← Chapters

၁၈ဆင့်သို့

Vol. 7 Ch. 98

၁၈ဆင့်သို့

Vol. 7 Ch. 98

၁၇ဆင့်သို့တက်လှမ်းနိုင်သွားသောဖုန့်ယွင်သည် ဖုန့်မေ၏ရှေ့တွင်ရပ်လိုက်၏။

"အစ်ကိုလည်းလုပ်နိုင်ခဲ့ပြီ"

ဖုန့်မေက မဲ့ပြုံးလေးတစ်ပွင့်ကို နှုတ်ခမ်းထက်ချိတ်ဆွဲထားရင်းတုံ့ပြန်သည်။ "အစ်ကို့အတွက်တော့ အမြဲတမ်း လွယ်ကူနေတာပဲကို"

ဖုန့်ယွင် ၁၇ဆင့်ထိ အခက်အခဲတစ်စုံတစ်ရာမရှိဘဲ ရောက်လာနိုင်ခဲ့တာကိုဝမ်းသာပေမယ့် သူမတက်ခဲ့တုန်းက ဒီအဆင့်ထိရောက်အောင် အရိုးကြေကြေအရေခမ်းခမ်းကြိုးစားခဲ့ရပြီး ဖုန့်ယွင်အတွက်တော့ဤမျှလွယ်ကူနေသည်ကို အနည်းငယ်တော့ စိတ်ကသိကအောက်ဖြစ်မိသည်။

"မဟုတ်ပါဘူး အစ်ကိုလည်းတက်ရတာခက်ခဲခဲ့တာပါပဲ"

ဖုန့်ယွင်လည်း ပျာပျာသလဲပြန်ငြင်းရတော့၏။

"ဒါပေမယ့်ကြည့်ရတာတော့ ချွေးတစ်စက်တောင်မထွက်ဘူးနော်"

သူမစိတ်ခံစားချက်မဆိုးရွားအောင် ဖြေပြောပေးနေသည်ကို သိသဖြင့် အကွာကြီးကွာနေသည့် မျက်နှာအမူအရာများကို တစ်ဖန်ထောက်ပြလိုက်သည်။

သူမကိုယ်တိုင်မှာ သွေးများချွေးများဖြင့်စိုရွှဲနေသော်လည်း ဖုန့်ယွင်ကတော့ သန့်ရှင်းကြည်စင်လျက်ရှိသည်သာ။

ဖုန့်ယွင်လည်း ကို့ယို့ကားယားနိုင်စွာပြုံးလျက် ချွေးမရှိသောနဖူးပြင်ကိုချွေးများသပ်ချဟန်ပြုရင်း အသက်ရှူသံများလည်းထွက်ပြလာသည်။ "ဟောဟဲ ဟောဟဲ"

ဖုန့်ယွင် ရှက်ကိုးရှက်ကန်းဖြင့်သာရယ်ချမိတော့သည်။ အနည်းဆုံးတော့ သူလည်းတက်ရခက်သယောင် လုပ်ပြလိုက်ခဲ့သင့်တာပင်။

"အစ်ကို ဆက်တက်ဦးမယ်မလား"

ဖုန့်မေမေးလာသည်။ ၁၇ဆင့်မှာ ဖုန့်ယွင်၏အကန့်အသတ်ကိုမရောက်သေးကြောင်း သူမသိပါ၏။ ယခုအခြေအနေအရဆိုလျှင် ၁၈ဆင့်ကိုတက်ဖို့ရန်ပင် သိပ်ခက်ခဲဦးမည်မဟုတ်။

ဖုန့်ယွင်ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။ "အင်း ကြိုးစားကြည့်လိုက်ဦးမယ်"

ငြိမ်ကျကာစရှိသေးသောလူအုပ်ကြီးမှာ တစ်ဖန်ပြန်လည်လှုပ်လှုပ်ရှားရှား ဖြစ်လာပြန်လေပြီ။

"နေပါဦး...သူအခု ၁၈ဆင့်ထိတက်ဦးမလို့လား"

"၁၈ဆင့်ကိုရောက်ဖူးတဲ့သူ‌တောင်မရှိဘူးနော်"

"မြတ်စွာဘုရား အဲ့ဒါဆိုဖုန့်ယွင်က စွမ်းရည်စစ်ကျောက်တောင်သမိုင်းတစ်လျှောက်မှာ ၁၈ဆင့်ထိတက်နိုင်တဲ့ ပထမဆုံးကျင့်ကြံသူဖြစ်လာမှာပေါ့"

"သေစမ်း တကယ်ကြီးတက်နိုင်တော့မှာလား"

