← Chapters

အမှောင်ထုထဲက အလင်းနှင့် ဖီးနစ်မျက်လုံး

Vol. 7 Ch. 94

အမှောင်ထုထဲက အလင်းနှင့် ဖီးနစ်မျက်လုံး

Vol. 7 Ch. 94

"ဟောဟဲ ဟောဟဲ"

အသက်ရှူသံများပင် မမှန်နိုင်တော့သော်လည်း ကျန်သမျှအင်အားများကိုစုစည်းလျက် ပြိုလဲမသွား‌အောင်တော့ တောင့်ထားနိုင်ပေသေးသည်။

သူမမတ်မတ်ရပ်ဖို့ကြိုးစားလေလေ ခန္ဓာကိုယ်ပြိုကွဲမတတ်ဖိအားပေးနေသောစွမ်းအင်များကို နာကျင်စွာခံစားနေရလေလေဖြစ်သည်။

ကြွက်သားများမှာ နာကျင်ကိုက်ခဲလို့လာပြီး သူမကိုထောက်ကန်ပေးထားသောအရိုးများက ဤဖိအားအောက်တွင် အချိန်မရွေးကျိုးကြေသွားနိုင်ကြောင်း သတိပေးနေသကဲ့သို့ပင်။

နဖူးထက်မှစီးကျလာသော‌ချွေးစီးကြောင်းများက နှာခေါင်းနှင့်ပါးစပ်မှလျှံကျလာသောသွေးများဖြင့် ရောနှောပေါင်းစပ်လို့သွားတော့သည်။

"မရပ်သေးဘူး ငါတက်နိုင်သေးတယ်"

ဖုန့်မေခပ်တိုးတိုးရေရွတ်သည်။ အသက်ရှူသံများမှာ ဟောဟဲလိုက်လျက်။

ခြေထောက်များမှာ ပြင်းစွာတုန်ယင်လို့နေပြီး နောက်တစ်လှမ်းဆက်လှမ်းလိုက်သည်နှင့် ဒူးခွေကျသွားတော့မလို အနေအထားရှိနေ၏။

သွေးစက်များက ခြေနင်းထားသောကျောက်သားထက်သို့တိုင် လွင့်စင်ကျသွားသော်လည်း သူမသတိမမူမိပါ။ ဒီအချိန်မှာ အရေးကြီးဆုံးက ၁၇ဆင့်သို့အရောက်တက်ဖို့ပင်။

ကောင်းကင်ကြီးပြိုကျလာသလိုဖိနှိပ်မှုအောက်တွင် သူမအမြင်အာရုံများဝေဝါးသွားပြီး ထိုထိတ်လန့်စရာအခိုက်အတန့်တွင် သူမလုံးဝလဲကျသွားတော့မည်ဟု ထင်လိုက်မိသည်။

ဖုန့်ယွင်မှာ လဲပြိုလုဆဲဆဲဖုန့်မေကို စိုးထိတ်စွာဖြင့်ပင်ရပ်ကြည့်နေရ၏။

ယခုအချိန်ထိခိုင်မာနေဆဲဖြစ်သော ဆုံးဖြတ်ချက်ကို မြင်သာနေသေးသကဲ့သို့ သူမ၏ခန္ဓာကိုယ်အခြေအနေမှာလည်း ဖုံးကွယ်လို့မရတော့ပေ။ မောဟိုက်ပင်ပန်းသော အသက်ရှူသံတစ်ခုချင်းစီမှာ ဖုန့်ယွင်၏နားထဲသို့ ပဲ့တင်သံပမာတိုးဝင်လို့နေသည်။

သွေးများပါကျဆင်းလာသည်ကိုမြင်သော် သူဆက်ပြီးမမြင်ချင်ယောင်မဆောင်နိုင်တော့ပေ။ စိတ်ကွက်လည်းမတတ်နိုင်တော့၊ သေချာပေါက်ဝင်ပြောရမည့်အခြေအနေ ရောက်နေပြီပင်။

"တော်တော့ မေ့အာ"

စိုးရိမ်တကြီးဖြင့် သူတားလိုက်သည်။

"ရပ်ဖို့အချိန်တန်ပြီ"

သို့သော် ထိုမိန်းကလေးမှာ မရပ်သေးပါ။

ထိုအချိန်တွင် သူမရှေ့မှလှေကားထစ်များမှလွဲ၍ ဘာမှမမြင်နိုင်တော့သလို ကြားလည်းမကြားနိုင်တော့သည့်နှယ်ပင်။

ရှိရှိသမျှစွမ်းအင်အကုန်ကို ၁၇ဆင့်ဆီတက်လှမ်းဖို့အသုံးချလိုက်သည်ဖြစ်ရာ ဖုန့်ယွင်စကားများကိုလည်း ကြားနိုင်စွမ်းမရှိတော့ချေ။

