အဆူရာ ရောက်လာပြီ
Vol. 115 Ch. 1715
ရုတ်တရက်ဆိုသလို…
နက်မှောင်နေသော ပင်လယ်တစ်စင်း ပေါ်ထွက်လာပြီး ရှောင်းယောင်၏ နုနယ်ပုံရသော ပုံရိပ်က ပျောက်ကွယ်သွား၏။
သူ၏ နေရာတွင် ကီလိုမီတာ ထောင်ချီရှည်လျားသည့် ကြီးမားသော သတ္တဝါကြီးတစ်ကောင် ပေါ်ထွက်လာပြီး ကောင်းကင်တစ်ခွင် အုပ်မိုးလာခဲ့၏။ ၎င်းသည် အလွန်တရာ ကြောက်စရာကောင်းသော အော်ရာတစ်ခုကို ဖြာထုတ်ပေးနေပြီး အလွန်ကြီးမားသည့် ခွန်တစ်ကောင်နှင့် တူလေသည်။
“အဲ.. အဲဒါက ခွန်ဘိုးဘေးတစ်ယောက်လား”
“ဒါပေမဲ့.. ခွန်ဘိုးဘေးရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအားက ဘာလို့ အဲ့လောက်ထိ သန်မာနေရတာလဲ.. ကပ်ဘေးတစ်ခု ရောက်ရှိလာတော့မယ့်အတိုင်းပဲ.. ငါတောင်မှ ရင်တလှပ်လှပ် ခံစားနေရတယ်”
ကမ္ဘာဦးမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင်များစွာသည် မျက်မှောင်ကြုတ်ပြီး အိုးတို့အမ်းတမ်း အမူအရာများနှင့်အတူ ရှောင်းယောင်ကို စိုက်ကြည့်နေကြ၏။
ဤဧရာမ ခွန်သည် အခြားသော ခွန်ဘိုးဘေးများထက် ပို၍ ကြီးမားလေသည်။ ဒါ့အပြင် ၎င်းက အနည်းငယ် မတူညီသည့်ပုံပေါ်လေသည်။
ဤဧရာမ ခွန်က အရမ်းကို ကြီးမားလွန်းနေ၏။
များစွာသော ပညာရှင်များက မော့ကြည့်လိုက်စဉ်မှာတောင် သူတို့သည် အချိန်တိုအတွင်းမှာ ၎င်း၏ ပုံပန်းသွင်ပြင် အပြည့်အဝကို ရုပ်လုံးဖော်နိုင်ခြင်း မရှိဘဲ မည်သည့် ကောက်ချက်မှ မချနိုင်ကြပေ။
ရုတ်တရက်ဆိုသလို…
ဧရာမ ခွန်သည် ၎င်း၏ ပါးစပ်ကို ဖွင့်ဟပြီး အလွန်တရာ ကြောက်စရာကောင်းသော စုပ်ယူအားတစ်ခုကို ထုတ်ဖော်လိုက်၏။
တိုက်ခိုက်မှုများစွာကြားမှာ ဓမ္မရတနာများ၊ ဓမ္မစွမ်းအားများ၊ လျှို့ဝှက်အတတ်များနှင့် ဂါထာမန္တန်များ ပါဝင်လေသည်။ ဓမ္မပညာရပ်အချို့သည် လေထဲမှ သိပ်သည်းပြင်းထန်သော စုပ်ယူအားဖြင့် ဆုတ်ဖြဲခြင်း ခံလိုက်ရ၏။
အခြားသော ဓမ္မရတနာများနှင့် ဓမ္မစွမ်းအားများ အားလုံးသည် ထိုအဆုံးမဲ့ ပါးစပ်ပေါက်၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။
အို…
ပညာရှင်များစွာက ပင့်သက်ကို ရှိုက်လိုက်ပြီး သူတို့၏ အမူအရာများက ပြောင်းလဲကုန်ကြ၏။
