နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ခြင်း
Vol. 115 Ch. 1723
အဆုံးမဲ့သွေးပင်လယ်အတွင်းတွင်...
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ထိုထဲမှာ နစ်မြုပ်နေပြီး အရိပ်မဲ့ဧကရာဇ်၏ တိုက်ခိုက်မှုကို မနည်းပင် ခုခံနေရ၏။ သူက လုံးဝထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိပေ။
သို့သော်လည်း သူသည် သွေးပင်လယ်ထဲမှာ ဆက်နေလေလေ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာပေါ် ညစ်ညမ်းစွမ်းအားများ၏ လွှမ်းမိုးမှုက ပို၍နက်ရှိုင်းလာလေလေဖြစ်၏။
အစကတော့ သူ၏ ခန္ဓာကိုယ်သည် နဂါးဖီးနစ်မီးတောက်များဖြင့် လောင်ကျွမ်းနေခဲ့၏။
သို့သော် ယခုအခါ နဂါးဖီးနစ်မီးတောက်များက လုံးဝကို ငြိမ်းသေသွားခဲ့ပြီဖြစ်၏။
သွေးဧကရာဇ်သည် တိုက်ပွဲနယ်မြေရှိ မျိုးဆက်သွေးများကို သန့်စင်ရင်း အဆုံးမဲ့သွေးပင်လယ်ကို လှည့်ပတ်ကာ သွေးပင်လယ်၏ စွမ်းအားကို ပို၍တိုးလာစေ၏။
သွေးပင်လယ်၏ ညစ်ညမ်းဆိုးယုတ်သောစွမ်းအားသည် နဂါးဖီးနစ်မီးတောက်များကို ငြိမ်းသေစေခဲ့ရုံသာမက ၎င်းသည် နဂါးဖီးနစ်ကြေးခွံများနှင့် ထိတွေ့ပြီး သူ၏ မျိုးဆက်သွေးထဲသို့ပင် စတင်စိမ့်ဝင်လာပြီဖြစ်၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ သွေးချီက သိပ်သည်းစုဖွဲ့လာ၏။
အနီးကပ်တိုက်ခိုက်ရည်မှာ သူသည် အရိပ်မဲ့ဧကရာဇ်၏ တိုက်ခိုက်မှုများကို ဆက်လက်၍ မခုခံနိုင်တော့ဘဲ သူ၏ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာများစွာ ပေါ်ထွက်လာ၏။
ပို၍ပင်ဆိုးဝါးသည်မှာ ငရဲစုန်းဧကရာဇ်၏ ယင်မိစ္ဆာတစ္ဆေ ၅ကောင်သည် သူ့ကို တစ်ချိန်လုံး ကုပ်တွယ်နေပြီး သူ၏ အသားနှင့်အသက်ဓာတ်အားကို ကိုက်ခဲဝါးမျိုနေ၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အဆုံးမဲ့သွေးပင်လယ်ထဲမှာ အရိပ်မဲ့ဧကရာဇ်နှင့် ရင်ဆိုင်ရင်း သူ၏ အကန့်အသတ်ကို ရောက်ရှိနေခဲ့ပြီဖြစ်ကာ သူသည် ယင်မိစ္ဆာတစ္ဆေ ၅ကောင်ထံမှ ရုန်းထွက်နိုင်ခြင်းမရှိပေ။
ယင်မိစ္ဆာတစ္ဆေ ၅ကောင်သည် အသက်ဓာတ်အားနှင့် အသားကိုသာမက ဘဝသက်တမ်းကိုပါ ဝါးမျိုနေ၏။
မသိလိုက်မသိဘာသာနှင့်ပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ဤအချိန်တိုအတွင်းမှာ ဘဝသက်တမ်း နှစ်တစ်သိန်းကို ဆုံးရှုံးခဲ့ရပြီးလေပြီ။
