၁၇ဆင့်သို့
Vol. 7 Ch. 96
အသက်ရှူအောင့်လျက်စောင့်ကြည့်နေကျသော ကြည့်ရှုသူများမှာ လဲပြိုလုဆဲဆဲဖုန့်မေက ရုတ်တရတ်ဆိုသလိုပင် ဖြောင့်မတ်စွာပြန်ရပ်လိုက်တာကြောင့် တအံ့တသြဖြစ်ကုန်ကြတော့၏။
မတိုင်မီကမှ လဲတော့မလို ခွေကျတော့မလို အားနည်းချိနဲ့နေသည့်ဖုန့်မေကို မြင်ခဲ့ရတာကြောင့် ဖိအားဒဏ်ဆက်တောင့်မခံနိုင်လောက်တော့ဟု ကောက်ချက်ချခဲ့ကြတာပင်။
သို့သော် ထိုမိန်းကလေးမှာ ချက်ချင်းဆိုသလိုပင် မတ်မတ်ပြန်ရပ်နိုင်ပြီး ဟိုခုန်ဒီပေါက်ပင်လုပ်နေလိုက်သေးပေသည်။
"သူက မတ်တပ်ပြန်ရပ်နေနိုင်ပြီလား"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"သွေးတွေလည်းဆက်မထွက်တော့ဘူးလားလို့ ဒဏ်ရာတွေအကုန်ပျောက်သွားတာမဟုတ်လား ငါပဲအမြင်မှားနေတာလား"
...
ကြည့်ရှုသူများမှာ အံ့သြ၍မဆုံးနိုင်တော့ပေ။ နေရာတွင်လဲတော့မလိုထင်ရသောမိန်းကလေးသည် သူတို့မျက်စိရှေ့တွင်ပင် စွမ်းအင်အပြည့်ဖြင့် တစ်ဖန်မတ်တပ်ရပ်နိုင်နေလေပြီ။
"ဘာဖြစ်သွားတာလဲဟ"
"မေ့အာမှာ ဝှက်ဖဲတွေများရှိနေတာလား"
ဖုန့်မေ၏ရုတ်တရတ်ပြောင်းလဲမှုကြောင့် မဟာအကြီးအကဲများဖြစ်သော ဖုန့်ကျီလန်နှင့် ဖုန့်ကျန်းရှန်သည်ပင် အတွေးများရှုပ်ထွေးသွားရသည်။
အဆင်ပြေသွားတာကိုမြင်သဖြင့် စိတ်အေးသွားရသော်ငြား ဘယ်ကနေဘယ်လို ဒီလောက်အမြန်ပြန်ကောင်းသွားသလဲဆိုတာကို စဥ်းစားမရတော့ချေ။
မည်မျှပင် ခေါင်းပူအောင်စဥ်းစားစဥ်းစား ဖုန့်မိသားစုတွင် ဒဏ်ရာကြီးစွာရနေရုံမက အားအင်ပါပြတ်လပ်နေသည့်ကျင့်ကြံသူတစ်ဦးကို ချက်ချင်းဒဏ်ရာများလည်းပျောက်ကင်းစေပြီး အင်အားအပြည့်ပြန်ဖြည့်ပေးနိုင်သင့် ကျင့်စဥ်မျိုး တစ်ခုမှရှိမနေတာ သေချာပါ၏။
သို့သော် ဖုန့်မေ၏ခန္ဓာသွင်ပြင်ကိုသိထားသော ဖုန့်ချန်းကတော့ အံ့သြသွားတာမျိုးမရှိလိုက်ပါ။
အစကတော့ ဖုန့်မေဒဏ်ရာများ တစ်မုဟုတ်ချင်းလွင့်ပျယ်သွားတာကိုမြင်သော် သူလည်းရုတ်တရတ်အံ့အားသင့်သွားရပေမယ့် အကြောင်းရင်းကို ချက်ချင်းရိပ်စားမိလိုက်သည်။
ဖီးနစ်ငှက်များအကြောင်း သူဖတ်ရှုလေ့လာရသလောက်တော့ ကျင့်ကြံသူအသက်မဆုံးရှုံးသေးသရွေ့ မည်မျှပင်ဒဏ်ရာပြင်းထန်နေပါစေ ဖီးနစ်ငှက်၏သွေးတစ်စက်မျှဖြင့် ပျောက်ကင်းနိုင်သည်ဟုဆို၏။
