ဧကရာဇ်များ၏ တိုက်ပွဲ
Vol. 115 Ch. 1713
ငရဲစုန်းဧကရာဇ်ကို မည်သူကမှ မကယ်တင်နိုင်ပေ။
သူ့ကိုယ်သူမှ လွဲ၍..
“ပုံရိပ်ယောင် ဓမ္မကျိန်စာ”
ငရဲစုန်းဧကရာဇ်သည် စဉ်းစားနေဖို့ အချိန်မရဘဲ သူ၏ အမြုတေစိတ်ဝိညာဉ်ကို ရူးသွပ်စွာ လှည့်ပတ်ပြီး မန္တန်တစ်ခုကို ရွတ်ဆိုကာ အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။
ပုံမှန်အားဖြင့် တိုက်ပွဲ၏ ဤအတိုင်းအတာမှာ ဧကရာဇ်များသည် သူတို့၏ အန္တိမ နတ်ဘုရားစွမ်းအားများကို အလွယ်တကူ အသုံးပြုကြလိမ့်မည် မဟုတ်ပေ။
ပထမတစ်ချက်.. အန္တိမ နတ်ဘုရားစွမ်းအားများသည် အမြုတေစိတ်ဝိညာဉ်အပေါ် အားအင်များစွာ ကုန်ခမ်းစေလေသည်။
ဒုတိယတစ်ချက်.. အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်သည်နှင့် အဲဒါကို အချိန်တိုအတွင်း ပြန်လည်ထုတ်ဖော်နိုင်ဖို့က ခဲယဉ်းလေသည်။
ဆိုလိုသည်မှာ.. ထိုဧကရာဇ်သည် သူ၏ အကြီးမားဆုံး ဝှက်ဖဲများထဲမှ တစ်ခုကို ဆုံးရှုံးသွားရပြီဟု အဓိပ္ပာယ်ရလေသည်။
ငရဲစုန်းဧကရာဇ်သည် ကမ္ဘာဦးမျိုးနွယ်များ၏ ထိပ်သီးဧကရာဇ်တစ်ပါး ဖြစ်ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက အန္တိမ နတ်ဘုရားစွမ်းအား ၆ခုကို နားလည်ဆင်ခြင်ထားသည့် လူသားမျိုးနွယ်မှ ဧကရာဇ်တစ်ပါးနှင့် တူညီသော်လည်း တကယ်တမ်းမှာတော့ သူသည် အန္တိမ နတ်ဘုရားစွမ်းအား ၄ခုကိုသာ နားလည်ဆင်ခြင်ထားလေသည်။
သို့သော်လည်း ဤတစ်ခေါက်မှာ ငရဲစုန်းဧကရာဇ်တွင် ရွေးချယ်စရာ မရှိခဲ့ပေ။
သူက ထိုအန္တိမ နတ်ဘုရားစွမ်းအားကို မထုတ်ဖော်ဘူးဆိုလျှင် သူက သေချာပေါက် သေရပေလိမ့်မည်။
ငရဲစုန်းဧကရာဇ်၏ အားနည်းသော ခန္ဓာကိုယ်ကနေ ထူးဆန်း၍ စွမ်းအားကြီးမားသော အားလှိုင်းတစ်ခုက ဖြာထွက်လာ၏။
ဧကရာဇ်များ၏ အကြည့်အောက်မှာ ငရဲစုန်းဧကရာဇ်၏ ပုံရိပ်က ရုတ်တရက် ဝေဝါးသွားလေသည်။ သူသည် နောက်ထပ် နေရာလွတ်တစ်ခုထဲသို့ ရောက်ရှိသွားသည့်အလားပင်။
ရွှစ်..