ကြီးမားသော သတ္တဝါကြီး ဆင်းသက်လာသည့် ခဏမှာပင်.. လေထဲမှာ ပင်လယ်ရေများက ပြည့်နှက်လာပြီး မြောက်ပိုင်းဒေသ၏ နယ်စပ်ရှိ တိုက်ပွဲနယ်မြေတစ်ခုလုံးက ခဏမျှ အေးခဲရပ်တန့်သွား၏။
ရုတ်တရက်ဆိုသလို…
ဧရာမ ခွန်၏ အမြီးက ရက်ရက်စက်စက် လွှဲယမ်းလာခဲ့ပြီး ကောင်းကင်က ပြိုကျလာသည့်အလား ကြီးမားသော အရိပ်တစ်ခု အုပ်မိုးကျဆင်းလာ၏။ ပညာရှင်များစွာသည် တုန်လှုပ်သွားပြီး နောက်သို့ အလောတကြီး ဆုတ်လိုက်ကြ၏။
ဘန်း…
ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါစေသည့် ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။
ဧရာမ ခွန်၏ အမြီးက မြေပြင်ပေါ်သို့ ပစ်ကျသွားပြီး ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များစွာကို အလောင်းပင် မကျန်ဘဲ အသားပျော့ဖတ်များ ဖြစ်သွားစေ၏။
ဧရာမ ခွန်၏ အမြီးကို ပြန်မြှောက်လိုက်သောအခါ ကမ္ဘာဦးမျိုးနွယ် ၆စု၏ အုပ်စုကြားထဲတွင် ကြီးမားသော နေရာလွတ်ကြီးတစ်ခု ပေါ်ထွက်လာ၏။
အစက ထိုနေရာမှာ မတ်တတ်ရပ်ပြီး ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ချင်ခဲ့သည့် ပညာရှင်များသည် သေသည့်တိုင်အောင် ကြိတ်ချေခံလိုက်ရပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များကလည်း ဖျက်ဆီးခံလိုက်ရ၏။
“ဘာတွေဖြစ်ကုန်တာလဲ”
“အဲဒီ ဧရာမ ခွန်က ဘိုးဘေးအဆင့်မှာပဲ ရှိသေးတယ်.. ဒါပေမဲ့ သူ့ရဲ့ ခွန်အားက ဘာလို့ အဲ့လောက်ထိ ကြောက်စရာကောင်းနေတာလဲ”
“ဖြစ်နိုင်တာ.. အဲဒါက.. “
ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များက ဆွေးနွေးပြောဆိုနေစဉ်မှာပင်.. ဧရာမခွန်၏ ပုံရိပ်က ရုတ်တရက် ဝေဝါးသွား၏။ ထို့နောက် ချက်ချင်းပင် ကြီးမားသော သတ္တဝါကြီးက လူတိုင်း၏ ရှေ့မှောက်ကနေ ပျောက်ကွယ်သွား၏။
“ဂီး..”
ထို့နောက် ချက်ချင်းပင် နားမခံသာသော စူးစူးရှရှ မြည်သံတစ်သံ ထွက်ပေါ်လာ၏။
ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များစွာသည် အပေါ်သို့ မော့ကြည့်လိုက်သောအခါ မိုးကောင်းကင်ထက်မှာ တောင်ပံများကို ခတ်နေသော တစ်ကိုယ်လုံး ရွှေရောင်ငှက်မွေးများနှင့် ပြည့်နှက်နေသည့် ဧရာမ ရွှေငှက်တစ်ကောင်ကို တွေ့မြင်လိုက်ရ၏။ ၎င်းသည် လေထုအထက်မှာ လှည့်ပတ်သွားလာနေပြီး ၎င်း၏ တောင်ပံများက ကြီးမားသော တိမ်စိုင်များကဲ့သို့ ကောင်းကင်ထက်ကနေ အုပ်မိုးကျဆင်းနေပြီး ဝန်းကျင်တစ်ခွင်ကို လွှမ်းခြုံထားလေသည်။
