ဖုန့်မေ ၁၇ဆင့်သို့ တက်လှမ်းခြင်း
Vol. 7 Ch. 93
ဖုန့်မေဘက်မှ မည်သို့အားတင်းစကားဆိုလာပါစေ ဖုန့်ယွင်ကတော့ မစိုးရိမ်ပဲမနေနိုင်ပါ။
သူ့ရှေ့မှာတင် သူမ မနည်းရုန်းကန်အားစိုက်နေရပြီး လက်ရှိဖိအားပမာဏကိုပင် အံတင်းတင်းကြိတ်လျက် အဆုံးထိတောင့်ခံထားသည်အား မြင်လို့နေရသည်လေ။
ဒီတိုင်းသာဆက်သွားနေလျှင် ဘာဆက်ဖြစ်လာမလဲကြိုမပြောနိုင်။
သို့သော် ဖုန့်ကျန်းဟောင်ကိုတစ်ခွန်းမှဝင်မပြောခဲ့သလိုပင် ဖုန့်မေကိုလည်း သူဘာမှထပ်မပြော။ သူမအသက်အန္တရာယ် တကယ်ထိခိုက်မလာမချင်း သူဝင်စွက်ဖက်ဖို့မသင့်သေးပါ။
ဖုန့်မေမှာ ၁၆ဆင့်တွင်မတ်တပ်ရပ်နိုင်ဖို့ကို အနိုင်နိုင်ဖြစ်နေရ၏။ လေးလံသောစွမ်းအင်ဖိအားကို ခံစားလို့ရနေသည်။
ဖုန့်မေသည်လည်း သူမခန္ဓာကိုယ်၏ခံနိုင်ရည်အတိုင်းအတာကို သေချာသိပါ၏။ သို့သော် လက်လျှော့အရှုံးပေးဖို့ မဖြစ်မနေရွေးချယ်စရာမလိုပါသေး။
အံကိုတင်းတင်းကြိတ်လျက် ၁၇ဆင့်ရှိရာသို့ သူမမျှော်ကြည့်လိုက်သည်။ အစ်ကိုယွင်၏ တစ်ချိန်က ထိုသတို့သမီးလောင်း ရပ်တည်နိုင်ခဲ့သောနေရာပင်။
သူမသည်လည်း ဒီနေ့ ၁၇ဆင့်ကိုရောက်ရစေ့မည်ဟု ဆုံးဖြတ်ချက်ချပြီးသားဖြစ်သည်။
လင်းမေယုတစ်ယောက် အစ်ကိုယွင်နှင့်စေ့စပ်ပွဲကိုဖျက်သိမ်းလိုသဖြင့် ဖုန့်မိသားစု၏စိတ်လက်သာယာပျော်ရွှင်ဖွယ်နေ့ကို မုန်တိုင်းလိုဝင်မွှေခဲ့သည့် ထိုမြင်ကွင်းများအား သူမ မနေ့တစ်နေ့ကလို ထင်ထင်ရှားရှားမှတ်မိနေဆဲပါပင်။
ထိုအချိန်တုန်းကလည်း သူမဒေါသမီးတွေလောင်မြိုက်နေခဲ့ပေမယ့် ဝင်စွက်ဖက်ရန်မသင့်တော်လှသဖြင့် ငြိမ်နေခဲ့ရတာဖြစ်သည်။
အားနည်းပျော့ညံ့သော အခြေတည်ထောင်ခြင်းအဆင့်ကျင့်ကြံရေးသမားတစ်ယောက်အနေဖြင့် လုပ်ချင်တာလုပ်ခွင့်မရှိဘဲ သိုဝှက်မျိုသိပ်ခဲ့ရသော နေ့ရက်များပါပေ။
ယခုလို လင်းမေယုကိုအမြင့်မှဆွဲချနိုင်မည့်အချိန်မျိုးကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါသော် သူမဘယ်နည်းနှင့်မျှ အလဟဿအဖြစ်မခံနိုင်ပါချေ။
သူမအနေဖြင့် အတ္တကြီးလှသည်ဆိုဆို မိမိစိတ်ကျေနပ်ဖို့ကိုသာဦးစားပေးလွန်းသည်ဆိုဆို လုပ်ဖို့လိုအပ်တာကိုတော့ ပြီးအောင်လုပ်ရမည်ပင်။
"အရမ်းကြီးတွန်းအားပေးဖို့မလိုဘူး မေ့အာ"
ဖုန့်ယွင်က ညင်သာစွာနားချလာသည်။
