ဖီးနစ်ခန္ဓာ၏ တောက်ပခြင်းအခိုက်အတန့်
Vol. 7 Ch. 95
ကြီးမြတ်သောသတ္တဝါတစ်ကောင်ထံမှ ထိုသို့တည့်တည်ရှုရှုစိုက်ကြည့်ခံရပါလျှင် ဖုန့်မေကြောက်လန့်သွားသင့်သော်ငြား ယခုတွင်တော့ ဘာအကြောက်တရားကိုမှမခံစားရချေ။
ကြောက်ရမည့်အစား ထိုဖီးနစ်ငှက်ကို နှစ်ပေါင်းများစွာကြာအောင် သိကျွမ်းလာခဲ့ဟန်ဖြင့် မဖော်ပြတတ်သောရင်းနှီးမှုအငွေ့အသက်အား ခံစားလိုက်မိသည်။
ထူးဆန်းပေမယ့် တစ်ချိန်တည်းမှာပင် သဘာဝဆန်စွာလိုက်လျောညီထွေရှိသည်။
ဖီးနစ်ငှက်ထံမှ အကြည့်မလွှဲဖယ်နိုင်ပဲ သူတို့ အကြာကြီးနေအောင် စိုက်ကြည့်နေခဲ့ကြ၏။
ခဏအကြာတွင် ဖီးနစ်ငှက်သည် တောင်ပံများကိုဖြန့်ကားလိုက်ပြီး ကျက်သရေရှိစွာသော တောင်ပံတစ်ခတ်ဖြင့် သူမဆီသို့ပျံသန်းဆင်းသက်လာတော့သည်။
တောင်ပံခတ်သည့်စည်းချက်မှာ ကမ္ဘာမြေကြီး၏နှလုံးခုန်သံနှင့် ထပ်တူကျနေသည့်အလား တည်ငြိမ်အားပြင်းလှပြီး သူမ၏ဝိဉာဥ်ကို ဆွဲကိုင်လှုပ်တော့မတတ်ခံစားလိုက်ရသည်။
အနားသို့ကပ်လာလေလေ ခံစားရသောနွေးထွေးမှုမှာ ပိုသိသာလာလေလေဖြစ်ပြီး လှေကားထစ်များထံမှဖိအားကဲ့သို့ နှိပ်စက်နာကျင်စေခြင်းမျိုးလည်း မရှိပေ။
ဖီးနစ်သည်တောင်ပံများကို နောက်တစ်ကြိမ်ဖြန့်ကားလိုက်ပြီး ပုံစံမှာပြိုကွဲပျော်ဝင်သွားကာ အစိမ်းနှင့်ရွေရောင်အမှုန်တောက်တောက်လေးများအဖြစ် ပြန့်ကျဲသွားပြီး သူမခန္ဓာကိုယ်ပတ်လည်သို့ ရစ်ပတ်ခစားလာကြတော့၏။
ထိုအမှုန်များသည် ကျောက်စိမ်းအခိုးအငွေ့များကဲ့သို့ပြောင်းလဲသွားပြီး ဖုန့်မေ၏အသားအရည်မှတစ်ဆင့် အရိုးများထိတိုင်၊ နှလုံးသားသို့တိုင် ဖြတ်သန်းစိမ့်ဝင်သွားတော့သည်။
ဖီးနစ်ငှက်တည်ရှိခဲ့ရာနေရာသို့ သူမအကြာကြီးငေးကြည့်နေပြီးမှ သူမကိုယ်တိုင်၏ပြောင်လဲမှုကို စတင်သတိပြုမိလာသည်။
အားနည်းနေသေးသော်ငြား သူမခန္ဓာကိုယ်ထဲတွင် ပတ်မွှေ့နေသည့်အားအင်တစ်ရပ်ကို ခံစားမိလိုက်သည်။
ကြီးမြတ်အားပြင်းသောစွမ်းအားများ သူမသွေးကြောတစ်လျှောက် ပျံ့နှံ့စီးဆင်းသွားသည်ကို သူမခံစားမိလိုက်သည်။ ကျောက်စိမ်းဖီးနစ်မှာ ၎င်း၏စွမ်းအားအရင်းအမြစ်အား သူမခန္ဓာကိုယ်တွင်းသို့ တစ်စိတ်တစ်ပိုင်း ခွဲဝေသွင်းထည့်ပေးလိုက်သည့်အလား။