ထို့ကြောင့် ဖုန့်မေ၏ပဟေဠိဖြစ်ဖွယ်အပြောင်းအလဲမှာ သူမ၏ဖီးနစ်ခန္ဓာနှင့် သက်ဆိုင်နေမည်မှန်း သူခန့်မှန်းမိလိုက်သည်။
ထို့အပြင် ငှက်အမျိုးအစားမှာလည်း ဖီးနစ်ငှက်မျိုးနွယ်တို့၏ အထွဋ်အထိပ်သခင် ကျောက်စိမ်းဖီးနစ်သာဖြစ်ရမည်။ မှားနိုင်စရာမရှိပေ။
"နတ်ဘုရားမျက်လုံး ပွင့်စမ်း"
*****************
အမည် - ဖုန့်မေ
ကျင့်ကြံဆင့် - အမြုတေဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်
ပါရမီ - သာလွန်ထူးကဲသော
ခန္ဓာ - ကျောက်စိမ်းဖီးနစ် (မနိုးထသေး)
***************
-ဟူး
ဒီလိုပြောင်းလဲမှုက သူမဒဏ်ရာရနေစဥ် ခန္ဓာကိုများ နှိုးဆွမိသွား၍လားဟု သူထင်ခဲ့သေးသည်။
သို့ပေမယ့် ကြည့်ရတာတော့ နိုးထချိန်မတန်သေးပေ။
မနိုးထသေးတာတောင်မှ သူမဒဏ်ရာများကိုပျောက်ကင်းအောင် လာရောက်ကူညီပေးနိုင်သေးသည်။ ခန္ဓာအများစုမလုပ်နိုင်သော စွမ်းဆောင်မှုမျိုးပင်။
ထို့အပြင် အပိုဆုအနေဖြင့် အမြုတေဖွဲ့စည်းခြင်းအလယ်အလတ်အဆင့်ကိုပါ ချိုးဖျက်နိုင်သွားခဲ့သေးသည်။
ယခုမျက်လှည့်ပြလိုက်သလိုမြင်ကွင်းအရ ခန္ဓာနိုးထလာသော် ဖုန့်မေမည်မျှပင်အင်အားကြီးလိုက်မည်ကို မှန်းဆလို့ပင်မမီနိုင်ချေ။
(သေတောင်မသေနိုင်တော့မှာမျိုးလည်း ဖြစ်သွားနိုင်တယ်)
ဖီးနစ်ငှက်များမှာ သေဆုံးခြင်းမရှိဘဲ အကြိမ်ကြိမ်အခါခါပြန်လည်မွေးဖွားခြင်းဖြင့် ထာဝရတည်ရှိနိုင်သော ဒဏ္ဍာရီလာသတ္တဝါများဖြစ်၏။
မနိုးထသေးသောအခြေအနေမှာပင် ဒဏ်ရာပျောက်ဖို့ ဤမျှမြန်ဆန်လွယ်ကူနေလေရာ နိုးထပြီးချိန်တွင်တော့ အသေသတ်လိုက်ရင်တောင် အဆုံးတိုင်ပျောက်ကွယ်မသွားမည့် စွမ်းအားရှင်မျိုး ဖြစ်လာနိုင်သည်။
ဖုန့်မေတစ်ယောက် ပြန်လည်နာလန်ထူပြီး စွမ်းရည်စစ်ကျောက်တောင်ထက်တွင် ဆက်လက်တက်လှမ်းနေသည်ကို အားလုံးမြင်နေကြရသည်။
အများစုကတော့ ဖုန့်မေကြာကြာတောင့်မခံနိုင်ဘဲ နောက်တစ်ကြိမ်ပြန်လဲကျဦးမည်ဟု ထင်ကြေးပေးထားကြသည်။
သို့သော် သူတို့ထင်ကြေးတက်တက်စင်လွဲမှားကြောင်း ဖုန့်မေက ခဏချင်းအတွင်းသက်သေပြလိုက်တော့၏။
၁၆ဆင့်မှ ၁၇ဆင့်သို့ သက်သက်သာသာလေးတက်လှမ်းသွားလေရာ အစောကလဲမလိုပြိုမလိုအခြေအနေမှာ ဟန်လုပ်ခြင်းသက်သက်ဟု အထင်ရောက်စရာပင်။
