ထိပ်ဆုံးအဆင့်အတွက် နေရာလုခြင်း
Vol. 7 Ch. 90
"မင်း...."
ထျန်းလုံယုမှာ လက်သီးများပင်တဆတ်ဆတ်တုန်ယင်နေပြီး ဆက်ပြောရန်စကားရှာမရသလို ဆွံ့အသွားရသည်။
သူသည် ထျန်းလုံမိသားစု၏ ပါရမီရှင်တစ်ဦးဖြစ်ပြီး မုန်တိုင်းဝိဉာဥ်နန်းတော်၏ တပည့်သားတစ်ဦးလည်းဖြစ်သည်မလို့ သူ့ဘဝတစ်လျှောက်လုံးတွင် ဤသို့သော်အရှက်ခွဲမှုမျိုးကို လုံးဝမကြုံဖူးပေ။
သူ့ထက်အသက်ကြီးသူများ၊ အင်အားကြီးသူများကပင် သူ့ကိုတလေးတစားဆက်ဆံတတ်ကြသည်သာ။
တစ်ချိန်ကျ သူ့တိုကိုကျော်တက်သွားနိုင်သော ဂျူနီယာကျင့်ကြံသူအား မည်သူကရန်စရဲမည်နည်း?
ထျန်းလုံမိသားစုနောက်ခံလည်းရှိသဖြင့် ဤလောကတွင် သူ့ကိုစော်ကားပြောဆိုရဲသူ တစ်ဦးတစ်လေမျှမရှိပါ။ အခုလိုတစ်ယောက်ယောက်က အသိသာကြီးရန်စလာသောအခါ သူ့အနေနှင့် ဘာပြန်ပြောရမည်ကိုတကယ်မသိတော့ပါ။
မိသားစုနာမည်ကိုထုတ်ပြောပြီး ခြိမ်းခြောက်ရန်သာသူတတ်နိုင်သည်။ သို့သော် အချိန်တိုင်းအလုပ်ဖြစ်တတ်သော ထိုတိုက်ကွက်မှာ ဒီတစ်ကြိမ်တွင်တော့ ထိရောက်ဟန်မတူပေ။
"ဟဟ မင်းတို့ကိုယ်မင်းတို့ ၁၃ဆင့်ထိတက်နိုင်လိမ့်မယ်ထင်နေကြတာလား"
စိတ်အနည်းငယ်တည်ငြိမ်သွားသော် ထျန်းလုံယုကဤသို့တုံ့ပြန်လာ၏။
ဖုန့်ယွင်မည်မျှပင်လေကျယ်နေစေကာမူ သူ့ကိုကျော်တက်သွားနိုင်မည်ဟု မယုံပါချေ။
အခုလိုအဆင့်တူနေတာတောင်မှ သူအတော်လေးကို စိတ်မချမ်းမသာဖြစ်နေရလေပြီ။
ဖုန့်ယွင်သည် အသာအယာရယ်သွမ်းသွေးလိုက်ပြီး ခေါင်းကိုသာခါယမ်းမိတော့သည်။ ထျန်းလုံယုမှာ သူ၏အထက်စီးပုံရိပ်ကိုထိန်းသိမ်းရန် နောက်ဆုံးအချိန်ထိ သနားစရာကောင်းလောက်အောင် ကြိုးပမ်းနေရှာပေသည်။
"အဲ့လိုတွေးလို့ စိတ်ချမ်းသာမယ်ဆိုရင်လည်း ဆက်သာတွေးနေလိုက်ပါတော့"
တည်ငြိမ်သော်လည်း ပြင်းထန်သည့်စကားလုံးများသည် အေးအေးလူလူရှိလှသော်ငြား ထျန်းလုံယု၏ဒေါသအိုးကိုတော့ ကောင်းကောင်းဆွနိုင်ပေသည်။
ထျန်းလုံယုဘက်မှ ထပ်မတုံ့ပြန်နိုင်ခင် ဖုန့်မေက ကြားဖြတ်ပြောလာသည်။ အသံမှာ တောင်ပေါ်လေကဲ့သို့ အေးစက်လျက်။
"အစ်ကိုယွင် အချိန်ဖြုန်းနေလို့မရတော့ဘူး"
သူမကဆက်ပြောသည်။
