← Chapters

မင်းသေချင်တယ်ဆိုရင် လာခဲ့(ခ)

Vol. 90 Ch. 1377

မင်းသေချင်တယ်ဆိုရင် လာခဲ့(ခ)

Vol. 90 Ch. 1377

လေသည် အလွန်ပူပြင်းပြီး သက်ရှိအားလုံးကို အမြစ်ဖြတ်သုတ်သင်ပစ်နိုင်ဟန် ရ၏။ လေသည် တဖြည်းဖြည်း ပိုကြမ်းတမ်းလာပြီး တအင့်အင့်ညည်းသံကို ထုတ်ဖော်လိုက်သည်။ နောက်ဆုံးမှာတော့ လေသည် အချိန်နှင့်လေဟာနယ်ကို ဖိနှိပ်နိုင်သော မုန်တိုင်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။

မီးတောက်နတ်ဘုရားဖြစ်စေ အမှောင်နတ်ဘုရားဖြစ်စေ ၎င်းတို့က အဝေးမှ မုန်တိုင်းကို ကြည့်လိုက်သည့်အခါ တုန်ယင်သွားကြသည်။

၎င်းတို့၏ အကြည့်အောက်မှာ ပုံရိပ်နှစ်ခုသည် အက်ကွဲကြောင်းထဲမှ ထွက်လျှောက်လာကြသည်။

ထိုပုံရိပ်နှစ်ခုသည် အရွယ်အစား မတူညီကြချေ။

ရှည်လျားသော ပုံရိပ်သည် ပေတစ်ထောင်အရွယ်အစား ရှိသည်။ ရွှေရောင်အရိုးသံချပ်ကာသည် ၎င်း၏ တစ်ကိုယ်လုံးကို အပြည့်ဖုံးလွှမ်းထားပြီး ၎င်း၏ အသွေးအသားနှင့် တစ်သားတည်း ပေါင်းစပ်နေပုံပေါ်သည်။ ယင်းက ချောက်ချားဖွယ်ကောင်းသော အသွင်သဏ္ဍာန်ကို ပေါ်လွင်စေသည်။

၎င်း၏ ဦးခေါင်းပေါ်မှာလည်း စစ်ချပ်ဝတ်ရှိသည်။ သို့သော်လည်း စစ်ချပ်ဝတ်သည် ၎င်း၏ မျက်နှာကို မဖုံးကွယ်ထားပေ။ ၎င်း၏ မျက်နှာသည် အာကာသတွင်းနက်ပမာ မည်းမှောင်နေသည်။

၎င်းမှာ မျက်နှာမရှိဘူးဟု ဆိုနိုင်ပေသည်။

၎င်း၏ အနောက်တွင် အရေအတွက်များပြားသော ဖဲကြိုးများရှိသည်။ ထိုဖဲကြိုးများသည် မရေမတွက်နိုင်သော ရွှေရောင်လျှပ်စီးတန်းများမှ ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။ ယင်းတို့က အနည်းဆုံး ပေတစ်သိန်းရှည်လျားကြပြီး မြင့်မြတ်ထည်ဝါခြင်းနှင့် ကြီးကျယ်ခမ်းနားသော အငွေ့အသက်ကို ပေးသည်။

ယင်းတို့က ဧရာမအတောင်ပံတစ်ခုကို ဖွဲ့စည်းသွားသည်။

၎င်းက အက်ကွဲကြောင်းထဲမှ ထွက်လျှောက်လာနေစဉ် ၎င်းထံမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားနှင့် အရှိန်အဝါက ဤလောကပေါ်သို့ ဆင်းသက်လာသည်။

သေးငယ်သော ပုံရိပ်သည် ၎င်း၏ အနောက်မှာ အစေခံသဖွယ် လိုက်ပါလာသည်။ ၎င်းက မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခေါင်းအစခြေအဆုံး မီးခိုးရောင်မြူခိုးကို ထုတ်လွှတ်နေသည်။ မြူခိုးထဲတွင် ဒေါသတကြီး အော်ဟစ်သံများက ပဲ့တင်ထပ်နေသည်။ ၎င်းက အဆင့်မြင့်နတ်ဘုရားတစ်ပါး ဖြစ်သည်။