ညဝိညာဉ်၏ လက်သည်းက ငရဲစုန်းဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်ကို ကျဆင်းသွားသော်လည်း ၎င်းသည် လေထုအလွှာကို ဖြတ်ကျော်သွားသည့်အလား ဖြစ်၏။ ၎င်းသည် ပေါ့ပါး၍ မည်သည့်သွေးမှ ဖြာထွက်မလာခဲ့ပေ။
သူက လွဲချော်သွားလေသည်။
ငရဲစုန်းဧကရာဇ်သည် အန္တိမ နတ်ဘုရားစွမ်းအား ၄ခုကို နားလည်ဆင်ခြင်ထား၏။ သူ၏ ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးက အားနည်းသော်လည်း သူ၏ အမြုတေစိတ်ဝိညာဉ်က အရမ်းကို သန်မာလေသည်။
ညဝိညာဉ်က တိုက်ခိုက်လိုက်သည့် ခဏမှာပင် သူသည် ပုံမှန်မဟုတ်သည့် အရာတစ်ခုကို သတိထားမိသွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့်ပင်လျှင် သူက ခုခံဖို့အတွက် ပုံရိပ်ယောင် ဓမ္မကျိန်စာကို ချက်ချင်း ထုတ်ဖော်လိုက်နိုင်ခြင်း ဖြစ်၏။
ညဝိညာဉ်၏ တိုက်ခိုက်မှုက လွဲချော်သွားပြီး သူ၏ ခန္ဓာကိုယ် တစ်ဝက်ကျော်သည် လေဟာနယ် အက်ကွဲကြောင်းထဲကနေ ထွက်ပေါ်လာ၏။ သူ၏ ရှည်လျားသော အမြီးက ညအမှောင်ထဲမှာ အနက်ရောင် အရိပ်တစ်ခုအသွင် လွှဲယမ်းသွားလေသည်။
သူ၏ ထက်ရှသော အမြီးက ငရဲစုန်းဧကရာဇ် ပုန်းကွယ်နေသော လေဟာနယ်ကို ထိုးဖောက်သွား၏။
ဖောက်…
ငရဲစုန်းဧကရာဇ်၏ ပုံရိပ်က ဘာမှမကျန်အောင် ပြောင်းလဲ၍ ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း လတ်ဆတ်သော သွေးများက လေဟာနယ်ထဲကနေ စတင်စိမ့်ထွက်လာခဲ့၏။
ငရဲစုန်းဧကရာဇ်က ညဝိညာဉ်၏ တိုက်ခိုက်မှုဖြင့် ထိခတ်သွားခဲ့လေပြီ။
ကံဆိုးစွာနှင့်ပင် တိုက်ခိုက်မှုက ငရဲစုန်းဧကရာဇ်၏ သေကွင်းသေကွက်ကို လွဲချော်သွားခဲ့၏။
ထိုစဉ်မှာပင်.. ရွှေကျီးကန်း မီးဧကရာဇ်၏ ရွှေရောင်မီးတောက်များကလည်း ဆင်းသက်လာခဲ့လေပြီ။
တစ်ချိန်တည်းမှာပင်.. မျက်လုံးတစ်ထောင် ဧကရာဇ်၊ အရိပ်မဲ့ ဧကရာဇ်နှင့် သွေးဧကရာဇ်တို့ကလည်း တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လာကြ၏။ ညဝိညာဉ်သည် ငရဲစုန်းဧကရာဇ် နောက်သို့ ဆက်၍မလိုက်နိုင်တော့ဘဲ နတ်ဘုရားမျိုးနွယ်မှ ဧကရာဇ်တစ်ပါး၏ ဘေးကနေ ရိပ်ခနဲ ဖြတ်ပြေးသွား၏။
နတ်ဘုရားမျိုးနွယ် ဧကရာဇ်က အလွန်တရာ လျင်မြန်စွာ တုံ့ပြန်ပြီး ညဝိညာဉ်ကို တိုက်ခိုက်လိုက်၏။
သို့သော်လည်း ညဝိညာဉ်၏ ခန္ဓာကိုယ်ကို ခရမ်းရွှေရောင် ကြေးခွံများဖြင့် ဖုံးလွှမ်းထားပြီး တုန်လှုပ်စရာကောင်းသော ခံစစ်အားကို ပိုင်ဆိုင်ထားလေသည်။ သူက နတ်ဘုရားမျိုးနွယ် ဧကရာဇ်၏ တိုက်ခိုက်မှုကို လျစ်လျူရှုပြီး ထိုသူကို ကိုက်ချလိုက်၏။
ဘန်း..