"ညီမတို့ ဆက်သွားဖို့ရှိသေးတယ်လေ"
ဖုန့်မေသည် အနည်းဆုံး၁၇ဆင့်ထိတော့ရောက်နိုင်ရန် ရည်ရွယ်ထားသည်ပင်။ လင်းမေယုမှာ အများထင်သလိုထူးခြားသာလွန်မနေမှန်း သူမသက်သေပြချင်သည်။
ထျန်းလုံယုမှာ လက်ဆစ်များဖြူဖျော့လာသည်အထိ လက်သီးကိုတင်းတင်းဆုပ်ထားလိုက်သည်။
ဖုန့်မေ၏ ရိုးရှင်းသောသတိပေးစကားမှာ သူ့ကို အပြင်းထန်ဆုံးစော်ကားလိုက်သလိုပင်။
လှောင်ပြောင်ရန်စလိုဟန် မြူမှုန်မျှမပါဝင်သောစကားများဖြစ်သော်လည်း သူ့ကို အချိန်ပေးရန်ဖြစ်ရန်ပင်မထိုက်တန်သောအဆင့်ကဲ့သို့ ဆက်ဆံလိုက်ခြင်းဖြစ်၏။
"မင်းတို့ကိုယ်မင်းတို့ အရမ်းတွေအဆင့်မြင့်လှပြီ အားကြီးလှပြီထင်မနေကြနဲ့"
ထျန်းလုံယုသည် အသံကုန်ဟိန်းဟောက်အော်ဟစ်လို့လာသည်။ သူအတတ်နိုင်ဆုံးကြိုးစားသည့်အဆုံးတောင် မတက်နိုင်သော ၁၃ဆင့်အား ဤနာမည်မရှိသည့် ကလေကချေနှစ်ယောက်က ဘယ်လိုကြောင့် တက်နိုင်သည်ဟုတွေးနေကြမှန်း စဥ်းစားမရပါ။
ထို့အပြင် သူ့ကိုမမြင်ရသည့်လေလို ဆက်ဆံနေကြသည်အား ထပ်သည်းမခံနိုင်တော့ပါ။ သူဘယ်တုန်းကမှ ဤမျှအဖြစ်မဆိုးခဲ့ဖူးပါလေ။
"ဒီ့ထက်ပိုမြင့်အောက်တက်နိုင်မယ်လို့ ထင်နေကြတယ်ပေါ့ ၁၂ဆင့်ဆိုတာ ငါတို့ပြိုင်ပွဲဝင်အများစုအတွက် အမြင့်ဆုံးအဆင့်ပဲ မင်းတို့လုံးဝထပ်တက်နိုင်မှာမဟုတ်ဘူး"
ဒေါသများ မခံချင်စိတ်များပြည့်နှက်နေသောအသံဖြင့် ထျန်းလုံယုမှာဆက်လက်အော်ဟစ်လျက်။
ထို့အပြင် ထိုနှစ်ယောက်က သူ့ထက်စွမ်းရည်ပိုသာနေကြောင်းကို သူလုံးဝလက်မခံနိုင်ပေ။
ဖုန့်မေသည် သူ့ဘက်ကို အရေးမစိုက်ဟန်ဖြင့် တစ်ချက်သာလှမ်းကြည့်လာသည်။
"နင်ထင်ချင်သလိုသာထင်တော့"
သူမက အေးစက်စက်သာတုံ့ပြန်လာသည်။
ဖုန့်ယွင်က သူမဘေးမှာ သဘောတကျရယ်မောလို့နေပြီး ထျန်းလုံယုကိုလည်း လှမ်းကြည့်လာသည်။
"တက်နိုင်မတက်နိုင် ကြည့်ကြသေးတာပေါ့ သွားပြီဟေ့"
တုံ့ပြန်မှုကိုစောင့်မနေတော့ဘဲ သူတို့ရှေ့သို့ဆက်တက်သွားကြသည်။ ထျန်းလုံယုမှာတော့ ဆွံ့အလျက်သား။
သို့သော်လည်း သူတို့တက်နိုင်လိမ့်မည်ဟုမထင်ပါချေ။
"ဟမ့် မင်းတို့နောက်တရရစေ့မယ်"
ထျန်းလုံယုသည် မုန်းတီးစွာရေရွတ်လိုက်ပြီး သူတို့ကျရှုံးမည်ကို စူးစိုက်စွာ စောင့်ကြည့်နေလိုက်သည်။