ဖုန့်မေသက်ပြင်းရှိုက်လိုက်သည်။ ခန္ဓာကိုယ်မှာတုန်ယင်နေဆဲဖြစ်သော်ငြား အစောကနာကျင်မှုများမှာ မြူမှုန်မျှပင်မကျန်သည်ထိ လွင့်စင်သွားခဲ့ကြလေပြီ။
အင်အားသစ်တစ်ရပ် အစားထိုးဝင်ရောက်လာပြီဖြစ်၏။
သူမမျက်လုံးများကိုဖွင့်လိုက်သော် ၁၆ဆင့်၏ကျောက်သားကြမ်းပြင်ထက်လဲကျလုလုအခြေအနေတွင် သူမကိုယ်သူမတွေ့ရှိလိုက်ရသည်။
ဖိအားမှာ ပြင်းထန်ကြမ်းတမ်းနေဆဲဖြစ်သော်ငြား မဖြတ်ကျော်နိုင်သည်အထိမဟုတ်တော့ပေ။
"မေ့အာ"
သူမစိတ်ထဲတွင် နာရီပေါင်းများစွာကြာညောင်းသွားသကဲ့သို့ ခံစားလိုက်ရသော်လည်း မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် စက္ကန့်ပိုင်းမျှသာလွန်ခဲ့သည်ကိုသိလိုက်ရ၏။ အများအမြင်တွင် သူမမှာ ချက်ချင်းမျက်လုံးပြန်ပွင့်လာခဲ့တာဖြစ်ပြီး ဖုန့်ယွင်မှာလည်း နဂိုအတိုင်း သူမနာမည်ကိုခေါ်နေဆဲပင်။
ဖြည်းညင်းသိမ်မွေ့စွာ ဖုန့်မေမတ်တပ်ပြန်ရပ်လိုက်သော် တွန်းဖိနေသောအားအင်များကို မခံစားရတော့ပါ။
ဒဏ်ရာအားလုံး တစ်မုဟုတ်ချင်းပျောက်ကွယ်သွားဟန်ရှိပြီး ၎င်းတို့နေရာတွင် စွမ်းအားသစ်များပင် အစားထိုးဝင်ရောက်လာသေးသည်။
သတိလစ်သွားသည်ဟု သူထင်ခဲ့သောဖုန့်မေမှာ ရုတ်တရတ်ပြန်လည်မတ်မတ်ရပ်နိုင်လိုက်သဖြင့် ဖုန့်ယွင်ပင် အနည်းငယ်ကြောင်အသွားရ၏။
လမ်းလျှောက်ရင်း ခလုတ်တိုက်လဲမိသွားသကဲ့သို့ အင်္ကျီမှဖုန်များအမှုန်များကိုပင် ခါထုတ်နေလိုက်သေးသည်။
"မေ့အာ အဆင်ပြေရဲ့လား"
စိုးရိမ်ပူပန်စွာဖြင့် ဖုန့်ယွင်မေးလာသည်။ လက်ရှိအခြေအနေမှာ အတွေးများရှုပ်ထွေးသွားရသည်ဆိုသော်ငြား အလန့်တကြားဖြစ်သွားသည်ကတော့မပျောက်သေးပေ။
မေးစရာရှိတာ နောက်မှမေးတော့မည်။ အခုကဖုန့်မေအဆင်ပြေရဲ့လားဆိုတာကို အရင်ဦးစားပေးရမည်ပင်။
ဖုန့်မေလှည့်ကြည့်လိုက်သော် မျက်နှာမကောင်းရှာသောဖုန့်ယွင်ကိုမြင်လိုက်သည်။
သူမကိုယ်တိုင်လည်း စိတ်ရှုပ်ထွေးလျက်ရှိသည်သာ။ လောလောလတ်လတ်မြင်လိုက်ရသောမြင်ကွင်းမှာ အိပ်မက်လား အစစ်အမှန်လားပင် ခွဲခြားမရနိုင်သေးပေ။