နဂါးဖီးနစ်က တဗူးတစ်ကောင်ဖြစ်ပြီး နှစ်သိန်းချီဘဝသက်တမ်းကို ပိုင်ဆိုင်ထားသည်ဆိုလျှင်တောင် သူသည် ဤကဲ့သို့သော ယိုယွင်းပျက်စီးမှု အလျင်အဟုန်ကို ကြာရှည်ခံနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း အဲ့ဒါကို တားဆီးဖို့ သူက ဘယ်လိုမှ မတတ်နိုင်ပေ။
သူသည် သူ၏ ဝှက်ဖဲများအားလုံးကို အသုံးပြုခဲ့ပြီးပြီဖြစ်ပြီး သူရှုံးနိမ့်ရဖို့က သေချာနေလေပြီ။
မလှမ်းမကမ်းတွင် ညဝိညာဥ်သည် သူ၏ ဘဝသက်တမ်းကို လောင်ကျွမ်းစေခဲ့သော်လည်း သူသည် ရွှေကျီးကန်းမီးဧကရာဇ်နှင့် မျက်လုံးတစ်ထောင်ဧကရာဇ်တို့ထံကနေ ရုန်းထွက်လာနိုင်ခြင်း မရှိပေ။
ဧကရာဇ်နှစ်ပါး၏ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရချိန်မှာ ညဝိညာဥ်၏ ဒဏ်ရာများက ပို၍ဆိုးဝါးလာပြီး သူ၏ သွေးချီက စတင်၍ ယိုယွင်းပျက်စီးလာ၏။ သူ၏ လှုပ်ရှားမှုနည်းစနစ်ကလည်း ယခင်ကကဲ့သို့ ပေါ့ပါးဖျတ်လတ်မှု မရှိတော့ပေ။
ညဝိညာဥ်သေဆုံးရဖို့ကလည်း အချိန်တစ်ခုသာ လိုတော့လေသည်။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အခြေအနေက ပို၍ပင်ဆိုးရွားလေသည်။
ကမ္ဘာဦးမျိုးနွယ်မှ ဧကရာဇ် ၉ပါး၏ ဝန်းရံတိုက်ခိုက်ခြင်းခံခဲ့ရပြီး ခေါင်းသုံးလုံး လက်ခြောက်ဖက်ကို ဆုံးရှုံးထားကာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဂျုံးဂျုံးကျ၍ အချိန်မရွေးသေဆုံးသွားနိုင်၏။
သူက ရှုံးနိမ့်ရတော့မှာလား...။
သူက ဤတိုက်ပွဲမှာ ရှုံးနိမ့်သွားမည်ဆိုလျှင် သူတစ်ယောက်တည်းသာ သေရမည်မဟုတ်ပေ။ ပုံပြောအဖိုးအိုကလည်း သေရပေလိမ့်မည်။
ခွန် ၊ နဂါးနှင့် လူရိုင်းမျိုးနွယ်မှ ဧကရာဇ်များကလည်း သေရပေလိမ့်မည်။
လူသားမျိုးနွယ်မှ ဧကရာဇ်များကလည်း ချမ်းသာရာရမည် မဟုတ်ပေ။
မြောက်ပိုင်းဒေသ၏ နယ်စပ်၌ သားရဲနယ်မြေရှစ်ခွင်နှင့် ကမ္ဘာဦးမျိုးနွယ်ခြောက်စုတို့ကို ဆန့်ကျင်တိုက်ခိုက်နေသော ကျင့်ကြံသူများအားလုံးသည်လည်း ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုအခါ ထျန်ဟွမ်ကုန်းမြေတိုက်ရှိ လူသားများကလည်း မျိုးသုဥ်းပျောက်ကွယ်လျှင် ပျောက်ကွယ် မဟုတ်လျှင် ကျွန်ပြုခံရမည်ဖြစ်၏။
သူက ရှုံးနိမ့်ဖို့ကို မတတ်နိုင်ပေ။
သူသည် ဤတိုက်ပွဲမှာ ရှုံးလို့မရပေ။