ဖုန့်မေနှင့်ဖုန့်ယွင်သည် လှေကားထစ်များတစ်လျှောက် အလျင်မလိုစွာဖြင့် ခပ်မှန်မှန်သာတက်သွားကြ၏။
ခြေလှမ်းများပေါ့ပါးသွက်လက်နေလှသည်မှာ လူတိုင်းအံ့အားသင့်မိစရာပင်။ အခြားသူများအား ပြင်းစွာဖိနှိပ်ထားသောဖိအားမှာ သူတို့ကိုတော့မသက်ရောက်သည့်နှယ်ပင်။
ထျန်းလုံယုသည် မယုံကြည်နိုင်စွာကြည့်နေပြီး ဒေါသများလွင့်ပျောက်ကာ အကူအညီမဲ့နေသည့်ပုံပေါ်လာတော့သည်။
(ရပ်လိုက် ရပ်လိုက်ကြစမ်း ထပ်မတက်နဲ့တော့)
ထျန်းလုံယုသည် နှလုံးအိမ်တွင်းမှာ ငိုကြွေးမြည်တမ်းလျက်ရှိပြီး ထိုသူနှစ်ယောက် အဆင့်မတက်နိုင်ဘဲ ၁၂ဆင့်သို့ပြန်ကျလာစေရန် အပြင်းအထန်ဆုတောင်းလို့နေသည်။
သို့သော် သူ့ဆုတောင်းမှာ ပြည့်မလာခဲ့ပါ။
သူ့ခန္ဓာကိုယ်မှာ လေးလံနွမ်းနယ်လို့လာပြီး သူ့ရှေ့မှနှစ်ယောက် လှေကားတစ်ထစ်ချင်းစီကိုတက်လှမ်းလျက် သူလှမ်းမမြင်နိုင်တော့လောက်အောင် ပျောက်ကွယ်သွားသည်ကိုပင် ထိုင်ကြည့်နေလိုက်ရတော့၏။
ထျန်းလုံမိသားစု၏ မိသားစုဝင်တစ်ဦး၊ မုန်တိုင်းဝိဉာဥ်နန်းတော်၏ တပည့်သားတစ်ဦးဟူသော မာန်မာနတို့မှာ သူ့ကိုလေလိုဆက်ဆံခဲ့ကြသော ထိုအရိုင်းအစိုင်းနှစ်ယောက်ရှေ့တွင် ကျိုးပျက်ပြိုလဲလို့သွားရလေပြီ။
လက်သီးများကိုကျစ်ကျစ်ဆုပ်လျက် ဘယ်လောက်ပင်ဒေါသများလောင်ကျွမ်းနေပါစေ ထိုကျောက်တောင်ကိုတက်ဖို့အတွက်တော့ သူတစ်ချက်မှမလှုပ်ရှားနိုင်တော့ပါချေ။
"သေစမ်း သေလိုက်စမ်းကွာ"
ကြည့်ရှုသူများဘက်ခြမ်းတွင် မိသားစုများမှာ ၁၂ဆင့်သို့တက်လှမ်းသွားသော ဖုန့်ယွင်နှင့်ဖုန့်မေကြောင့် အံ့အားသင့်လျက်ရှိကြသည်။
အစပိုင်းတွင် ဖုန့်မိသားစုကိုအထင်သေးခဲ့မိသည်ဟု ခံစားခဲ့ရကာ အခုတွင်တော့ ရိုးရိုးအထင်သေးခဲ့မိခြင်းမဟုတ်ဘဲ အလွန်အမင်းကို အထင်သေးခဲ့မိခြင်းသာဖြစ်သည်ဟု ပြောင်းပြောရတော့မလိုပင်။
သူတို့မိသားစုဝင်လူငယ်များမှာ စွမ်းရည်စစ်ကျောက်တောင်၏ ၁၀ဆင့်ထိတက်ဖို့ကိုပင် ရုန်းကန်ကြိုးစားနေဆဲရှိကြသေးသည်။
သို့သော် ၁၀ဆင့်မပြောနှင့် ၉ဆင့်ကိုပင်မရောက်နိုင်သေးသော ပြိုင်ပွဲဝင်များထက်တော့ အသာကြီးသာနေသေးသည်။