စောစောက ဧရာမ ခွန်၏ အမြီးရိုက်ချက်ကနေ ထွက်ပြေးလွတ်မြောက်လာခဲ့သော ယက္ခနှင့် ရွှေကျီးကန်း မျိုးနွယ်ဝင်အချို့သည် လေထဲသို့ ရောက်ရှိလာခဲ့ကြ၏။
သို့သော်လည်း သူတို့သည် ဧရာမ ရွှေငှက်နှင့် ပက်ပင်းတိုးသွားလေသည်။
ဧရာမ ရွှေငှက်သည် ၎င်း၏ တောင်ပံများကို ခတ်ပြီး ကျိန်းစပ်နေသော ရွှေရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ ယက္ခနှင့် ရွှေကျီးကန်း မျိုးနွယ်မှ ပညာရှင်များအကြား ဖြတ်သန်းသွား၏။
(ROC ငှက်သည် ဂဠုန်ငှက်နှင့် ဆင်တူပါသည်။ သို့သော် အနည်းငယ် ကွဲလွဲမှုများ ရှိသည့်အပြင် ဇာတ်လမ်းပါ အကြောင်းအရာသည် အခြားသောကမ္ဘာမှ ဖြစ်သောကြောင့် ၎င်း၏ ပုံပန်းသွင်ပြင်အရ ဧရာမရွှေငှက်ဟုသာ ဘာသာပြန်ထားပါသည်။ တရုတ်လို ဖန်း သို့မဟုတ် ပန် ဟု အသံထွက်ပါသည်။ ခွန်ဖန်း(ရှောင်းယောင်) ဆိုသည်မှာ ဇာတ်လမ်းပါ ခွန်(ငါးမျိုး)မျိုးနွယ်နှင့် ဖန်း(ဧရာမရွှေငှက်)ကို ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။)
ဖောက်.. ဖောက်..
ထိုပညာရှင်များသည် ဧရာမ ရွှေငှက်၏ တောင်ပံများဖြင့် လှီးဖြတ်ခြင်း ခံလိုက်ရပြီး သူတို့၏ သွေးများက ကောင်းကင်ထက်မှာ နီစွေးသွား၏။
ခြေသုံးချောင်း ရွှေကျီးကန်းအချို့သည် ဧရာမ ရွှေငှက်၏ ထက်ရှသော လက်သည်းများဖြင့် ဖမ်းဆွဲခြင်း ခံထားရပြီး လုံးဝ မရုန်းကန်နိုင်ကြပေ။ သူတို့သည် လူတစ်ယောက်၏ လက်ဖဝါးထဲမှာ ဆုပ်ကိုင်ခံထားရသော ကြက်ပေါက်ကလေးများနှင့် တူနေ၏။
ယက္ခမျိုးနွယ်က မြန်ဆန်သော်လည်း သူတို့သည် ဧရာမ ရွှေငှက်ထက် များစွာနိမ့်ကျပြီး လုံးဝ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိကြပေ။
ဧရာမ ရွှေငှက်သည် လေထဲမှာ ဒုန်းစိုင်းပြေးလွှားနေပြီး ၎င်း၏ ထက်ရှသော လက်သည်းများက တဖျပ်ဖျပ်လက်နေ၏။ တစ်ကြိမ်စီတိုင်းမှာ ယက္ခပညာရှင်တစ်ယောက်၏ ဦးခေါင်းက သေချာပေါက် ထိုးဖောက်ခံရပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံရပေလိမ့်မည်။
“ခွန်ဖန်း..”