သို့သော် သေချာသည်ကတော့ နာကျင်ပင်ပန်းမှုများပျောက်ကွယ်သွားပြီး မိုးကောင်းကင်ပိသကဲ့သို့ဖိအားမှာလည်း သိသိသာသာလျော့ကျသွားကာ သူမကိုယ်တိုင်လည်း စွမ်းအားများတစ်ဖန်ပြည့်လို့နေသည်ပင်။
"အစ်ကိုယွင် ညီမအဆင်ပြေပါတယ်"
စိတ်ပူနေသောဖုန့်ယွင်ကိုမြင်သော် သူမအမြန်ပြန်ပြောလိုက်သည်။
"ဒါပေမယ့်-"
"ဒီမယ် တွေ့လား"
ဖုန့်မေတစ်ယောက် ဒဏ်ရာအပြင်းအထန်ရမသွားခင် ဖုန့်ယွင်ရအောင်တားလိုက်ချင်သည်။
အခုအချိန်သက်သာသွားလို့ စိတ်အေးရသည်ဆိုသော်ငြား ဆက်တက်နေလျှင် အသည်းအသန်ထပ်ဖြစ်ဦးမည်ပင်။
ဖုန့်မေ၏ရွေးချယ်မှုနှင့်သတ္တိကို သူဂုဏ်ယူပါသော်လည်း ဆက်ပြီးနာကျင်ခံစားနေရမည်ကို မကြည့်ရက်တော့ပေ။
သူမအနေနှင့် ၁၆ဆင့်တွင်သာရပ်သင့်တော့သည်ဟု သူဆုံးဖြတ်လိုက်သည်။ ဆက်သွားဖို့က လွန်စွာမှအန္တရာယ်များလှသည်ပင်။
သို့သော် ဖုန့်ယွင်တစ်ယောက် မျက်လုံးထပ်ပြူးရပြန်တော့သည်။ ဖုန့်မေမှာ ရှေ့သို့ဆက်တိုးလို့ရနေပေသည်။ ရိုးရိုးလမ်းလျှောက်တိုးပြတာတောင်မဟုတ်ဘဲ သူမအခြေအနေကောင်းသေးသည်ကို သက်သေပြချင်၍ အနည်းငယ်ပင်ခုန်လိုက်သေး၏။
ဖုန့်ယွင်မှာ မျက်လုံးပြူးမျက်ဆံပြူးဖြင့် မည်သို့တုံ့ပြန်ရမည်ကိုမသိတော့ပါ။
လွန်ခဲ့သောမိနစ်ပိုင်းလောက်တွင် သူမမှာသတိလစ်မတတ်ပင်ပန်းနေပြီး အခုတော့သာမန်လိုခုန်ဆွခုန်ဆွပါလုပ်နိုင်နေပြီတဲ့လေ။
"မင်း-ဘယ်လိုလုပ်" ဖုန့်ယွင်မှာ ဤကိစ္စကိုလိုက်တွေးဖို့ ဉာဏ်မမီတော့ချေ။
တစ်ခုတည်းသောဖြေရှင်းချက်မှာ ဖုန့်မေအစောက ပင်ပန်းချင်ယောင်ဟန်ဆောင်ပြီး တကယ်တမ်းပင်ပန်းခဲ့ခြင်းမဟုတ်သည်လားဟု။
သို့သော် ထိုသို့ဟန်ဆောင်တတ်သည့်မိန်းကလေးမဟုတ်ကြောင်းကိုလည်း သူသိ၏။
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
"အစ်ကိုယွင် ညီမနောက်မှရှင်းပြပါမယ်"
ဖုန့်မေထပ်ပြောလိုက်သည်။ သူမကိုယ်တိုင်လည်းသိပ်မသေချာပေသည့် ထိုဖီးနစ်ငှက်ကြောင့်သာ ဖြစ်နိုင်သည်ပင်။
သေချာရေရာခြင်းမရှိသော်ငြား ဒီအချိန်မှာ ထိုအကြောင်းရင်းတစ်ခုတည်းကိုသာ သူမစဥ်းစားနိုင်ပါ၏။