သိုင်းတာအိုပင်မခန္ဓာသည် တံခါးပိတ်ကျင့်ကြံရာကနေ အောင်မြင်စွာထွက်ပေါ်လာပြီး ပြန်လည်ရောက်ရှိလာမည်ဆိုလျှင်တောင် ထျန်ဟွမ်ကုန်းမြေတိုက်ရှိ လူသားမျိုးနွယ် ဖျက်ဆီးချေမှုန်းခံခဲ့ရသည်ကို တွေ့မြင်သောအခါ သူက နောင်တကြီးစွာရနေရပေလိမ့်မည်။
ထိုအချိန်ကျလျှင် သူ၏ မိတ်ဆွေဟောင်းများက သေဆုံးကုန်ကြပေလိမ့်မည်။
ယောင်ရွှယ် ၊ ဖက်တီးလေး ၊ လင်းရွှမ်ကျီ ၊ နတ်ဆိုးမကျိနှင့် မင်းကျန်တို့မရှိဘဲ သိုင်းတာအိုပင်မခန္ဓာက တစ်ယောက်တည်းအသက်ရှင်နေတော့ရော ဘာများအဓိပ္ပါယ်ရှိမှာလဲ။
ဖျောက်... ဖျောက်... ဖျောက်...
ယင်မိစ္ဆာတစ္ဆေ ၅ကောင်သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ အသားကို အဆက်မပြတ် ကိုက်ဝါးနေပြီး အားရပါးရဝါးမျိုနေကြ၏။ သူတို့သည် စိတ်လှုပ်ရှားတက်ကြွသော အမူအရာများရှိနေကြပြီး သူတို့၏ မျက်လုံးများက စိမ်းဖန့်ဖန့်အလင်းရောင်ဖြင့် တောက်ပနေ၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ကိုက်ခဲမှုများဖြင့် သွေးသံရဲရဲဖြစ်နေပြီး အလွန်တရာ ဆိုးဆိုးဝါးဝါး ပုံပေါက်နေ၏။
သူက နာကျင်မှုဖြင့် ထုံထိုင်းနေခဲ့လေပြီ။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် သူ့ဘဝသက်တမ်း ယိုယွင်းပျက်စီးမှုကို အာရုံခံရင်း သူ၏ စိတ်ထဲသို့ အတွေးတစ်ချက်က ဖျတ်ခနဲဝင်ရောက်လာကာ ရုတ်တရက်သူသည် လျှို့ဝှက်ဆန်းကြယ်သောအခြေအနေတစ်ခုသို့ ကျဆင်းသွား၏။
သူသည် နောက်ထပ်အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်နိုင်မည်ဆိုလျှင် သူသည် ဤအခြေအနေကနေ ရုန်းထွက်နိုင်ပေလိမ့်မည်။
အဲ့ဒီမှာ လုံလောက်သည့်အချိန်ရှိသည်နှင့်အမျှ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အဆင့်မြင့်နတ်ဘုရားစွမ်းအားများစွာကို အန္တိမနတ်ဘုရားစွမ်းအား၏ အဆင့်ထိရောက်ရှိအောင် ကျင့်ကြံနိုင်ပေလိမ့်မည်။
ဤနှစ်များအတွင်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အဆင့်မြင့်နတ်ဘုရားစွမ်းအားများစွာကို ကျင့်ကြံဖို့ ကြိုးပမ်းခဲ့ဖူးလေသည်။
သူတို့ထဲမှာ အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားအပြင် သူအများဆုံးကျင့်ကြံခဲ့သည်မှာ ဆေဘာတစ်လက်ကဲ့သို့ အချိန်ဖြစ်၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် မူလနတ္ထိအဆင့်မှာပင် ကျတ်တီးမြေကိုကျင့်ကြံနိုင်ခဲ့ပြီဖြစ်၏။
