့်မေထံသို့သာ အာရုံစိုက်မိနေသည်။
သူမကို စစမြင်လိုက်ချင်းမှာကတည်းက သူ့ရင်တွင် တစ်စုံတစ်ခုဝင်ရောက်မွှေနှောက်သွားသကဲ့သို့ ခံစားမိလိုက်သည်။ အစပိုင်းတွင်တော့ ညှို့ယူနိုင်မှု၊ နောက်ပိုင်းတွင်တော့ ချီးမွမ်းနှစ်ခြိုက်လိုမှုနှင့် မြတ်နိုးစိတ်များ ဖိတ်ယိုမှုအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားခဲ့သည်။
သူ့မျက်လုံးထဲတွင် ဖုန့်မေသည် အများကြားတွင် ထင်းလင်းစွာကွဲထွက်လို့နေသည်။ စွမ်းရည်စစ်ကျောက်တောင်၏ ဖျော့တော့သောအလင်းအောက်တွင် သူမ၏တည်ရှိမှုသည် တောက်ပလင်းလက်လို့ပင်။
မျက်နှာအမူအရာမှာ တည်ငြိမ်၍ အာရုံပျံ့လွင့်ခြင်းမရှိဘဲ လှုပ်ရှားမှုတိုင်းက ကျက်သရေပြည့်ဝကာ တိကျမှန်ကန်သည်။
ပတ်ဝန်းကျင်မှဖိအားသည် သူမအပေါ်ကိုမသက်ရောက်သလိုပင်။ ကိုယ်နေဟန်ထားမပျက်ဘဲ တင့်တယ်စွာတက်လှမ်းနေပုံမှာ သိမ်မွေ့ကျော့ရှင်းလို့နေ၏။
ကျီးကန်း၏ အရောင်အသွေးကဲ့သို့နက်မှောင်သော ဆံကေသာကို ကျောထက်ဖြန့်ခင်းထားပြီး ပျော့ပျောင်းသောဆံနွယ်များမှာ လေညင်းနှင့်အတူ ဝေ့ဝဲလွင့်ပါလို့နေသည်။
ထက်မြက်တည်ငြိမ်သော မျက်လုံးတို့မှာ သူ့ကိုဆွဲစုပ်ယူသွားတော့မလို နက်ရှိုင်းလှပြီး အကြည့်တွေက တစ်ဖက်လူကိုဖောက်ထွင်းမြင်နိုင်တော့မတတ် စူးရှလှ၏။
သူမ၏ တည်ငြိမ်သောယုံကြည်မှုအဟုန်က သူ့ကိုယစ်မူးလာအောင်ဆွဲဆောင်နိုင်သည်။ ကျောက်တောင်လှေကားထစ်များပေါ်တွင် ဖိအားကြောင့်အလဲလဲအပြိုပြိုဖြစ်နေသူများကြား မတ်မတ်သာရပ်လျက်ရှိသောသူမမှာ သေမျိုးလောက၏စမ်းသပ်မှုများကို မဖြုံသော နတ်ဘုရားမတစ်ပါးကဲ့သို့ပင်။
အသားအရည်မှာ ချောမွေ့ဝင်းမွတ်လို့နေပြီး အလင်းရောင်အောက်တွင် တလက်လက်တောက်ပနေသည်။ နှုတ်ခမ်းသားများမှာ မရယ်မပြုံးပေသည့် မဲ့နေသယောင်လည်းမဟုတ်ဘဲ ဘယ်လိုဘယ်ပုံနှင့်မျှ တုန်လှုပ်အောင် မစွမ်းနိုင်တော့ဟုထင်စရာရှိ၏။
ယွမ်လင်းမှာ ထိုမိန်းကလေးကိုကြည့်လေလေ ပိုမိုနှစ်သက်လာရလေလေပင်။ သူ့နှလုံးသားတစ်ခုလုံး ထိုမိန်းကလေးဆီမှ ဆွဲဆောင်ခံလိုက်ရပြီး ဖြည်းဖြည်းချင်းလိုက်ပါသွားနေသည်ကို သူခံစားမိသည်။ အခိုက်အတန့်မှာ ကြည်နူးစရာလည်းကောင်းသလို ရင်တုန်စရာလည်းကောင်းလှသည်ပင်။
