ထပ်ပြီးအထင်လွဲပြန်တာလား
Vol. 7 Ch. 91
ပြိုင်ပွဲစတင်ချိန်မှာ နာရီဝက်ကျော်ကြာသွားပြီဖြစ်သဖြင့် အများစုမှာ ဆက်တက်ဖို့ကို လက်လျှော့အရှုံးပေးလိုက်ကြလေပြီ။
အချို့ကတော့ သူတို့တက်နိုင်လိုက်သောအဆင့်မှာ ကျေနပ်နေကြပေသည့် အချို့ကတော့ အားမရကြပေ။
ယွမ်လင်းနှင့်ဟုလျန်းသည်လည်း ၁၂ဆင့်ထိတက်နိုင်ပြီးသွားသော် ရပ်ဖို့ဆုံးဖြတ်လိုက်ကြပြီဖြစ်သည်။
နောက်လူနှစ်ယောက် သူ့နှင့်အဆင့်တူသို့တက်လှမ်းသော နောက်နှစ်ယောက်ကိုမြင်သော် နဂိုကမှမကောင်းလှသောမျက်နှာမှာ ချက်ချင်းမည်းချိတ်သွားတော့၏။
ယခုတော့သူ့မှာ ထိပ်ဆုံး၃ယောက်မပြောနှင့် ၆ယောက်ထဲဝင်ဖို့ပင်အနိုင်နိုင်ဖြစ်လို့နေပြီ။
"ဟောဟဲ...ဟောဟဲ"
ပြင်းလှစွာသောဖိအားအောက်တွင် ဖုန့်ကျန်းဟောင်မှာ ခေါင်းပင်မမော့နိုင်ဘဲ အသက်ကိုမနည်းလုရှူနေရတော့သည်။
ခန္ဓာကိုယ်မှာ အရှုံးပေးသင့်သည့်အခြေအနေကိုရောက်နေပြီဖြစ်သော်လည်း စိတ်ဆန္ဒမှာမယိမ်းယိုင်သေးဘဲ ရှေ့သို့ဆက်သွားနိုင်အောင် တွန်းအားပေးလျက်ရှိသည်။
စိတ်နှင့်ခန္ဓာတို့၏လွန်ဆွဲပွဲကို ကြားမှဆုံးဖြတ်ပေးနေရသကဲ့သို့ပင်။
(သူလုပ်နိုင်စွမ်းကုန်သွားပြီပဲ)
ဖုန့်ချန်း၏နှလုံးသားမှာ အနည်းငယ်မွန်းကျပ်သွားသော်ငြား ပြန်လည်တည်ငြိမ်အောင်ထိန်းသိမ်းလိုက်သည်။
"လုပ်စမ်းပါ ကျန်းဟောင်" ဖုန့်ချန်းကတိုးတိုးလေးရေရွတ်သည်။
"နောက်တစ်လှမ်းလောက် ထပ်ရွေ့လိုက်ရုံပဲ"
သူ့စကားများကို ကြားရသည့်အလား ဖုန့်ကျန်းဟောင်သည် အံကိုကြိတ်လျက် တစ်ကိုယ်လုံးရှိအင်အားများကို ခြေထောက်ဆီသို့စုပို့လိုက်သည်။
ခြေထောက်များမှာ တုန်ယင်နေပြီဖြစ်သော်လည်း မျက်လုံးထဲမှ ဆုံးဖြတ်ချက်အရိပ်အယောင်တို့က လျော့ကျသွားခြင်းမရှိသေးပေ။