သူတို့အံ့သြတုန်လှုပ်ရသည်မှာ ဖုန့်ယွင်နှင့်ဖုန့်မေက ထျန်းလုံယုကိုကျော်တက်ပြီး ဒုတိယနှင့်တတိယနေရာအား အသီးသီးရယူသွားခြင်းပင်။
သူတို့အားလုံးမှာလည်း ထိုကဲ့သို့သောမျိုးဆက်သစ်လူငယ်လေးများရှိထားလျှင် မည်မျှကောင်းလိုက်မည်နည်း? ဖုန့်မိသားစုမှာ အလွန်ပင်မနာလိုစရာကောင်းလှ၏။
ဖုန့်မိသားစုပြိုင်ပွဲဝင်များ၏ လက်ရှိစွမ်းရည်နှင့်ဆိုပါက သေချာပေါက် ထိပ်သီးဂိုဏ်းကြီးများကိုဝင်ရောက်နိုင်မည်ဖြစ်ပြီး တောက်ပသောအနာဂတ်တစ်ခုကို ရယူနိုင်မည်မလွဲပေ။
တစ်ဖက်တွင်မူ မဟာအကြီးအကဲရန်တောက်ယုမှာ ဖုန့်မိသားစုပြိုင်ပွဲဝင်များကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လို့နေသည်။
စိုက်ကြည့်နေရင်း သူမျက်လုံးများထဲမှ အေးစက်သောအရိပ်အငွေ့မှာ ပိုလို့ပြင်းထန်လာသည်။ သူတို့နောက်တစ်လှမ်းတက်နိုင်လိုက်လျှင် မဟာအကြီးအကဲ၏လူသတ်ချင်စိတ်မှာ ပိုလို့သိသာလာသည်။
"ဒီကလေးတွေက အရမ်းအန္တရာယ်များတယ်"
ရန်တောက်ယုက လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လျက် တိုးတိုးမှတ်ချက်ပြုလာသည်။
"သူတို့ကိုသာဒီတိုင်းလွှတ်ထားလိုက်ရင် ကြီးပြင်းလာတဲ့အခါ ဖုန့်မိသားစုကအရမ်းစွမ်းအားကြီးနေလိမ့်မယ်"
စွမ်းရည်စစ်ကျောက်တောင်၏ရလဒ်နှင့်အကဲဖြတ်လိုက်ပါက ခန့်မှန်းဖို့လွယ်ပေသည်။
၁၀ဆင့်ထိတက်လှမ်းနိုင်သူများမှာ အနည်းဆုံး ချီအရည်ဖွဲ့ခြင်းကျင့်ကြံဆင့်ထိ တက်ရောက်နိုင်မည်ဖြစ်ပြီး ၁၂ဆင့်ထိတက်လှမ်းနိုင်ပါက ဓာတ်ကြီးသုံးပါးနတ်အဆင့်ထိ ကျင့်ကြံနိုင်မည်ဖြစ်၏။
ထို့ကြောင့် မဟာအကြီးအကဲရန်တောက်ယုမှာ ထိုကလေးများကို ဒီအတိုင်းတော့လွှတ်မထားနိုင်ပေ။
မကြာခင်လုပ်ရမည့် လှုပ်ရှားမှုကိုပင် ကြိုတွက်ဆနေပြီဖြစ်သည်။
သူ့အဆင့်ဖြင့် ဖုန့်မိသားစုတစ်ခုလုံးကိုရှင်းမထုတ်နိုင်သော်ငြား ယခုထိအင်အားအပြည့်အဝမရှိသေးသော မျိုးဆက်သစ်လေးများကိုဖြေရှင်းရန်မှာတော့ မခက်ခဲလှပေ။
ဖုန့်မိသားစုပြိုင်ပွဲဝင်တစ်ယောက်ယောက်ကိုသာ အခြေအနေပေး၍ ခွဲထုတ်လာနိုင်လျှင် တစ်ခါတည်းမညှာဘဲသတ်ပစ်ရမည်သာ။
