← Chapters

ဒုက္ခရှာတာ တန်လို့လား

Vol. 90 Ch. 1382

ဒုက္ခရှာတာ တန်လို့လား

Vol. 90 Ch. 1382

နေဝင်သွားပြီ ဖြစ်သည်။

ဧကရီ၏ နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့တွင် အင်အားစုအများကြီး ပါဝင်ပတ်သက်နေကြသည်။

ထိုထဲမှာ နန်းမြို့တော်ထဲမှ ဧကရီ၏ ကိုယ်ပိုင်ရိုးရာဓလေ့၊ ကောင်းကင်ဝါးမျိုဒေသကြီးထဲမှ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ စီစဉ်မှုများ၊ အနာဂတ်အတွက် နေ၊ လ၊ ကြယ် နတ်ဘုရားသုံးပါး၏ အစီအစဉ်များ ပါဝင်ကြသည်။

ထိုထဲမှာ သူတော်စင်ကုန်းမြေ၏ သဘောထားလည်း ပါဝင်သည်။

ထိုထဲမှာ ဤနေရာသို့ မဆင်းသက်လာသော်လည်း ဧကရီနှင့် အပေးအယူလုပ်ထားသူများလည်း ပါဝင်ကြသည်။

ဥပမာ တစ္ဆေလှိုင်ဂူထဲမှ သတိုးသမီးဝတ်စုံနှင့် အမျိုးသမီးဖြစ်သည်။

တစ်စုံတစ်ယောက်သည် ထိုလုပ်ငန်းစဉ်၏ ရှုပ်ထွေးမှုကို စိတ်ကူးကြည့်နိုင်ပေသည်။

တခြားအရာများကိုမဆိုထားနှင့် ထိုကမ္မများထဲမှာ ဓားကိုင်ဧကရာဇ်၏ ကမ္မလည်း ပါဝင်နေသည်။

ဤဘဝတွင် ဓားကိုင်ဧကရာဇ်သည် မရေမတွက်နိုင်သော နတ်ဘုရားများကို သုတ်သင်ပစ်ခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ သို့ဖြစ်၍ ယခု သူက သေအံ့ဆဲဆဲအခြေအနေသို့ ရောက်ရှိနေကြောင်း လူအများစုက ခန့်မှန်းထားကြလေရာ နတ်ဘုရားများစွာသည် ထုံးစံအားဖြင့် ထိုကမ္မကြောင့် ဆွဲဆောင်ခံလိုက်ရကြသည်။

သို့ဖြစ်၍ အခြေအနေသည် ပိုပြီးရှုပ်ထွေးလာသည်။

ထိုသို့ကြီးမားသော အပြောင်းအလဲသည် ဝမ်ကူးကုန်းမြေထဲမှာ အလွန်ရှားပါးသည်။

ယင်းက ဝမ်ကူးကုန်းမြေတစ်ခုလုံး၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။

သို့သော်လည်း ဓားကိုင်ဧကရာဇ်သည် ယခုအချိန်ထိတိုင် ဒဏ္ဍာရီလာနောက်ဆုံးဓားချက်ကို အသုံးမပြုရသေးချေ။

ထိုဓားချက်က အင်အားစုအားလုံး၏ ဦးခေါင်းပေါ်မှာ မိုးထားဟန် ရသည်။ ထို့ကြောင့် အစွမ်းထက်မျိုးနွယ်စုကြီးများနှင့် နတ်ဘုရားများက စိုးရိမ်ကြောင့်ကြနေကြသည်။ ၎င်းတို့ထဲမှ မည်သူမှ ထိုဓားချက်၏ အမျက်ဒေါသကို မရင်ဆိုင်ချင်ကြပေ။

သို့ဖြစ်၍ အစွမ်းကြီးမားသော ယုလျှိုချန်းသည်ပင် အနောက်ဆုတ်သွားခဲ့ခြင်း ဖြစ်သည်။

၎င်းက အင်မော်တယ်အမှန်တရားခေါင်းလောင်း၏ တားဆီးခံခဲ့ရသည်ဟု ထင်မှတ်ရသော်လည်း အမှန်မှာ ၎င်းက ဓားကိုင်ဧကရာဇ်ကို ကြောက်လန့်နေဆဲပင်။