၎င်းက ကပ်ဘေးမီးတောက်အဆင့်မှာ မဟုတ်သော်လည်း ကမ္မမီးတောက်အဆင့်မှာ ရှိနေဆဲပင်။

ထိုသို့ကမ္မမီးတောက်အဆင့် နတ်ဘုရားတစ်ပါးက တစ်စုံတစ်ယောက်၏ အစေခံဖြစ်နေသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် ရွှေရောင်စစ်ချပ်ဝတ်နှင့် နတ်ဘုရားက မည်မျှအဆင့်အတန်းမြင့်မားကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။

“ မြောက်ပိုင်းကံကြမ္မာတော်ဝင်မျိုးနွယ် ”

ဧကရီက တိုးညင်းစွာ ပြောသည်။

ဝမ်ကူးကုန်းမြေ၏ မရေမတွက်နိုင်သော အသင်္ချေမျိုးနွယ်စုများထဲတွင် မြောက်ပိုင်းကံကြမ္မာတော်ဝင်မျိုးနွယ်သည် အဆင့်နှစ်ရှိသည်။

ထိုမျိုးနွယ်၏ အင်အားသည် နံပါတ်တစ်မျိုးနွယ်စုထက် အနည်းငယ် နိမ့်ကျသော်လည်း အတိတ်တုန်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်ထက် အများကြီး သာလွန်သည်။

ဝမ်ကူးကုန်းမြေတစ်ခုလုံးတွင် ၎င်းကို အထွတ်အမြတ်မျိုးနွယ်စုတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။

ယခုရောက်ရှိလာသူသည် မြောက်ပိုင်းကံကြမ္မာတော်ဝင်မျိုးနွယ်၏ နတ်ဘုရားများစွာထဲမှ ကံကြမ္မာဆုံးဖြတ်သူနတ်ဘုရားမှလွဲ၍ တခြားမဟုတ်ပေ။ ၎င်းက ပြစ်ချက်မဲ့အဆင့်၏ အထွတ်အထိပ်မှာ ရှိသည်။

၎င်းထွက်လျှောက်လာသည်နှင့် မီးတောက်နတ်ဘုရားသည် ခေါင်းငုံ့လိုက်ပြီး အမှောင်နတ်ဘုရားသည် အနောက်ဆုတ်သွားသည်။ မီးလျှံလနှင့် မီးလျှံကြယ်သည်လည်း မျက်နှာတည်ကြည်သွားကြသည်။

၎င်းတို့အားလုံးက ပြစ်ချက်မဲ့အဆင့်မှာဖြစ်သော်လည်း ထိုနတ်ဘုရားက နတ်ဘုရားယဇ်ပလ္လင်အဆင့်သို့ တတ်လှမ်းရန် ၎င်းတို့ထက် ပိုပြီးနီးကပ်ကြောင်း ထင်ရှားသည်။

“ ဝမ်ကူးကုန်းမြေက အင်မော်တယ်ကျင့်ကြံသူတွေ နတ်ဘုရားဖြစ်လာတာက လက်မခံနိုင်တဲ့ကိစ္စ မဟုတ်ဘူး ”

“ ဒါပေမဲ့ မြောက်ပိုင်းကံကြမ္မာတော်ဝင်မျိုးနွယ်မှာ လောလောဆယ် အရေးကြီးကိစ္စတစ်ခု ဆောင်ရွက်စရာရှိတယ်… ဒါကြောင့် လူသားမျိုးနွယ်ရဲ့ ဧကရီ… မင်းရဲ့ နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့ကို နောက်နှစ်သုံးထောင်ဆီ ရွှေ့ပြောင်းပေးရမယ် ”

ကံကြမ္မာဆုံးဖြတ်သူနတ်ဘုရားက တည်ငြိမ်စွာ ပြောသည်။

၎င်း၏ အသံက ဝမ်ကူးကုန်းမြေပေါ်သို့ ကျဆင်းလာပြီး ဥပဒေသတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်နှင့် မြေပြင်ကို ချိပ်ပိတ်လိုက်သည်။