ထိုအခိုက် နှလုံးသားတခုလုံး ကတုန်ကယင်ဖြစ်လာသော ခံစားချက်ကြောင့် အကြီးးအကဲကြီးမှာ ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်သည်။ သို့သော် သူဘာမှမတွေ့ပါ။
‘တစ်ယောက်ယောက်က ငါ့ကို ကျားချောင်းချောင်းနေသလို ခံစားချက်ကြီးကို ခံစားလိုက်ရတယ်’
ဖုန့်ချန်းသည် ရန်တောက်ယု၏ရည်ရွယ်ချက်ကိုသိနေသဖြင့် မကြာမကြာလှမ်းအကဲခတ်လို့နေသည်။ ထိုမဟာအကြီးအကဲ၏ခေါင်းထဲတွင် ကြိုတွေးနေလောက်မည့် ကောက်ကျစ်သောအကြံအစည်များကို သူမြင်နိုင်ပါသည်။
ဖုန့်မိသားစုပြိုင်ပွဲဝင်များထဲမှ အထူးသဖြင့် ဖုန့်ယွင်နှင့်ဖုန့်မေသာ သူတို့စွမ်းရည်များကို အကုန်ထုတ်ပြလာပါက ရန်သူများမှာ ဤကလေးများကိုအရွယ်မရောက်ခင်ရှင်းပစ်ဖို့ သေချာပေါက်တွေးတောကြံစည်လာကြမည်ပင်။
ထို့အပြင် ဖုန့်ချန်းမှာ ရန်တောက်ယုထံမှထွက်ပေါ်နေသည့် သတ်ချင်ဖြတ်ချင်စိတ်ကို အာရုံခံမိနေသလိုပင်။ အခြားသူများက လုံးလုံးသတိမမူမိပေမယ့်လို့ပေါ့။
(ဒီအဘိုးကြီးက နေလာတဲ့သက်တမ်းလည်းရှည်လှပြီဆိုတော့ အကြံအစည်တွေပိုထုတ်တတ်လောက်မှာပဲ)
ဖုန့်ချန်းသိပ်တော့မစိုးရိမ်လှပါ။ သူက သူတကာထက် အာရုံခံစားမှုအားကောင်းလှသူဖြစ်သဖြင့် တစ်ယောက်ယောက်က သူတို့မိသားစုကို မဟုတ်တာတစ်ခုခုကြံလာပြီဆိုလျှင် အချိန်မီသိနိုင်သည်သာ။
သူရှိနေသည့်အချိန်တွင် ဖုန့်မိသားစုကိုထိဖို့လွယ်မည်မဟုတ်ပါ။ ထို့ကြောင့် ရန်သူများဘက်မှခြေလှမ်းစလာမည်ကိုလည်း သူလုံးဝမကြောက်ပါချေ။
ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူများ တစ်ပြုံလိုက် တစ်ခါတည်း တိုက်ခိုက်လာကြမည်ဆိုလျှင်တောင် သူ့ဘက်မှသေချာပေါက်အနိုင်ပိုင်းနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
ထိုအကြောင်းကို ကြာရှည်ခေါင်းထဲထည့်မနေဘဲ ဖုန့်ချန်းပြိုင်ပွဲကိုသာ အာရုံပြန်စိုက်လိုက်သည်။
ညီဖြစ်သူမှာ စွမ်းရည်များကိုဆက်လက်ဖုံးကွယ်မနေတော့ဘဲ အဓိကဇာတ်ဆောင်တစ်ယောက်၏ ထင်ပေါ်ကျော်ကြားမှုအခိုက်အတန့်ကို အရဖမ်းဆုပ်လို့နေပေပြီ။
အစ်ကိုကြီးဖြစ်သူ ဒီအခိုက်အတန့်ကို ဘယ်လိုလုပ်အလွတ်ခံနိုင်မလဲ?