၎င်းက အသက်ကို စွန့်စားပြီး မစူးစမ်းချင်ပေ။

သို့သော်လည်း အကယ်၍ မည်သူမှ မစူးစမ်းလျှင် ဤရိုးရာဓလေ့က အောင်မြင်စွာ ပြီးမြောက်သွားပြီး ဧကရီက နတ်ဘုရားတစ်ပါးဖြစ်လာလိမ့်မည်။

ထိုအချိန်ကျလျှင် အထွတ်အထိပ်အုပ်ချုပ်သူအဆင့်မှ နတ်ဘုရားတစ်ပါးဖြစ်လာသော ဧကရီနှင့် လူသားဧကရာဇ်အလောင်းနတ်ဘုရားငါးပါးတို့၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားကြောင့် ဓားကိုင်ဧကရာဇ်ကို စူးစမ်းရန် မည်သို့မှ မဖြစ်နိုင်တော့ပေ။

ဤအခိုက်အတန့်မှာ ယင်းက ဧကရီကို နတ်ဘုရားမဖြစ်စေချင်ဆုံး အင်အားစုပေါ်မှာ အများကြီး မူတည်နေသည်။

ထို့ကြောင့်…

နန်းမြို့တော်ထဲတွင် ပြည်သူပြည်သားအများစုက ကောင်းကင်ပေါ်မှ ဧကရီကို မျက်တောင်မခတ်တမ်း စိုးရိမ်ကြောင့်ကြစွာ ကြည့်ရှုနေကြစဉ် အရှေ့ပိုင်းခရိုင်၊ ဆန်ခါကိုးခုလမ်းထဲရှိ စာအုပ်ဆိုင်တစ်ဆိုင်တွင် နူးညံ့သော သက်ပြင်းချသံက ထွက်ပေါ်လာသည်။ ဤစာအုပ်ဆိုင်ကို မိသားစုတစ်ခုတည်းမှ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းဖွင့်လှစ်ခဲ့ကြသည်။

ယနေ့သည် ထူးခြားသည်။ အဘယ့်ကြောင့်ဆိုသော် စာအုပ်ဆိုင်ထဲတွင် ဝယ်သူတစ်ယောက်မှ မရှိပေ။

ဝန်ထမ်းတချို့သည် တံခါးဘေးမှာ ထိုင်နေကြပြီး ကောင်းကင်ကို မော့ကြည့်နေကြကာ တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောနေကြသည်။

သူတို့၏ အနောက်တွင် စားပွဲခုံတစ်လုံးရှိသည်။ စားပွဲခုံ၏ အနောက်တွင် စာအုပ်ဆိုင်ပိုင်ရှင်ဖြစ်သော ဇောင်ယိုဒီက အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက လက်ထဲမှ ဝါးပေလွှာကို ပြန်ပိတ်လိုက်ပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။

အစောနက သက်ပြင်းချသံက သူ့ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဇောင်ယိုဒီ၏ အသွင်သဏ္ဍာန်သည် တမူထူးခြားခြင်း မရှိပေ။ သူ၏ ဆံပင်သည် မီးခိုးရောင်သို့ ပြောင်းလဲနေပြီ ဖြစ်သည်။ လေသည် စာအုပ်ဆိုင်ထဲမှာ တိုက်ခတ်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ ယင်းက သူ၏ ဆံပင်ကို သိမ်မွေ့နူးညံ့စွာ လွင့်မျောသွားစေသည်။

သူက အရွယ်အိုမင်းနေပြီး သူ၏ မျက်နှာပေါ်မှာ အရေးအကြောင်းများပင် ရှိသည်။ ထို့ကြောင့် သူက သဘောကောင်းသော အဖိုးအိုတစ်ယောက်ဟု လူအများ၏ ထင်မြင်ခံရသည်။

သူ၏ မျက်လုံးက အရောင်တောက်ပမနေဘဲ အနည်းငယ် မွဲပြာနေသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ အကူအညီမဲ့သော အရိပ်အယောင်တစ်စွန်းတစ်စက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဒုက္ခရှာတာ တန်လို့လား ”