နောက်ဆုံးတော့ ဖုန့်မေသည် ၁၇ဆင့်ထိတက်လှမ်းသွားလေပြီ။
လူအုပ်ကြီးတစ်ခုလုံး တစ်ခဏမျှငြိမ်ကျသွားပြီးမှ မယုံကြည်နိုင်စွာဖြင့် ပေါက်ကွဲထွက်လာကြတော့သည်။
".....တကယ်ကြီးရောက်သွားပြီဟ"
"မျက်စိနဲ့မြင်လို့သာယုံရတယ်"
"အဓိပ္ပာယ်မရှိတာကြီးကွာ"
"ဖုန့်မေတဲ့လား ဟမ့် အဲ့နာမည်မှတ်ထားဦးမယ်"
"မှတ်ထားရမှာပေါ့ ဒါပေမယ့်သူကတော့မင်းနာမည်ကိုမှတ်မိမယ်မထင်ဘူး မကြာခင် မိုးပြာကောင်းကင်အင်ပါယာတစ်ခုလုံးမှာ ကျော်ကြားတော့မယ့်သူပဲလေ"
"၁၇ဆင့်ထိတက်နိုင်တဲ့သူ နောက်တစ်ယောက်ပေါ်လာပြီဟေ့"
"ပြိုင်ဘက်ကင်းပါရမီရှင်ပဲ နောက်ဆုံးတော့ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် အရှေ့ပိုင်းစီရင်စုမှာ ထွက်ပေါ်လာပြီကွ"
လူအုပ်ကြီးမှာ စိတ်အားထက်သန်စွာဖြင့် ဟစ်ကြွေးလို့နေကြသည်။
"ဒါက...."
မဟာအကြီးအကဲရန်တောက်ယုသည်လည်း ဖုန့်မေတစ်ယောက် ၁၇ဆင့်သို့တက်လှမ်းသွားသည်ကိုမြင်သော် ကြက်သေသေသွားရတော့၏။ ဆန်းကြယ်မီးတောက်ဂိုဏ်၏ ပြိုင်ဘက်ကင်းပါရမီရှင်နှင့် တစ်ဆင့်တည်းပင်။
"အဲ့ကောင်မလေး ငါ့လက်ထဲရောက်လာရစေ့မယ်"
သူ ခပ်တိုးတိုးရေရွတ်လိုက်သည်။
ပျော့ညံ့ညံ့အကြီးအကဲတစ်ယောက်ကိုဆုံးရှုံးလိုက်ရသည်နှင့် ဤသို့ပါရမီရှင်မျိုးကို လက်လွှတ်ခံလိုက်ဖို့မတန်ပေ။ ဖုန့်မေကို သူတို့ဂိုဏ်းသို့ အရောက်ပါအောင်ခေါ်ရမည်။
အကြီးအကဲကျိုးထျန်းဟွာမှာ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ဦးသာဖြစ်ပြီး အရင်ကတော့ဂိုဏ်းအတွက်အရေးပါအရာရောက်ခဲ့လောက်ပေမယ့် ဖုန့်မေလို့အလားအလာရှိကျင့်ကြံသူတစ်ဦးနှင့် တန်ဖိုးချင်းယှဥ်လို့မရနိုင်ပေ။
၁၇ဆင့်သို့တက်ရောက်နိုင်သော ထိုထူးကဲသည့်ပါရမီရှင်များသည် ဝိဉာဥ်သန္ဓေအဆင့်သို့ သေချာပေါက်တက်လှမ်းနိုင်မှာဖြစ်ပြီး ထိုထက်လည်း သာချင်သာနိုင်သေး၏။
သူတို့သာ ဖုန့်မေကိုအရခေါ်နိုင်လျှင် ဆန်းကြယ်မီးတောက်ဂိုဏ်းထက် သေချာပေါက်အာဏာပိုကြီးလာမှာဖြစ်ပြီး မိုးပြာကောင်းကင်အင်ပါယာတစ်ခုလုံးကိုလည်း လွှမ်းမိုးနိုင်ပေမည်။
ဖုန့်မေက ဝိဉာဥ်သန္ဓေအဆင့်ထိသာတက်နိုင်သည်ဆိုဦးတော့၊ ထိုမျှဖြင့်ပင် သူတို့မုန်တိုင်းဝိဉာဥ်နန်းတော်၏အင်အားကို နှစ်ဆတိုးချဲ့လိုက်သည်သလိုပင်။
