ဓားထွက်ပေါ်လာပြီ
Vol. 90 Ch. 1383
အချိန်ကို ထိန်းချုပ်ခြင်းနှင့် အတိတ်ကို ဖြတ်တောက်ခြင်းသည် ကျင့်ကြံသူတစ်ဦး စွမ်းဆောင်နိုင်သောအရာ ဖြစ်သည်။ သို့သော်လည်း သူတို့သည် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားကဲ့သို့ ကျွမ်းကျင်ပိုင်နိုင်စွာ မထိန်းချုပ်နိုင်ကြပေ။
အဘယ့်ကြောင့်ဆိုသော် ယင်းက နတ်ဘုရားအခွင့်အာဏာဖြစ်သည်။
ယင်းက အနန္တတန်ခိုး၏ အဓိပ္ပာယ်ဖြစ်သည်။
နတ်ဘုရားများ၏ မျက်လုံးထဲတွင် အရာအားလုံးသည် သက်ရှိအားလုံး၏ ခန္ဓာကိုယ်ပေါ်မှာ မှတ်တမ်းတင်ထားကြသည်။ အတိတ်ကာလမှ အဖြစ်အပျက်အားလုံးသည် ပစ္စုပ္ပန်နှင့်အတူ ထပ်ဆင့်လွှမ်းခြုံနေပြီး အလွန်အမင်း ရှင်းလင်းပြတ်သားသည်။
ဤအခိုက်အတန့်မှာ ကောင်းကင်ပေါ်မှ အချိန်မြစ်သည် တသွင်သွင် စီးဆင်းနေပြီး လူသားလောကကို ဖုံးလွှမ်းထားသည်။ မရေမတွက်နိုင်သော အတိတ်ဇောင်ယိုဒီများသည် ပစ္စုပ္ပန်ဇောင်ယိုဒီဆီသို့ မြန်ဆန်စွာ ချဉ်းကပ်သွားကြသည်။
သို့သော်လည်း အုပ်ချုပ်သူအဆင့်သည် အင်မော်တယ်ကျင့်ကြံခြင်းအဆင့်အရ ခြေလှမ်းဝက်အင်မော်တယ်ထက်သာ နိမ့်ကျသည်။ ထို့ပြင် လူသားမျိုးနွယ်ထဲမှာ နှစ်ပေါင်းများစွာကြာအောင် ပုန်းအောင်းနေခဲ့သော ဇောင်ယိုဒီသည် ခြေလှမ်းဝက် အထွတ်အထိပ်အဆင့် အုပ်ချုပ်သူတစ်ပါး ဖြစ်သည်။
ထိုသို့ကျင့်ကြံခြင်းစွမ်းအားကြောင့် သူက နတ်ဘုရားများဖြင့်ပင် တိုက်ခိုက်နိုင်သည်။
ယခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအခွင့်အာဏာဖြင့် ရင်ဆိုင်ရသောအခါ သူက ညာလက်ကို မြှောက်လိုက်ပြီး ကောင်းကင်ကို ဖမ်းဆုပ်လိုက်သည်။
ထိုဖမ်းဆုပ်မှုကြောင့် ကောင်းကင်က ကမောက်ကမာဖြစ်သွားဟန် ရသည်။
ကောင်းကင်သည် အလွန်ကျယ်ပြောသော ကြယ်တာရာကောင်းကင်ဖြင့် အစားထိုးခံလိုက်ရသည်။
ထိုကြယ်တာရာကောင်းကင်သည် အလွန်ကျယ်ပြောပြီး ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို ဖုံးလွှမ်းပစ်လိုက်သည်။ တစ်ချိန်တည်းမှာ ဤဧရိယာက ဝမ်ကူးကုန်းမြေထဲမှ သီးခြားကွဲထွက်သွားဟန် ရသည်။ သို့ဖြစ်၍ ဤဧရိယာသည် ဇောင်ယိုဒီပိုင်ဆိုင်သော စကြာဝဠာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုစကြာဝဠာထဲတွင် အတိတ်ဇောင်ယိုဒီများက မရေမတွက်နိုင်အောင် များပြားသော်လည်း ကြယ်များက ပိုပြီးများပြားသည်။
ချက်ချင်းဆိုသလို မရေမတွက်နိုင်သော ကြယ်များက လင်းလက်တောက်ပသွားကြသည်။ ဇောင်ယိုဒီ၏ အတွေးများက ပရမ်းပတာ လှုပ်ခတ်သွားစဉ် ကြယ်များက တစ်ပြိုင်နက် ပြိုကွဲသွားကြသည်။
မရေမတွက်နိုင်သော ကြယ်များ၏ ပြိုကွဲပျက်စီးမှုက စကြာဝဠာတစ်ခုလုံးအပေါ် သက်ရောက်သွားသည်။ စက္ကန့်ပိုင်းအတွင်းမှာ စကြာဝဠာက ပျက်စီးသွားသည်။