လောလောဆယ်တော့ မေးခွန်းတွေကိုပြန်ဖြေရမည့်အချိန်မဟုတ်သေးပေ။ သူမမှာလုပ်စရာကျန်နေသေးသည်။
"အစ်ကိုယွင် ညီမ၁၇ဆင့်ထိသွားချင်တယ်"
ဒဏ်ရာများပျောက်ကင်းသွားပြီး ဖိအားလည်းအတော်အတန်လျော့ကျသွားသဖြင့် သူမမှာယုံကြည်မှုအပြည့်ဖြင့်ပင်။
ဖုန့်ယွင်မှာ ပြောစရာစကားပျောက်ဆုံးလို့နေ၏။ သူသေချာပေါက် ဖုန့်မေကိုတားချင်ခဲ့သော်ငြား ယခုမျက်မြင်အခြေအနေအရဆိုလျှင် ဆက်တက်နိုင်ဦးမည့်ပုံပင်။
သူခေါင်းညိတ်ပြလိုက်သည်။
"ဒါပေမယ့် ညီမနောက်တစ်ခေါက်ဒဏ်ရာထပ်ရတာမျိုး သွေးတစ်စက်ထပ်ကျတာမျိုးဖြစ်ခဲ့မယ်ဆိုရင် သေချာပေါက်ရပ်ပါ့မယ်လို့ ကတိပေး"
ဖုန့်မေမှာ ယခုအဆင်ပြေနေပုံပေါ်သော်လည်း ဖုန့်ယွင်ကတော့ လုံးလုံးစိတ်မချနိုင်သေးပေ။ ရုတ်တရတ်ပေါ်လာသောအားအင်များ ဘယ်ကရောက်လာမှန်း သူလည်းမသိသည်လေ။
ခဏတာရောက်လာသောအားအင်များဖြစ်နေပါက ပျောက်ကွယ်သွားသော် သူမဒဏ်ရာထပ်ရမည်ပင်။ သတိဆိုတာပိုသည်မရှိပေ။ သေချာပေါက်ကတိတော့တောင်းထားရမည်သာ။
ဖုန့်မေလည်း ခေါင်းညိတ်ကတိပေးလိုက်သည်။ ဒီတစ်ကြိမ်တော့ ၁၇ဆင့်ကို အောင်အောင်မြင်မြင်တက်နိုင်လိမ့်မည်ဟု သူမကိုယ်သူမ အပြည့်အဝယုံကြည်ထား၏။
ထပ်ရလာသောအင်အားများဖြင့်တောင် မတက်နိုင်သေးပါမူ သူမ၏အကန့်အသတ်ကို လက်ခံလိုက်ရုံသာရှိပြီး ဆက်တက်ဖို့လက်လျှော့ရမည်ပင်။
တည်ငြိမ်ပြတ်သားသောအကြည့်များဖြင့် ၁၇ဆင့်ဆီသို့ သူမမော့ကြည့်လိုက်၏။
"ငါလုပ်နိုင်ပါတယ်"
တိုးဖွသော်ငြား သေချာရေရာမှုရှိစွာဖြင့် သူမရေရွတ်လိုက်သည်။
ထို့နောက် ခြေတစ်လှမ်းကိုလှမ်းလိုက်သည်။
မည်မျှပင်ကြီးလေးသောဖိအားရှိနေစေကာမူ သူမကိုဖိနှိပ်တွန်းကန်လို့မရနိုင်တော့ပါ။
ရုန်းကန်တောင့်ခံထားရခြင်းလည်းမရှိတော့ဘဲ ခြေလှမ်းများကိုဆက်လှမ်းရင်း မသိလိုက်ခင်မှာဘဲ ၁၇ဆင့်သို့တက်လှမ်းသွားနိုင်လိုက်တော့၏။
သူမ လုပ်နိုင်ခဲ့လေပြီ။
…
တချိန်တည်းမှာပင် သူမ၏ ကျောပြင်ကို ငွေရောင်တောက်ပနေသည့် မျက်ဝန်းအစုံနှင့် ထွင်းဖောက်လုမတက် စိုက်ကြည့်နေသော ဖုန့်ချန်းကိုတော့ မည်သူမှ သတိမမူမိပါ။
‘နတ်ဘုရားမျက်လုံး’