← Chapters

မင်းသေချင်တယ်ဆိုရင် လာခဲ့(က)

Vol. 90 Ch. 1376

မင်းသေချင်တယ်ဆိုရင် လာခဲ့(က)

Vol. 90 Ch. 1376

မီးလျှံလနှင့် မီးလျှံကြယ်၏ ထွက်ပေါ်လာမှုသည် ရွှီချင်း၏ ယခင်ခန့်မှန်းမှုက မမှားယွင်းကြောင်း ချက်ချင်း အတည်ပြုပေးလိုက်သည်။ အတိတ်တွင် နတ်ဘုရားသုံးပါး အဆင့်တတ်သည့်အချိန်မှာ လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူတစ်ယောက်က အရေးကြီးအခိုက်အတန့်မှာ ထွက်ပေါ်လာပြီး ဧရာမကြယ်လက်ဝါးကို တားဆီးပေးခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်သော ထိုကျင့်ကြံသူသည် လူသားဧကရာဇ်ဖြစ်သည်။

‘ အတိတ်မှာ မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်က အနောက်ဆုတ်ပေးဖို့ လွယ်လွယ်သဘောတူလိုက်တာ မထူးဆန်းတော့ပါဘူး… ငါ့ရဲ့ ထွက်ပေါ်လာမှုက သူတို့ကို အနောက်ဆုတ်ဖို့အတွက် အကြောင်းပြချက်ကောင်း ရှိလာစေရုံပဲ ’

‘ အခုမှ ငါစဉ်းစားမိတယ်… အတိတ်မှာ အဆင့်မြင့်နတ်ဘုရားမီးလျှံကြယ်က နန်းမြို့တော်ထဲမှာ ထွက်ပေါ်လာဖူးတာပဲ… အဲ့ဒီအချိန်မှာ သူက လူသားဧကရာဇ်နဲ့ သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့တာဖြစ်မယ်… ’

ရွှီချင်းသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ သူ့အရှေ့မှ ခမ်းနားထည်ဝါသော မြင်ကွင်းကို ကြည့်လိုက်သည့်အခါ ဧကရီအပေါ် ချီးကျူးလေးစားမှုက သူ၏ နှလုံးသားထဲမှာ မထွက်ပေါ်လာဘဲ မနေနိုင်ပေ။

‘ သူအောင်မြင်ဖို့ ငါမျှော်လင့်တယ် ’

ရွှီချင်းသည် ဧကရီ၏ ရည်မှန်းချက်ကို လက်မခံရန် အကြောင်းပြချက်တစ်ခု မရှာနိုင်ပေ။ အထူးသဖြင့် စစ်ပွဲဗုံထံမှ ကောင်းချီးပေးမှုကို သူရရှိပြီးသည့်နောက် ဖြစ်သည်။

ထို့ကြောင့် သူက ကောင်းကင်ပေါ်မှ ဧကရီကို ကြည့်လိုက်သည်။

သူ၏ မျက်လုံးထဲတွင် ဧကရီသည် အေးဆေးတည်ငြိမ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသည်။ အင်ပါယာအရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးနေသည်။ မည်သည့်အပြောင်းအလဲကမှ သူ့ကို မတုန်လှုပ်စေနိုင်သည့်အလား သူ၏ အမူအရာသည် တစ်ခါမှ မပြောင်းလဲသွားခဲ့ပေ။

အကယ်၍ ရွှီချင်းသာ ချီယွဲ့ထုံဂိုဏ်းကို မဝင်ရောက်ခဲ့လျှင် သူ၏ အသိအမြင်၊ နားလည်မှုနှင့် အတွေ့အကြုံများက ယခုကဲ့သို့ ကျယ်ပြောလာလိမ့်မည် မဟုတ်ချေ။

ထိုအချိန်တုန်းက ရွှီချင်းသာဆိုလျှင် သူက ဧကရီ၏ တည်ငြိမ်မှုကို တခြားအဓိပ္ပာယ်ဖြင့် နားလည်လိမ့်မည်။

သို့သော်လည်း ယခု သူ၏ အတွေ့အကြုံများအရ ဧကရီသည် သူ၏ အဆင့်အတန်းနှင့် ရပ်တည်မှုကြောင့် သူ၏ စိတ်ခံစားချက်များကို တမင်ဖုံးကွယ်ထားကြောင်း ထုံးစံအားဖြင့် သူပြောနိုင်သည်။ မည်သို့ဖြစ်ပါစေ ဤအခိုက်အတန့်မှာ လူသားအားလုံး၏ အကြည့်များက ဧကရီအပေါ်မှာ စုဝေးနေကြသည်။

ဧကရီသည် ဝမ်ကူးကုန်းမြေမှ လူသားမျိုးနွယ်၏ စွမ်းအင်အရင်းအမြစ်ဖြစ်ပြီး ပင်မထောင့်တိုင် ဖြစ်သည်။