ဇောင်ယိုဒီသည် ဤစာအုပ်ဆိုင်၏ မျိုးဆက်(၁၇)ဆက်မြောက် ပိုင်ရှင်ဖြစ်သည်။ သူက စာအုပ်ဆိုင်ထဲမှာ အမြဲတမ်း နေထိုင်ခဲ့သည်။ သူ့အတွက် သီးသန့်အိမ်တစ်လုံးသည် စာအုပ်ဆိုင်၏ အနောက်ဘက်ခြမ်းမှာ တည်ရှိသည်။

သူ၏ ဇနီးသည်က ရောဂါကြောင့် စောစီးစွာ သေဆုံးသွားသည်မှလွဲလျှင် ဤဘဝမှာ သူ့အတွက် တခြားနောင်တရစရာ မရှိတော့ဟန် ရသည်။ သူ၏ မိဘများက အသက်ရှင်နေသေးပြီး သူ၏ ကလေးများက ကောင်းမွန်စွာ ကြီးပြင်းလာကြသည်။ စာအုပ်ဆိုင်၏ စီးပွားရေးသည်လည်း ကောင်းမွန်သည်။

သေမျိုးတစ်ယောက်အနေဖြင့် ထိုသို့ဘဝက လုံလောက်ပေသည်။

သူက စာအုပ်ဖတ်ရသည်ကို နှစ်ချိုက်သည်။ အထူးသဖြင့် ရှေးခေတ်အချိန်တုန်းက စာအုပ်များဖြစ်သည်။

စာအုပ်ဖတ်ခြင်းနှင့် တွေးတောခြင်းမှတဆင့် သူက ဤဘဝမှာ အတွေးအခေါ်အများကြီးကို ဆင်ခြင်နားလည်နိုင်ခဲ့ဟန် ရသည်။ ထို့ကြောင့် သူက မကြာခဏဆိုသလို သူ၏ အတွေးအခေါ်များကို သူ့ဘေးပတ်ဝန်းကျင်မှ လူများအပေါ် စိတ်အားထက်သန်စွာ ပြန်လည်မျှဝေပေးခဲ့သည်။

သို့ဖြစ်၍ အိမ်နီးနားချင်းများက သူ့အပေါ် ရိုသေလေးစားကြသည်။

သူကိုယ်တိုင်လည်း ထိုသို့ဘဝမျိုးကို သဘောကျသည်။

သို့သော်လည်း ယနေ့ ထိုအရာအားလုံးက အဆုံးသတ်တော့မည်ဖြစ်ကြောင်း သူသိလိုက်သည်။

ဇောင်ယိုဒီသည် ညင်သာစွာ သက်ပြင်းချလိုက်ပြီးနောက် စားပွဲခုံ၏ အနောက်မှ ထွက်လျှောက်လာသည်။

သူက လက်နောက်ပစ်လျက် လူသူကင်းမဲ့နေသော စာအုပ်ဆိုင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းယမ်းလိုက်ပြီး အဝင်တံခါးပေါက်ဆီသို့ လျှောက်သွားသည်။

သူက တံခါးပေါက်ကို ဖြတ်သန်းသွားတော့မည့်အချိန် တံခါးဘေးမှာ ရပ်နေကြသော ဝန်ထမ်းများက သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

“ သူဌေး… အပြင်မှာ လူတွေအများကြီးနဲ့ ရှုပ်ယှက်ခတ်နေတယ်… မင်း… ”

ဇောင်ယိုဒီသည် သူ၏ ခြေလှမ်းကို ရပ်လိုက်ပြီး ထိုဝန်ထမ်းများကို ကြည့်လိုက်သည်။ အတိတ်ကို လွမ်းဆွေးသတိရသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ မျောက်မျက်နှာ… မင်းက တဖြည်းဖြည်း မင်းရဲ့ အဖိုးနဲ့ ပိုပြီးတူလာတယ် ”

“ ပြီးတော့ နှံကောင်… မင်း စာပိုပြီးလေ့လာရမယ် ကြားလား ”

“ မင်းတို့ကောင်တွေက ငါ့နောက်ကို နှစ်တွေအကြာကြီး လိုက်ခဲ့တယ်… ဒီစာအုပ်ဆိုင်ကို မင်းတို့နှစ်ယောက်ဆီမှာ ငါထားခဲ့မယ် ”

