← Chapters

၁၆ဆင့်သို့

Vol. 7 Ch. 92

၁၆ဆင့်သို့

Vol. 7 Ch. 92

ယွမ်ကျိရန်မှာ စိတ်ကူးယဥ်လောကထဲက ရုန်းမထွက်နိုင်သေးပါပေ။

နဂိုကတည်းက တလွဲယူဆပြီး ထင်ချင်ရာလျှောက်ထင်ထားတာကြောင့် ယခုဖုန့်ယွင်၏လုပ်ရပ်ကိုမြင်သော် သစ္စာဖောက်ဟုသာ ဇွတ်အတင်းကောက်ချက်ချလိုက်တော့သည်။

သူမသာ စိတ်ကူးအယဥ်လွန်နေသူမဟုတ်ပါလျှင် ဖုန့်ယွင်နှင့်ဖုန့်မေတို့ လက်တွဲထားသည်ကိုမြင်သော် ယခင်ကထင်ခဲ့သော "ဖုန့်ယွင်သည် လင်းမေယုအပေါ် ခံစားချက်ရှိနေသေး၏" ဆိုသောယူဆချက်မှာ မှန်မနေမှန်းသတိထားမိရမည်ပင်။

သို့သော် သူမကတော့ ထိုသို့ရိုးရိုးလေးမတွေးခဲ့။

သူမ၏ယခင်ယူဆချက်များ အားလုံးမှန်သည်ဟုသာ အသေယုံကြည်ထားသောကြောင့် နောက်ယူဆချက်များမှာလည်း လွဲသည်ထက်လွဲလို့နေသည်သာ။

ယွမ်ကျိရန်၏စွပ်စွဲချက်များအောက်တွင် ဖုန့်ယွင်ပင် ဇဝေဇဝါဖြစ်သွားရသည်။

နောက်ဆုံးမှာတော့ သူ့ဘက်ကဘယ်လိုပဲရှင်းပြနေပါစေ ယွမ်ကျိရန်က သူလိုချင်သလိုအဓိပ္ပာယ်‌ကောက်နေမှာမှန်း နားလည်လိုက်ပါပြီ။

"မိန်းကလေးယွမ် ကိုယ့်ဘာသာနားလည်မှုလွဲနေတဲ့ကိစ္စတွေကို သူများအပေါ်လိုက်ပုံမချပါနဲ့"

ဖုန့်ယွင်သတိပေးလိုက်သည်။

ယွမ်ကျိရန်ကတော့ သူမဘက်နားလည်မှုလွဲသွားသည် ဆိုသောအချက်ကို လုံးဝယုံကြည်မည်မဟုတ်ပါချေ။

ယွမ်ကျိရန်မျက်လုံးများကျဥ်းမြောင်းသွားပြီး ဒေါသများလည်းဆူပွက်လို့လာသည်။ "ငါကနားလည်မှုလွဲတယ် ဟုတ်စ?"

မေးလာသောလေသံမှာလည်း သံသယအပြည့်ဖြင့်။

"ငါ့ကို ကလေးကလားအကွက်တွေနဲ့ လာလှည့်ဖို့မကြိုးစားနဲ့ဖုန့်ယွင် ငါမျက်လုံးနဲ့တပ်အပ်မြင်နေရတာပဲ နင်ဖြစ်ချင်သလိုတွေ ဦးနှောက်လာဆေးမနေနဲ့"

ယွမ်ကျိရန်၏ပုံစံကိုမြင်သော် ဖုန့်ယွင်ထပ်ပြီးရှင်းပြနေချင်စိတ်မရှိတော့ပါ။

အမှန်တကယ်ကို ကျွဲပါးစောင်းတီးပါပေ။ သူ့ဘက်မှဘယ်လောက်ပဲကြိုးစားအားထုတ်ပါစေ အရာရောက်တော့မည်မဟုတ်ပါ။

"မင်းကိုရှင်းပြလည်း ငါပဲအချိန်ကုန်မယ်"

သူ့ဘက်ကဘာပဲပြန်ပြောပြော တစ်ဖက်လူကမကောင်းမြင်နေမှတော့ ဘာများတတ်နိုင်ဦးမည်နည်း?