အစီအစဥ်ကိုတော့ ပြောင်းရပေတော့မည်။
တစ်ဖက်တွင်တော့ ထျန်းလုံချီမှာ သူ၏ပြီးခဲ့သောလုပ်ရပ်များအပေါ် အကြီးအကျယ်နောင်တရလျက်ရှိသည်။
ဖုန့်မေ၏ထူးကဲသောပါရမီနှင့်ဆိုလျှင် ဂိုဏ်းပေါင်းများစွာက သူမကို ဝိုင်းဝိုင်းလည်ကမ်းလှမ်းဖိတ်ခေါ်ကြပေတော့မည်။ အထူးတပည့်အဖြစ်မဟုတ်လျှင် လင်းမေယုကဲ့သို့ ဂိုဏ်းချုပ်လောင်းနေရာဖြင့်ဖြစ်နိုင်လောက်၏။
သူသာအစက ဖုန့်မေတို့ကို ကောင်းကောင်းမွန်မွန်လေး ဆက်ဆံခဲ့မည်ဆိုလျှင် သူ့မျိုးဆက်သစ်များထဲမှတစ်ယောက်ယောက်ကို ဖုန့်မေအားကပ်တွယ်ခိုင်းလို့ ရလောက်ပေမည်။
"မဟုတ်ဘူး ငါလုပ်လို့ရပါသေးတယ်"
အခုအချိန်မှာစပြီး ပို၍ကောင်းကောင်းမွန်မွန်ဆက်ဆံပေးလိုက်မည်ဆိုလျှင် သူအနေဖြင့် အခွင့်အရေးတစ်ခုလောက်တော့ ရလောက်ကောင်းပေ၏။
သူ့မိသားစုမှမျိုးဆက်သစ်များမှာလည်း အရှေ့ပိုင်းစီရင်စု၏ ထိပ်သီးပိုင်းများဖြစ်ကြပြီး သိပ်မဆိုးလှသည့်အဆင့်အတန်းတွင်ရှိသည်မလို့ တစ်ယောက်လောက်ကတော့ ဖုန့်မေ၏နှလုံးသားကိုအရယူနိုင်ဖို့ မျှော်လင့်မိသည်။
မုန်တိုင်းဝိဉာဥ်နန်းတော်နှင့် ဆန်းကြယ်မီးတောက်ဂိုဏ်းကို စော်ကားမိသလိုဖြစ်သွားမည်ကိုလည်း တွေးပူရန်မလိုပါ။ ဖုန့်မေက သူတို့မိသားစုချွေးမဖြစ်လာလျှင် ထျန်းလုံမျိုးရိုးအမည်ကိုဆက်ခံရမည်ဖြစ်ပြီး လုံးဝ သူ့တို့ဘက်ကလူဖြစ်သွားပေလိမ့်မည်။
သို့သော် ဤသို့နောင်ရေးကြိုတွေးပြီး စိတ်ကူးယဥ်နေသည်မှာ သူတစ်ယောက်တည်းတော့မဟုတ်။ မိသားစုအတော်များများမှာလည်း သူတို့သားမြေးများကို ဖုန့်မေအားရအောင်လိုက်ခိုင်းဖို့ ကြိုတွေးနေကြပြီပင်။
ထိုအကြံအစည်သာအထမြောက်လျှင် အနာဂတ်မှာ ဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦးကို မိသားစုဝင်အဖြစ်ရနိုင်ပေလိမ့်မည်။
"ဝိုး ညီမလေးမေ့ လုပ်နိုင်ခဲ့ပြီပဲ"
ဖုန့်ရှောင်ယုက စိတ်လှုပ်ရှားစွာပြောလာသည်။
"သူလုပ်နိုင်မယ်ဆိုတာငါသိနေတယ် ပြီးတော့ညီလေးယွင်လည်းတက်နိုင်လိမ့်မယ် ဟိုလင်းမေယုတော့ ငါတို့ညီလေးရဲ့ပါရမီအဆင့်ကိုကြားပြီး နှမြောလို့နောင်တရနေတော့မှာပဲ"
ဖုန့်လျန်းက ထပ်ပေါင်းပြောလာသည်။
".....တကယ်ကြီးတက်ပြနိုင်သွားတာပဲ"