ဖွီး..
နတ်ဘုရားမျိုးနွယ် ဧကရာဇ်သည် ညဝိညာဉ်ကို တိုက်ခိုက်လိုက်နိုင်သော်လည်း သူ၏ ဦးခေါင်းသည် ညဝိညာဉ်၏ ကိုက်ဖြတ်ခြင်းကို ခံလိုက်ရပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကပါ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိဘဲ ဝါးမျိုခံလိုက်ရ၏။
ညဝိညာဉ် နားလည်ဆင်ခြင်ထားသော ပင်ကိုနတ်ဘုရားစွမ်းအားများသည် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နှင့် အစွယ်ခြောက်ချောင်း နတ်ဆင်တို့နှင့် ဆင်တူသော သူ၏ ခန္ဓာကိုယ်နှင့် သတ်ဖြတ်ခြင်း တာအိုကို ပိုမိုသန်မာလာစေသည့် နည်းလမ်းများ ဖြစ်လေသည်။
အဲဒီမှာ မည်သည့် သတ်ဖြတ်ခြင်း နည်းစနစ်မှ မပါဝင်ပေ။
ထိုအရာများသည် လူတစ်ယောက်၏ တိုက်ခိုက်ရည်ခွန်အားကို တိုးစေနိုင်သော နတ်ဘုရားစွမ်းအားများ ဖြစ်၏။
ညဝိညာဉ်သည် တိုက်ခိုက်မှုတစ်ခုဖြင့် ငရဲစုန်းဧကရာဇ်ကို မသတ်ဖြတ်နိုင်သော်လည်း အခြားသော ဧကရာဇ်များက ညဝိညာဉ်၏ တိုက်ခိုက်မှုကို မခုခံနိုင်ကြပေ။
ဘန်း.. ဘန်း..
ညဝိညာဉ်၏ လှုပ်ရှားမှု နည်းစနစ်က အလွန်တရာ မြန်ဆန်ပြီး နတ်ဘုရားမျိုးနွယ်က ဧကရာဇ်တစ်ပါးကို သတ်ဖြတ်ပြီးနောက်.. တိုက်ပွဲမြေပြင်ကနေ အလျင်အမြန် ထွက်ခွာသွား၏။
ရွှေကျီးကန်း မီးဧကရာဇ်၏ အခြားသူများ၏ တိုက်ခိုက်မှုများက လွဲချော်သွားလေသည်။
ညဝိညာဉ်သည် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာဘေးသို့ ရောက်ရှိလာပြီး သူနှင့် ပခုံးချင်းယှဉ် ရပ်လိုက်၏။ သူသည် အေးစက်စက် အမူအရာနှင့်အတူ သူ့ရှေ့တွင် ရှိသော ဧကရာဇ်များစွာကို ကြည့်နေ၏။
တစ်ချိန်တည်းမှာပင်.. ငရဲစုန်းဧကရာဇ်၏ ပုံရိပ်က လေဟာနယ်ထဲကနေ တဖြည်းဖြည်း ပြန်လည်ပေါ်ထွက်လာ၏။
ငရဲစုန်းဧကရာဇ်၏ မျက်နှာက ဖြူဖျော့နေပြီး သူ၏ အကြည့်က အေးစက်ခက်ထန်နေ၏။ သူ၏ ရင်ဘတ်ပေါ်တွင် တုန်လှုပ်စရာကောင်းသော သွေးသံရဲရဲ အပေါက်တစ်ပေါက် ရှိနေ၏။
ငရဲစုန်းဧကရာဇ်သည် စုန်းမျိုးနွယ်၏ ကျိန်စာတစ်ခုနှင့်အတူ သွေးထွက်ခြင်းကို ရပ်တန့်စေနိုင်ခဲ့သော်လည်း ဒဏ်ရာကို ကုသသော အမြန်နှုန်းက အလွန်တရာ နှေးကွေးနေ၏။