သူလည်းဝင်မစွက်ဖက်ချင်သော်ငြား နောက်တစ်ဆင့်ဆက်တက်ဖို့ ဖုန့်မေအနိုင်နိုင်ပင်ရပ်နေရသည်ကိုမြင်သော် ဆက်ငြိမ်မနေနိုင်တော့ပေ။
၁၆ဆင့်သို့အရောက်လှမ်းနိုင်ခြင်းကပင် သူမအတွက်စိန်ခေါ်မှုကြီးတစ်ခုကို အပြီးဖြတ်လိုက်နိုင်တာဖြစ်သည်။ ၁၇ဆင့်ထိတက်ဖို့ဆုံးဖြတ်ချက်ကိုတော့ နှစ်ခါပြန်ဆင်ခြင်ရန်လိုပေ၏။ သို့သော် ဖုန့်မေကတော့ ခေါင်းကိုသာခါယမ်းလာသည်။
"ညီမကြိုးစားကြည့်ချင်လို့ပါ ခက်ခဲမယ်ဆိုတာသိပါတယ် ဒါပေမယ့် လုပ်နိုင်လောက်တယ်"
အသံမှာမောဟိုက်တုန်ယင်နေသော်ငြား မျက်လုံးများကခိုင်မာပြတ်သားလျက်။
ဖုန့်ယွင်သက်ပြင်းချလိုက်သည်။ သူပြန်မငြင်းနိုင်ပါပေ။
"ကောင်းပြီလေ" နူးညံ့စွာပြုံးလျက် သူကဆိုလာသည်။
"တောင့်မခံနိုင်တော့ဘူးဆိုရင်တော့ ချက်ချင်းရပ်ပစ်ရမယ်နော်"
ဖုန့်မေခေါင်းညိတ်ပြလိုက်သည်။
ခန့်မှန်းပြောဆိုသံများ၊ မယုံကြည်နိုင်ဟန်စကားသံများဖြင့် ကြည့်ရှုသူများကြား တီးတိုးသံများလွင့်ပျံလို့နေသည်။ ဖုန့်မိသားစုပြိုင်ပွဲဝင်များ ဤမျှအမြင့်ထိရောက်နိုင်လိမ့်မည်ဟု မည်သူမှထင်မထားပေ။ ထို့အပြင် ထိုနှစ်ဦးမှာ ရပ်တန့်ဦးမည့်ပုံလည်းမပေါ်။
ကြည့်ရှုသူများမှာ စိတ်အားထက်သန်စွာဖြင့် ရှေ့ကိုအစွမ်းကုန်ကိုင်းလာလျက် ပြူးပြဲကြည့်နေကြသည်မှာ ခုံအစွန်းနားလေးတွင်ထိုင်မိရုံသာကျန်တော့၏။
"တက်နေပြီဟ တကယ်ကြီး၁၇ဆင့်ထိဆက်တက်နေပြီ"
"၁၇ဆင့်ထိသွားကြမှာပေါ့ ဟုတ်မှဟုတ်ရဲ့လား"
"မြတ်စွာဘုရား ကိုယ်မျက်စိကိုယ်တောင်မယုံနိုင်ဘူး"
.....
ထျန်းလုံယုမှာ လူအုပ်ကြီး၏အာရုံများ သူ့ထံမရှိတော့သည်နှင့် လွန်စွာမှအရှက်ကွဲရသလို ခံစားနေရတော့သည်။
တစ်ချိန်ကတော့သူလည်း လူအများဝိုင်းဝန်းအာရုံစိုက်ရာ၊ အသန်မာဆုံးဖြစ်မည်ဟု ထင်ကြေးပေးရာပြိုင်ပွဲဝင် ဖြစ်ခဲ့ဖူးပါသည်။
သို့သော် ယခုတော့ သူလှောင်ပြောင်သရော်ခဲ့ဖူးသည့်လူတွေက သူ့နေရာကိုအရယူသွားကြပေပြီ။
(ဘာလို့တစ်ယောက်ပြီးတစ်ယောက်တက်လာနေတာလဲ မပြီးတော့ဘူးလား)
ဖုန့်ရှောင်ယု၊ ဖုန့်လျန်းနှင့် ဖုန့်ကျန်းဟောင်တို့ပါ ၁၂ဆင့်ထိရောက်လာကြတာကိုမြင်သော် သူမကျေနပ်စွာတွေးမိလိုက်သည်။
သူ့ကိုယ်သူ ပြိုင်ပွဲတစ်ခုလုံးတွင် ပါရမီအရှိဆုံးဖြစ်မည်ဟု တစ်ချိန်ကမှတ်ထင်ယုံကြည်ခဲ့သော်ငြား ယခုတော့ လူငါးယောက်ဖြင့် တန်းတူဖြစ်နေရပေပြီ။ နောက်သုံးယောက်ဆိုလျှင် သူ့ထက်ပင်အများကြီးသာလွန်နေကြပြီ။