သေချာပေါက် အဝကြည့်ရမှာပေါ့။
လခွမ်းနဲ့မှ၊ ဝတ္ထုထဲက ဇာတ်ကောင်တွေက တကယ့်ပြသနာသံလိုက်တွေပဲ။
ယခုအချိန်တွင် ဖုန့်ယွင်တစ်ယောက် ယွမ်ကျိရန်နှင့်ယှဥ်ပြိုင်နေသည်မှာ အသေအချာပင်။ နှစ်ယောက်ဘာတွေပြောဆိုနေသည်ကို မကြားနိုင်သော်ငြား ခန့်မှန်းလို့ရနိုင်သည်ပင်။
ယွမ်ကျိရန်သည် ဆန်းကြယ်မီးတောက်ဂိုဏ်း၏တပည့်တစ်ဦးဖြစ်ပြီး ကောင်မလေး၏ခပ်စွာစွာပုံစံအရ ဖုန့်ယွင်နှင့်စကားများရန်ဖြစ်ပြီး အပြိုင်အဆိုင်တက်ကြဖို့များ၏။
ထို့အပြင် ယခုအနေအထားတွင် ထိပ်ဆုံးရောက်နေသောယွမ်ကျိရန်ကို ယှဥ်ပြိုင်နိုင်သည်မှာ ဖုန့်ယွင်နှင့် ဖုန့်မေနှစ်ဦးသာ ရှိသည်ပင်။
ဖုန့်ချန်းသည် သူ့ညီကိုသိပ်စိတ်မပူပါချေ။
သူ့ပါရမီနှင့်သာဆိုလျှင် ၁၇ဆင့်လောက်ထိရောက်နိုင်ဖို့မှာ သိပ်ခက်ခဲသောကိစ္စမဟုတ်။ သူ့လိုထိပ်ဆုံးအဆင့်ထိ ရောက်နိုင်မရောက်နိုင်ကိုတော့ ဖုန့်ချန်းလည်းကြိုမပြောတတ်ပါ။
သိုသော် အကြီးမြတ်ဆုံးသော ထိုပါရမီဆင့်နှင့်ဆိုလျှင် သူသည်လည်းအမြင့်ဆုံးသို့ရောက်နိုင်သင့်ပေ၏။ မရောက်နိုင်ဘူးဆိုပါက ထိုကောင်းကင်ဘုံ၏ဂုဏ်သိက္ခာဆိုသော ပါရမီအဆင့်မှာ အမြင့်ဆုံးဟုမခေါ်ထိုက်တော့ပေ။ ထို့ကြောင့် ဖုန့်ယွင်နှင့်ဖုန့်မေကို သူစိတ်မပူပါ။ သူစိတ်ပူသည့် တစ်ဦးတည်သောဖုန့်မိသားစုပြိုင်ပွဲဝင်မှာ ဖုန့်ကျန်းဟောင်သာဖြစ်သည်။
ဖုန့်ရှောင်ယုနှင့်ဖုန့်လျန်းတို့ ၁၁ဆင့်သို့တက်လှမ်းနိုင်သွားသော်ငြား ဖုန့်ကျန်းဟောင်မှာ ၁၀ဆင့်တွင်သာရှိနေသေးသည်လေ။
ဖုန့်ကျန်းဟောင်၏ပါရမီဆင့်နှင့်ဆိုလျှင် ၁၀ဆင့်မှာ အကန့်အသတ်ရောက်နေပေပြီ။ သူနှင့်ပါရမီဆင့်တူသော အခြားသူများဆိုလျှင် ၆ဆင့်၇ဆင့်တွင်သာတစ်ကျန်နေခဲ့ကြပြီး အထူးခန္ဓာပါရှိသောသူများသာ ၈ဆင့်လောက်အထိတက်နိုင်ကြတာဖြစ်သည်။
ထို့ကြောင့် ဖုန့်ကျန်းဟောင်သည် သူတို့နှင့်ပါရမီဆင့်တူတူသာရှိပြီး အထူးခန္ဓာလည်းမပါရှိသည်ကို ၁၀ဆင့်ထိရောက်နိုင်သည်မှာ အလွန်ပင်အထင်ကြီးစရာကောင်းလှပြီဖြစ်၏။
သို့သော် ဖုန့်ချန်းသည် ဖုန့်ကျန်းဟောင်ကိုအမှန်ပင်ယုံကြည်သည်။ သူသေချာပေါက်ဆက်ကြိုးစားပြီး နောက်တစ်ဆင့်ထပ်တက်ပေဦးမည်ပင်။