ဂမ္ဘီရဟို့၏ ထက်ရှသော လက်သည်းများဖြစ်စေ.. အမြီးဖြစ်စေ.. သူတို့သည် တုန်လှုပ်စရာကောင်းသော သေစေနိုင်စွမ်းအားနှင့်အတူ ခပ်ဖျော့ဖျော့ ခရမ်းရွှေရောင် မီးတောက်တစ်ခုဖြင့် လောင်ကျွမ်းနေ၏။ ငရဲစုန်းဧကရာဇ်က သူ၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်သည်ကပင် မဆိုးလှဟု ဆိုရပေမည်။
အဲဒါသည် အခြားသော ဧကရာဇ်များသာဆိုလျှင် သူတို့သည် ညဝိညာဉ်၏ ထိုးဖောက်ခြင်းကို ခံရပြီးနောက် အသက်ရှူချိန် အနည်းငယ်တွင် သူတို့၏ ခန္ဓာကိုယ်များက လောင်ကျွမ်းပြာကျသွားပေလိမ့်မည်။
ဧကရာဇ်များ အကြား တိုက်ပွဲက ထွက်ပေါ်မလာခင်မှာပင်.. ငရဲစုန်းဧကရာဇ်က ဒဏ်ရာရရှိသွားပြီဖြစ်ပြီး နတ်ဘုရားမျိုးနွယ်မှ ဧကရာဇ်တစ်ပါးက သေဆုံးသွားခဲ့လေသည်။
ကမ္ဘာဦးမျိုးနွယ် ၆စုမှ ဧကရာဇ်များက စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စနှင့်အတူ ညဝိညာဉ်ကို ကြည့်လိုက်ကြ၏။
သူတို့ဘက်ခြမ်းတွင် ငရဲစုန်းဧကရာဇ်နှင့် အခြားသော ထိပ်သီးဧကရာဇ် ၄ဦး ရှိနေခြင်းကြောင့်သာ မဟုတ်လျှင် သူတို့မှာ ဧကရာဇ် အရေအတွက် များစွာရှိသည်ဆိုလျှင်တောင် ဂမ္ဘီရဟို့၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
“တောကောင်လေး.. မင်း ငါ့ကို ဘယ်လိုတောင် ထိခိုက်အောင် လုပ်ရဲတာလဲ”
ငရဲစုန်းဧကရာဇ်၏ အမူအရာက ညိုမည်းလာပြီး သူ၏ အကြည့်က မကောင်းဆိုးဝါးဆန်ဆန် အစိမ်းရောင် အလင်းတစ်ခုဖြင့် တောက်ပလာ၏။
“သူ့ကို သတ်”
သူက သူ့လက်ထဲရှိ အရိုးတောင်ဝှေးကို ဝှေ့ယမ်း၍ ဟိန်းဟောက်လိုက်၏။
ဧကရာဇ်များအကြား တိုက်ပွဲက ဖြစ်ပွားလာခဲ့လေပြီ။
“ဂါး…”
တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲပြီး သွေးဧကရာဇ်နှင့် ယက္ခအရိပ်မဲ့ဧကရာဇ်တို့ထံ ပြေးဝင်သွားလေသည်။
တစ်ချိန်တည်းမှာပင်.. ညဝိညာဉ်သည် ရှေ့သို့ ခုန်တက်သွားပြီး မျက်လုံးတစ်ထောင် ဧကရာဇ်နှင့် ရွှေကျီးကန်း မီးဧကရာဇ်တို့ကို ဆန့်ကျင်တိုက်ခိုက်လိုက်၏။
ငရဲစုန်းဧကရာဇ်က ခပ်လှမ်းလှမ်းကနေ မတ်တတ်ရပ်ပြီး အခြေအနေကို ထိန်းချုပ်ကာ ကမ္ဘာဦးမျိုးနွယ် ၆စုမှ ဧကရာဇ်များကို အမိန့်ပေးနေ၏။
“နဂါး၊ ခွန်နဲ့ လူရိုင်းမျိုးနွယ်က ဧကရာဇ်တွေကို သွားပြီး သတ်ဖြတ်ကြ”
“သားရဲနယ်မြေရှစ်ခွင်က ဧကရာဇ်တွေက လူသားမျိုးနွယ်က ဧကရာဇ်တွေနဲ့ သွားပြီး တိုက်ခိုက်ကြ.. အဲဒီ တဗူးနှစ်ကောင်ကို ငါတို့အတွက် ထားခဲ့လိုက်.. မင်းတို့က ဘာမှ စိုးရိမ်စရာ မလိုဘူး”
ဘုန်း… ဘုန်း.. ဘုန်း..