နောက်တစ်လှမ်းထပ်လှမ်းရန်အတွက် သူ့ခြေထောက်ကို ဖြည်းညင်းစွာပင်မယူလိုက်သည်။ လှုပ်ရှားမှုတစ်ခုပြုလုပ်တိုင်း ခန္ဓာကိုယ်က ပင်ပန်းမှုကိုမခံနိုင်သည့်အလား အပြင်းအထန်ဆန္ဒပြနေသကဲ့သို့ပင်။
ဖုန့်ချန်းသည် နှုတ်ခမ်းကိုအသာကွေးလျက် သဘောတကျပြုံးလိုက်မိ၏။ ဖုန့်ကျန်းဟောင်ဘယ်အဆင့်ထိတက်နိုင်သလဲဆိုတာက သူ့ပါရမီနှင့်မဆိုင်တော့ဘဲ စိတ်ဓာတ်ခိုင်မာမှု၏ တွန်းအားကြောင့်သာပင်။
ဖုန့်ကျန်းဟောင်၏ဇွဲလုံ့လကား အရာအားလုံးကိုကျော်ဖြတ်ကာ တောက်ပနိုင်ပေသည်။
(ကျန်းဟောင် ကောင်စုတ်လေး နောက်ဆုံးတော့လုပ်လိုက်နိုင်ပြီပဲ)
ဖုန့်ကျန်းဟောင်ကိုအထင်ကြီးသွားသည်မှာ ဖုန့်ချန်းတစ်ယောက်တည်းမဟုတ်ပါချေ။
"အထင်ကြီးစရာကောင်းလိုက်တဲ့ကလေးပါဗျာ မိသားစုခေါင်းဆောင်ဖုန့်ချန်း သူ့ကိုဘယ်လိုလေ့ကျင့်ပေးထားသလဲ သိချင်စမ်းပါဘိ"
ယွမ်ဟောင်က ဖုန့်ကျန်းဟောင်၏လက်မလျှော့အရှုံးမပေးသော ဇွဲလုံ့လကိုမြင်သော် အားပါးတရ ချီးကျူးစကားဆိုလာသည်။
သူတင်မက ကြည့်ရှုသူအပေါင်းလည်း မိသားစုခေါင်းဆောင်ဖုန့်ချန်း၏ လေ့ကျင့်နည်းကို သိချင်ကြသည်ပင်။
ကောင်းကင်သလင်းကျောက်မျက်နှာပြင်တွင် ဖုန့်ကျန်းဟောင်တစ်ယောင် ၁၀ဆင့်မှာကတည်းက ပင်ပန်းခက်ခဲနေဟန်ကို သူတို့မြင်လိုက်ကြရသည်ပဲ။
သို့သော် ထိုကောင်လေးမှာ ရပ်တန့်ဖို့စိတ်ကူးလုံးဝမရှိဘဲ ဆက်သွားဖို့ကြိုးစားခဲ့သလို တကယ်လည်းဆက်သွားနိုင်ခဲ့၏။
အမှန်ပင် လူအများအသိအမှတ်ပြုချင်စရာဖြစ်သည်။
ဖုန့်ချန်းရော ကျန်ကြည့်ရှုသူများပါ မျှော်လင့်ထားခြင်းမရှိပါဘဲ သိသိသာသာကို ခြေကုန်လက်ပမ်းကျနေပါသောဖုန့်ကျန်းဟောင်သည် ၁၂ဆင့်ထိအရောက်တက်လှမ်းသွားနိုင်လေသည်။
၁၂ဆင့်သို့ရောက်နှင့်နေပြီးဖြစ်သော ဖုန့်လျန်းနှင့် ဖုန့်ရှောင်ယုမှာ ဖုန့်ကျန်းဟောင်၏အခြေအနေကိုမြင်သော်ငြား ဘာမှပြောမလာကြပါ။