“အဲဒါက တဗူး ခွန်ဖန်းပဲ”
ထိုအခါမှသာလျှင် ကမ္ဘာဦးမျိုးနွယ်မှ ပညာရှင်များသည် တုံ့ပြန်လာနိုင်ကြပြီး လူအုပ်ကြီးထဲကနေ ထိတ်လန့်တကြားနှင့် အံ့အားတသင့် ရေရွတ်သံများ ဆက်တိုက်ထွက်ပေါ်လာ၏။
ရှောင်းယောင်သည် တစ်ခါတရံမှာ ဧရာမ ခွန်တစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားပြီး တခြားအချိန်များမှာ ဧရာမ ရွှေငှက်တစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွား၏။ သူသည် စစ်မြေပြင်မှာ ကျက်စားသွားလာနေပြီး အလွန်တရာ ကြမ်းကြုတ်ခက်ထန်သည့် တိုက်ခိုက်မှုများကို ထုတ်ဖော်ရင်း တဗူးတစ်ကောင်၏ တိုက်ခိုက်ရည်ခွန်အား အပြည့်အဝကို ထုတ်ဖော်ပြသနေ၏။
သူ၏ ဒဏ်ရာများ သက်သာပျောက်ကင်းပြီးနောက်.. ရှောင်းယောင်သည် မဟာယာနအဆင့်သို့ ဝင်ရောက်လာခဲ့လေပြီ။
သူက အစောပိုင်း မဟာယာနအဆင့်မှာသာ ရှိသေးသော်လည်း သူသည် ကမ္ဘာဦးမျိုးနွယ်များမှ အလယ်အလတ်အဆင့် သို့မဟုတ် နောက်ပိုင်းအဆင့် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်၏။
မဟာယာနအဆင့်၏ အထွတ်အထိပ်မှာ ရှိနေသော ကမ္ဘာဦးမျိုးနွယ်မှ မျိုးနွယ်စုခေါင်းဆောင်များက အတူပူးပေါင်းထားကြမှသာ ရှောင်းယောင်ကို တိုက်ခိုက်နိုင်ကြ၏။
တဗူးခွန်ဖန်း၏ ဆင်းသက်ပေါ်ထွက်လာမှုသည် မြောက်ပိုင်းဒေသ၏ နယ်စပ်ရှိ အခြေအနေကို ချက်ချင်းပင် ပြောင်းလဲသွားစေ၏။
လူသားများ၊ နဂါးများ၊ ခွန်၊ လူရိုင်းနှင့် ခွန်မျိုးနွယ်ဝင်များ၏ စိတ်အားမာန်များက ထိုးတက်လာပြီး သူတို့သည် တန်ပြန်တိုက်ခိုက်မှုများကို စတင်လာကြ၏။
ရှေ့သို့ ပြေးတက်လာသော လင်းရွှမ်ကျီသည် နောက်သို့ ပြန်ဆုတ်ပြီး ဆေးလုံးတချို့ကို ထုတ်ယူစားသုံးကာ အနည်းငယ် မောဟိုက်နေ၏။
သူသည် မည်သည့် စိတ်သက်သာရာရမှုမှ မရှိဘဲ နဂါးအရိုးတောင်ကြားဘက်သို့ ငေးကြည့်လိုက်၏။
မြောက်ပိုင်းဒေသ၏ အခြေအနေက တဗူးခွန်ဖန်း ပေါ်ထွက်လာခြင်းနှင့်အတူ စတင် အသာစီးရရှိလာခဲ့ပြီ ဖြစ်၏။
သို့သော်လည်း တိုက်ပွဲကို တကယ်တမ်း အဆုံးအဖြတ်ပေးမည်က နဂါးအရိုးတောင်ကြားရှိ ဧကရာဇ်များအကြား တိုက်ပွဲဖြစ်လေသည်။
ဆူဇီမိုနှင့် အခြားသူများက ရှုံးနိမ့်သွားမည်ဆိုလျှင် သူတို့က မြောက်ပိုင်းဒေသ၏ နယ်စပ်မှာ အနိုင်ရရှိမည်ဆိုလျှင်တောင် အဲဒါက အလကားပေ။
….