ယင်းကို ကြားသောအခါ ဝန်ထမ်းနှစ်ယောက်က အံ့ဩသွားကြသည်။ သူတို့က အမြန်မတ်တတ်ရပ်လိုက်ပြီး တစ်စုံတစ်ခုပြောရန် ပြင်လိုက်ကြသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူတို့၏ သူဌေးက စာအုပ်ဆိုင်ထဲမှ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ဆန်ခါကိုးခုလမ်းပေါ်တွင် နေဝင်ဆည်းဆာချိန်မှာ ဇောင်ယိုဒီ၏ ပုံရိပ်သည် ဗလာနတ္ထိထဲမှ ထွက်ပေါ်လာပြီး နန်းမြို့တော်ဆီသို့ လျှောက်သွားသည်။

သူက လမ်းလျှောက်နေရင်း သက်ပြင်းချလိုက်သည်။

“ ဒုက္ခရှာတာ တန်လို့လား… ”

ဇောင်ယိုဒီက ထပ်မံ သက်ပြင်းချလိုက်သည်။ သူက သေမျိုးလောကကို နှစ်သက်ပြီး ဤလောကထဲမှ လူသားမျိုးနွယ်ကို သဘောကျသည်။ နှစ်ပေါင်းများစွာအတွင်းမှာ သူက သရုပ်အမျိုးမျိုးဖြင့် အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် ဤစာအုပ်ဆိုင်ထဲမှာ နေထိုင်ခဲ့ပြီး စာအုပ်လာဝယ်ကြသော လူသားများဖြင့် တရင်းတနှီး ပြောဆိုဆက်ဆံခဲ့သည်။ ထိုအတောအတွင်းမှာ အသက်အရွယ်မတူသော်လည်း သူက မိတ်ဆွေအများကြီးကို ရရှိခဲ့သည်။

သူ့ဘဝက ထိုအတိုင်း ဆက်လက် ကုန်ဆုံးသွားလိမ့်မည်ဟု သူတွေးထင်ထားခဲ့သည်။

“ သူတော်စင်ကုန်းမြေက အမှားလုပ်ခဲ့တယ်ဆိုပေမဲ့ ပုန်ကန်ဖို့တော့ မလိုလောက်ပါဘူး… ဟူး ”

ဇောင်ယိုဒီက သက်ပြင်းချနေစဉ် စာအုပ်ဆိုင်၏ အနောက်ဘက်ခြမ်းရှိ အိမ်ထဲတွင် သူ၏ မိဘများ၊ သားသမီးမြေးမြစ်များနှင့် မိသားစုဝင်အားလုံးသည် ပုံမှန်အတိုင်း ပြုမူလှုပ်ရှားနေကြသည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ သူတို့အားလုံးက ရုတ်တရက် ခန္ဓာကိုယ်တောင့်တင်းသွားကြသည်။ ထို့နောက် သူတို့က ဇောင်ယိုဒီကဲ့သို့ သက်ပြင်းချလိုက်ကြသည်။

နောက်အခိုက်အတန့်မှာ သူတို့အားလုံး၏ ခန္ဓာကိုယ်များက ဝေဝါးသွားကြပြီး ငွေရောင်အလင်းစက်များအဖြစ်သို့ ပြောင်းလဲသွားကာ ဟင်းလင်းပြင်သို့ ဝင်ရောက်သွားကြသည်။ ထို့နောက် အလင်းစက်များက ဆန်ခါကိုးခုလမ်းပေါ်တွင် ပြန်ပေါ်လာကြပြီး ဇောင်ယိုဒီ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားကြသည်။

ထိုအခါ သူ၏ ကွေးနေသော ခါးသည် ဖြည်းညင်းစွာ ပြန်မတ်သွားသည်။

သူ၏ အရွယ်အိုမင်းသော မျက်နှာသည် တဖြည်းဖြည်း ငယ်ရွယ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံခြင်းစွမ်းအားသည် သူ၏ ခန္ဓာကိုယ်ထဲမှ တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။ ချီစုဆောင်းခြင်းအဆင့်၊ အခြေတည်အဆင့်၊ ရွှေအမြူတေအဆင့်၊ ဝိညာဉ်နတ်သူငယ်အဆင့်၊ ဝိညာဉ်သိုက်အဆင့်၊ ဗလာနတ္ထိအဆင့်၊ ဝိညာဉ်စုစည်းခြင်းအဆင့်ထိ ဆက်တိုက် မြင့်တတ်သွားသည်။ ထို့နောက် သူ၏ ကျင့်ကြံခြင်းက အုပ်ချုပ်သူအဆင့်သို့ ရောက်ရှိသွားသည်။