ကျတ်တီးမြေ၏ အနှစ်သာရက အချိန်၏ စွမ်းအားဖြစ်၏။
ဒါ့အပြင် သူသည် တာအိုအမွေအနှစ်ကုန်းမြေရှိ ကျောက်သားရုပ်ထု သုသာန်ထဲမှာ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေး လျှပ်တပြက်၏ အမွေအနှစ်ကို ဆက်ခံရရှိခဲ့၏။ အဲ့ဒါကလည်း အချိန်၏စွမ်းအားဖြစ်၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် အချိန်၏ စွမ်းအားနှင့် အချိန်အတော်ကြာကတည်းက ထိတွေ့နိုင်နေခဲ့ပြီဖြစ်သော်လည်း အဲ့ဒါက အရမ်းကို လျှို့ဝှက်ဆန်းကြယ်ပြီး နားလည်ဆင်ခြင်ဖို့ ခက်ခဲလေသည်။
အချိန်က နေရာတိုင်းမှာ ဖြတ်သန်းနေ၏။
သေခြင်းရှင်ခြင်း လည်ပတ်မှုစက်ဝန်းကလည်း အချိန်ဖြစ်၏။
နွေကနေ ဆောင်းသို့ဝင်ရောက်လာခြင်းကလည်း အချိန်ဖြစ်၏။
နေထွက်နေဝင်ခြင်းကလည်း အချိန်ဖြစ်၏။
အချိန်သည် ပင်လယ်တစ်စင်းကို လွင်ပြင်ကျယ်တစ်ခုအဖြစ် ပြောင်းလဲပေးနိုင်၏။
အချိန်သည် ဆေဘာတစ်လက်ကဲ့သို့ဖြစ်ပြီး ခုတ်ချက်တစ်ချက်ချင်းစီက အရာရာတိုင်းကို ဖြတ်ကျော်သွားနိုင်၏။
အချိန်သည် နေရာတိုင်းမှာရှိနေပြီး ဖမ်းဆုပ်မိဖို့ ခက်ခဲလေသည်။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် ကျတ်တီးမြေကို သိရှိထားပြီး အချိန်ဆေဘာကို စုဖွဲ့နိုင်ခဲ့သော်လည်း သူသည် အချိန်ဆေဘာကို ပြီးခဲ့သည့်နှစ်ပေါင်းထောင်ချီအတွင်း အန္တိမနတ်ဘုရားစွမ်းအားတစ်ခု၏ အဆင့်ထိရောက်ရှိအောင် မမြှင့်တင်ပေးနိုင်ခဲ့ပေ။
အရေးကြီးဆုံး အကြောင်းရင်းများထဲမှ တစ်ခုမှာ သူသည် အချိန်၏ တိုက်စားမှုစွမ်းအားကို အမှန်တကယ်တွေ့ကြုံခံစားဖူးခြင်းမရှိသေးသောကြောင့်ပင်။ သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူသည် နှစ်ထောင်ဂဏန်းတချို့သာလျှင် ကျင့်ကြံခဲ့ရသေးလေသည်။
ဘဝသက်တမ်းနှစ်သိန်းချီရှိသော တဗူးနဂါးဖီးနစ်အနေဖြင့် နှစ်ပေါင်းထောင်ချီကြာပြီးနောက် သူသည် ကလေးတစ်ယောက်အရွယ်မှာသာရှိနေသေး၏။ သူက ဘဝ၏ လောကဓံတိုက်စားမှုကို ဘယ်လိုလုပ်ကောင်းကောင်းနားလည်နိုင်ပါ့မလဲ။
သို့သော် ယခုအခါ ဆိုးဆိုးရွားရွား ဤတိုက်ပွဲတွင် ငရဲစုန်းဧကရာဇ်၏ ယင်မိစ္ဆာတစ္ဆေ ၅ကောင်၏ ကိုက်ခဲဝါးမျိုမှုက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာအား အချိန်၏ ရက်စက်ကြမ်းကြုတ်မှုကို နက်ရှိုင်းစွာ တွေ့ကြုံခံစားလာရစေ၏။