ဖုန့်မေ၏အသက်ရှူသံများ ပိုလို့လေးလံလာပြီး ပါးစပ်ထောင့်မှသွေးစီးကြောင်းများသည် ရင်ဘတ်ထိတိုင်စီးဆင်းလျက် အင်္ကျီစများကိုပင်စွန်းပေလျက်ရှိလေပြီ။

သူမခန္ဓာကိုယ် ပြိုကွဲလုဆဲဆဲဖြစ်နေသည်ကို သူမသိပါသည်။ စက္ကန့်နှင့်အမျှ အားအင်များလွင့်ပါးကုန်စင်တော့မတတ်ဖြစ်နေသည်ကိုလည်း သူမခံစားမိပါသည်။

၁၇ဆင့်ရှိဖိအားသည် သူမကြုံဖူးသမျှထဲမှာ အပြင်းထန်အရက်စက်ဆုံးပင်။

တစ်ယောက်တစ်ပေါက်ခန့်မှန်းပြောဆိုလျက်ရှိကြသောပရိတ်သတ်အုပ်ကြီးတောင် ထိတ်လန့်တကြားအာမေဋိတ်ပြုနေရလေပြီ။

"ဒါကြီးကတော့ မဖြစ်နိုင်တော့ဘူးထင်တယ်နော်"

"ငါမပြောခဲ့ဘူးလား လင်းမေယုကလွဲရင် ၁၇ဆင့်ကိုဘယ်သူကများရောက်နိုင်ဦးမှာလဲလို့"

"အနည်းဆုံးတော့ အစွမ်းကုန်ကြိုးစားခဲ့ရှာသားပဲလေ"

......

အချို့က သူမကျရှုံးတော့မည့်အကြောင်းကို အာပေါင်အာရင်းသန်သန်ဖြင့်ကြိုပြောနေကြပြီး အချို့ကတော့စိတ်ပျက်လက်ပျက်ဆက်ကြည့်နေကြသည်။ သူမ၏လက်ရှိအခြေအနေအရ ဆက်တက်နိုင်တော့မည်ဟု ဘယ်သူမှမတွေးတော့ပါ။

"ဟာ သွေးတွေလျှံကျနေပြီ"

"ကောင်မလေးကတော့ ကိုယ့်ကိုယ်ကိုယ် ဇွတ်အတင်းဖိအား‌ပေးနေတာပဲ"

ဖုန့်ကျန်းရှန်နှင့် ဖုန့်ကျီလန်တို့မှာ စိုးရိမ်ပူပန်စွာဖြင့်ပြောလာကြသည်။

သူတို့ဖုန့်မိသားစုဝင်များ ဤမျှထိသည်းခံကြိုးစားစိတ်ရှိသည်ကို သူတို့ဂုဏ်ယူကြပါသော်လည်း သွေးတောက်တောက်ကျသည်အထိဆက်သွားနေသည်ကိုမြင်သော် အလွန်အကျွံဖြစ်သွားမည်ကို စိုးရိမ်လာကြသည်။

ဖုန့်ချန်းကိုယ်တိုင်ပင် စိုးရိမ်စပြုလာသည်။

သူမဒီ့ထက်ပိုဆိုးအောင်ဖိအားပေးနေလျှင်တောင် ပြန်ဆင်းလာလျှင်ဆေးတစ်လုံးလောက်တိုက်ကျွေးပြီး ပြန်ကုသလိုက်လို့ရသည်ဆိုပေမင့် ဘာပဲဖြစ်ဖြစ် ဒဏ်ရာရတာက ရတာပင်။

သူတို့အားလုံးစိုးရိမ်နေကြပေမယ့် ဘာမှမလုပ်နိုင်ပါ။

မြန်မြန်ပြန်အဆင်ပြေပြီး နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့ကိုသာ မျှော်လင့်ရုံရှိတော့သည်။

၁၇ဆင့်ထိမရောက်နိုင်လျှင်တောင် ၁၆ဆင့်မှာ အံ့ချီးဖွယ်အောင်မြင်မှုတစ်ခုဖြစ်လို့နေလေပြီ။

အမြင်အာရုံများမကွဲပြားတော့သည့်အလျောက် ဖုန့်မေ၏မျက်လုံးများမှာ ရီဝေဝေဖြစ်လို့လာသည်။

အသိစိတ်လွတ်ကင်းတော့မည့်ဆဲဆဲအခြေအနေကိုရောက်နေမှန်း သူမကိုယ်သူမသိသော်လည်း ကိုယ်တွင်းမှတစ်စုံတရာက အရှေ့သို့ဆက်သွားရန် အော်ဟစ်တွန်းအားပေးနေသကဲ့သို့ပင်။

ခန္ဓာကိုယ်တစ်ခုလုံး ပြိုလဲတော့မတတ်တုန်ယင်နေပြီး ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းသည် တိုက်ပွဲကြီးတစ်ခုကို အသေအကျေတွန်းလှန်တိုက်ခိုက်နေရသည့်နှယ် ခက်ခဲကြမ်းတမ်းလှ၏။