"နေဦး"

ယွမ်ကျိရန်က ဖုန့်ယွင်ထွက်မသွားခင်လှမ်းခေါ်လိုက်သည်။

"ဖုန့်ယွင်" သူမအသံမှာ ပိုပြီးတော့တည်ငြိမ်လာသ‌ယောင်တော့ရှိ၏။

"နင်ကငါထင်ထားတာထက်ပိုပြီးပါရမီရှိမှန်းတော့ သိလိုက်ရပါပြီ ငါဝန်ခံတယ် နင့်ကိုအကဲဖြတ်တာမှားခဲ့တယ် ဒါပေမယ့် သေချာနားထောင် နင့်အတွက် ငါဂျူနီယာညီမလေးမေယုကို နည်းနည်းလောက်ဘေးကနေဖျန်ဖြေပေးထားလို့ရတယ် သူကငါ့စကားဆိုနားထောင်တယ် ဒါပေမယ့် နင်ဒီလိုတစ်ခြားတစ်ယောက်နဲ့ ပေါ်တင်ကြီးတွဲနေတာမျိုးကိုတော့ ဆက်မလုပ်သင့်တော့ဘူး နင်ဒီလိုလုပ်လို့လည်း မေယုကသဝန်တိုလာမှာမဟုတ်ဘဲ ရွံသွားမှာမျိုးပဲရှိမယ်"

ယွမ်ကျိရန်မှာ ဖုန့်ယွင်၏စွမ်းရည်ကို အသိအမှတ်ပြုကြောင်းသက်သေပြသည့်အနေဖြင့် လင်းမေယုနှင့်လိုက်ဖက်ညီသောတွဲဖက်ဖြစ်ကြောင်း စတင်လက်ခံလာမှန်း အသိပေးလိုက်တာဖြစ်သည်။

သို့သော် ၁၅ဆင့်ထိတက်နိုင်သည့်ပါရမီတစ်ခုတည်းကြောင့် ဤသို့အသိအမှတ်ပြုရခြင်းမဟုတ်ပါ။

သူမလေ့လာမိသလောက် ဖုန့်ယွင်မှာ အခြားယောကျ်ားများနှင့် မတူကွဲပြားစွာ ရင့်ကျက်တည်ငြိမ်ကြောင်း သိလိုက်ရသည်။

လူအတော်များများမှာ သူမနှင့်ဆက်ဆံရလျှင် တစ်ကြိမ်ထက်မက ဒေါသထွက်အော်ဟစ်ကြရသည်။

သို့သော် ဖုန့်ယွင်မှာတော့ တည်ငြိမ်မှုကိုထိန်းထားနိုင်ပြီး သူမကိုပြန်လည်ရှင်းပြဖို့ပင် ကြိုးစားခဲ့သေးသည်။ စေ့စပ်ပွဲဖျက်ရာမှာလိုက်သွားခဲ့ကြသော ဂိုဏ်းသားများ တစ်ဆင့်ပြန်ပြောသည့်ပုံစံထက် အများကြီးပိုကောင်းမွန်သောလူငယ်ပင်။

ယွမ်ကျိရန်မှာ စိတ်ရင်းဖြင့်ကူညီပေးနိုင်ပါကြောင်းပြောလိုက်ပါသော်လည်း တစ်ဖက်လူမှာ အကြီးအကျယ် စိတ်အနှောင့်အယှက်ဖြစ်သွားရ၏။

အခြေအနေက သူမထင်သလိုဖြစ်နေခဲ့သည်ဆိုလျှင်တော့ သေချာပေါက် ဖုန့်ယွင်တစ်ယောက် နှလုံးသားလေး‌ပျော့ပျောင်းသွားရှာမှာပင်။

ဒါပေမယ့် အခုကအဲ့လိုဟုတ်မနေဘူးလေ။

ဖုန့်ယွင်သည် ခန့်မှန်းရခက်သောမျက်နှာအမူအရာဖြင့် ယွမ်ကျိရန်ကို အချိန်တစ်ခုထိစိုက်ကြည့်နေလိုက်သည်။