ထိုသို့ပြောပြီးနောက် ၎င်းက ဧကရီကို ကြည့်လိုက်သည်။ ၎င်း၏ အသံက အလွန်တည်ငြိမ်လေရာ ၎င်းက ရိုးရှင်းစွာ အမိန့်ပေးနေသည့်အလားပင်။ ၎င်းက နားထောင်သူကို ငြင်းဆန်ရန် ခွင့်မပြုချေ။

ဧကရီသည် နှုတ်ဆိတ်သွားသည်။ သို့သော်လည်း ရှေးဘုရင်ဂြိုလ်ပေါ်မှ နတ်ဘုရားမီးတောက်သည် အားမနည်းသွားပေ။ ယင်းအစား တဟုန်းဟုန်း တောက်လောင်လာပြီး ယခင်ထက် ပိုပြီးကြမ်းတမ်းလာသည်။

မီးတောက်လောင်ကျွမ်းမှုက အလွန်ပြင်းထန်လေရာ ပေါက်ကွဲသံများပင် ထွက်ပေါ်လာသည်။

ယင်းကို မြင်သောအခါ ကံကြမ္မာဆုံးဖြတ်သူနတ်ဘုရားက အမူအရာကင်းမဲ့စွာ လက်မြှောက်လိုက်သည်။

ချက်ချင်းဆိုသလို ဘေးပတ်ဝန်းကျင်မှ မုန်တိုင်းက ပိုပြီးကြမ်းတမ်းလာပြီး ဧကရီနှင့် ရှေးဘုရင်ဂြိုလ်ကို ဖျက်ဆီးပစ်ရန် ရွေ့လျားလာသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ဧရာမနေတစ်စင်းသည် ဧကရီနှင့် ကံကြမ္မာဆုံးဖြတ်သူနတ်ဘုရားကြားမှာ ထွက်ပေါ်လာသည်။ နေလုံးထံမှ အလင်းရောင်သည် တစ်လောကလုံးကို လင်းထိန်သွားစေသည်။

နေရောင်ခြည်ကျရောက်လာသည့်အခါ မုန်တိုင်းက ရပ်တန့်သွားသည်။

ပုံရိပ်တစ်ခုသည် နေလုံးထဲမှ ထွက်လျှောက်လာသည်။

၎င်း၏ ခန္ဓာကိုယ်က အမျိုးသမီးတစ်ယောက်၏ ခန္ဓာကိုယ်နှင့် ဆင်တူသော်လည်း အသွင်သဏ္ဍာန်က ယောင်္ကျားပုံစံပေါ်သည်။ ၎င်း၏ အနောက်တွင် နေတစ်စင်းထွက်ပေါ်နေပြီး အဆုံးမဲ့သော နေရောင်ခြည်ကို ထုတ်လွှတ်နေသည်။ ၎င်း၏ ခြေဖဝါးအောက်တွင် မရေမတွက်နိုင်သော သက်ရှိများနှင့် မကောင်းဆိုးဝါးဝိညာဉ်များက အော်ဟစ်ညည်းညူနေကြသည်။

၎င်းသည် နတ်ဘုရားသုံးပါးထဲတွင် အသန်မာဆုံးဖြစ်သော အဆင့်မြင့်နတ်ဘုရားမီးလျှံနေ ဖြစ်သည်။

မီးလျှံနေသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း မြောက်ပိုင်းကံကြမ္မာတော်ဝင်မျိုးနွယ်၏ ကံကြမ္မာဆုံးဖြတ်သူနတ်ဘုရားကို တားဆီးလိုက်သည်။ ထို့နောက် ၎င်းက လက်ဝှေ့ယမ်းလိုက်သည့်အခါ ရောင်စဉ်ခုနစ်သွယ်နတ်ဘုရားအဆောင်တစ်ခုက ဧကရီထံသို့ ပျံသန်းသွားသည်။