ဖုန့်ကျန်းဟောင်အားကုန်လို့ ဆက်မတက်နိုင်တော့မှန်းသိသာနေရင်တောင် အရှုံးပေးလိုက်ဖို့ဝင်ပြောမည်ဆိုလျှင် သူ့ကိုမလေးမစားပြုရာရောက်ပေမည်။
ဖုန့်ကျန်းဟောင်၏ကျင့်ကြံဆင့်မှာ ကောင်းကင်အလိုကိုဆန့်ကျင်၍ ထင်မထားလောက်အောင်ထိချိုးဖျက်နိုင်ထားသည်ဖြစ်ရာ ထိုကဲ့သို့ဇွဲနပဲနှင့်လူက ကိုယ်တိုင်အရှုံးမပေးမချင်း ဘယ်သူဝင်ပြောပြောအရာရောက်မည်မဟုတ်ပါ။
ဖုန့်ကျန်းဟောင်မှာ ဆက်တက်ဖို့ရုန်းကန်နေရပြီး စွမ်းရည်စစ်ကျောက်တောင်၏ဖိအားကလည်း သူ့ကိုနှစ်ခြမ်းခွဲလိုက်မတတ် ပြင်းထန်လာသည်။
ခြေတစ်လှမ်းလှမ်းလိုက်တိုင်း နောက်ထပ်ဆက်မသွားနိုင်တော့ဟု ခံစားနေရသော်လည်း စိတ်ဓာတ်ကမူမယိမ်းယိုင်သေးပါ။ ချွေးစက်များမှာ နဖူးမှခြေဖျားထိကျဆင်းနေပြီဖြစ်သော်လည်း၊ အသက်ရှူသံများလေးလံကြမ်းတမ်းနေပြီဖြစ်သော်လည်း ပင်ပန်းမှုများက သူ့မျက်လုံးများထဲမှ စိတ်အားထက်သန်မှု မီးတောက်များကိုတော့ မငြှိမ်းသတ်နိုင်သေးပါ။
ယွမ်ဟောင်သည် ဖုန့်ကျန်းဟောင်ကိုကြည့်ရင်း ပို၍ပို၍သဘောကျလာရတော့သည်။ ကျင့်ကြံသူလူငယ်လေးမှာ အကန့်အသတ်များကိုလွန်သည်အထိ သူ့ကိုယ်သူတွန်းအားပေးနေနိုင်ပေသည်။
ယွမ်ဟောင်မှာ အသိအမှတ်ပြုဟန် ခေါင်းတညိတ်ညိတ်ဖြင့်။
ယောကျ်ားဆိုတာ ဒီလိုပဲဖြစ်နေရမယ်လေကွာ။
ဖုန့်မိသားစုကို ရှင်းထုတ်ရန်သာကြံစည်နေသော မဟာအကြီးအကဲယွမ်တောက်ယုသည်ပင် လူငယ်လေး၏စိတ်ဓာတ်ပြတ်သားမှုကို အသိအမှတ်မပြုဘဲမနေနိုင်တော့။ သို့သော်ငြား သူ့နှလုံးသားထဲမှ လူသတ်ချင်စိတ်များကိုတော့ လျော့ကျမသွားစေခဲ့ပါ။
စွမ်းရည်စစ်ကျောက်တောင်ထက်တွင် ထိပ်ဆုံးပြိုင်ပွဲဝင်မှာ ၁၅ဆင့်ထိပင်တက်လှမ်းထားနိုင်သည် ယွမ်ကျိရန်ဖြစ်နေဆဲသာပင်။
"ဟောဟဲ...ဟောဟဲ"