သူအခုနားလည်သွားပါပြီ။ ယွမ်ကျိရန်တစ်ယောက် ဤမျှစိတ်ဓာတ်ပြင်းပြနေသည်မှာ နားလည်မှုလွဲမှားခြင်းကြောင့်သာမက လင်းမေယုအပေါ်ထားသော သူမ၏သစ္စာတရားကြောင့်လည်းပါသည်။

သူမသည် အကြောင်းမဲ့ဝင်ရောက်စွက်ဖက်နေခြင်းမဟုတ်ပါဘဲ ဂျူနီယာညီမလေးကို ကူညီပေးရန်အတွက်ဖြစ်သည်။ နည်းနည်းလေးတော့လွဲနေတယ်ဆိုပေမယ့်ပေါ့။

(မိန်းကလေးက လူကောင်းတော့ဟုတ်ပေမယ့် ကျပ်မပြည့်ရှာဘူးပဲ)

ဖုန့်ယွင်တွေးလိုက်မိသည်။ သူမုန်းတီးသောလင်းမေယု၏ စီနီယာအစ်မပင်ဖြစ်လင့်ကစား တစ်ဖက်လူမှာလူကောင်းမှန်းတော့ သူလက်ခံနိုင်ပါသည်။ စိတ်ကူးအယဥ်လွန်နေတာလေးတစ်ခုပဲ။

ဖုန့်ယွင် သက်ပြင်းအသာချလိုက်သည်။

"ယွမ်ကျိရန်" သူကအသံတည်တည်ငြိမ်ငြိမ်ဖြင့် စကားစသည်။

"မင်းငါ့အတွက် လင်းမေယုကိုကူပြောပေးဖို့မလိုဘူး ငါဘာကစားပွဲတွေမှကစားနေတာလည်းမဟုတ်သလို သူ့ကိုသဝန်တိုအောင်ဇာတ်လမ်းလုပ်နေတာလဲမဟုတ်ဘူး"

ယွမ်ကျိရန်မှာ ဖုန့်ယွင်၏တုံ့ပြန်စကားကြောင့် အံ့အားသင့်စွာ မျက်တောင်တခတ်ခတ်ဖြစ်သွားရသည်။

"နင်ကသူ့ကို ပြန်မလိုချင်ဘူးပေါ့လေ တကယ်ကြီးပြောနေတာလား"

ယွမ်ကျိရန်မှာ မယုံနိုင်သလိုအထပ်ထပ်မေးနေဆဲပင်။ ‌နောက်ဆုံးမှာတော့ ထိုသူသည် သူမစကားများကို အမြဲငြင်းဆန်နေခဲ့မှန်း သတိထားမိသွား၏။

ထိုမိန်းကလေးနှင့်စကား‌ပြောလာသမျှတွင် ဒီတစ်ခွန်းတော့‌ပေါက်ရောက်သွားပုံပေါ်ရဲ့ဟု ဖုန့်ယွင်တွေးလိုက်မိသည်။

"ငါမင်းကိုအကြိမ်ပေါင်းသန်းထောင်ချီလောက်အောင်ပြောပြီးသွားပြီ ဟုတ်တယ် ငါလင်းမေယုကိုပြန်မလိုချင်ဘူး"

ယွမ်ကျိရန်တစ်ယောက် စကားပြန်မပြောနိုင်ဘဲ အတွေးထဲနစ်မြုပ်သွားရသည်။

သူမဘာတွေးနေလဲတော့မသိပေမယ့် အမှန်တရားကိုနားလည်သွားဖို့ မျှော်လင့်ပါ၏။

"မေ့အာ စောင့်နေရတာကြာသွားပြီပဲ"