အကယ်၍ သူက ကြောက်ရွံ့နေမည်ဆိုလျှင် လူသားများက ကြောက်ရွံ့သွားလိမ့်မည်။ အကယ်၍ သူက တုန်လှုပ်နေမည်ဆိုလျှင် လူသားများက တုန်လှုပ်သွားလိမ့်မည်။

ရိုးရှင်းစွာပြောရလျှင် ဤအခိုက်အတန့်မှာ ဝမ်ကူးကုန်းမြေမှ အသင်္ချေမျိုးနွယ်စုများ၊ မရေမတွက်နိုင်သော နတ်ဘုရားများနှင့် ပညာရှင်ကျင့်ကြံသူများသည် ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြု၍ လူသားမျိုးနွယ်၏ ဤမဟာပွဲအခမ်းအနားကို အာရုံစိုက်နေကြသည်။

ထို့ကြောင့် ဧကရီ၏ အမူအရာ၊ စကားလုံးများနှင့် လုပ်ဆောင်မှုများက အင်အားစုအသီးသီး၏ စောင့်ကြည့်လေ့လာမှုအောက်မှာ မည်မျှအကျိုးသက်ရောက်မှုကြီးမားကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။

အကယ်၍ သူသာ အမှားတစ်ခုပြုလုပ်မိသွားလျှင် အန္တရာယ်က ပိုပြီးကြီးမားလာလိမ့်မည်။

ယင်းကို ဓားသွားပေါ်မှာ လမ်းလျှောက်ခြင်းဟု ဆိုနိုင်ပေသည်။

ထို့ကြောင့် သူက အေးဆေးတည်ငြိမ်ရုံသာ တတ်စွမ်းသည်။

ရွှီချင်းက တွေးတောနေစဉ် ကောင်းကင်ပေါ်မှ အသံများက ပိုပြီးကျယ်လောင်လာသည်။ မြေပြင်သည် ပရမ်းပတာ တုန်ခါသွားပြီး အက်ကွဲနေသော ခံစားမှုသည် ပိုပြီးထင်ရှားလာသည်။

လောကကြီးသည် တဝုန်းဝုန်း လှိုင်းထနေသော ပင်လယ်ကြီးအဖြစ် အသွင်ပြောင်းလဲသွားဟန် ရသည်။ လူသားမျိုးနွယ်သည် ထိုလှိုင်းလုံးများကြားထဲမှာ ရွက်လွှင့်နေသော အထီးကျန်လှေငယ်လေးတစ်စင်း ဖြစ်သည်။ နိမ့်ချည်မြင့်ချည် ထွက်ပေါ်လာနေသော လှိုင်းလုံးများသည် လှေငယ်လေးကို အချိန်မရွေး ဖျက်ဆီးပစ်နိုင်သည်။

မီးတောက်ပင်လယ်ထဲမှ မြည်ဟိန်းထွက်လာသော ပေါက်ကွဲသံများသည် အလွန်အမင်း ကျယ်လောင်သည်။

လရောင်ခြည်က ပြန့်ကျဲသွားပြီး နတ်ဘုရားအခွင့်အာဏာ စွမ်းအင်လှိုင်းများကို ဖွဲ့စည်းလိုက်ကြောင်း မည်သူမဆို အာရုံခံနိုင်ပေသည်။ အဆင့်မြင့်နတ်ဘုရားမီးလျှံလ၏ အရှိန်အဝါသည် လွှမ်းမိုးဖိနှိပ်စွာ ထွက်ပေါ်လာပြီး အရာအားလုံးကို ဖယ်ရှားလိုက်သည်။

နတ်ဘုရားများကြားမှ တိုက်ပွဲသည် အထူးသဖြင့် မီးလျှံလနှင့် မီးတောက်နတ်ဘုရားကဲ့သို့ အဆင့်မြင့်နတ်ဘုရားများကြားမှ တိုက်ပွဲသည် သာမန်ကျင့်ကြံသူများ သာမန်မျက်စိဖြင့် ကြည့်ရှုနိုင်သောအရာ မဟုတ်ပေ။

သူတို့၏ စိတ်အာရုံသည်ပင် စိတ်ကူးယဉ်ပန်းချီကားတစ်ချပ် ဖြစ်လာလိမ့်မည်။

ထို့ကြောင့် ကောင်းကင်ပေါ်မှ မီးတောက်ပင်လယ်နှင့် လရောင်ခြည်သည် ထိုစိတ်ကူးယဉ်ပန်းချီကားထဲသို့ ပေါင်းစပ်သွားကြသည်။