နဂါးအရိုးတောင်ကြားတွင်…
ဧကရာဇ်များအကြား တိုက်ပွဲက ပို၍ပင် အကြိတ်အနယ် ရှိလာ၏။
ဧကရာဇ်များစွာသည် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ပြင်းထန်ကြမ်းတမ်းလှသော တိုက်ပွဲတစ်ခုမှာ သူတို့ကိုယ်သူတို့ ပြန်လည်ကုသဖို့ ဓမ္မစွမ်းအားများ အပိုမရှိကြတော့ပေ။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာဘက်တွင် ရွှေကျီးကန်း မီးဧကရာဇ်နှင့် ကမ္ဘာဦးမျိုးနွယ်မှ အခြားသော ဧကရာဇ်များသည် တစ်ချိန်လုံး အသာစီးရရှိနေပြီး သူနှင့် ညဝိညာဉ်ကို ဖိနှိမ်နေကြ၏။
သို့သော်လည်း တဗူးနှစ်ကောင်သည် သူတို့၏ စွမ်းအားကြီးမားသော ကိုယ်ကာယနှင့် မျိုးဆက်သွေးအပေါ် မှီခိုပြီး တောင့်ခံနိုင်ဆဲဖြစ်၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဘက်ခြမ်းတွင်… သူသည် အန္တိမ နတ်ဘုရားစွမ်းအား သုံးခုကို နားလည်ဆင်ခြင်ထားသည့် ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ် ၉ပါးကို သူ၏ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ပေါ် မှီခိုပြီး တစ်ယောက်တည်း တိုက်ခိုက်နေ၏။
အဲဒါက မျှခြေတစ်ခုမှာ ရှိနေ၏။
ဤမျှ ကြာမြင့်စွာ တိုက်ခိုက်ပြီးနောက်.. ဆူဇီမိုသည် ဧကရာဇ်တစ်ပါးကို အပြီးတိုင် သတ်ဖြတ်နိုင်ခြင်း မရှိသေးပေ။
အစိမ်းရောင်ကြာပန်း အစစ်အမှန်သည် အန္တိမ နတ်ဘုရားစွမ်းအားနှစ်ခုကို နားလည်ဆင်ခြင်ထားပြီး တစ်ယောက် တစ်ယောက်ချင်း တိုက်ခိုက်ရမည်ဆိုပါက ဤဧကရာဇ်များကို အလွယ်တကူ သတ်ဖြတ်နိုင်လေသည်။
သို့သော်လည်း ကမ္ဘာဦးမျိုးနွယ်များမှ ဧကရာဇ် ၉ပါးက အတူပူးပေါင်း တိုက်ခိုက်နေကြပြီး ဆူဇီမိုသည် သူ့ကိုယ်သူသာ အနိုင်နိုင် ကာကွယ်နေရ၏။
ဤအချိန်အတောအတွင်း သူသည် လူသားဧကရာဇ် ချိတ်စည်း၏ စွမ်းပကားပေါ် မှီခိုပြီး ဧကရာဇ်အချို့၏ ခန္ဓာကိုယ်များကို အပိုင်းပိုင်း ပြတ်ထွက်အောင် တိုက်ခိုက်နိုင်ခဲ့၏။
သို့သော်လည်း ထိုအချိန်မှာ သူ့ကို အခြားဧကရာဇ်များက ဝင်ရောက်တားဆီးလာပြီး ခန္ဓာကိုယ်ပျက်စီးသွားသော ဧကရာဇ်များ၏ အမြုတေစိတ်ဝိညာဉ်များ ထွက်ပြေးလွတ်မြောက်သွားသည်ကို သူက မတတ်နိုင်ဘဲ ကြည့်နေရ၏။ သူတို့သည် သွေးကနေ ပြန်လည်မွေးဖွားခြင်းကို ထုတ်ဖော်ပြီးနောက် နောက်တစ်ဖန် ပြန်လည်ပြေးဝင်လာကြမည် ဖြစ်၏။
တကယ်တော့ ထာဝရ အသက်ဓာတ်နှင့်အတူ အစိမ်းရောင်ကြာပန်း အစစ်အမှန်၏ စွမ်းအားသည် အကန့်အသတ်မဲ့လုနီးပါး ဖြစ်၏။ ကမ္ဘာဦးမျိုးနွယ်များမှ ဧကရာဇ် ၉ပါး ပူးပေါင်းတိုက်ခိုက်နေသည် ဆိုလျှင်တောင် သူတို့အနေဖြင့် သူ့ကို သတ်ဖြတ်နိုင်ဖို့က ခဲယဉ်းလေသည်။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာဖြစ်စေ.. အစိမ်းရောင်ကြာပန်း အစစ်အမှန်ဖြစ်စေ.. သူတို့သည် သူတို့ကိုယ်သူတို့ မသေအောင် ခုခံကာကွယ်နိုင်ကြ၏။