“ ငါတို့က ကတိကို တန်ဖိုးထားတယ်… ငါတို့က အပေးအယူထက် ဘောင်ကျော်တဲ့ အရာတွေကို လုပ်ဆောင်ပေးမှာ မဟုတ်ဘူးဆိုပေမဲ့ သဘောတူထားတဲ့အတိုင်း ဆောင်ရွက်ပေးမယ်… သဘောတူညီချက်အရ မင်းက အရေးကြီးအခိုက်အတန့်မှာ ငါတို့ကို အစွမ်းကုန် ဝင်ကူညီပေးပြီး တကယ်လို့ ဂမ္ဘီရမှော်သခင်က ကျရှုံးသွားမယ်ဆိုရင် အဲ့ဒီပစ္စည်းက မင်းအပိုင်ဖြစ်လာလိမ့်မယ်… အခု အဲ့ဒါက မင်းရဲ့ဟာ ဖြစ်သွားပြီ ”

“ လူသားမျိုးနွယ်ရဲ့ ဧကရီ… ငါတို့ရဲ့ အနာဂတ် သဘောတူညီချက်တွေကိုလည်း ဒီအတိုင်းပဲ တည်ကြည်ဖြောင့်မတ်စွာ စောင့်ထိန်းပေးမယ်လို့ ငါမျှော်လင့်တယ် ”

နေနတ်ဘုရားသည် ဖြည်းညင်းစွာ စကားပြောပြီးနောက် ကံကြမ္မာဆုံးဖြတ်သူနတ်ဘုရားဆီသို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

“ မြောက်ပိုင်းကံကြမ္မာတော်ဝင်မိသားစု… ဒီနေရာက ဝမ်ကူးကုန်းမြေရဲ့ အရှေ့ပိုင်းဒေသပဲ… မင်းတို့ရဲ့ မြောက်ပိုင်းဒေသမဟုတ်ဘူး… မင်းတို့ရဲ့ လက်တံက… အရမ်းရှည်သွားပြီ ”

နေနတ်ဘုရားက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါ ၎င်း၏ အနောက်မှ နေလုံးသည် ပိုပြီးထွန်းလင်းတောက်ပလာသည်။ နေရောင်ခြည်သည် စူးရှတောက်ပစွာ ပေါ်ထွက်လာပြီး မျက်မှောင်ကြုတ်နေသော ကံကြမ္မာဆုံးဖြတ်သူနတ်ဘုရားပေါ်သို့ လွှမ်းခြုံသွားသည်။

ထိုအခိုက်အတန့်မှာ ရောင်စဉ်ခုနစ်သွယ်နတ်ဘုရားအဆောင်သည် ဧကရီဆီသို့ ချဉ်းကပ်သွားသည်။ ဧကရီသည် လက်မြှောက်လိုက်ပြီး နတ်ဘုရားအဆောင်ကို ဖမ်းဆုပ်လိုက်သည်။

လူသားမျိုးနွယ်ထဲမှ လူသားအများစုသည် ထိုနတ်ဘုရားအဆောင်ကို မသိကြချေ။

သို့သော်လည်း ရွှီချင်းသည် ယင်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မှတ်မိသွားသည်။

အဘယ့်ကြောင့်ဆိုသော် ယင်းက အတိတ်မှာ အားညိုနှင့် သူရရှိခဲ့သော နတ်ဘုရားအဆောင်နှင့် အတူတူဖြစ်သောကြောင့် ဖြစ်သည်။

ထိုနတ်ဘုရားအဆောင်သည် အတိတ်တွင် နတ်ဘုရားနယ်မြေထဲမှာ ဂမ္ဘီရမှော်သခင်၏ နတ်ဘုရားအဖြစ်တတ်လှမ်းမှုက ကျရှုံးသွားပြီး သူ၏ သေဆုံးမှုမှ ဖြစ်ပေါ်လာသော အဆောင်ဖြစ်သည်။

ယင်းသည် နတ်ဘုရားနယ်မြေ၏ အခွင့်အာဏာနှင့် နတ်ဘုရားနယ်မြေ၏ အဆင့်တတ်မှုစွမ်းအားကို ပေါင်းစည်းပြီးနောက် ဖြစ်ပေါ်လာသော အဆောင်ဖြစ်သည်။ နတ်ဘုရားနယ်မြေက ပျောက်ကွယ်သွားသော်လည်း နတ်ဘုရားအဆောင်က ကျန်ရှိနေဆဲပင်။ ယင်းထဲမှာ အလွန်အံ့ဖွယ်ကောင်းသော နတ်ဘုရားအစွမ်းက ကိန်းအောင်းနေလေရာ တစ်စုံတစ်ယောက်က နတ်ဘုရားတစ်ပါးဖြစ်လာရန် ကြိုးစားရာတွင် ယင်းက ကြီးမားသော အထောက်အပံ့များကို ပေးနိုင်သည်။