ပန်းချီကားထဲတွင် လစန္ဒာက ပျံ့ပွားနေပြီး မီးတောက်များက တဟုန်းဟုန်း တောက်လောင်နေကြသည်။

ပြစ်ချက်မဲ့အဆင့်နှင့် ကပ်ဘေးမီးတောက်အဆင့်ကြားမှ ခြားနားမှုသည် ထိုပန်းချီကားထဲမှာ ရှင်းလင်းစွာ ထွက်ပေါ်လာသည်။

အမှန်မှာ အကယ်၍ မီးလျှံလသာ ဆန္ဒရှိမည်ဆိုလျှင် သူက ကပ်ဘေးမီးတောက်အဆင့် နတ်ဘုရားတစ်ပါးကို လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံဖြင့် အနိုင်ယူနိုင်သည်။

သို့သော်လည်း သူက ထိုသို့လုပ်ဆောင်ရန် ဆန္ဒမရှိကြောင်း ထင်ရှားသည်။

ရွှံ့မြေခွေးသည်လည်း ထို့အတူပင်။ သူက အမှောင်ညထဲမှာ တည်ငြိမ်စွာ လမ်းလျှောက်နေသည်။ ဖုန်မှုန့်သည် ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး ရွှံ့သည် မြေကြီးထဲမှ မြှောက်တတ်လာသည်။ သူဖြတ်သန်းသွားသည့်နေရာတိုင်း အရာအားလုံးက ဧရာမရွှံ့ရုပ်တုအဖြစ် စုပုံသွားဟန် ရသည်။

ထိုထဲမှာ သူ့အရှေ့တွင် ဆက်တိုက် အနောက်ဆုတ်သွားနေသော အလောင်းများဖြင့် ဖွဲ့စည်းထားသည့် နတ်ဘုရားလည်း ပါဝင်သည်။

ရှင်းလင်းစွာပင် မီးလျှံလ၏ နတ်ဘုရားနှစ်ပါးသည် နီလာအင်ပါယာကုန်းမြေမျိုးနွယ်မှ နတ်ဘုရားနှင့် မြေအောက်လောကအလောင်းကောင်မျိုးနွယ်မှ နတ်ဘုရားကို အချိန်တစ်ခဏမျှသာ တားဆီးပေးရန် ဆန္ဒရှိကြသည်။

သူတို့က ကပ်ဘေးမီးတောက်အဆင့် ထိုနတ်ဘုရားနှစ်ပါးကို အလွယ်တကူ သတ်ပစ်နိုင်သော်လည်း ထိုအတွက် တန်ဖိုးကို လူသားမျိုးနွယ်က မပေး‌ချေနိုင်ဟန် ရသည်။

ယင်းက သူတို့ကြားမှ သဘောတူညီမှုထက် ကျော်လွန်နေသည်။

ယင်းတို့အားလုံးကို ဧကရီက သတိပြုမိသည်။

မီးတောက်နတ်ဘုရား၏ ရောက်ရှိလာမှုဖြစ်စေ သို့မဟုတ် မြေအောက်လောကအလောင်းကောင်မျိုးနွယ်မှ နတ်ဘုရား၏ ထွက်ပေါ်လာမှုဖြစ်စေ ထိုအရာအားလုံးက သူ၏ မျှော်လင့်ထားမှုအတွင်းမှာသာ ရှိသည်။

အတိတ်တွင် နတ်ဘုရားသုံးပါး၏ အဆင့်တတ်မှုက အနာဂတ်တွင် သူရင်ဆိုင်ရမည့် အတားအဆီးများ၏ အတိုင်းအတာကို ကြိုမြင်နိုင်စေခဲ့သည်။

ထို့ကြောင့် သူက အတိတ်မှာ နတ်ဘုရားသုံးပါးနှင့် ပူးပေါင်းဆောင်ရွက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်လူက အရေးကြီးအခိုက်အတန့်သို့ ကျရောက်နေစဉ် သူက ကြီးမားသော စွန့်စားမှုကို ပြုလုပ်၍ နတ်ဘုရားသုံးပါးအတွက် ဧရာမကြယ်လက်ဝါးကို ခုခံတားဆီးပေးခဲ့သည်။

ထိုအတွက် အပြန်အလှန်အနေနှင့် ယနေ့ နတ်ဘုရားအဖြစ်သို့ သူတတ်လှမ်းမည့်အချိန်မှာ နတ်ဘုရားသုံးပါးက ဝင်ရောက်ကူညီပေးရမည်။

နတ်ဘုရားနှစ်ပါးက အစွမ်းကုန် ထုတ်သုံး၍ မတိုက်ခိုက်ကြသော်လည်း ယနေ့ သူတို့၏ ရောက်ရှိလာမှုက သူတို့၏ သဘောထားကို ဖော်ပြပြီးပြီ ဖြစ်သည်။ ယင်းက အပေးအယူတစ်ခုမျှသာဖြစ်ကြောင်း ဧကရီက ကောင်းမွန်စွာ နားလည်ထားသည်။

မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်သည် ရှေးခေတ်ကာလမှာ လူသားမျိုးနွယ်၏ ရန်သူဖြစ်ခဲ့သော်လည်း အနာဂတ်တွင် ရန်သူသည် မိတ်ဆွေဖြစ်လာနိုင်ပေသည်။

မည်သို့ဖြစ်ပါစေ ဝမ်ကူးကုန်းမြေမှ တခြားနတ်ဘုရားများထက်စာလျှင် မီးလျှံလနတ်ဘုရားသုံးပါး၏ ဇစ်မြစ်ကြောင့် ၎င်းတို့က လူသားမျိုးနွယ်၏ မဟာမိတ်ဖြစ်လာရန် သင့်တော်သည်။

မှန်ပေ၏။ ထိုသို့မဟာမိတ်ဖွဲ့ရန် လူသားမျိုးနွယ်သည် ၎င်းတို့နှင့် တန်းတူညီမျှသော အင်အားကို အရင်ဦးဆုံး ပိုင်ဆိုင်ထားရပေမည်။

ဧကရီသည် ကောင်းကင်ထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး ရှေးဘုရင်ဂြိုလ်ကို ဝန်းရံထားသော ဝဲကတော့ငါးခုအတွင်းမှ လူသားဧကရာဇ်ဒုန်းရှန့်၏ အလောင်းကို ကြည့်လိုက်သည်။

လူသားဧကရာဇ်ဒုန်းရှန့်က စစ်ပွဲစတင်ခဲ့ရသော အကြောင်းအရင်းဖြစ်သည့် မီးလျှံလ၏ လျှို့ဝှက်ချက်သည် နတ်ဘုရားသုံးပါး၏ ဇစ်မြစ်အကြောင်း ဖြစ်သည်။

လူသားဧကရာဇ်ဒုန်းရှန့်သည် ထိုလျှို့ဝှက်ချက်ကို သူတော်စင်ကုန်းမြေထံသို့ တင်ပြခဲ့သည့်အပြင် သူ၏ နောင်မျိုးဆက်များကိုလည်း ပြောကြားခဲ့သည်။

ဧကရီသည် အကြည့်ပြန်ရုပ်လိုက်ပြီး မိုးကုပ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်သည်။ သူ၏ နတ်ဘုရားမီးတောက်သည် အရေးကြီးအခိုက်အတန့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“ ငါတို့ရဲ့ အပေးအယူထဲမှာ ပစ္စည်းတစ်ခု ပါဝင်တယ် ”

ဧကရီက လှမ်းကြည့်လိုက်သည်နှင့်ချက်ချင်း ကမ္ဘာတုန်ဟီးစေနိုင်သော ဗုံသံများသည် ကောင်းကင်၏ အဆုံးသတ်မှ မြည်ဟိန်းထွက်လာသည်။

ဗုံသံထွက်ပေါ်လာသည်နှင့်ချက်ချင်း သက်ရှိအားလုံး၏ စိတ်ဝိညာဉ်သည် တုန်လှုပ်သွားသည်။ ကောင်းကင်သည် အရောင်ကင်းမဲ့သွားပြီး မြေပြင်သည် ဗလာနတ္ထိအဖြစ်သို့ ပြောင်းလဲသွားတော့မည့်ဟန် ရသည်။ ဤအခိုက်အတန့်မှာ လောကတစ်ခုလုံး အပြင်းအထန် တုန်လှုပ်သွားသည်။

ကောင်းကင်သော်လည်းကောင်း၊ မြေပြင်သော်လည်းကောင်း၊ တောင်တန်းများနှင့် ပင်လယ်များသော်လည်းကောင်း၊ သက်ရှိအားလုံးသော်လည်းကောင်း ယင်းတို့အားလုံးက အပြင်းအထန် တုန်လှုပ်သွားကြသည်။

ဤသည်မှာ အလွန်အစွမ်းထက်သော တည်ရှိမှုတစ်ခုက လူသားလောကဆီသို့ ဗုံသံများနှင့်အတူ လျှောက်လှမ်းလာနေသည့်အလားပင်။

မကြာမီ ဟင်းလင်းပြင်သည် လှိုင်းထသွားပြီး အက်ကွဲသွားသည်။ ထိုအက်ကွဲကြောင်းသည် အဆုံးမဲ့သည့်အလား အနောက်အရပ်မှ အရှေ့အရပ်သို့ ဆန့်တန်းနေသည်။

အလွန်ပူပြင်းသော လေသည် အက်ကွဲကြောင်းထဲရှိ မြောက်ပိုင်းမှ တိုက်ခတ်လာသည်။

All Chapters