ယွမ်ကျိရန်အတွက်ပင် ၁၅ဆင့်ဆိုသည်မှာ အကန့်အသတ်ရောက်ရှိသွားပုံပေါ်၏။ သူမမှာ ချွေးဒီးဒီကျလျက် အသက်ရှူသံတို့လေးပင်လို့နေပေပြီ။
ဆန်းကြယ်မီးတောက်ဂိုဏ်းသို့ သူမဝင်ရောက်ခဲ့စဥ်က စွမ်းရည်စစ်ပွဲတွင် ၁၅ဆင့်ထိတက်နိုင်ခဲ့သည်။ အချိန်တစ်ခုကြာပြီး ကျင့်ကြံဆင့်များလည်းတိုးမြှင့်လာနိုင်ခဲ့သော်ငြား သူမ၏စွမ်းရည်အကန့်အသတ်မှာမူ မပြောင်းလဲသေးပေ။
အမှန်ပင် စွမ်းရည်စစ်ကျောက်တောင်မှာ လက်ရှိကျင့်ကြံဆင့်နှင့်မသက်ဆိုင်လှပါ။
ထို့နောက် သူမသည် ဖုန့်ယွင်ကိုများမြင်ရမလားဟု အောက်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။
ဖုန့်ယွင်တစ်ယောက် ဤမျှအဆင့်ထိတက်လားနိုင်လိမ့်မည်ဟု ထင်မထားသဖြင့် သူမကိုယ်တိုင်လည်း အံ့အားသင့်သွားရသည်။
သူမစိန်ခေါ်ခဲ့သည်မှာလည်း ဖုန့်ယွင်သူမကိုဘယ်လိုနည်းနှင့်မျှ အနိုင်ယူနိုင်မည်မဟုတ်ဟု တွက်ဆထားသောကြောင့်ပင်။ လင်းမေယုကိုစိန်ခေါ်ရဲခဲ့သည်အား နောင်တရစေရန်အတွက်သာဖြစ်၏။
သို့သော် မရပ်မနားဆက်တက်လာသောထိုလူကိုကြည့်ရင်း သူမမျက်နှာအမူအရာပြောင်းလဲလို့လာသည်။
"၁၄ဆင့်ထိရောက်နေတာကို ဆက်တက်နေတုန်းပဲပေါ့"
သူမအနောက် တစ်လှမ်းစာအကွာတွင် ဖုန့်ယွင်ရောက်နေပေပြီ။
ကြည့်ရှုသူများမှာလည်း မယုံကြည်နိုင်ဟန်အပြည့်ဖြင့်ပင်။ ထျန်းလုံယုကိုကျော်တက်သွားနိုင်သည်က အံ့သြစရာဆိုပေသည့် ၁၅ဆင့်ထိတက်နိုင်သည်ဆိုတာကတော့ အံ့သြရုံဖြင့်ပင်မလုံလောက်တော့ပေ။
ဘာကြောင့်လဲ?
ဘာကြောင့်လဲဆိုတော့ ၁၂ဆင့်ထိတက်နိုင်တဲ့လူတစ်ယောက်ဟာ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ဦးအထိဖြစ်လာနိုင်ပြီး ၁၅ဆင့်ထိတက်နိုင်တဲ့သူကတော့ ဝိဉာဥ်သန္ဓေအဆင့်ထိ သေချာပေါက်တက်လှမ်းနိုင်ဖို့ အစွမ်းအစရှိပေသည်။
ဝိဉာဥ်သန္ဓေအဆင့်တဲ့လား?