ဖုန့်ယွင်တောင်းပန်လိုက်ပြီး ၁၆ဆင့်သို့ဆက်တက်ဖို့အသင့်ပြင်လိုက်တော့သည်။

ဖုန့်မေကတော့ စောင့်နေရသည်ကိုစိတ်ထဲမထားသည့်အလား ခေါင်းလေးသာယမ်းပြလာသည်။

ဖုန့်ယွင်ပြုံးမိသွားပြီး ၁၆ဆင့်သို့ဆက်တက်ရန် ခပ်ဖြေးဖြေးထွက်ခွာလာခဲ့တော့၏။

အရင်အဆင့်များနှင့်စာလျှင် ၁၆ဆင့်ကိုတက်ရာမှာတော့ ပိုပြီးအချိန်ယူခဲ့ရသည်။ သို့သော် ဖုန့်ယွင်ဖိအားကိုမခံနိုင်တော့လို့မဟုတ်ဘဲ ဖုန့်မေကြောင့်သာပင်။ သူ့ဘက်က ခက်ခဲမှုတစ်စုံတစ်ရာမခံစားရသေးပါသော်လည်း ဖုန့်မေမှာတော့ ချွေးဒီးဒီးကျပြီး အသက်ရှူသံများလေးလံလို့နေပေပြီ။

ဖုန့်မေအတွက်မူ ၁၆ဆင့်သို့တက်ရန်မှာ အခြားအဆင့်များကဲ့သို့ လွယ်ကူမနေခဲ့ပါ။

အဆင့်တက်ဖို့ နောက်ဆုံးခြေတစ်လှမ်းကိုပင် အနိုင်နိုင်လှမ်းယူခဲ့ရကာ ၁၆ဆင့်တွင်ရပ်နိုင်လိုက်သော် သူမအနေဖြင့် အကန့်အသတ်တစ်ခုကိုရောက်နေပြီဖြစ်ကြောင်း ခံစားမိလိုက်သည်။

သို့သော် ဖုန့်မေမှာ ၁၆ဆင့်တွင်ရပ်ဖို့စိတ်ကူးမရှိဘဲ ၁၇ဆင့်သို့ဆက်တက်ရန် စိတ်ပိုင်းဖြတ်ထား၏။

နောက်တစ်ဆင့်မှာ လက်ရှိစွမ်းရည်အဆင့်များထဲတွင် အမြင့်ဆုံးဟုသတ်မှတ်ထားသော လင်းမေယုတက်နိုင်ခဲ့သည့်အဆင့်ဖြစ်သော ၁၇ဆင့်ပင်။

၁၆ဆင့်ထိတက်လိုက်နိုင်သည်ကိုပင် ကြည့်ရှုသူများအား ရူးသွပ်မတတ်အံ့အားသင့်သွားစေနိုင်လိုက်သည်။

"မဖြစ်နိုင်တာ လုံးဝမဖြစ်နိုင်တာ"

"ငါအိပ်မက်မက်နေတာဟုတ်တယ်မလား သူတို့ကဘယ်လိုလုပ်၁၆ဆင့်ကိုရောက်နိုင်မှာလဲ လှည့်ကွက်တွေသုံးထားတာလား"

"ချီးပဲကွာ ငါတို့မိသားစုပါရမီရှင်လေးက ၈ဆင့်ထိပဲတက်နိုင်တာကို သူတို့ကအဲ့နှစ်ဆထိ‌တောင်တက်သွားကြပြီတဲ့"

"၁၆ဆင့်ထိရောက်သွားပြီဆိုတော့ ပထမဆုအရယူတော့မှာပဲ"

ပထမဆုအရယူနိုင်ခြင်းမှာ အံ့ချီးဖွယ်အောင်မြင်မှုဖြစ်သော်လည်း ၁၆ဆင့်ထိတက်နိုင်ခြင်းမှာ ပထမဆုရသည်ထက်ပိုအဆင့်မြင့်၏။

၃နှစ်တစ်ကြိမ် အနိုင်ရရှိသူများ ထွက်ပေါ်လာရာတွင် ၁၅ဆင့်ထိရောက်နိုင်သူမှာတောင် ရှားပါးလှ၍ ၁၆ဆင့်ကတော့ ပြောနေစရာပင်မလို။