နှစ်ဖက်စလုံးရှိ ဧကရာဇ်များသည် တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်လိုက်ကြပြီး သူတို့၏ ဓမ္မရတနာများနှင့် သွေးချီများက ထိတွေ့ရိုက်ခတ်ကာ ကျယ်လောင်သော မြည်သံများ ထွက်ပေါ်လာ၏။
ဆူဇီမိုသည် သူ၏ အန္တိမ နတ်ဘုရားစွမ်းအား ခေါင်းသုံးလုံး လက်ခြောက်ဖက်ကို ထုတ်ဖော်လိုက်၏။ သူသည် လက်တစ်ဖက်မှာ လူသားဧကရာဇ် ချိတ်စည်း၊ အခြားလက်တစ်ဖက်မှာ ဖန်တီးခြင်း ကြာပဒုမ္မာကို ကိုင်ဆွဲထား၏။
သူ၏ အခြားသော လက်များက ယွီဧကရာဇ်နှင့် အခြားသူများထံမှ ရရှိလာခဲ့သော ဓမ္မရတနာများကို ကိုင်ဆွဲထားလေသည်။ ဆေဘာများဖြစ်စေ.. ဓားများ ဖြစ်စေ.. လက်ခြောက်ဖက်သည် အဆက်မပြတ် လွှဲယမ်းပြီး လူအုပ်ကြီးထဲသို့ ပြေးဝင်သွားလေသည်။
ဘန်း.. ဘန်း…
ဖောင်း.. ဖောင်း..
ဓမ္မရတနာ အချို့သည် ဆူဇီမို၏ လူသားဧကရာဇ် ချိတ်စည်းနှင့် ဖန်တီးခြင်းကြာခုံတို့ကြောင့် လွင့်စင်ထွက်ကုန်လေသည်။
ရှေ့မှာ ရှိသော ဧကရာဇ်များသည် ဆူဇီမို၏ တိုက်ခိုက်မှုဖြင့် ဆုတ်ဖြဲခံလိုက်ရပြီး လတ်ဆတ်သော သွေးများက ပန်းထွက်လာ၏။
သို့သော်လည်း အဲဒါက တစ်ယောက်-တစ်ယောက်ချင်း တိုက်ခိုက်ရသည် မဟုတ်ပေ။
ရုန်းရင်းဆန်ခတ်ဖြစ်နေသော ဤတိုက်ပွဲမှာ ဧကရာဇ်အချို့၏ ခန္ဓာကိုယ်များက ဆူဇီမို၏ လက်ချက်ဖြင့် ကြေမွသွားသည်ဆိုလျှင်တောင် သူတို့၏ အမြုတေစိတ်ဝိညာဉ်များက အချိန်မီ ထွက်ပြေးလွတ်မြောက်နိုင်ကြ၏။
ထိုအခါ အခြားဧကရာဇ်များက ရှေ့သို့ ပြေးဝင်လာပြီး ဆူဇီမိုက ထိုဧကရာဇ်များ နောက်သို့ အပြီးတိုင် လိုက်လံသတ်ဖြတ်နိုင်တော့မည် မဟုတ်ပေ။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အန္တိမ နတ်ဘုရားစွမ်းအားနှစ်ခုကို နားလည်ဆင်ခြင်ထား၏။ ကမ္ဘာဦးမျိုးနွယ်များကြားမှာ အန္တိမ နတ်ဘုရားစွမ်းအား တစ်ခုနှစ်ခုကို နားလည်ဆင်ခြင်ထားသည့် ဧကရာဇ်များက သူ့ကို လုံးဝ မတားဆီးနိုင်ကြပေ။
ဆူဇီမိုသည် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ကို ထုတ်ဖော်ပြီး နေရာပေါင်းစုံသို့ ဝင်ရောက်ကာ ဧကရာဇ် ၅၀ကျော်၏ စုဖွဲ့မှုကို ဖျက်ဆီးပစ်နေ၏။