သို့သော်လည်း လုံရန်နှင့် လူသားမျိုးနွယ်မှ ဧကရာဇ်များ၏ အခြေအနေက အတော်လေးကို သေရေးရှင်ရေး ဖြစ်လာခဲ့လေပြီ။
ယခင် ကပ်ဘေးကြောင့် နဂါး၊ ခွန်နှင့် လူရိုင်းမျိုးနွယ်များသည် သေကြေပျက်စီးထိခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး သူတို့မှာ ဧကရာဇ်အချို့သာလျှင် ကျန်ရစ်တော့လေသည်။ သူတို့သည် ကမ္ဘာဦးမျိုးနွယ် ၆စုမှ ဧကရာဇ်များစွာ၏ ဝန်းရံပိတ်ဆို့တိုက်ခိုက်မှုကို ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။
တိုက်ပွဲ၏ ဤနေရာအရောက်တွင် လူရိုင်းဧကရာဇ်တစ်ပါးနှင့် ခွန်ဧကရာဇ်နှစ်ပါးက သေဆုံးသွားခဲ့ပြီးလေပြီ။
လုံရန်နှင့် အခြားသော ဧကရာဇ်များကလည်း ဒဏ်ရာများနှင့် ပြည့်နှက်နေကြ၏။
မျိုးနွယ်စုသုံးစုကြားမှာ ဧကရာဇ် ၁၀ပါးထက် ပိုမရှိတော့ပေ။
ပုံပြောသူ၏ အကူအညီနှင့်ပင်လျှင် သူတို့သည် အပြတ်အသတ် ဖိနှိမ်ခံလာရပြီး အပြီးတိုင် လဲပြိုကျတော့မည့်မတတ်ဖြစ်လာခဲ့၏။
ထိုစဉ်မှာပင် ချောက်ချားစရာကောင်းသော အော်ရာတစ်ခုက ဆင်းသက်ရောက်ရှိလာ၏။ ငရဲစုန်းဧကရာဇ်နှင့် အခြားသော ထိပ်သီးဧကရာဇ်များက လွဲလျှင် လူတိုင်းက ဖိအားတစ်ခုကို ခံစားလာရ၏။
မလှမ်းမကမ်းကနေ တစ်ခေါင်းလုံး ဖြူဖွေးနေသည့် အမျိုးသားတစ်ယောက်က အမူအရာကင်းမဲ့သော မျက်နှာနှင့်အတူ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။ သူသည် နက်မှောင်နေသော ဆေဘာတစ်လက်ကို သူ၏ လက်ထဲမှာ ဒရွတ်တိုက်ဆွဲလာခဲ့ပြီး ဓားသွားက လေထုကို တိတ်တဆိတ် ထိုးခွဲနေ၏။
ခေါင်းဖြူအမျိုးသား၏ မျက်လုံးများက ထုံထိုင်းနေပြီး အမူအရာ ကင်းမဲ့နေ၏။ သူ့ထံမှ တရုန်းရုန်း ထကြွနေသော မိစ္ဆာချီတစ်ခုနှင့် အနိဋ္ဌာရုံ စိတ်ခံစားချက်ပေါင်းများစွာက ဖြာထွက်နေ၏။
စောစောကတင် ခေါင်းဖြူအမျိုးသားက ခပ်ဝေးဝေးမှာ ရှိနေ၏။
သို့သော်လည်း တစ်ခဏချင်းမှာပင်.. သူသည် တိုက်ပွဲနယ်မြေ၏ အလယ်သို့ ရောက်ရှိလာခဲ့လေပြီ။
ရွှစ်..
ခေါင်းဖြူအမျိုးသားက တိုက်ခိုက်လိုက်ပြီဖြစ်ပြီး သူ၏ မိစ္ဆာဆေဘာသည် လေထုကို ထိုးခွဲသွားလေသည်။ သိပ်သည်းပြင်းထန်သော အမုန်းတရားတစ်ခုက ဆင်းသက်လာပြီး ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ် ၁၀ပါးကျော်ကို လွှမ်းခြုံသွား၏။
အဆူရာက ရောက်ရှိလာခဲ့လေပြီ….။
Author – Snow-filled Bow Saber
Translator – Than Toe Aung
Fackbook page – Eternal Sacred King