သို့သော်လည်း ယင်းက အဆုံးသတ်မဟုတ်သေးပေ။ သူ၏ ကျင့်ကြံခြင်းက ဆက်လက် မြင့်တတ်သွားပြီး ခြေလှမ်းဝက် အထွတ်အထိပ်အုပ်ချုပ်သူအဆင့်သို့ ရောက်ရှိသွားမှသာ ရပ်တန့်သွားသည်။

သူ၏ ခန္ဓာကိုယ်ထဲမှ အလွန်အားကောင်းသော စွမ်းအားကို ထုတ်လွှတ်နေသော်လည်း ယင်းက အပြင်သို့ တစ်စက်လေးမှ မပျံ့လွင့်သွားပေ။

ဝင်လုဆဲဆဲ နေလုံး၏ အလင်းရောင်အောက်မှာ သူ၏ နောက်ကျောမြင်ကွင်းက အထီးကျန်နေပုံပေါ်သည်။

သူက တိတ်ဆိတ်စွာ အရှေ့သို့ ရွေ့လျားသွားနေရင်း သူ့ဘဝကို ပြန်စဉ်းစားလိုက်သည်။

သူက သူတော်စင်ကုန်းမြေတစ်ခုမှာ မွေးဖွားခဲ့ပြီး ဝမ်ကူးကုန်းမြေဆီသို့ တာဝန်တစ်ခုကြောင့် ဆင်းသက်လာခဲ့သည်။

သူ၏ တာဝန်က လူသားဧကရာဇ်တာအိုရှီကျဲကို သတ်ပစ်ရန် ဖြစ်သည်။

တာဝန်က အောင်မြင်ခဲ့သော်လည်း သူက ဤနေရာမှ မထွက်သွားနိုင်ပေ။ ထို့ကြောင့် သူက လူသားမျိုးနွယ်ထဲမှာ အချိန်အကြာကြီး ပုန်းအောင်းနေခဲ့သည်။ ဤအတောအတွင်းမှာ သူက တစ်ခါမှ မလှုပ်ရှားခဲ့ပေ။

အဘယ့်ကြောင့်ဆိုသော် ဓားကိုင်ဧကရာဇ်ကို သူကြောက်ရွံ့သောကြောင့် ဖြစ်သည်။

ဇောင်ယိုဒီသည် ထပ်မံ သက်ပြင်းချလိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

ထိုခြေလှမ်းနှင့်အတူ သူက နန်းမြို့တော်နှင့် နန်းတော်ကို တိုက်ရိုက် ဖြတ်ကျော်သွားပြီး ရှေးဘုရင်ဂြိုလ်ပေါ်မှာ ခြေချလိုက်သည်။ သူ၏ ပစ်မှတ်သည် ရှေးဘုရင်ဂြိုလ်ပေါ်မှ နတ်ဘုရားမီးတောက်ဖြစ်သည်။

သူက ဧကရီနှင့် မတိုက်ခိုက်ချင်သလို ဓားကိုင်ဧကရာဇ်ကိုလည်း ကိုယ်တိုင်မစူးစမ်းချင်ပေ။ သို့ဖြစ်၍ သူ၏ ယုံကြည်မှုအတိုင်း လုပ်ဆောင်လိမ့်မည်။ သူက နတ်ဘုရားမီးတောက်ကိုသာ ငြိမ်းသတ်ပစ်ချင်သည်။

