← Chapters

ဖုန့်ယွင်အဆင့်တက်ခြင်း

Vol. 7 Ch. 97

ဖုန့်ယွင်အဆင့်တက်ခြင်း

Vol. 7 Ch. 97

ဖုန့်ယွင်သည် လက်ဆစ်များကိုတဖျောက်ဖျောက်ချိုးလိုက်ပြီး ၁၇ဆင့်သို့ဦးတည်ကာ စတင်တက်လှမ်းတော့သည်။ ဖုန့်မေ၏အောင်မြင်မှုကြောင့် စိတ်လှုပ်ရှားစွာဖြင့် အတောမသတ်နိုင်အောင်ပြောဆိုဆွေးနွေးလျက်ရှိကြသော လူအုပ်ကြီးမှာ ဖုန့်ယွင်တစ်ယောက် ၁၇ဆင့်သို့စတက်နေသည်ကို သတိမမူမိလိုက်ကြပေ။

သူ့မျက်လုံးများမှာ အလျင်လိုနေဟန်မရှိသလို အပြိုင်အဆိုင်ကြိုးစားနေရဟန်လည်းမရှိ။ ကျောက်တောင်၏အတိုင်းအတာကို ခန့်မှန်းနိုင်ပြီးနောက် သူ့လုပ်နိုင်စွမ်းကို ယုံကြည်မှုအပြည့်ရှိနေသော အမူအရာမျိုးနှင့်သာဖြစ်၏။ သူ့ရည်မှန်းချက်ကို သူကောင်းကောင်းသိပြီး ၁၇သို့ သေချာပေါက်ကောင်းကောင်းတက်နိုင်လိမ့်မည်ဆိုတာကိုလည်း သူယုံကြည်သည်။

အမြင့်သို့ရောက်လာသည်နှင့်အမျှ ဖိအားပမာဏလည်းတိုးလို့လာပေမယ့် ဖုန့်ယွင်အတွက်တော့ အခက်အခဲဟုမဆိုနိုင်သေးပေ။ ဖုန့်မေတုန်းက ပြိုလဲမတတ်တွန်းဖိခဲ့နိုင်ပေမယ့် ဖုန့်ယွင်အတွက်တော့ ဘာကိုမျှမခံစားရသည့်အလားပင်။ ဘေးသို့အသာတွန်းပို့ရှင်းလင်းလို့ရနိုင်သည့်အနေအထားသာရှိသည်။

၁၆ဆင့်သို့တက်တုန်းကနှင့် အတော်ကွာခြားသည့်ဖိအားကိုခံစားရသော်လည်း ကြွက်သားမျှင်များအနည်းငယ်တွန့်လှုပ်သွားသည်မှအပ ဖုန့်ယွင်အတွက် ဆက်သွားဖို့အခက်အခဲမရှိသလောက်ပင်။

၁၇ဆင့်သို့တက်နိုင်ဖို့ လက်မအနည်းငယ်မျှသာလိုတော့သည့်အချိန်တွင် သူ့ခန္ဓာကိုယ်ကိုဖိနှိပ်ထားသောစွမ်းအင်များမှာ ပိုလို့သိပ်သည်းသိသာလာသော်လည်း ဖုန့်ယွင်ကတော့ အရှိန်ကိုပင်လျှော့စရာမလိုလိုက်ပါ။

"ကြည့်ကြစမ်း ဖုန့်ယွင်လည်း၁၇ဆင့်ကိုတက်နေပြီ" လူအုပ်ထဲမှတစ်ယောက်က မယုံကြည်နိုင်စွာဖြင့် အလန့်တကြားအော်ဟစ်လိုက်ပြီး အားလုံး၏အာရုံကို ဆွဲငင်လိုက်သည်။

လူတိုင်း၏အကြည့်မှာ မည်သူတစ်ဦးတစ်ယောက်မှအာရုံမစိုက်မိလိုက်သော ဖုန့်ယွင်၏အသံတိတ်လှုပ်ရှားမှုဆီသို့ ဆိုက်ရောက်သွားကြ၏။ ဖုန့်မေအောင်မြင်စဥ်တုန်းကလို သူတို့၏စိတ်လှုပ်ရှားမှုများမှာ ဖုန့်ယွင်အတွက်တစ်ဖန်နိုးကြွလာကြတော့သည်။