(သူက ငါတွေ့ဖူးနဲ့မိန်းကလေးတိုင်းနဲ့ လုံးဝမတူဘူး ဘယ်သူမှသူ့ကိုမယှဥ်နိုင်ဘူး)
သတိလက်လွတ်ငေးကြည့်နေမိသည်မှာ ဟုလျန်းလှမ်းတို့လိုက်မှ အသိပြန်ဝင်မိတော့သည်အထိ။
ယွမ်လင်း ငေးကြည့်နေရာကနေလွှဲဖယ်လိုက်ရပေမယ့် တစ်ချက်တစ်ချက်တော့ ခိုးမကြည့်ဘဲမနေနိုင်ပါ။
သူမကိုစကားပြောချင်စိတ်မှာ သူ့ကိုမရိုးမရွနှိပ်စက်လို့နေပြီး အကြောင်းရင်းကိုလည်း မည်မည်ရရရှင်းမပြတတ်ပါပေ။ သူမဆီကအာရုံစိုက်မှုကိုလိုချင်ပေသည့် တွန့်ဆုတ်လို့လည်းနေသည်။ သူ့လိုလူက ဒီလိုမိန်းကလေးကိုချဥ်းကပ်ဖို့ တန်မှတန်ရဲ့လားဟုတွေးမိ၏။
သို့သော် သူသတ္တိများကိုစုစည်းနေစဥ်တွင် ဖုန့်ယွင်ကား သူမနံဘေးသို့ရောက်လို့လာတော့သည်။
"အကြာကြီးစောင့်လိုက်ရလား"
နွေးထွေးညင်သာသောအသံလေးဖြင့် ဖုန့်ယွင်က ဖုန့်မေကိုမေးလာသည်။
ဖုန့်မေသည် ခေါင်းလေးကိုအသာယမ်းကာ ပြုံးပြုံးလေးဖြေလို့လာသည်။ "လုံးဝကို မကြာလိုက်ပါဘူးနော်"
နှစ်ဦးသားမှာ နွေးထွေးကြင်နာစွာပြုံးလည်း အကြည့်ချင်းဆုံမိလိုက်ကြသည်။ စကားလုံးမလိုအပ်သော ချိတ်ဆက်မှုတစ်ခုဖြင့် အချင်းချင်းကောင်းစွာနားလည်နေပါသည်။
ထိုအခိုက်အတန့်တွင် လောကကြီးမှာ သူတို့နှစ်ယောက်သာကျန်ရှိတော့သလိုပင်။
သူတို့နှစ်ယောက် အတူယှဥ်ရပ်လိုက်သည်နှင့် ယွမ်လင်းမှာ မနာလိုဝန်တိုစိတ်ဖြင့် ခံရခက်သွားရ၏။
အချင်းချင်းနှုတ်ဆက်စကားဆိုလိုက်ကြသည်မှာ တစ်ယောက်နှင့်တစ်ယောက် မည်မျှပင်နီးစပ်နားလည်ကြသလဲဆိုတာကို ရှင်းလင်းစွာဖော်ပြနေသကဲ့သို့ဖြစ်ပြီး သူ့အနေဖြင့် သူမနှင့်ပိုလို့ဝေးကွာသွားသယောင် ခံစားရစေသည်။
ထို့အပြင် ဖုန့်မေ၏ မတုန်မလှုပ်သော ရေခဲမင်းသမီးလေးသဏ္ဍာန်မှာ ရုတ်ချည်းကွယ်ပျောက်သွားပြီး နေခြည်ဖြန်းလို့ လန်းတဲ့ပန်းကလေးလို နွေးထွေးနူညံ့လာတော့၏။
သူ့အတွက်တော့ မျှော်လင့်ချက်တောင်ကြီးတစ်ခုလုံး ကွဲကြေပျက်စီးသွားသလိုပင်။
"အတူတူတက်ကြစို့လေ"
ဖုန့်ယွင်သည် ပြုံးလျက်ပင် လက်တစ်ဖက်ကို သူမထံသို့ ယုံကြည်မှုအပြည့်ဖြင့် ဆန့်တန်းပေးလိုက်သည်။