သူက ရှေးဘုရင်ဂြိုလ်ပေါ်မှာ တိတ်တဆိတ် ထွက်ပေါ်လာသည်။

သူ၏ လှုပ်ရှားမှုက မည်သည့်အသံမှ မထွက်ပေါ်ခဲ့ပေ။ ဤသည်မှာ မည်သူမှမသိအောင် နန်းမြို့တော်ထဲမှာ တစ်ချိန်လုံး သူပုန်းအောင်းခဲ့သည့်အတိုင်းပင်။ ဤအခိုက်အတန့်မှာ သူက လက်မြှောက်လိုက်သည်။ ဧကရီက သူ့ကို အာရုံခံမိသွားသည်နှင့်ချက်ချင်း လူတိုင်းက သူ့ကို လှမ်းကြည့်လိုက်ကြသည်။ သူ၏ လက်က နတ်ဘုရားမီးတောက်ပေါ်သို့ ကျရောက်သွားပြီး ယင်းကို ငြိမ်းသတ်ပစ်ရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ တည်ငြိမ်သော အသံသည် ဇောင်ယိုဒီ၏ ဘေးမှ ပဲ့တင်ထပ်လာသည်။

“ စာအုပ်ဆိုင်ပိုင်ရှင်ဇောင်… ဒီမီးတောက်ကို ငြိမ်းသတ်ပစ်လို့ မရဘူး ”

ထိုအသံနှင့်အတူ သေးသွယ်သော ပုံရိပ်တစ်ခုက လေထဲမှာ ထွက်ပေါ်လာသည်။

ထိုသူက ခရမ်းရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး သူ့မှာ ရှည်လျားသော ခရမ်းရောင်ဆံပင်ရှိသည်။ သူ၏ မျက်နှာသည် ကောင်းကင်ဘုံက ထုဆစ်ဖန်တီးပေးထားသည့်အလား ပြစ်ချက်မရှိ ပြီးပြည့်စုံသည်။ သူ၏ မျက်ခုံးက ရှည်လျားပြီး သန်စွမ်းလေရာ တောင်ကုန်းများသဖွယ် အောက်မေ့ရသည်။

အထူးသဖြင့် သူ၏ မျက်လုံးများဖြစ်သည်။ ယင်းတို့ထဲမှာ အသိဉာဏ်အလင်းဖြင့် ပြည့်နှက်နေသည်။

သူက ပရောဟိတ်ဆရာဖြစ်သည်။

သူက ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား ဖြစ်သည်။

သူက နတ်ဘုရားမီးတောက်ကို ကျောပေးလျက် ဇောင်ယိုဒီ၏ အရှေ့မှာ ထွက်ပေါ်လာသည်။ သို့သော်လည်း နတ်ဘုရားမီးတောက်သည်ပင် သူ၏ ကိုယ်ရောင်ကိုယ်ဝါကို မဖုံးလွှမ်းနိုင်ပေ။

မီးတောက်၏ ရောင်ပြန်မှုကြားထဲမှာ သူက ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ပေါ်မှာ ထွန်းလင်းတောက်ပနေသော ကြယ်တစ်လုံးနှင့် ဆင်တူသည်။

သူ၏ နှုတ်ခမ်းထောင့်က အပေါ်သို့ တွန့်ကွေးသွားပြီး သူက ခပ်ရေးရေး ပြုံးလိုက်သည်။ သူက ညင်သာစွာ စကားပြောပြီးနောက် ညာလက်ကို ဝှေ့ယမ်းလိုက်သည်။

ဇောင်ယိုဒီ၏ လက်သည် အရှေ့သို့ ဆက်ပြီး မကျလာနိုင်တော့ပေ။

ပရောဟိတ်ဆရာ၏ ထွက်ပေါ်လာမှုက လူသားကျင့်ကြံသူအများအပြားကို စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်စေခဲ့သည်။

ပရောဟိတ်ဆရာက လျှို့ဝှက်ဆန်းကြယ်ပြီး အံ့ဖွယ်ထူးခြားသော်လည်း ထိုသို့လျှို့ဝှက်ဆန်းကြယ်ခြင်းက အဆုံးမဲ့သော ဖြစ်နိုင်ခြေများကို ကိုယ်စားပြုသည်။

ရွှီချင်းက နှုတ်ဆိတ်သွားသည်။

သူက တစ်ဖက်လူ၏ ရောက်ရှိလာမှုကို မအံ့ဩပေ။

ထို့ကြောင့် သူက တည်ငြိမ်စွာ ကြည့်လိုက်သည်။

ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ အစစ်အမှန်စွမ်းအားကို သူမြင်တွေ့ချင်သည်။