မိုးပြာကောင်းကင်အင်ပါယာတစ်လွှားတွင် အမြင့်ဆုံးသောကျင့်ကြံဆင့်ပင်။
လက်ရှိဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူများမှာ ငယ်ရွယ်စဥ်က စွမ်းရည်စစ်ကျောက်တောင်ကို ၁၅ဆင့်ထိတက်ရောက်နိုင်ခဲ့သူများဖြစ်ကြ၏။
ထို့ကြောင့်ပင် ဆန်းကြယ်မီးတောက်ဂိုဏ်းရော ဖခင်ဖြစ်သူယွမ်ဟောင်ရောက ယွမ်ကျိရန်ကို လွန်စွာမှအရေးပေးဆက်ဆံနေကြခြင်းပင်။ ယွမ်ကျိရန်မှာ ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူဖြစ်လာနိုင်ချေရှိပေသည်။ မည်သည့်ဂိုဏ်းကိုမဆို မည်သည့်မိသားစုကိုမဆို ကံကြမ္မာပြောင်းပြန်လှန်ပေးနိုင်သည်အထိ မြင့်မားသောအဆင့်ပင်။
ယွမ်ကျိရန်သာ ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်လာပါက ဆန်းကြယ်မီးတောက်ဂိုဏ်းမှာ အင်ပါယာတစ်ဝန်းတွင် အတုမရှိအောင် လွှမ်းမိုးချုပ်ကိုင်နိုင်ပေတော့မည်။
ထို့အပြင် ယွမ်ကျိရန်ထက်ပင်ပါရမီပိုကြီးသည့် လင်းမေယုကိုလည်း ရထားသေးတာကြောင့် သူတို့ဂိုဏ်းမှာ မိုးပြာကောင်းကင်အင်ပါယာကိုအုပ်စိုးနိုင်ဖို့ အချိန်တစ်ခုသာလိုတော့ပေသည်။
သေချာပေါက် ယွမ်မိသားစု၏အဆင့်အတန်းမှာလည်း တစ်ပါတည်းမြင့်မားလာပြီး မင်းနေပြည်တော်၏ ထိပ်သီးမိသားစုများထဲမှ တစ်ခုအပါအဝင်ဖြစ်လာပေမည်။
ထို့ကြောင့် ၁၅ဆင့်ထိတက်နိုင်သောသူမှာ ၁၀ဆင့် ၁၂ဆင့်မှ ပြိုင်ပွဲဝင်များနှင့် အလွန်တရာမှကွာခြားလှပေသည်။
"ဘာလဲဟ အဲ့ကောင်လေးကဘာလို့အဲ့လောက်အမြင့်ကြီးတက်နိုင်တာလဲ ပြောကြတာတော့ သူကအမှိုက်ကောင်ဆို"
"ဘာအမှိုက်ကောင်လဲ ၁၅ဆင့်ထိတက်နိုင်တဲ့သူက ပြိုင်ဘက်ကင်းပါရမီရှင်ပဲဖြစ်ရမှာပေါ့ ငါတော့ဖုန့်မိသားစုကို အရမ်းမနာလိုဖြစ်နေပြီ"
"ကြည့်ရတာ အဲ့ထိပ်ဆုံးသုံးယောက် အကြိတ်အနယ်ပြိုင်ရတော့မယ်ထင်တယ်"
"ငါတို့ပါရမီရှင်တွေကတော့ သူတို့နဲ့ယှဥ်လိုက်မှလူညံ့ဖြစ်ရပါပြီ"
*******
နောက်ဆုံးတွင်တော့ ဖုန့်ယွင်မှာ ယွမ်ကျိရန်၏ရှေ့တွင်ရပ်လိုက်နိုင်လေပြီ။
"အိုး ငါတို့ပြန်တွေ့ကြပြန်ပြီနော်"
ဖုန့်ယွင်က ခပ်ပြုံးပြုံးဖြင့်စနှုတ်ဆက်လာသည်။
ယွမ်ကျိရန်ပြောခဲ့သောစကားများကိုပြန်စဥ်းစားမိလျှင် သူစချင်နောက်ချင်စိတ်ကို ထိန်းမရတော့ပေ။
ဒါကြောင့် လူတွေဟာ စကားမပြောခင် ခေါင်းလေးသုံးပြီးအရင်စဥ်းစားသင့်တာပေါ့။
ထင်ချင်သလိုထင် လိုချင်သလိုယူဆပြီးရင်တော့ သေချာပေါက်နောင်တရရမှာပဲလေ။