ဖုန့်မေလည်း ဆန့်တန်းလာသောလက်ထဲသို့ သူမလက်ကလေးကိုထည့်ပေးလိုက်တော့သည်။ လက်ဖျားများထိခတ်သွားသည့်တစ်ဒင်္ဂတွင် ယွမ်လင်းမှာ အပူလှိုင်းလုံးကြီးတစ်ခုရိုက်ခတ်တာခံလိုက်ရသကဲ့သို့ပင်။
ယွမ်လင်းသည် ချိတ်ဆက်နေသောလက်နှစ်စုံကိုကြည့်ရင်း ဒေါသများနှင့် လိုချင်ဆန္ဒများကို ရောယှက်ခံစားရနေသည်။ သူသည်လည်း ထိုမိန်းကလေးနှင့် အနည်းငယ်ဖြစ်ဖြစ် နွေးထွေးသောဆက်ဆံရေးလေးတစ်ခုရှိဖို့ မက်မက်မောမောဆုတောင်းမိသည်။
သို့ပေမယ့်လည်း ထိုမိန်းကလေးသည် သူ့အပိုင်မဟုတ်သလို ဘယ်တော့မှလည်းပိုင်ဆိုင်နိုင်မည်မဟုတ်တော့ပါ။
"ယွမ်လင်း အဆင်ပြေရဲ့လား"
ဟုလျန်းက နောက်ကနေထပ်တို့လိုက်ပြီး စိတ်ကူးထဲလွင့်မျောနေသောသူကို လက်တွေ့သို့ပြန်ဆွဲခေါ်လိုက်သည်။
"ပြေပါတယ် ဒီတိုင်းစဥ်းစားမိလို့" ယွမ်လင်းသည် ခပ်တိုးတိုးပြန်ဖြေလာရင်း ၁၂ဆင့်သို့အတူတက်သွားသော ဖုန့်ယွင်နှင့်ဖုန့်မေကိုသာ လှမ်းကြည့်လို့နေတော့သည်။
"သူတို့ကြောင့်စိတ်အနှောင့်အယှက်အဖြစ်မခံနဲ့ ကိုယ့်လမ်းကိုယ်ပဲအာရုံစိုက်"
ဖုန့်ယွင်နှင့်ဖုန့်မေကျော်တက်သွားခြင်းကြောင့် ယွမ်လင်းအံ့သြတုန်လှုပ်သွားသည်ဟုထင်ကာ ဟုလျန်းမှအကြံပြုလာသည်။
သူမကိုယ်တိုင်လည်း ဖုန့်မေအလွယ်တကူအဆင့်တက်သွားသည်ကို အံ့သြရသည်သာ။ ဖုန့်မေမှာ သူမလိုပင် ဆက်တက်ဖို့ကြိုးစားရုန်းကန်နေရသည်ဟု ထင်ထားသည်လေ။
ယွမ်လင်းလည်းခေါင်းအသာညိတ်၍ အာရုံကို စွမ်းရည်စစ်ကျောက်တောင်သို့ ပြန်လည်စုစည်းထားလိုက်တော့၏။
၁၂ဆင့်တွင် ယွမ်ကျိရန်သူ့ကိုကျော်တက်သွားသောကြောင့် စိတ်ဓာတ်ကျနေသောထျန်းလုံယုသည် ပြန်လည်စိတ်တည်ငြိမ်လို့လာပြီး အနည်းဆုံးတော့ ဒုတိယနေရာရနိုင်ပါသေးသည်ဟု နှစ်သိမ့်နေဆဲဖြစ်သည်။ ထိုအချိန်တွင် ၁၂ဆင့်သို့ယှဥ်တက်လာသော ဖုန့်ယွင်နှင့် ဖုန့်မေအား မြင်လိုက်ရခြင်းပင်။
"ဘာလဲဟ"
သူအာမေဋိတ်ပြုလိုက်မိသည်။ ထိုနှစ်ယောက်ကိုမြင်လိုက်ရချိန်တွင် သူ့နှလုံးသားတစ်ခုလုံးမှာ စုံးစုံးမြုပ်သွားသကဲ့သို့ပင်။
ယွမ်ကျိရန်ပေးသောထိတ်လန့်မှုမှ ပြန်လည်တည်ငြိမ်စပြုလာချိန်တွင် နောက်ထပ်ထိတ်လန့်မှုအား ထပ်ကြုံလိုက်ရပြန်လေပြီ။