ရွှီချင်း၏ အကြည့်ကို သတိထားမိသောအခါ ဇောင်ယိုဒီနှင့် ရင်ဆိုင်နေသော ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက အကြည့်ရွှေ့ပြောင်းလိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ သူ၏ အပြုံးက ပိုပြီးသိမ်မွေ့နူးညံ့လာသည်။

“ ညီလေး… အကိုပေးတဲ့ လက်ဆောင်ကို မင်းရလား ”

ရွှီချင်းက အမူအရာကင်းမဲ့နေသည်။

ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက ထပ်မံပြုံးလိုက်ပြီး ဇောင်ယိုဒီထံသို့ ပြန်ကြည့်လိုက်သည်။

“ မင်းရဲ့ အချိန်ကို ငါမြင်ခဲ့တယ် ”

သူက ထိုသို့ပြောလိုက်သည့်အခါ ဇောင်ယိုဒီ၏ အမူအရာက မည်းမှောင်သွားသည်။

ခြေလှမ်းဝက် အထွတ်အထိပ်အဆင့် အုပ်ချုပ်သူတစ်ပါးအနေဖြင့် သူက သူတော်စင်ကုန်းမြေထဲမှာပင် အရှင်သခင်တစ်ပါးဖြစ်သည်။

ဝမ်ကူးကုန်းမြေမှ လူသားမျိုးနွယ်ထဲတွင် ဧကရီနှင့် ဓားကိုင်ဧကရာဇ်မှလွဲ၍ မည်သူ့ကိုမှ သူမကြောက်ပေ။ သို့သော်လည်း ဤအခိုက်အတန့်မှာ ထိုလူအပေါ် သူ၏ နားလည်မှုက အမြဲတမ်း ဝေဝါးနေကြောင်း ရုတ်တရက် သူနားလည်သွားသည်။

ထို့ပြင် ယင်းကို တစ်ခါမှ သူသတိမထားမိပေ။

“ ညီလေးက မြင်ချင်နေမှတော့ အကိုကြီးက အသေးစိတ်ပြပေးရတာပေါ့… နောက်တစ်ဆင့်အနေနဲ့ မင်းရဲ့ အချိန်ကို ဖြတ်တောက်ပြီး အဲ့ဒါကို သီးခြားဖြစ်တည်လာအောင် လုပ်မယ် ”

ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက ဆက်ပြောသည်။ သူ၏ စကားသံက ပဲ့တင်ထပ်သွားသည့်အခါ ဇောင်ယိုဒီ၏ ဘေးပတ်ပတ်လည်မှ ဟင်းလင်းပြင်က ရုတ်တရက် ပရမ်းပတာဖြစ်သွားသည်။ သူ၏ ဘဝနှင့် အတိတ်သည် သူ၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားသည်။ ယင်းတို့က သူ့ကို ဗဟိုပြု၍ ပုံရိပ်များသဖွယ် ပျံ့နှံ့ထွက်လာကြသည်။

ထိုပုံရိပ်များထဲတွင် တာအိုရှီကျဲကို သူသတ်ခဲ့သော မြင်ကွင်းများ၊ စာအုပ်ဆိုင်ထဲမှာ သူပုန်းအောင်းနေခဲ့သော မြင်ကွင်းများ၊ သူ့ကိုယ်ပိုင်မိသားစုတစ်ခုကို ဖန်တီးခဲ့သော မြင်ကွင်းများ ပါဝင်ကြသည်။

ထိုသို့ဖြင့် ဝမ်ကူးကုန်းမြေမှ သူ့ဘဝက လူတိုင်း၏ အရှေ့မှာ ထွက်ပေါ်လာလေသည်။

ဇောင်ယိုဒီ၏ မျက်နှာက မည်းမှောင်သွားသည်နှင့်ချက်ချင်း ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ ညာလက်ထဲမှာ အချိန်စွမ်းအားဖြင့် ပြည့်နှက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အတိတ်ပုံရိပ်များထဲမှ မရေမတွက်နိုင်သော ဇောင်ယိုဒီများက ရုတ်တရက် ခေါင်းမော့လိုက်ကြသည်။