စောစောက သူသည် ဘဝသက်တမ်း နှစ်တစ်သိန်းကိုဆုံးရှုံးထားရ၏။
ဤအချိန်တိုအတွင်းမှာ သူသည် နောက်ထပ်ဘဝသက်တမ်းနှစ်တစ်သိန်းကို ထပ်မံဆုံးရှုံးလိုက်ရ၏။
ဘဝသက်တမ်း နှစ်နှစ်သိန်းစာ ကုန်ဆုံးသွားခဲ့လေပြီ။
အဲ့ဒါသည် သူ့ဘဝတစ်လျှောက် တစ်ခါမှ မဖြတ်ကျော်ခဲ့ဖူးသော ခံစားချက်တစ်ခုနှင့် အတွေ့အကြုံဖြစ်လေသည်။
လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်တစ်ခုက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ စိတ်ထဲမှာ လှိုက်တက်လာပြီး သူက ဉာဏ်အလင်းပွင့်နေသောအခြေအနေတစ်ခုသို့ ဝင်ရောက်သွား၏။
ထိုအခိုက်အတန့်မှာ သူသည် အချိန်စွမ်းအားအပေါ် အသိအမြင်နှင့် နားလည်ဆင်ခြင်မှုအသစ်တစ်ခု ရရှိလာ၏။
နှစ်ပေါင်းထောင်ချီအတွင်း သူတွေ့ကြုံခဲ့ရသည့် သံသယများအားလုံးအတွက် အဖြေတစ်ခုရရှိလာသည်ဟုထင်ရ၏။
အဆုံးမဲ့သွေးပင်လယ်အတွင်းမှာ...။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ချလိုက်၏။
အရိပ်မဲ့ဧကရာဇ်၏ အနီးကပ်တိုက်ခိုက်ခြင်းနှင့် ရင်ဆိုင်ရချိန်မှာ သူသည် သူ၏ အာရုံသတိစိတ်နှင့် အလိုအလျောက်တုံ့ပြန်တိုက်ခိုက်မှုအပေါ်သာ လုံးလုံးလျားလျားမှီခိုထားလေသည်။
တစ်ချိန်တည်းမှာပင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်အတက်အကျတစ်ခုက နဂါးဖီးနစ်အစစ်အမှန်ခန္ဓာထံကနေ တဖြည်းဖြည်း ဖြန့်ကြက်ထွက်ပေါ်လာ၏။ အဲ့ဒါက အလွန်တရာ လျှို့ဝှက်နက်နဲပြီး ပို၍သန်မာအားကောင်းလာ၏။
“မင်းက မင်းမျက်လုံးနှစ်ဖက်ကို ဘယ်လိုတောင်မှိတ်ထားရဲတာလဲ”
အရိပ်မဲ့ဧကရာဇ်သည် လွန်ကဲစွာ ရန်စစော်ကား၍ စော်ကားခံလိုက်ရသည်ဟု ခံစားရပြီး သူ၏ တိုက်ခိုက်မှုများက ပို၍ပြင်းထန်ကြမ်းတမ်းလာ၏။
သို့သော်လည်း နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ စွမ်းအားကလည်း ပိုမိုသန်မာလာပုံရပြီး သူ၏ တိုက်ခိုက်မှုများအားလုံးကို ချေဖျက်နေ၏။
“ဘာလဲဟ”
ရုတ်တရက် သွေးဧကရာဇ်က မျက်မှောင်ကြုတ်၍ တစ်နည်းတစ်ဖုံ ထူးခြားနေသည်ကို သတိထားမိသွား၏။
သွေးပင်လယ်၏ ညစ်ညမ်းစွမ်းအားသည် အားကောင်းသော ခုခံမှုတစ်ခုနှင့် တွေ့ကြုံလိုက်ရသည့်အလား နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးထဲသို့ စိမ့်ဝင်နိုင်ခြင်း မရှိတော့ပေ။
“ဟမ်...”