ဖုန့်ယွင်သည် ပေါ့ပေါ့ပါးပါးပင်ပြုံးလျက်ရှိပြီး အမူအရာမှာ သက်တောင့်သက်သာဖြစ်လျက် ဖိအားတစ်စုံတရာကို မခံစားမိသကဲ့သို့ပင်။ ဘေးတွင်ရှိသောဖုန့်မေမှာလည်း ယုံကြည်မှုအပြည့်ဖြင့် မယိုင်မလဲတက်လှမ်းလာလို့နေရာ ထျန်းလုံယု၏စိတ်အစဥ်မှာ ပူပန်မှုဖြင့်ဆူပွက်လာသယောင်ပင်။
"မင်းတို့က ဘယ်ကကောင်တွေလဲကွ"
ထျန်းလုံယုသည် ထိုနှစ်ယောက်ကိုစူးရဲစွာကြည့်ရင်း အံကြိတ်သံဖြင့်မေးလိုက်သည်။
ဖုန့်ယွင်က သူ့ကိုတစ်ချက်မျှစောင့်ကြည့်ပြီး အကြည့်ပြန်လွှဲသွားသလို ဖုန့်မေကတော့ တစ်စက်လေးမှပင်စိတ်ဝင်စားဟန်မပြပေ။
ထျန်းလုံမိသားစုသည် ဖုန့်မိသားစုကို ရန်လိုနေသည်အား သူတို့သတိထားမိပြီးဖြစ်သဖြင့် ရန်သူဟုသာ အလိုလိုသတ်မှတ်ထားလိုက်ကြသည်။
ရန်သူမဟုတ်လျှင်တောင် ထျန်းလုံယုမေးခွန်းမေးလာပုံက ပြန်ဖြေချင်စရာတစ်စက်မှမရှိပေ။
စကားသံမှာ လက်အောက်ငယ်သားများအားအမိန့်ပေးသကဲ့သို့ အထက်စီးမှပြောလာခြင်းဖြစ်ပြီး မိမိကိုယ်ကိုယ်လေးစားမှုရှိသူတို့မှာ ဤသို့ရိုင်းစိုင်းသောမေးခွန်းမျိုးကို တုံ့ပြန်မှုမပေးသင့်ကြောင်းသိပေ၏။
ဖုန့်ယွင်နှင့် ဖုန့်မေသည်လည်း တုံ့ပြန်မှုမပေးခဲ့ပါလေ။
"ဟေ့ကောင်တွေ"
ထျန်းလုံယုမှာ ဒေါသတကြီးအော်ဟစ်လာတော့သည်။ သူယခုမလှုပ်နိုင်သေး၍သာပင်။ ထိုနှစ်ယောက်ကိုပြေးရိုက်ချင်လွန်း၍ လက်ပင်ယားနေချေပြီ။
သို့သော် အားအင်ကုန်ခမ်းသွားသည့်အချိန်မှာ ရိုက်ဖို့မဆိုထားနှင့်၊ လက်ချောင်းတစ်ချောင်းကိုပင် မလှုပ်နိုင်လေပြီ။
"နားကန်းနေကြတာလား ငါမင်းတို့နှစ်ယောက်ကိုမေးနေတာကွ"
စူးရှကျယ်လောင်လှသောအသံမှာ လေထုထဲကိုပိုင်းဖြတ်မတတ်ပျံ့နှံ့သွားပြီး သူ့တည်ရှိမှုကို သတိပြုမိကြစေရန် အပြင်းအထန်ကြိုးစားနေရပုံပင်။
ဖုန့်ယွင်နှင့်ဖုန့်မေမှာမူ အရေးမလုပ်စွာပင် အကြည့်ချင်းသာတစ်ချက်ဆုံလိုက်ကြသည်။
ဖုန့်ယွင်သည် ကျီစယ်လိုဟန်အပြုံးတစ်ပွင့်ဖြင့် ဖုန့်မေနားသို့အသာယိမ်းကာ ကပ်ပြောလိုက်သည်။
"တစ်ယောက်ယောက်ကတော့ အစ်ကိုတို့တမင်မကြားချင်ယောင်ဆောင်ခဲ့တာကို မသိရှာဘူးထင်ပါ့နော်၊ သနားပါတယ် ဉာဏ်မှီပုံမရဘူး"