ဖုန့်မေနှင့်ဖုန့်ယွင် ၁၇ဆင့်မှာရပ်လိုက်ကြတော့မည်ဟု အားလုံးတွေးထင်ထားကြသော်လည်း အံ့သြစရာကောင်းလှစွာပင် ဖုန့်ယွင်မှာ ၁၈ဆင့်သို့တစ်ဖန်ဦးတည်နေပြန်လေပြီ။

ဖုန့်ယွင်မှာ ၁၈ဆင့်ကိုတက်ဖို့က သူ့အတွက်အရမ်းခက်ခဲလိမ့်မည်ဟုမထင်သော်ငြား သိပ်တော့လည်း လျှော့မတွက်ရဲလှပေ။

ဘယ်သူမှရောက်မထားဖူးတဲ့အဆင့်ပဲလေ။ ဖုန့်ယွင်အသက်ပြင်းပြင်းတစ်ချက်ရှိုက်ရှူလိုက်ပြီး ခန္ဓာကိုယ်တွင်းဖြတ်သန်းစီးဆင်းနေသောစွမ်းအင်များကို ခံစားလိုက်သည်။ ထို့နောက် မည်သူတစ်ဦးတစ်‌‌ယောက်မှမရောက်ရှိနိုင်ဟု လူတိုင်းမှတ်ယူထားသော ထို၁၈ဆင့်ဆီသို့လှမ်းတက်ရန် ခြေတစ်လှမ်းစလိုက်တော့၏။

လူအုပ်ကြီးမှာ အသက်ရှူပင်အောင့်ထားလျက်။

ဖုန့်ယွင်၏ခြေလှမ်းများ တဖြည်းဖြည်းနှင့် ၁၇ဆင့်အစွန်ဆုံးသို့ရောက်ရှိလာပြီး ၁၈ဆင့်အနားတွင် တဝဲလည်လည်ဖြစ်နေသည်ကို လူတိုင်း မျက်တောင်မခတ်တမ်းစိုက်ကြည့်နေကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံပင်မကြားရသည်အထိ တိတ်ဆိတ်လို့နေပြီး အားလုံး၏အာရုံမှာ ကျောက်သားလှေကားထစ်များထံတွင်သာ ကပ်ငြိလျက်။

ထို့နောက်တွင်........

ဖုန့်ယွင်၏ခြေထောက်သည် ၁၈ဆင့်ထက်သို့ တည်ငြိမ်စွာချနင်းလိုက်တော့၏။

အရင်အဆင့်များနှင့် အသိသာကြီးကွာခြားလှသော ဖိအားတစ်ခုက သူ့ကိုအထက်စီးမှရိုက်ချလိုက်သည့်နှယ်ပင်။ သူ့ကိုနှစ်ခြမ်းခွဲပစ်နိုင်လောက်သည့် ခြိမ်းခြောက်မှုမျိုးဖြင့် ခန္ဓာကိုယ်တစ်ခုလုံးကိုဖိနှိပ်ရင်း သူ့အင်အားကိုသာမက စိတ်ဆန္ဒပြင်းပြမှုကိုပါ စမ်းသပ်စစ်ဆေးနေသယောင်။

ပထမဆုံးအကြိမ်ကြိုးစားမှုတွင် ဖုန့်ယွင်နောက်ဆုတ်သွားရသည်ကိုမြင်သော် အားလုံးမှာတစ်ပြိုင်တည်း အာမေဋိတ်ပြုလိုက်မိကြသည်။ ဖုန့်ယွင်၏ခန္ဓာကိုယ်လည်းတုန်ယင်လာပြီး ကြွက်သားမျှင်များတောင့်တင်းကာ ချွေးသီးချွေးပေါက်များလည်း စိုရွှဲလို့လာတော့သည်။

(၁၈ဆင့်ကတော့ တကယ်ကိုကွဲပြားတာပဲ)

ဖုန့်ယွင်တွေးနေမိသည်။ သူ့ကိုယ်သူ အလုံအလောက်ပြင်ဆင်ခဲ့ပြီးပြီဟုထင်သော်ငြား မျှော်လင့်ထားသည်ထက်ပိုသောအင်အားထုက သူ့ကိုအငိုက်ဖမ်းနိုင်ဆဲပင်။

သို့သော် ကြီးစွာသောအင်အား၏ဖိနှိပ်မှုအောက်တွင် ဖုန့်ယွင်မျက်လုံးများမှာ နဂိုအတိုင်းစူးရှတောက်ပြောင်နေလျက်။ အရင်အဆင့်များဖြင့်ယှဥ်လျှင် အမှန်ကိုကွာခြားလှသည်ဆိုသာငြား ရပ်တန့်အလျှော့ပေးရလောက်အောင်ထိတော့ မဟုတ်သေးပေ။