ငရဲစုန်းဧကရာဇ်ကလည်း တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး သူ၏ အမူအရာက ပြောင်းလဲသွား၏။
ယင်မိစ္ဆာတစ္ဆေ ၅ကောင်သည် နဂါးဖီးနစ်၏ အသားတို့ကို ကိုက်ဝါးနေဆဲ ဖြစ်သော်လည်း သူ၏ ဘဝသက်တမ်းက ဆက်လက်၍လျော့ကျခြင်းမရှိတော့သည်ကို သူက အာရုံခံမိလိုက်၏။
ထိုစဥ်မှာပင် ငရဲစုန်းဧကရာဇ်သည် လျှို့ဝှက်နက်နဲသော စွမ်းအင်အတက်အကျတစ်ခုကို ခံစားမိလိုက်၏။
“ဒါက...”
ရုတ်တရက် ငရဲစုန်းဧကရာဇ်၏ မျက်လုံးက ပြူးကျယ်သွားပြီး သူ၏ အမူအရာက ပြောင်းလဲကာ ထိတ်လန့်တကြားရေရွတ်လိုက်၏။
“အန္တိမနတ်ဘုရားစွမ်းအား “
“ဘာဖြစ်တယ်”
သွေးဧကရာဇ်က အလိုလိုမေးလိုက်၏။
“မြန်မြန်... မြန်မြန်လုပ်ကြ... သူ့ကို မြန်မြန်ဟန့်တားနှောက်ယှက်ဖို့ လုပ်ကြ”
ငရဲစုန်းဧကရာဇ်က စူးစူးဝါးဝါး အော်လိုက်ပြီး နဂါးဖီးနစ်အစစ်အမှန်ခန္ဓာကို လက်ညိုးထိုးကာ အော်ပြောလိုက်၏။
“သူက အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်နေတာ.. ငါတို့က သူ့ကို ဒီတိုင်းခွင့်ပြုပေးထားလို့ မဖြစ်ဘူး”
အဲ့ဒီမှာ ငရဲစုန်းဧကရာဇ်ထုတ်ဖော်မပြောခဲ့သော အခြားတစ်စုံတစ်ရာရှိလေသည်။
အန္တိမနတ်ဘုရားစွမ်းအားများမှာလည်း ခွန်အားအမျိုးမျိုးကွဲပြားလေးည်။
အင်္ကျီလက်အိုးစကြာဝဠာနှင့် ဖုံးကွယ်ခြင်းကဲ့သို့ အားနည်းသော အန္တိမ နတ်ဘုရားစွမ်းအားများသည် သတ်ဖြတ်ခြင်း စွမ်းအားများစွာကို မပိုင်ဆိုင်ထားသည့်အတွက် အဲ့ဒါက သူတို့အပေါ် ခြိမ်းခြောက်မှုများစွာ မဖြစ်စေပေ။
ထာဝရလူသားဧကရာဇ်၏ သတ်ဖြတ်ခြင်းစကားလုံးပညာရပ်နှင်် ပါရမီတံတားကဲ့သို့ စွမ်းအားကြီးမားသော အန္တိမနတ်ဘုရားစွမ်းအားများသည် ထုတ်ဖော်လိုက်သည်နှင့် ဧကရာဇ်များကို သတ်ဖြတ်နိုင်လေသည်။
ငရဲစုန်းဧကရာဇ်ကတော့ သူသည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာထံမှ နတ်ဘုရားစွမ်းအားအော်ရာကို ခံစားမိသောအခါ တုန်လှုပ်ချောက်ချားလာခဲ့၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ဘယ်အန္တိမနတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်နေသလဲ သူမသိရပေ။
သို့သော်လည်း ဤအန္တိမနတ်ဘုရားစွမ်းအားသည် သတ်ဖြတ်ခြင်းစကားလုံးပညာရပ် သို့မဟုတ် ပါရမီတံတားထက် သေချာပေါက်အားနည်းမည်မဟုတ်သည်ကို သူသိရှိလိုက်လေသည်။