ယွမ်ကျိရန်မှာ ဖုန့်ယွင်၁၅ဆင့်သို့တက်လာသည်ကို စိတ်ပျက်လက်ပျက်ဖြင့်ကြည့်နေလေသည်။
သူ့ဘက်မှ သူမကိုပြောင်လှောင်လာသောစကားများကိုလည်း နားထောင်နေရ၏။
အဲ့လူ၁၅ဆင့်ထိမရောက်နိုင်လောက်ဟုထင်ပြီး မိမိကစတင်စိန်ခေါ်ခဲ့မိတာဆိုတော့လည်း ရှိပါစေတော့။
"ဟမ့် ဖုန့်ယွင် သိပ်ပြီးတော့လည်းအပျော်မစောလိုက်နဲ့ဦး"
အရှက်ရစိတ်ကိုဖုံးကွယ်ရင်း ယွမ်ကျိရန်ကရန်စောင်လာသည်။
"နင်ကငါထင်ထားတာထက်လည်းပိုတော်ပြီး ငါ့ထက်လည်းပိုတော်နေတယ်ဆိုပေမယ့် လင်းမေယုလောက်တော်ဖို့ကိုတော့ စိတ်ကူးတောင်မယဥ်လိုက်နဲ့"
ယွမ်ကျိရန်သည် သူမဘက်မှမှားခဲ့သည်ရှိသော် ဒါမှမဟုတ် တစ်ဖက်ရန်သူကသူမထက်ပိုတော်နေသည်ရှိသော် ပိတ်မငြင်းဘဲလက်ခံပေးနိုင်ပါသည်။
၁၅ဆင့်တွင် သူမအားအင်ကုန်ခမ်းနေပြီဖြစ်သော်ငြား ဖုန့်ယွင်ကတော့အဆင်ပြေနေသေးသည်မှာ အသိသာပင်။
မြင်ရသလောက်တော့ ဖုန့်ယွင်က သေချာပေါက်သူမထက်ပိုတော်လေသည်။
သို့သော်လည်း ဖုန့်ယွင်မှာ လင်းမေယုလောက်တော့မတော်နိုင်ဟု သူမဆက်လက်ယုံကြည်မြဲပင်။
ကြည့်ရှုသူမိသားစုများမှာ အံ့သြတကြီးအာမေဋိတ်သံများကို မရပ်တန့်နိုင်တော့ပေ။
ဖုန့်ယွင်နှင့်ဖုန့်မေမှာ ပြိုင်ပွဲဝင်အများစု အိပ်မက်ပင်မမက်နိုင်သည့်အဆင့်ထိ တက်လှမ်းသွားကြလေပြီ။ သူတို့မျက်လုံများကိုပင် မယုံနိုင်တော့ချေ။
၁၀ဆင့်အထိတက်နိုင်သောသူကိုပင် ပါရမီရှင်ဟု အများကအသိအမှတ်ပြုလက်ခံထားကြပြီးဖြစ်ရာ ၁၅ဆင့်ဆိုလျှင်တော့ ပြောစရာစကားပင်မရှိတော့ပေ။
ဖုန့်မိသားစုတွင် ၁၅ဆင့်ထိတက်လှမ်းနိုင်သောပါရမီရှင် နှစ်ယောင်ပင်ရှိနေလေသည်။
သူတို့အနေနှင့် ကောင်ကင်ဘုံ၏မမျှတမှုကို ကျိန်ဆဲရုံသာတတ်နိုင်တော့လေ၏။
"မိန်းကလေးယွမ်က အစ်ကိုဖုန့်ယွင်ကို ၁၅ဆင့်မှာပဲရပ်သွားမယ်လို့များထင်နေတာလား"
ယွမ်ကျိရန်၏စကားများကိုကြားသော် ဖုန့်မေကဝင်ပြောလာသည်။
ဖုန့်ယွင်နှင့် ယွမ်ကျိရန်တို့ကြား ဘာတွေဖြစ်ခဲ့လဲဆိုတာကိုတော့ သူမသေချာမသိသော်ငြား ထိုမိန်းကလေး၏စကားများအရ ဖုန့်ယွင်ကိုအထင်သေးစော်ကားနေမှန်း သိသာသည်။
ဖုန့်မေ၏စကားလုံးများကိုကြားသော် ယွမ်ကျိရန်မှာအံ့အားသင့်သွားရ၏။
စကားအကြောင်းအရာကြောင့်အံ့သြရခြင်းမဟုတ်ဘဲ ဖုန့်ယွင်နှင့်အတူ ၁၅ဆင့်ထိပါလာသော နောက်တစ်ယောက်ရှိနေသေးမှန်း သိလိုက်ရလို့ပင်။
ထို့အပြင် လက်များလည်းတွဲကိုင်ထားကြသေးသည်။
ယွမ်ကျိရန်၏မျက်လုံးများမှာ မယုံကြည်နိုင်သလို ပြူးကျယ်လို့သွားပြီး ဖုန့်မေကိုကြည့်လာသည်။
"နင်..."