၁၈ဆင့်တွင်ဖုန့်ယွင်ရင်ဆိုင်ရသောခက်ခဲမှုမှာ ၁၇ဆင့်တွင်ဖုန့်မေကြုံခဲ့ရသောခက်ခဲမှုထက် အများကြီးလျော့နည်းနေပါသေး၏။

သာလွန်ထူးကဲသော ပါရမီဆင့်နှင့် ကောင်းကင်ဘုံ၏ဂုဏ်သိက္ခာဟူသော ပါရမီဆင့်သည်ကား ဤမျှခြားနားပါပေသည်။

သာလွန်ထူးကဲသော ပါရမီရှင်ဖုန့်မေအတွက် ၁၇ဆင့်သို့တက်လှမ်းရခြင်းကပင် အသက်အန္တရာယ်ထိခိုက်လောက်သည်အထိ ပင်ပန်းခက်ခဲခဲ့ရသည်။ သို့သော် ကောင်းကင်ဘုံ၏ဂုဏ်သိက္ခာ ပါရမီရှင်အဆင့်ဖုန့်ယွင်အတွက်မူ ၁၈ဆင့်ဆိုသောခြိမ်းခြောက်မှုကပင် ‌ဘေးသို့အသာတွန်းပို့လျက် အခက်အခဲမရှိကျော်တက်သွားနိုင်သော အတားအဆီးတစ်ခုမျှသာ။

အချိန်ခဏယူလိုက်ပြီးနောက်တွင် ဖုန့်ယွင်သည် ၁၈ဆင့်သို့တက်လှမ်းကာ အသက်တစ်ချက်ပြင်းပြင်းရှူလျက် မြဲမြဲမြံမြံခြေချနိုင်လိုက်တော့၏။

လူအုပ်ကြီးမှာ မယုံနိုင်ခြင်းများစွာဖြင့်။

"သူ...သူက ၁၈ဆင့်မှာရပ်နေပြီလား"

"မဖြစ်နိုင်တာ"

"ငါမြင်နေရတာ အမှန်ရောဟုတ်ရဲ့လား"

"ရူးလောက်တယ် ဒီနေ့ကတော့ ငါဘဝရဲ့အကြီးမြတ်ဆုံးနေ့ပါပဲ အံ့သြစရာတွေမှ တစ်ခုပြီးတစ်ခုဆက်လာနေတာ နောက်ဆုံးတော့ ပြိုင်ဘက်မရှိပါရမီရှင်တစ်ဦး‌ထွန်းပေါက်လာတာကို အရှင်လတ်လတ်မြင်ခဲ့ရပြီ"

အာမေဋိတ်သံများ ကြွေးကြော်ဟစ်အော်သံများမှာ အံ့သြတုန်လှုပ်မှု၊ မယုံကြည်နိုင်မှုများသာမက လေးစားကိုးကွယ်လိုဟန်များပါ ရောနှောပါဝင်လို့နေသည်။

ထိုအထဲတွင် မဟာအကြီးအကဲရန်တောက်ယုပါ ပါဝင်လေ၏။ ဖုန့်ယွင်ကို အမိဖမ်းပြီး ဂိုဏ်းထဲသို့ထည့်ဖို့ အကြိမ်ရေများစွာတွေးပြီးနေလေပြီ။ ဆန်းကြယ်မီးတောက်ဂိုဏ်း၏ ထူးကဲရှားပါးလှပါသော ထိုပါရမီရှင်ကို ကျော်တက်နိုင်သည့်နောက်ပါရမီရှင်တစ်ဦး ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။ တောက်ယုမှာ စိတ်လှုပ်ရှားမှုကို မနည်းထိန်းသိမ်းထားရ၏။ သူ၏မကြုံစဖူး အဖိုးတန်ရှာဖွေတွေ့ရှိမှုကြီးကို မုန်တိုင်းဝိဉာဥ်နန်းတော်မှ အထက်လူကြီးများထံပြန်တင်ပြဖို့ မစောင့်နိုင်တော့ချေ။

တစ်ဖက်တွင်မူ ထျန်းလုံချီနှင့်ပိုင်ကျန်း၏မျက်နှာများသည်ကား‌ သွေးမရှိသလိုဖြူဖျော့နေလေပြီ။ သူတို့သည် ဖုန့်မိသားစုနှင့် ရန်စကိုပျိုးခဲ့ပြီးပြီဖြစ်၏။ ဖုန့်ယွင်၏ လက်ရှိပါရမီဆင့်နှင့်ဆိုပါက ဂိုဏ်းပေါင်းများစွာက ကမ်းလှမ်းကြိုဆိုကြကုန်တော့မည်။ ဂိုဏ်းတစ်ဂိုဏ်းနှင့် ချိတ်မိသွားပါက သူတို့အနေဖြင့် ဖုန့်မိသားစုကိုဆန့်ကျင်ရန် အင်အားချင်းယှဥ်နိုင်တော့မည်မဟုတ်ပေ။