ကမ္ဘာဦးမျိုးနွယ် ၆စုကြားမှာ အန္တိမ နတ်ဘုရားစွမ်းအား သုံးခုကို နားလည်ဆင်ခြင်ထားသည့် ဧကရာဇ် စုစုပေါင်း ၉ဦး ရှိလေသည်။ သူတို့က ဆူဇီမိုကို ဝိုင်းပတ်လာကြ၏။
ကမ္ဘာဦးမျိုးနွယ်မှာ အန္တိမ နတ်ဘုရားစွမ်းအား သုံးခုကို နားလည်ဆင်ခြင်ထားသည့် ဧကရာဇ်များသာလျှင် ဆူဇီမိုနှင့် တိုက်ခိုက်နိုင်ကြ၏။
ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ် ၉ဦးသည် အန္တိမ နတ်ဘုရားစွမ်းအားများကို ဆက်တိုက်ထုတ်ဖော်ပြီးမှသာ ဆူဇီမို၏ အရှိန်အဟုန်ကို တားဆီးလိုက်နိုင်ပြီး သူတို့က သူ့ကို ဝိုင်းပတ်လာကြ၏။
ကမ္ဘာဦးမျိုးနွယ်မှ ကျန်ရှိနေသော ဧကရာဇ်များကတော့ သူတို့သည် လုံရန်နှင့် အခြားသူများထံသို့ ပြေးဝင်သွားကြလေသည်။
လုံရန်၊ ရှောင်ခွန် ဧကရာဇ်၊ ယွဲ့မန် ဧကရာဇ်နှင့် အခြား ဧကရာဇ်များကလည်း မာန်ဖီဟိန်းဟောက်လိုက်ပြီး သူတို့၏ အစစ်အမှန်ပုံစံများသို့ ပြောင်းလဲကာ ရှေ့သို့ ပြေးဝင်လာကြ၏။
သူတို့ ထိတွေ့ရိုက်ခတ်မိသည့် ခဏမှာပင်.. လတ်ဆတ်သော အသွေးအသားများက အဘက်ဘက်သို့ ပြန့်ကျဲထွက်သွား၏။
လုံရန်သည် ယက္ခမျိုးနွယ်မှ ဧကရာဇ်တစ်ပါးကို နှစ်ပိုင်းပြတ်ထွက်အောင် ကိုက်လိုက်သော်လည်း သူက ထိုသူ၏ အမြုတေစိတ်ဝိညာဉ်ကို မသတ်ဖြတ်နိုင်ခင်မှာပင်…
ခြေသုံးချောင်း ရွှေကျီးကန်းတစ်ကောင်က ထိုးဆင်းလာပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှာ နဂါးကြေးခွံများနှင့်အတူ အသားစတစ်ပိုင်းကို ဆုတ်ဖြဲပစ်လိုက်၏။
ယွဲ့မန် ဧကရာဇ်က ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ ဧကရာဇ်တစ်ပါးကို ပစ်ထိုးလိုက်သည့် ခဏမှာပင် ဆူးချွန်များဖြင့် ပြည့်နှက်နေသည့် သွေးနွယ်ပင်တစ်ပင်က သူ့ကို ရစ်ပတ်ပြီး ချုပ်နှောင်လာခဲ့၏။
အဲဒီမှာ သူ၏ အမြုတေစိတ်ဝိညာဉ်ကို တိုက်ခိုက်လာသော စုန်းမျိုးနွယ်မှ ဧကရာဇ်များပင် ရှိလေသည်။
ယွဲ့မန် ဧကရာဇ်၏ မျက်နှာက ဖြူဖျော့သွားပြီး အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုကြောင့် သူက သေလုနီးပါး ကျိန်စာတိုက်ခံလိုက်ရ၏။