ဟုလျန်းမှာလည်း ကိုယ့်မျက်လုံးကိုယ်မယုံနိုင်ပေ။ ၁၇ဆင့်သို့တက်နိုင်သူဟူ၍ သူတို့ဂျူနီယာညီမလေးလင်းမေယုသာရှိမည်ဟု ထင်မှတ်ထားသော်လည်း နောက်တစ်ယောက်က မျက်စိရှေ့တွင်ပင် တက်ပြသွားလေပြီ။
တစ်ဖက်တွင်မူ ယွမ်လင်းမှာလည်း အနည်းငယ်အရှက်ရသလိုခံစားနေရ၏။ သူမကို သူ့အတွက်ကိုက်ညီမည့်တွဲဖက်ကောင်းဟု ထင်မြင်ခဲ့မိသည်လေ။
သို့သော် ထိုမိန်းကလေးမှာ သူ့ထက်များစွာသာလွန်ထူးကဲ၍ မျှော်မှန်းဖို့ပင်မထိုက်တန်တော့ပါချေ။
ထျန်းလုံယုမှာတော့ မာန်မာနထောင်လွှားမှုတွေ မြူမှုန်မျှမရှိတော့ဘဲ စကားတစ်လုံးမှမထွက်နိုင်စွာ ကြောင်အအသာဖြစ်လို့နေသည်။
၁၅ဆင့်တွင်ရှိသောယွမ်ကျိရန်မှာလည်း မျက်လုံးပြူးမျက်ဆံပြူးဖြင့်ပင်။ ဟုလျန်းကဲ့သို့ သူမသည်လည်း လင်းမေယုမှလွဲ၍ ၁၇ဆင့်သို့တက်နိုင်သူထပ်မရှိတော့ဟု ထင်ထားခဲ့တာဖြစ်၏။
သို့သော် ထွန်းလင်းတောက်ပစွာ အောင်မြင်သွားသောတစ်ဖက်လူကိုကြည့်ရင်း သူမမျက်နှာတစ်ခုလုံးကို ဖြတ်ရိုက်ခံလိုက်ရသလို ခံစားနေရသည်။
ဖုန့်မေသည် လင်းမေယုတစ်ချိန်ကရပ်ခဲ့သော ၁၇ဆင့်တွင် မတ်မတ်ရပ်လျက်ရှိပြီး ဆက်သွားဖို့တော့စိတ်ကူးမရှိပါချေ။
အဆင့်တက်နိုင်ပြီးချိန်တွင် တစ်ဖန်ပြန်ရလာသောအားအင်တို့ ပြန်လည်ထွက်ခွာသွားသည်ကို သူမခံစားလိုက်ရပြီး မတ်တပ်ရပ်နေဖို့ပင် အနည်းငယ်ခက်ခဲလာတော့သည်။
အားအင်ပြန်ပြည့်သွားသဖြင့် ၁၈ဆင့်သို့ဆက်တက်နိုင်လောက်မည်ဟု သူမတွေးနေခဲ့သေးသည်။
သို့သော် ထိုအားအင်များမှာ ယာယီအတွက်သာဖြစ်ကြောင်း သူမနားလည်သွားသဖြင့် ဒီ့ထက်ဆက်တက်မည်ဆိုလျှင် ဖိအားကြောင့်ဧကန်ပြိုလဲရမည်မှန်း သိလိုက်ရ၏။
ဒါပေမယ့် ဆက်သွားဖို့လည်းမလိုအပ်တော့ပါ။
၁၇ဆင့်ထိတက်နိုင်တာကိုပင် သူမပျော်ရွှင်လှပြီဖြစ်၏။
ထို့နောက် ၁၆ဆင့်တွင် ပျော်ရွှင်စွာလက်များကိုဝှေ့ယမ်းပြနေသော ဖုန့်ယွင်ထံသို့ ငုံ့ကြည့်လိုက်သည်။
"ကြည့်ရတာ ငါတော့ ဘာမဟုတ်တာလေးကိုစိတ်ပူမိခဲ့တာထင်ပါရဲံ"
ဖုန့်ယွင်ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူမယိုင်လဲကျလာမည်ကိုစိုးရိမ်သဖြင့် သူကအောက်ဘက်မှ အသင့်အနေအထားဖြင့် စောင့်ဆိုင်းခဲ့ခြင်းသာ။
သို့သော် မေ့အာကတော့ ၁၇ဆင့်သို့အောင်အောင်မြင်မြင် တက်နိုင်ခဲ့ပြီးလေပြီ။
"အခုတော့ ငါလည်းဆက်တက်သင့်ပါပြီ"