ဖုန့်မေ၏ မျှော်လင့်မထားသောတက်လှမ်းမှုကြောင့် အုတ်အုတ်ကျက်ကျက်ဖြစ်ခဲ့ရပြီး အခုပဲစိတ်ငြိမ်စပြုကာတွင် ဖုန့်ယွင်တစ်ယောက် တည်တည်ငြိမ်ငြိမ်ဖြင့်တက်လှမ်းနေပြီး ၁၇ဆင့်နားသို့တစ်ဖြည်းဖြည်းနီးကပ်လာသောအခါ တစ်ကြိမ်ထပ်ပြီး အံ့သြလန့်ဖျပ်ရပြန်သည်။ ရေပြင်ညီထဲကို ကျောက်တုံးပစ်ချလိုက်သည့်အလား တစ်ဖန်ဂယက်ထရပြန်တော့၏။

"ဖုန့်ယွင်လည်း ၁၇ဆင့်ထိတက်တော့မှာ‌ပေါ့"

"သိသာနေကြီးကို ဘာတွေမေးနေတာလဲ ဟိုကဖြင့်နောက်တစ်လှမ်းဆိုရောက်နေပြီ"

"မဖြစ်နိုင်တာ ၁၇ဆင့်ကိုတစ်ယောက်တက်နိုင်တာနဲ့တင် အကြီးအကျယ်အံ့သြစရာကောင်းနေပြီ ခုနောက်တစ်ယောက်ထပ်တက်ဦးမှာတဲ့လား"

"သူက ချွေးတောင်တစ်စက်မထွက်ဘူးနော်" ဖုန့်ယွင်နှင့်ဖုန့်မေကြားကကွာခြားချက်ကို သတိပြုမိသူတစ်ယောက်က မှတ်ချက်ချလာသည်။

ဖုန့်မေတစ်ယောက် ၁၇ဆင့်ထိရောက်ဖို့ မည်မျှပင်ကြိုးစားခဲ့ရသနည်း။ စင်တီမီတာလေးတစ်ခုရွေ့ဖို့အတွက်ကို တိုက်ပွဲကြီးတစ်ခုတိုက်နေရသည့်အလား ပြိုလဲကျမတတ်တောင့်ခံလှမ်းတက်ခဲ့ရလေသည်။

ဆန့်ကျင်ဘက်အနေဖြင့် ဖုန့်ယွင်မှာကား အနည်းငယ်အချိန်ယူရပုံပေါ်သော်လည်း ခက်ခဲဟန်မြူမှုန်မျှမတွေ့ရပေ။ ခြေလှမ်းများမှာ စနစ်တကျဖြင့် တည်ငြိမ်လျက်ရှိပြီး နဖူးထက်တွင်လည်း ချွေးတစ်စက်ပင်မကျ။ ဖုန့်မေကိုနှစ်ပိုင်းခွဲတော့မတတ်ပြင်းထန်သောဖိအားမှာ သူ့ကိုတော့ နည်းနည်းလေးမှသက်ရောက်ဟန်မပေါ်ပေ။

"သူ...သူလည်းတက်‌တော့မလို့လား" ၁၅ဆင့်မှယွမ်ကျိရန်သည် ခြေလှမ်းစနေသောဖုန့်ယွင်ကို တစ်ချက်အကြည့်မလွှဲဘဲ ရေရွတ်လာသည်။ လင်းမေယု၏ ပြိုင်ဘက်ကင်းတောက်ပမှုကို သူအကြွင်းမဲ့ယုံကြည်ထားသော်ငြား ဖုန့်မိသားစုမှထိုနှစ်ယောက်က သူ့ယုံကြည်မှုကို အပိုင်းပိုင်းရိုက်ချိုးနေလေပြီ။

ထိုနှစ်ယောက်ထဲမှတစ်ယောက်က သူမအစောလေးကပင် အထင်သေးစွာလှောင်ပြောင်ရှုတ်ချခဲ့သည့်ထိုဖုန့်ယွင်။ လင်းမေယု၏ဂုဏ်သတင်းကို ‌မှေးမှိန်စေပါသည်ဟု သူမှတ်ယူထားသော ထိုဖုန့်ယွင်။