ထိုနတ်ဘုရားအဆောင်ကို ဆုပ်ကိုင်ထားပြီးနောက် ဧကရီ၏ မျက်လုံးထဲမှာ စူးရှသော အလင်းရောင် ထွက်ပေါ်လာသည်။ သူက နတ်ဘုရားအဆောင်ကို ဂရုတစိုက် စစ်ဆေးလိုက်ပြီး ယင်းက အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာစဉ် သူက လက်ဝှေ့ယမ်းလိုက်သည်။

နတ်ဘုရားအဆောင်သည် ချက်ချင်း ပျောက်ကွယ်သွားသည်။ ယင်းက ပြန်ပေါ်လာသည့်အခါ ရှေးဘုရင်ဂြိုလ်၏ အနက်ပိုင်းထဲသို့ ရောက်ရှိသွားသည်။

နောက်အခိုက်အတန့်မှာ နတ်ဘုရားအဆောင်က လောင်စာအဖြစ် ပြိုကွဲသွားသည်။ ထိုအခါ ရှေးဘုရင်ဂြိုလ်တစ်ခုလုံး ပရမ်းပတာ တုန်လှုပ်သွားသည်။ နတ်ဘုရားမီးတောက်သည် ယခင်ကထက် ဆယ်ဆပိုပြီး အားကောင်းလာသည်။

မီးတောက်၏ သိပ်သည်းမှုသည်လည်း တစ်ဟုန်ထိုး တိုးမြှင့်သွားသည်။

နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့၏ လုပ်ငန်းစဉ်သည် ချက်ချင်း အရှိန်တိုးမြှင့်သွားသည်။ အံ့ဖွယ်ကောင်းသော ဝိညာဉ်လှိုင်းတစ်ခုသည် ယခင်လူသားဧကရာဇ်များ၏ အလောင်းများထံမှ ပေါ်လျှိုးလာပြီး လေထဲသို့ မြှောက်တတ်သွားသည်။

ယခု မည်သည့်အတားအဆီးမှ မရှိတော့ပေ။

သို့သော်လည်း ထိုအခိုက်အတန့်မှာ မီးခိုးရောင်ပုံရိပ်တစ်ခုသည် နေရောင်ခြည်ထဲမှ ရုတ်တရက် ပျံသန်းထွက်လာသည်။

၎င်းက ကံကြမ္မာဆုံးဖြတ်သူနတ်ဘုရား၏ အစေခံနတ်ဘုရားဖြစ်သည်။

အကယ်၍ နေနတ်ဘုရားသာ ဆန္ဒရှိမည်ဆိုလျှင် ၎င်းက ထိုအစေခံနတ်ဘုရားကို တားဆီးပေးနိုင်သည်။ သို့သော်လည်း အစောနက ၎င်းပြောခဲ့သည့်အတိုင်း ၎င်းတို့က အပေးအယူ၏ ဘောင်အတွင်းမှာသာ ဆောင်ရွက်ပေးလိမ့်မည်။ လူသားမျိုးနွယ်အတွက် နတ်ဘုရားသုံးပါးကို တားဆီးပေးခြင်းသည် ၎င်းတို့ကြားမှ အပေးအယူ၏ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထို့ကြောင့် တခြားအတားအဆီးများကိုတော့ လူသားမျိုးနွယ်က ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းရလိမ့်မည်။ ထို့ပြင် နတ်ဘုရားသုံးပါးသည် လူသားမျိုးနွယ်၏ လက်ရှိအခြေခံအုတ်မြစ်က အနာဂတ်မှာ ၎င်းတို့နှင့်အတူတူ ကိစ္စကြီးများကို ပူးပေါင်းဆောင်ရွက်ရန် အရည်အချင်းပြည့်မီသလား မြင်ချင်နေကြသည်။

All Chapters