တစ်ဖက်တွင်မူ ယွမ်လင်းနှင့်ဟုလျန်းမှာ သူတို့နှင့်အဆင့်တူသို့ တက်လှမ်းလာနိုင်သော နောက်လူများအား မကျေမလည်ဖြစ်နေဖို့ စိတ်မဝင်စားကြချေ။
သူတို့နှစ်ယောက်လုံး အထက်ဆီသို့မျှော်ကြည့်ပြီး ဖုန့်ယွင်နှင့်ဖုန့်မေတို့ ၁၇ဆင့်ဆီအရောက်တက်နိုင်မလားဆိုသည်အား စိတ်ဝင်တစားစောင့်ကြည့်လို့နေကြသည်။
ယွမ်ကျိရန်မှာလည်း သူတို့နည်းတူပင်။ လင်းမေယုတစ်ယောက်သာ အရောက်လှမ်းနိုင်သည်ဟု သူမယုံကြည်ထားသော ၁၇ဆင့်ဆီအား ထိုနှစ်ယောက်တက်လှမ်းနိုင်လုဆဲဆဲဖြစ်နေသည်ကို မော့ကြည့်လျက်သာရှိ၏။
၁၆ဆင့်မှာ သူတို့နှစ်ဦး၏နောက်ဆုံးအတိုင်းအတာဖြစ်လောက်မည်ဟု သူမထင်ထားသော်ကြား ဟုတ်ဟန်မတူပါချေ။ အထူးသဖြင့် ဖုန့်ယွင်မှာ ယခုအချိန်ထိ ကြိုးစားပမ်းစားတက်နေရဟန်မရှိသေး။
ဤသို့ဆိုလျှင် ဖုန့်ယွင်တစ်ယောက် ၁၇ဆင့်သို့ အမှန်တကယ်တက်နိုင်လောက်ပေသည်။
"သူသာအဲ့အထိတက်နိုင်မယ်ဆိုရင်တော့ ဂျူနီယာညီမလေးကို ငါသေချာပေါက်ကူညီဖျန်ဖြေပေးလိုက်တော့မယ်။ ဒီကောင်စုတ်ဘက်ကနေ နည်းနည်းပါးပါး ကူပြောပေးရမှာပေါ့"
ယွမ်ကျိရန်မှာ သူမ၏စိတ်ကူးယဥ်ဇာတ်လမ်းကြီးအား အပိုင်းဆက်ထုတ်လို့မပြီးနိုင်သေးပေ။
၁၆ဆင့်တွင်ရှိသော ဖုန့်မေမှာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်ရှူလိုက်ပြီး ၁၇ဆင့်ဆီတက်လှမ်းရန် အားမွေးလိုက်သည်။
၁၇ဆင့်ဆီသို့ နီးကပ်လာသည်နှင့်အမျှ သူမခြေထောက်များမှာလည်း တဆတ်ဆတ်တုန်ယင်လို့လာတော့၏။
လေးလံလှသောဖိအားမှာ သူမခန္ဓာကိုယ်ကိုနှစ်ပိုင်းခွဲနေသကဲ့သို့ခံစားရပြီး လေထုထဲရှိစွမ်းအင်အငွေ့အသက်မှာလည်း အသက်ပင်ကောင်းကောင်းမရှူနိုင်လောက်အောင် ဝိုင်းဝန်းဖိစီးထားသည်။ သို့သော် သူမခန္ဓာကိုယ်မှာ မဖြိုဖျက်နိုင်သော တည်ငြိမ်မှုတစ်မျိုး ကျန်ရှိနေဆဲပါပင်။
လှုပ်ရှားမှုလေးတစ်ခုပြုလုပ်ဖို့ကို အဆုံးမရှိကြာညောင်းလှသည်ဟုခံစားရပြီး ခန္ဓာကိုယ်၏နာကျင်လှိုက်စားမှုများမှာ စက္ကန့်နှင့်အမျှ တိုးလို့သာလာသည်။
သို့သော် သူမမျက်လုံးများကတော့ မဖြစ်မနေရောက်ရမည့်ပန်းတိုင်ဖြစ်သော ၁၇ဆင့်ထံမှ အကြည့်မလွှဲပါချေ။
တစ်စထက်တစ်စ ပိုပြင်းလာသော်ဖိအားက သူမကို အပြစ်သားတစ်ဦးကဲ့သို့ ရစ်ပတ်ချုပ်နှောင်ထားပြီး အဆုတ်တွင်းမှလေများကို ညှစ်ထုတ်နေသကဲ့သို့ပင်။