ယွမ်ကျိရန်သည် ဖုန့်ယွင်ကိုစွပ်စွဲသလိုလက်ညှိုးထိုးလာပြီး အလန့်တကြားအော်သည်။
"နင့်ကိုယ်နင်ဘာလုပ်နေတယ်ထင်သလဲ ဒီမိန်းကလေးနဲ့ချစ်ကြိုက်ပြီး လင်းမေယုအပေါ်ဖောက်ပြန်နေတာပေါ့လေ။ နင်... နှာဘူးကောင်။ သစ္စာမရှိတဲ့ကောင်"
ဖုန့်ယွင်သည်လည်း စိတ်ရှုပ်သလိုမျက်မှောင်ကြုတ်လာပြီး စိတ်ပျက်လက်ပျက်ပြန်လည်ရှင်းပြသည်။
"မင်းဘာတွေပြောနေတာလဲ လင်းမေယုနဲ့ငါက ကွာရှင်းပြီးသွားပြီလေ စေ့စပ်ပွဲကို အဲ့မိန်းကလေးဘက်ကစဖျက်တာပဲမလား"
ဖုန့်ယွင်ကဆက်ပြောသည်။ "မိန်းကလေးယွမ် အပြောအဆိုကိုထိန်းသိမ်းပါ ကျုပ်ဂုဏ်သိက္ခာကို လာမထိပါးပါနဲ့"
ထိုယွမ်ကျိရန်၏ခေါင်းထဲတွင် ဘာတွေများရှိနေသလဲ ဖုန့်ယွင်တကယ်ကိုမသိတော့ပါချေ။ အစောကတော့ သူ့ကို လင်းမေယုအားစိတ်မပြတ်နိုင်သေးဟုစွပ်စွဲပြီး အခုကျဖောက်ပြန်နေပြန်သတဲ့။
"နင့်ဖင်ကြီးကို ဂုဏ်သိက္ခာပါ့လား လင်းမေယုကိုလည်းပြန်အနိုင်ယူချင်ပြီး တစ်ခြားမိန်းမတစ်ယောက်နဲ့လည်း အီစီကလီဇာတ်ခင်းနေတဲ့ကောင်ကများ"
ယွမ်ကျိရန်သည် ဖုန့်ယွင်စကားများကို တစ်ခွန်းမှနားမဝင်ဘဲ ပြန်ပြောပြန်သည်။
ဖုန့်ယွင်အနေနှင့် လင်းမေယုကိုခံစားချက်ရှိနေသေးသည်ဟု သူမသေချာပေါက်ယုံကြည်ထားသဖြင့် ဤကဲ့သို့တစ်ခြားမိန်းမတစ်ယောက်နှင့် နီးနီးကပ်ကပ်ရှိနေသည်မှာ သစ္စာဖောက်ခြင်းနှင့်မခြား။ ကြေငြာမောင်းခတ်ထားသော ချစ်သူရှိလျက်နှင့် အဆွယ်အပွားထပ်ထားချင်နေသည်မဟုတ်လော။ ဒါကြီးက သစ္စာဖောက်တာမဟုတ်ဘူးဆိုရင် ဘာကြီးလဲ?