ရုတ်တရတ် သူမလဲကျသွားသည်။ လှေကားထစ်များထက်သို့ တိုက်ရိုက်လဲမကျခင် ဖုန့်ယွင်ကသူမအားအမိဖမ်းထားနိုင်လိုက်သည်။

သွေးများက နှုတ်ခမ်းကြားမှလျှံကျလာပြီး အောက်ဘက်ရှိကျောက်သားပေါ်သို့ စိုစွတ်သွားစေသည်။

"ဟောဟဲ ဟောဟဲ"

အဆုတ်များကိုမီးမြှိုက်ခံနေရသကဲ့သို့ ရင်တစ်ခုလုံး ပူလောင်လှ၏။

"မေ့အာ...."

ထိုအခိုက်အတန့်တွင် အရာအားလုံးမှောင်အတိကျသွားတော့သည်။ သူမနာမည်အားအော်ခေါ်နေသောဖုန့်ယွင်အသံများလည်း တိုးဝင်ပျောက်ကွယ်သွားတော့၏။

အမြင်အာရုံများမှောင်မိုက်သွားသလို့ လောကကြီးမှ အဆုံးမရှိလွင့်စင်ထွက်သွားသည့်နှယ်။

(ဒါကအဆုံးသတ်လား)

မသိစိတ်လေး ပြတ်တောက်မသွားခင် ဖုန့်မေနောက်ဆုံးတွေးမိသည်။ သူမကိုယ်သူမလုပ်နိုင်သည်ထင်ခဲ့သမျှ မှားယွင်းနေခဲ့လေသည်လား?

အမြင်ဝေဝါးခြင်းမှ သတိလစ်မသွားခင် နွေးထွေးသောအငွေ့အသက်တစ်မျိုးက သူမတစ်ကိုယ်လုံကို ထုပ်ပိုးလွှမ်းခြုံလာသည်။

ပိန်းပိတ်အောင်မှောင်အတိကျနေသော အမြင်အာရုံတွင် တောက်ပသောအလင်းတန်းတစ်ခုက ထွက်ပြူလာသည်။

အစပိုင်းတွင်တော့ ဟိုးအဝေးမှလာသော အလင်းရောင်မှိန်ဖျော့ဖျော့လေးပင်။ ထို့နောက် သာ၍တောက်ပလာကာ သူမပတ်ဝန်းကျင်တစ်ခုလုံးကို ထွန်းလင်းပေးနိုင်လောက်သည်အထိ နီးကပ်လာသည်။ အလင်းရောင်တွင်းမှထွက်ပေါ်လာသည့်အရာတစ်ခုကို သူမမြင်လိုက်ရ၏။

(ဘာကြီး-)

ခမ်းနားလှပသော ဒဏ္ဍာရီလာ ဖီးနစ်ငှက်တစ်ကောင်ပင်။

သို့သော် သူမဖတ်ရှုဖူးသည့်စာအုပ်တွေထဲကနှင့်လည်းမတူသလို စိတ်ကူးထဲကပုံစံအတိုင်းလည်းမဟုတ်ပေ။

ငှက်မွှေးများမှာ ကြည်လင်တောက်ပသော ကျောက်စိမ်းရောင်အရောင်အသွေးဖြင့် အသန့်စင်ဆုံးသော ကျောက်မျက်ရတနာကို ထွင်းထုစီခြယ်ထားသည့်နှယ် အသေးစိတ်ပုံပန်းကျနလှသည်။

၎င်း၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အေးစက်စိမ်းမြသည့် အလင်းတန်းတစ်ခုသည် သူမ၏နာကျင်မှုများကို လွင့်စင်သွားအောင်ကုစားပေးနေလျက်ရှိပြီး ထွက်ပေါ်သောစွမ်းအင်မှာ စူးရှ၍အရိုင်းဆန်သည်။

ထို‌ကျောက်စိမ်းဖီးနစ်၏မျက်ဝန်းများသည် သိမ်မွေ့နက်ရှိုင်းစွာဖြင့် သူမကိုမြဲမြဲမြံမြံစိုက်ကြည့်လို့နေသည်။ မရေမတွက်နိုင်သောဘဝပေါင်းများစွာကို ဖြတ်သန်းခဲ့ဖူးသလို လေးနက်ကြီးမြတ်သော၊ ဉာဏ်ပညာနှင့်ပြည့်စုံသော မျက်လုံးအစုံပါပေ။

ထိုသတ္တဝါ၏ အလှတရားနှင့် အဆုံးမရှိသောစွမ်းအင်ကို လက်ခံကြိုဆိုသည့်အနေဖြင့် ဖုန့်မေလည်းပြန်လည်စိုက်ကြည့်လိုက်သည်။

All Chapters