အတိတ်မှ ပစ္စုပ္ပန်သို့…

ထို့နောက် သူတို့က ခြေထောက်မြှောက်လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ကြသည်။

လောကသည် တုန်လှုပ်သွားပြီး ကောင်းကင်သည် အရောင်ပြောင်းလဲသွားသည်။ မဟာတာအို၏ အရှိန်အဝါက ဆင်းသက်လာပြီး အချိန်မြစ်က ဗလာနတ္ထိထဲမှ ထွက်ပေါ်လာကာ ဤလောကထဲတွင် စီးဆင်းသွားသည်။

အနက်ရောင်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ဤသည်မှာ ပထမဆုံးအကြိမ် အချိန်မြစ်ကို သူမြင်ဖူးခြင်းမဟုတ်ပေ။ အတိတ်တွင် လပူဇော်ဒေသကြီးထဲမှာ အချိန်တာအိုကို ကျင့်ကြံသော မင်းသမီးမင်မိန်သည် အချိန်မြစ်ကို ဤလောကဆီသို့ ဆွဲထုတ်ခဲ့ဖူးသည်။

သို့သော်လည်း ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား ဆွဲထုတ်လိုက်သော အချိန်မြစ်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် မင်းသမီးမင်မိန်၏ အချိန်မြစ်သည် စမ်းချောင်းတစ်ခုမျှသာ ရှိသည်။

ယခု ဤလောကထဲမှာ ထွက်ပေါ်လာသည်မှာ အဆုံးမဲ့စွာ စီးဆင်းနေသော ကောင်းကင်ဘုံမြစ်တစ်စင်းနှင့် ဆင်တူသည်။

ယင်းက နန်းတော်မှအစပြု၍ နန်းမြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ဒေသကြီးတစ်ခုလုံးအပေါ် သက်ရောက်သွားသည်။

လောကတစ်ခုလုံးသည် အချိန်မြစ်ဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။

ရှည်လျားသော မြစ်ကြီးထဲတွင် မရေမတွက်နိုင်သော အတိတ်ဇောင်ယိုဒီများက ငါးများသဖွယ် အပေါ်သို့ ခုန်လိုက်ကြသည်။

အတိတ်ကာလမှတဆင့် သူတို့က ပစ္စုပ္ပန်ဆီသို့ ရောက်ရှိလာကြပြီး လေထဲမှာ ထွက်ပေါ်လာကြသည်။

သူတို့က ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဇောင်ယိုဒီဆီသို့ ပြေးသွားကြသည်။

“ ညီလေး… မင်းသေချာမြင်ရလား… ဒီပုံရိပ်တစ်ခုစီက စာအုပ်ဆိုင်ပိုင်ရှင်ဇောင်ရဲ့ အတိတ်ပဲ… တကယ်လို့ သူတို့က စာအုပ်ဆိုင်ပိုင်ရှင်ဇောင်ကို သတ်ပစ်လိုက်မယ်ဆိုရင် သူက ဒီလောကထဲမှာ ထပ်ပြီး တည်ရှိတော့မှာမဟုတ်ဘူး… တကယ်လို့ သူက ပစ္စုပ္ပန်မှာ မတည်ရှိတော့ဘူးဆိုရင် အတိတ်က အိမ်မက်တစ်ခုပဲ ဖြစ်လာလိမ့်မယ် ”

“ တကယ်လို့ စာအုပ်ဆိုင်ပိုင်ရှင်ဇောင်က သူတို့ကို သတ်ပစ်လိုက်မယ်ဆိုရင် အဲ့ဒါက သူ့အတိတ်ကို သူကိုယ်တိုင်သတ်ပစ်လိုက်တာပဲ… အတိတ်မရှိတော့ဘူးဆိုရင် ပစ္စုပ္ပန်က ဘယ်လိုလုပ် တည်ရှိတော့မှာလဲ ”

“ ညီလေး… တကယ်လို့ မင်းက ဒီအခြေအနေနဲ့ တွေ့ကြုံရမယ်ဆိုရင် မင်းဘယ်လိုလုပ်မလဲ ”

ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက နူးညံ့စွာ ပြောသည်။

All Chapters