လင်းမေယု၏ တစ်ချိန်ကသတို့သားလောင်းသည် သူလည်းပဲ သူမတူထူးကဲသူဖြစ်ပါကြောင်း သူမရှေ့တွင် သက်သေပြလျက်ရှိလေပြီ။

အားလုံး၏ရှေ့တွင် လက်ခုပ်အားပေးချီးကျူးသံများကိုခံယူရင်း ဖုန့်ယွင်သည် ၁၇ဆင့်သို့တက်လှမ်းသွားလိုက်၏။

"တက်သွားပြီကွ တကယ်တက်နိုင်တာပဲ"

"ဖုန့်မိသားစုရဲ့ နောက်ထပ် ပြိုင်ဘက်ကင်းပါရမီရှင်လေးပေါ့ကွာ"

"မယုံနိုင်စရာပဲ ၁၇ဆင့်ကို နှစ်ယောက်တောင်တစ်ပြိုင်တည်းရောက်သွားတယ်တဲ့ ဒီနေ့အရှေ့ပိုင်းစီရင်စုပွဲက တစ်ခုခုတော့တစ်ခုခုပဲ"

"ပြီးတော့ အဲ့နှစ်ယောက်ကလည်း တစ်မိသားစုတည်းကပဲ မိုးနတ်မင်းက တရားမမျှတလိုက်တာ"

ဖုန့်မေ၏အံ့မခန်းအောင်မြင်မှုနောက်တွင် ဖုန့်ယွင်၏အင်အားစိုက်ထုတ်စရာပင်မလိုလိုက်သည့် အောင်မြင်မှုကပါ တစ်ပါတည်းကပ်လိုက်လာသောအခါ လူအုပ်ကြီး၏လက်ခုပ်သံများ မစဲနိုင်တော့ပေ။

သူတို့မျက်စိရှေ့မြင်နေရသည်ကိုပင် မယုံနိုင်ကြသေးပါ။ ဖြစ်လည်းဖြစ်သင့်ပါသည်။ ၁၇ဆင့်သို့တစ်ယောက်တက်လှမ်းနိုင်ဖို့ကပင် ရှားပါးလှသည်ဖြစ်ရာ တစ်မိသားစုထဲမှ နှစ်‌ယောက်တစ်ပြိုင်တည်း ရှေ့ဆင့်နောက်ဆင့်တက်လှမ်းသွားခြင်းက အမှန်ပင်ထူးခြားလှပေသည်။ လူတိုင်းမျှော်လင့်မထားသော အခြေအနေမျိုးဟု ရန်တောက်ယုတွေးနေမိ၏။

ဖုန့်မေ၏အလားအလာကို တွက်ဆနေဆဲဖြစ်သော မဟာအကြီးအကဲရန်တောက်ယုမှာ ဖုန့်ယွင်၏စွမ်းရည်ကိုပါမြင်လိုက်ရသော် အတွေးစဥ်တို့ရှုပ်ထွေးသွားရသည်။ "မိသားစုတစ်ခုတည်းရဲ့ အနာဂတ်ဝိဉာဥ်သန္ဓေကျင့်ကြံသူလောင်းတွေပေါ့ နှစ်ယောက်လုံးကို ငါတို့ဂိုဏ်းထဲအရောက်ခေါ်နိုင်လို့ကတော့ မိုးပြာကောင်းကင်အင်ပါယာကိုအုပ်စိုးဖို့ စိတ်ပူစရာမလိုတော့ဘူး။

မဟာအကြီးအကဲရန်တောက်ယု စိတ်ထဲမှာအစီအစဥ်ဆွဲလျက်ရှိသည်။ သူတို့နှစ်ယောက်သာ ဂိုဏ်းကိုဝင်မည်ဆိုပါက ဖုန့်မိသားစုကိုကာကွယ်ပေးဖို့ပင် သူကူညီပေးဦးမည်ဖြစ်၏။

ဖုန့်မိသားစုကိုကာကွယ်ပေးလျှင် ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် ငြိကိုငြိရမည်သာပင်။ သို့သော် ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် ဆက်ဆံ‌ရေးမပျက်စီးဖို့ထက် အနာဂတ်စွမ်းအားရှင်နှစ်ဦး၏ယုံကြည်ကိုးစားမှုကို ရရှိဖို့က ပိုအ‌ရေးကြီးပေသည်။