တိုးတိုးပြောလိုက်သည်ဆိုသော်ငြား ထျန်းလုံယုသေချာပေါက်ကြားနိုင်လောက်မည့်အနေအထားပင်။
ထျန်းလုံယုအားတမင်ဆွချင်၍ ပြောနေသည်ကိုသိသဖြင့် ဖုန့်မေလည်းတခစ်ခစ်လိုက်ရယ်သည်။
ထျန်းလုံယု၏ဒေါသမီးတောင်ကို လောင်စာထည့်ပေးလိုက်သလိုပင်။
"မင်းတို့ကငါ့ကိုလှောင်ရယ်ရဲတယ်ပေါ့ ငါဘယ်သူမှန်းရောသိကြရဲ့လား"
သူ့မျက်နှာမှာ ဒေါသဖြင့်နီရဲနေကာ အော်ဟစ်လာသည်။
ဖုန့်ယွင်မှာ ဂရုမစိုက်သလို မျက်ခုံးတစ်ဖက်ပင့်လာ၏။
"အဲ့ဒါက အရေးပါလို့လား"
နောက်ခံအင်အားကိုအသုံးပြု၍ အာဏာပြချင်လှသောလူများကို သူကြုံဖူးခဲ့ရလွန်း၍ရိုးနေပြီပင်။ ထို့အပြင် သူတို့ဘာမှမလုပ်ရသေးဘဲ ထျန်းလုံယုဘက်မှ အသားလွတ်ဒေါသလိုက်ထွက်နေခြင်းသာ ဖြစ်သည်မဟုတ်လော။
ထျန်းလုံယုသည် ဒေါသတလူလူဖြင့် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။
"ငါက ထျန်းလုံမိသားစုကပဲကွ"
"အဲ့ဒီတော့" ဖုန့်ယွင်ပြန်မေးလိုက်သည်။ ထိုသူ၏မိသားစုကို သူကြိုသိနေပြီးသားဖြစ်ပြီး ထျန်းလုံမိသားစုမှဖြစ်၍ ကြောက်နေရမည်ဟုမထင်ပါ။
မိသားစုနာမည်ကိုထုတ်ပြောပြီးတာတောင် ဖုန့်ယွင်ကအရေးမစိုက်ဟန်ဆက်လုပ်နေ၍ ထျန်းလုံယုမှာ အကြီးအကျယ်အံ့အားသင့်သွားရတော့သည်။
သို့သော်လည်း သူဆက်ခြိမ်းခြောက်ရန်ပြင်လိုက်သည်။ လူရှေ့သူရှေ့မှာတော့ အရှက်ကွဲမခံနိုင်ပေ။
"ငါ့ကိုဒီလိုဆက်ဆံလိုက်တဲ့အတွက် မင်းတို့နှစ်ယောက်ကိုလုံးဝအလွတ်မပေးဘူ စောင့်ကြည့်ထားလိုက်ပါ ၁၂ဆင့်ထိတက်နိုင်တာလောက်နဲ့များ ဘာထူးခြားသွားမှာမလို့လဲ"
ဒေါသတကြီးဖြင့် သူထပ်အော်လို့လာသည်။
"ဟားဟား ၁၂ဆင့်လောက်ရောက်တာကိုထူးခြားတယ်လို့ ငါလည်းမထင်ပါဘူး အဆင့်ကနိမ့်လွန်းလို့ ရှက်စရာတောင်ကောင်းသေးတယ်"
ထျန်းလုံယုမှာ ပို၍ပင်ဒေါသထွက်လာတော့သည်။ ဖုန့်ယွင်ကိုစကားနိုင်လုလို၍သာ သူထိုသို့ပြောလိုက်သော်ငြား ၁၂ဆင့်ထိရောက်နိုင်သောသူ့ကိုယ်သူ ထူးခြားလှသည်ဟု ခံယူထားတာပင်။
သို့သော် ဖုန့်ယွင်ကမူ ထျန်းလုံယု၏နောက်ဆုံးအကန့်အသတ်ဖြစ်သော ၁၂ဆင့်အား နိ့မ်လွန်း၍ရှက်စရာကောင်းသည်ဟု ပြောလိုက်သည်မဟုတ်လား?