မိုးပြာကောင်းကင်အင်ပါယာ၏ သမိုင်းတစ်လျှောက်တွင် ၁၆ဆင့်ထိတက်နိုင်သူမှာ လက်တစ်ဖက်စာပင်မပြည့်။

လင်းမေယုကိုသာဖယ်လိုက်ပါလျှင် ၁၆ဆင့်ဆိုသည်မှာ ကျန်သူများအတွက် အမြင့်ဆုံးသောရည်မှန်းချက်ပင်။

လူအများမှာ စိတ်လွတ်သည်အထိ အံ့သြတုန်လှုပ်သွားရသည်။

မဟာအကြီးအကဲရန်တောက်ယုသည်ပင် မျက်လုံးကြီးပြူးလျက်သာရှိပြီး ဘာစကားမှမဆိုနိုင်တော့ပါ။

ဖုန့်မိသားစုလို မျက်နှာမွဲမိသားစုမျိုးက ၁၆ဆင့်ထိတက်နိုင်သောမျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်သည်ကို သူယုံပင်မယုံနိုင်ပါ။

တစ်ယောက်တည်းတောင်မဟုတ်ဘူး။ နှစ်ယောက်တောင်။

သူ၏လူသတ်ချင်စိတ်များမှာ ပိုလို့ပင်ပြင်းထန်လာသည်။ ဘာတွေပဲဖြစ်နေနေ အဲ့ဖုန့်မေနဲ့ဖုန့်ယွင်ကတော့ အသက်မရှင်နိုင်စေရဘူး။

‌ဘေးနားကထျန်းလုံချီ၏ မျက်နှာထားမှာတော့ ချီးစားထားမိသည့်ပမာပင်။

ယွမ်ဟောင်မှာလည်း ကိုယ့်မျက်လုံးကိုယ်ပင်မယုံနိုင်။

ဘဝင်မြင့်တတ်သောသမီးဖြစ်သူကြောင့် သူချီးကျူးစကားသိပ်မဆိုတတ်ပါသော်လည်း သူမမှာ တစ်နိုင်ငံလုံးရှိအတော်ဆုံးသောပါရမီရှင်များထဲမှ တစ်ယောက်ဖြစ်သည်။

ဆန်းကြယ်မီးတောက်ဂိုဏ်းကပင် သူမကို အဖိုးတန်မင်းသမီးလေးပမာ ဆက်ဆံကြသည်ဖြစ်၏။ လင်းမေယုသာမရှိလျှင် နောက်တက်မည့်ဂိုဏ်းချုပ်အလောင်းအလျာက သူမနေရာပင်။

သို့သော် သူမသာထိုနေရာကိုရသွားပါက ဆန်းကြယ်မီးတောက်ဂိုဏ်းတစ်ခုလုံး ရစရာမရှိပျက်စီးသွားပေမည်ဟု ယွမ်ဟောင်တွေးမိသည်။

သို့သော် ထိုသို့သောသူ့သမီးကို ပြိုင်ပွဲဝင်နှစ်ဦးက တစ်ပြိုင်တည်းကျော်တက်သွားသည်လေ။

ယွမ်ဟောင်သည် ဆန်းကြယ်မီးတောက်ဂိုဏ်းအတွက်ပင် စိတ်မကောင်းဖြစ်ရ၏။

နှစ်ဖက်ကြားကဆက်ဆံရေးသာ ဤသို့ဆိုးရွားမနေဘူးဆိုလျှင် ချက်ချင်းပင် မဟာအကြီးအကဲများကိုစေလွှတ်ပြီး ရှိသမျှပုံအောလျက် ထိုပါရမီရှင်နှစ်ဦးကို မရအရခေါ်ပေလိမ့်မည်။

လင်းမေယုတစ်ယောက်ရှိရုံဖြင့်ပင် ဆန်းကြယ်မီးတောက်ဂိုဏ်းမှာ မိုးပြာကောင်းကင်အင်ပါယာကို နှစ်ရာချီစိုးမိုးချုပ်ကိုင်ထားနိုင်ဖို့ သေချာနေသည်ပင်။