ဝိဉာဥ်သန္ဓေကျင့်ကြံသူနှစ်‌ယောက်သာရလိုက်မည်ဆိုပါက ဂိုဏ်း၏အင်အားကို သုံးဆတိုးချဲ့လိုက်သလိုပါပင်။

"ယွင်အာလည်း ၁၇ဆင့်ကိုရောက်သွားပြီ"

"ငါတို့မိသားစုအနာဂတ်ကိုတော့ လုံးဝစိတ်ပူစရာမလိုတော့ဘူးထင်ပါ့"

ဖုန့်ယွင်ပါ ၁၇ဆင့်သို့တက်ရောက်သွားသဖြင့် မဟာအကြီးအကဲဖုန့်ကျန်းရှန်နှင့် ဖုန့်ကျီလန်မှာ လပေါ်ရောက်တော့မည်အထိ မြောက်တက်လျက်ရှိကြသည်။

တစ်ဖက်တွင်မူ ဖုန့်ချန်းကား ပြုံးပြုံးကြီးသာရပ်လို့နေတော့သည်။

"ဖုန့်မိသားစုခေါင်းဆောင် ဂုဏ်ပြုပါတယ်ဗျာ တကယ့်ရတနာကောင်း‌လေးတွေကိုရထားတာ ဖုန့်မိသားစုကတော့ ကောင်းချီးမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံနေတာပါပဲ"

"၁၇ဆင့်ထိတက်နိုင်တဲ့ ပါရမီရှင်တစ်ယောက်ရထားရင်ကို ကောင်းကင်ဘုံရဲ့ချီးမြှောက်မှုလို့ ခံယူနေကြတာ နှစ်ယောက်တောင်ရှိတဲ့ ဖုန့်မိသားစုရဲ့အနာဂတ်ကတော့ တောက်ပလင်းလက်လို့နေမှာပါပဲဗျာ"

"ဖုန့်ယွင်နဲ့ဖုန့်မေရှိနေမှာတော့ ဖုန့်မိသားစုရဲ့အနာဂတ်အင်အားကို စိတ်တောင်မကူးရဲလောက်အောင်ပါပဲ"

"ကျုပ်ပြောရဲတယ် မိသားစုခေါင်းဆောင်ဖုန့် ခင်ဗျားကိုမနာလိုအားကြီးနေကြမယ့်လူတွေတော့ များမှများနော် ဒီလိုပါရမီရှင်တွေနဲ့သာဆိုရင် ဖုန့်မိသားစုကတော့ ထိပ်ဆုံးမှာရပ်နိုင်ဖို့ သိပ်မလိုတော့ဘူးလေဗျာ"

......

ချက်ချင်းဆိုသလိုပင် မိသားစုအများအပြားက ဖုန့်ချန်းထံသို့လာရောက်ဂုဏ်ပြုကြလေတော့သည်။ ဆန်းကြယ်မီးတောက်ဂိုဏ်း၏လက်ဆကို ကြောက်ဒူးတုန်ခဲ့ကြသော မိသားစုများတောင် ဖုန့်ယွင်နှင့်ဖုန့်မေ၏စွမ်းရည်များကိုမြင်သော် လာရောက်ဂုဏ်ပြုစကားဆိုနေကြတော့သည်။

အားလုံးနီးပါး ဝိုင်းဝန်းဂုဏ်ပြုနေကြသည်မှာ ဂုဏ်ပြုစကားမဆိုမိလျှင် ဖုန့်မိသားစုအား စော်ကားရာကျသွားမည်ကို စိုးရိမ်သည့်အလား။

ဖုန့်မိသားစုအား မိတ်ဖွဲ့ရုံမျှဖြင့် မိသားစုအများကြီးကို ဆန်းကြယ်မီးတောက်ဂိုဏ်းက လိုက်လံအပြစ်ပေးလို့မရနိုင်ပါ။ သူတို့၏ဖြောင့်မတ်မှန်ကန်သောပုံရိပ်နှင့် ကျော်ကြားမှုကိုထိန်းသိမ်းရန်အတွက် အကုန်လိုက်ပတ်ရမ်းနေလို့မရပေ။ ထို့ကြောင့် သူတို့မိသားစုအင်အားက ဆန်းကြယ်မီးတောက်ဂိုဏ်းကိုတုမဖြစ်ရဲတောင် အရင်လောက်တော့လည်း ကြောက်မနေကြတော့။