ဖုန့်ယွင်အင်အားကြီးလာသည်နှင့်အမျှ သူတို့ကိုတန်ပြန်လက်စားချေချင်သည်ဆိုပါကလည်း သူတို့အနေဖြင့် တားဆီးနိုင်ရန်မစွမ်းသာတော့ပါချေ။

သို့သော် ပြီးခဲ့တာကပြီးခဲ့တာပါပင်။ သူတို့အနေဖြင့် နောက်ဆုံးကျန်သောမျှော်လင့်ချက်ဟူ၍ ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် ဖုန့်မိသားစု၏အခြားရန်သူများမှ ဖုန့်ယွင်ကို အချိန်မီလက်စတုံးပစ်နိုင်ဖို့ဆုတောင်းရန်သာ ရှိတော့သည်။

မဟာအကြီးအကဲဖုန့်ကျန်းရှန်၏မျက်လုံးများမှာ ဝင့်ကြွားလိုဟန်ဖြင့် တောက်ပလို့နေကြသည်။ သူတို့မိသားစု၏အနာဂတ်မှာကား အဆုံးစွန်ထိအောင်မြင်မော်ကြွားနိုင်ပေတော့မည်။ သူ့ဘေးမှဖုန့်ကျီလန်မှာလည်း ခေတ္တမျှကြက်သေသေသွားပြီးနောက် အားအင်အပြည့်ဖြင့်တက်ကြွလာတော့သည်။ သူတို့မိသားစုသည်ကား ရွှေ‌တောင်ကြီးကိုပိုက်မိလေပြီ။

အမှိုက်ကောင်ဟု လှောင်ပြောင်ကင်ပွန်းတပ်ခံခဲ့ရသော၊ ကျင့်ကြံဆင့်မတက်နိုင်၍ မိန်းကလေးဘက်မှ စေ့စပ်ပွဲဖျက်သိမ်းစွန့်ပစ်ခြင်းကိုခံခဲ့ရသော ဖုန့်ယွင်ဆိုသည့်အရှုံးသမားမှာ ယနေ့တွင် စွမ်းရည်စစ်ကျောက်တောင်ထက်မှ စံချိန်များအားလုံးကိုချိုးဖျက်၍ ၁၈ဆင့်ထိတက်လှမ်းနိုင်ခဲ့သော ပထမဦးဆုံးကျင့်ကြံသူအဖြစ် မော်ကွန်းတင်ခံခဲ့ရလေပြီ။

ဖုန့်ကျီလန် စိတ်မလှုပ်ရှားပဲ နေနိုင်ရိုးလား?

အသက်ပြင်းပြင်းရှူသွင်းနေရသော်ငြား တည်ငြိမ်လျက်သာရှိသေးသည့်ဖုန့်ယွင်မှာ အောက်ဘက်ရှိ ရင်သပ်ရှုမောဖြစ်နေကြသောလူအုပ်ထံ တစ်ချက်လှမ်းကြည့်လိုက်သည်။ ၁၉ဆင့်ထိတက်နိုင်ဖို့ သူအားရှိသေးသော်လည်း ဒီလောက်ဆို လုံလောက်ပေပြီ။

ဖုန့်ယွင်ဆိုသူမှာ အမှိုက်ကောင် မဟုတ်လေကြောင်း ဒီလောက်ဆို သေချာသိလောက်ကြပြီထင်ပါ၏။

သူက လင်းမေယုနှင့်မထိုက်တန်ခြင်းမဟုတ်ပါဘဲ လင်းမေယုက သူနှင့်မထိုက်တန်ခြင်းပင်။

၃နှစ်ကြာစိန်ခေါ်မှုကြီးလည်း ကျန်ရှိနေသေးသည်ဆိုပေမယ့် ဒီအောင်မြင်မှုကပင် လင်းမေယု၏မာနကိုထိခိုက်သွားဖို့ အသာလေးလုံလောက်ပေသည်။

အခုမှအစပဲရှိပါသေးတယ်။ တကယ့်ရိုက်ချက်က ၃နှစ်ကြာရင်ရောက်လာလိမ့်မယ်။

စာစဉ်ပြီး၏

-Zeus

All Chapters