ဖြစ်ချင်တော့ ပုံပျက်ပန်းပျက်ဖြစ်နေသည့် ဆက်ဆံ‌ရေးကြောင့် ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် ဖုန့်မိသားစုနှစ်ဖက်သား တွေ့တာနှင့်အကြီးအကျယ်ထမချလျှင်ပင် တော်သေးသည်ဆိုရတော့မည်။

"သူတို့ ၁၇ဆင့်ထိတက်နိုင်မယ်လို့ မင်းထင်လား"

"မဖြစ်နိုင်တာ နံပါတ်၁ပါရမီရှင်အရယူထားတဲ့အဆင့်နော် တက်ဖို့အဲ့လောက်လွယ်မှာမဟုတ်ဘူး"

"ဘာမဖြစ်နိုင်ရမှာလဲ ဖုန့်ယွင်နဲ့ဖုန့်မေက ၁၆ဆင့်ထိတောင်တက်လာနေပြီးပြီ ၁၇ဆင့်ကိုလည်း ရောက်နိုင်ချေရှိတာပဲ"

"ရာဇဝင်တွင်မယ့်အခိုက်အတန့်ကြီးကို မျက်ဝါးထင်ထင်မြင်ခွင့်ရတော့မှာပါလား"

-

ပွက်လောရိုက်နေသောစကားသံများကြားတွင် ဖုန့်ချန်းမှာ ဖုန့်ယွင်နှင့်ဖုန့်မေကို ခပ်‌အေးအေးပင်စောင့်ကြည့်လျက်ရှိသည်။

ကြိုခန့်မှန်းထားပြီးသားရလဒ်ဖြစ်တာကြောင့် သူတအံ့တသြပင်မဖြစ်လိုက်ပါ။

သူတို့၏ပါရမီအဆင့်နှင့်ဆိုလျှင် ဤအဆင့်ထိတက်နိုင်တာက ထူးပြီးအံ့သြစရာမရှိပါ။ အထူးသဖြင့် သူ့ညီပင်။

သို့သော် ဖုန့်မေကိုတော့ သူသေချာမခန့်မှန်းနိုင်ခဲ့ပေ။ သူမပါရမီအဆင့်နှင့်ဆိုလျှင် ယွမ်ကျိရန်လို ၁၅ဆင့်မှာပဲဂိတ်ဆုံးသွားမည်ဟု ထင်ထားခဲ့သည်။

သို့သော် သူမမှာ မနိုးထသေးသော်ငြား သေချာပေါက်သူများတကာထက်ထူးခြားသည့် ခန္ဓာကိုပိုင်ဆိုင်ထားသည်လေ။ သို့ပေမယ့် ဖုန့်မေမှာ ကျင့်ကြံရေးကိုသိပ်စိတ်ဝင်စားခဲ့သူမဟုတ်တာကြောင့် ၁၇ဆင့်ထိတက်ဖို့ကတော့ ခက်ခဲဦးမည်ထင်သည်။

၁၆ဆင့်တွင် ဖုန့်မေမှာ သူမကိုတွန်းဖိထားသော အင်အားလုံးကြီးကိုခံစားမိနေသည်။ ၁၅ဆင့်တုန်းကထက် ၁၅ဆမျှပိုပြင်းထန်နေသလိုပင်။

"မေ့အာ အဆင်ပြေရဲ့လား"

ဖုန့်ယွင်က စိုးရိမ်တကြီးမေးလာသည်။

သူလည် ဖိအားကိုခံစားမိနေပေမယ့် အရှိန်နှေးသွားလောက်သည်ထိတော့ မပြင်းထန်သေးပေ။

ဖုန့်မေကိုသာညှာမနေရလျှင် ဒီအချိန်တွင် ၁၇ဆင့်သို့ရောက်ပြီးလောက်ပြီဖြစ်၏။

"အဆင်ပြေပါတယ် အစ်ကိုယွင် ဆက်တက်ကြတာပေါ့"

All Chapters