ထို့အပြင် ဖုန့်မိသားစုမှ ထူးကဲလှသောပါရမီရှင်နှစ်ယောက်သည်လည်း ထိပ်သီးဂိုဏ်းများ၏ အထူးတပည့်များဖြစ်လာဖို့ ရက်ပိုင်းလောက်သာလိုတော့မည်ပင်။

ထိုဂိုဏ်းဂဏများက ဆန်းကြယ်မီးတောက်ဂိုဏ်းထက်ပင် ပို၍သြဇာအာဏာကြီးမားနေနိုင်ပေသည်။ ထို့အပြင် ဖုန့်ချန်းမှအကြီးအကဲတစ်ယောက်ကိုသတ်လိုက်သည်ပဲဆိုဆို ထိုအကြီးအကဲက ဤပါရမီရှင်များလောက် တန်ဖိုးရှိပါရဲ့လား?

ဖုန့်ယွင်နှင့်ဖုန့်မေသာ သူတို့ဂိုဏ်းကိုဝင်လိုသည့်ဆန္ဒရှိပါက ရန်ကြွေးများကိုသင်ပုန်းချေပေးရုံသာမက ဖုန့်မိသားစုကိုပင် မျက်နှာလိုမျက်နှာရလုပ်လာလောက်မည်ဟု အထင်ရှိကြလေသည်။

ထိုသို့သောဖြစ်နိုင်ချေများအရ ဖုန့်မိသားစု၏အင်အားမှာ တိုးပွားလာဖို့သာရှိပြီး သူတို့နှင့်ရန်သူလုပ်မိလျှင်လည်း ဒုက္ခရောက်ဖို့တစ်လမ်းသာရှိတော့မည်ပင်။

"ဖုန့်မိသားစုခေါင်းဆောင်ရေ ကျုပ်သားဆိုရင်လည်း ကျင့်ကြံရေးဘက်မှာပါရမီမြင့်ရုံမကဘူး ပညာသင်သားတစ်ယောက်လည်းဖြစ်နေသေးတယ်လေ ခင်ဗျားတို့ဖုန့်မေလေးနဲ့ဆို နေနဲ့လရွှေနဲ့မြဆိုသလို အလွန်ကိုလိုက်ဖက်နေမှာဗျား"

"ကျုပ်သမီးလေးဆိုလည်း လှလွန်းချောလွန်းလို့ လူတကာချီးကျူးနေရတာ ခေါင်းဆောင်ရဲ့ညီလေးနဲ့ အကျင့်စရိုက်တွေလည်း ကိုက်ညီနေသေးတယ် တွဲများတွဲပေးလိုက်လို့ကတော့ လူတကာလည်ပြန်ငေးရလောက်တဲ့စုံတွဲ ဖြစ်ရချည့်သေးရဲ့ဗျာ"

.....

ကြိုတွက်ထားသည့်အတိုင်းပင် ဖုန့်မေနှင့်ဖုန့်ယွင်ကို သူတို့သားမြေးမျိုးဆက်သစ်များဖြင့် နေရာချထားပေးဖို့ စတင်ကမ်းလှမ်းလာကြတော့၏။

ဖုန့်ချန်းကတော့ ဖုန့်ယွင်နှင့်ဖုန့်မေကြားက အချစ်ပျိုးပင်လေးကို သတိပြုမိထားသဖြင့် စေ့စပ်ကမ်းလှမ်းမှုများကို ယဥ်ကျေးစွာပင်ငြင်းပယ်ဖြစ်သည်။ ထို့အပြင် သူတို့ပါရမီရှင်လေးများကို တစ်ခြားမိသားစု၏အကျိုးအမြတ်အတွက် ပေးမပစ်နိုင်ပါ။

နောက်ပြီး သူ့ညီလေးခမျာလည်း မိဘစီစဥ်ပေးသောမင်္ဂလာကိစ္စမှ ပြဿပေါင်းသောင်းခြောက်ထောင်ကို လုံလုံလောက်လောက်ခံစားပြီးနေပါပြီ။ သူကတော့ နောက်တစ်ကြိမ် ဒုက္ခထပ်မပေးလိုတော့ပါ။

All Chapters