၁၇ဆင့်သို့ရောက်ဖို့ လက်မအနည်းငယ်မျှသာလိုတော့သည့်အချိန်တွင် အင်အားလှိုင်းလုံးကြီးတစ်ခုက သူမကိုပိတ်ပင်တားဆီးလိုက်သည့်နှယ်။
မမြင်နိုင်သော ဧရာမတံတိုင်းကြီးများက သူမပုခုံးပေါ်သို့ပိကျလာပြီး ရိုက်ချိုးဖျက်ဆီးပစ်ဖို့ ခြိမ်းခြောက်နေသည့်နှယ် ခံစားရ၏။
ရပ်တည်နေသောမြေပြင်ပင် မတည်ငြိမ်တော့သလိုခံစားရပြီး သူမနောက်သို့အနည်းငယ်ယိုင်နဲ့သွားသည်။
ခန္ဓာကိုယ်တွင်းရှိ ကြွက်သားမျှင်များအားလုံးမှာ တောင့်မခံနိုင်တော့သည့်နှယ် ရုန်းကြွလာကြပြီး ပုတီးလုံးအရွယ်အစားခန့် ချွေးသီးချွေးပေါက်များ နဖူးထက်မှလိမ့်ဆင်းကျလာတော့သည်။
သူမတတ်နိုင်သောအတိုင်းအတာကိုကျော်လွန်မိ၍ ကျောက်တောင်ထံမှစမ်းသပ်စစ်ဆေးနေသလားဟု တွေးမိလိုက်သည်။ အခိုက်အတန့်တော့ သူမလည်းတွေဝေသွားရသည်ပင်။
(ငါတကယ် မတက်နိုင်တော့ဘူးလား)
၁၇ဆင့်အနားသို့ကပ်ရုံလေးဖြင့်ပင် သူမကိုဒီလိုတွေဝေစေနိုင်လျှင် ၁၇ဆင့်ထက်မှဖိအားကို သူမခံနိုင်ပါမည်လားဟု မေးခွန်းထုတ်မိသည်။
ခန္ဓာကိုယ်ကလည်း ဆက်တောင့်မခံနိုင်တော့သလို စိတ်အစဥ်မှာလည်း သံသယများစွာဖြင့် ဖုံလွှမ်းခံလိုက်ရတော့သည်။
ဒူးထောင်အရှုံးပေးရန် ခိုင်းစေနေသည့် မကောင်းဆိုးဝါးပမာအားကြီးသော ထိုအင်အားလုံးကြီးအောက်တွင် ဖုန့်မေအံကြိတ်ပြီး တစ်ဖန်ပြန်အားတင်းလိုက်၏။
"ငါရအောင်ကျော်ပြမယ်"
လုပ်နိုင်မလုပ်နိုင်ကို တွေးနေရမည့်အချိန်မဟုတ်တော့။ ဒါက လုပ်ကိုလုပ်ရမည့်တာဝန်ဖြစ်သည်။
အမှန်တကယ် ဘုန်းဘုန်းမလဲခင်ထိတော့ ဟိုဟိုဒီဒီလျှောက်အတွေးများမနေတော့ပါ။
၁၇ဆင့်နားသို့ တစ်မီလီမီတာလောက်ပင် ထပ်မကပ်နိုင်သေးသော်ငြား သူမဆက်တော့တောင့်ခံနိုင်သေးသည်။
သူမကိုယ်သူမ တည်ငြိမ်အောင်ထိန်းသိမ်းလိုက်သော်လည်း ဖိအားအောက်တွင် ဒူးများကခွေယိုင်စပြုလာပြီး စိုးရိမ်ဖွယ်အခြေအနေ ရောက်လို့လာလေသည်။
ကြည့်ရတာတော့ သူမခန္ဓာကိုယ်မှာ အမှန်တကယ်အရှုံးပေးသွားပြီး မတ်မတ်ရပ်ဖို့အင်အားတောင် မကျန်တော့တာဖြစ်လိမ့်မည်။
ပူပန်စိတ်ဖြင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ စိတ်တွင်းပျာယာခတ်သွားသော်ငြား အရှုံးပေးဖို့တော့မစဥ်းစားသေးပေ။
ညည်းညူမောဟိုက်သံဖြင့် သူမကိုယ်သူမ မတ်မတ်ပြန်ရပ်နိုင်အောင် ဇွတ်အတင်းဖိအားပေးလိုက်သည်။