စကြာဝဠာက ပျက်စီးသွားသည်နှင့် အာကာသဟင်းလင်းပြင်ထဲမှာ ဖိအားတစ်ခုဖြစ်ပေါ်လာပြီး ကြီးမားသော ဆွဲငင်အားကို ဖန်တီးလိုက်သည်။
ဤသည်မှာ စကြာဝဠာက အလွန်ကြီးမားသော အာကာသတွင်းနက်တစ်ခု ဖြစ်လာသည့်အလားပင်။
လျှပ်တစ်ပြက်အတွင်းမှာ အတိတ်ဇောင်ယိုဒီများသည် စကြာဝဠာ၏ ပျက်စီးမှုမှ ဖြစ်ပေါ်လာသော အာကာသတွင်းနက်၏ ဝါးမျိုခံလိုက်ရသည်။
တစ်ယောက်မှ ကျန်မနေခဲ့ပေ။
မူလဇောင်ယိုဒီကို တန်ပြန်တိုက်ခိုက်ခိုင်းသည့် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ အချိန်ကို ဖြတ်တောက်ခြင်းနှင့် အတိတ်ကို ခေါ်ထုတ်ခြင်းစွမ်းရည်သည် သေချာသော အောင်ပွဲတစ်ခုဖြစ်ဟန် ရသည်။ နှစ်ဖက်စလုံးမှာ မည်သူမှ သေဆုံး၍မရသောကြောင့် ယင်းကို ဖြေရှင်းရန် နည်းလမ်းတစ်ခုသာ ရှိတော့သည်။
ယင်းမှာ အတိတ်ဇောင်ယိုဒီများကို ဖိနှိပ်ပြီး ချိပ်ပိတ်ပစ်ကာ မူလနှင့် ပြန်ပေါင်းစည်းစေမည်။
ယင်းတို့အားလုံးကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း အမှန်မှာ မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ အတိတ်ခန္ဓာကိုယ်အားလုံးက အာကာသတွင်းနက်၏ ဝါးမျိုခံရပြီးနောက် ဇောင်ယိုဒီသည် အကြမ်းပတမ်း ဖမ်းဆုပ်လိုက်သည်။
ချက်ချင်းဆိုသလို လောကသည် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။
ဇောင်ယိုဒီပိုင်ဆိုင်သော စကြာဝဠာသည်လည်း ကျုံ့သွားပြီး နောက်ဆုံးမှာတော့ အနက်ရောင်ပုတီးစေ့တစ်လုံးအဖြစ် အသွင်ပြောင်းလဲသွားသည်။
သူက တုံ့ဆိုင်းခြင်းမရှိဘဲ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားနှင့် တလက်လက်တောက်ပနေသော အနက်ရောင်ပုတီးစေ့ကို ကြည့်လိုက်သည်။
ပုတီးစေ့သည် လေထဲသို့ ရုတ်တရက် မြှောက်တတ်သွားသည်။
သူက ချက်ချင်း နေရာမှ ပျောက်ကွယ်သွားပြီး ကောင်းကင်ပေါ်မှာ ပြန်ပေါ်လာသည်။
“ ဖိနှိပ်စမ်း ”
ဇောင်ယိုဒီက တင်းမာခက်ထန်စွာ ပြောသည်။
နောက်အခိုက်အတန့်မှာ ကောင်းကင်ပေါ်သို့ ပျံသန်းသွားနေသော အနက်ရောင်ပုတီးစေ့သည် ရုတ်တရက် ပေါက်ကွဲသွားပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ ယင်းက ကောင်းကင်ကို နောက်တစ်ကြိမ် ပြောင်းလဲသွားစေသည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် ကောင်းကင်က နဂါးငွေ့တန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုနဂါးငွေ့တန်းသည် ကမ္ဘာမြေနှင့် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား ခေါ်ထုတ်လိုက်သော အချိန်မြစ်ကို ဖိနှိပ်လိုက်သည်။
ဤသည်မှာ နဂါးငွေ့တန်းကို အသုံးပြု၍ အချိန်မြစ်ကို ဖိနှိပ်လိုက်ခြင်းဖြစ်သည်။
ယင်းကို ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားမြင်သောအခါ သူက ရယ်လိုက်သည်။
“ စိတ်ဝင်စားစရာပဲ ”
“ မင်းက မင်းရဲ့ အချိန်ကို ဖိနှိပ်နိုင်တယ်… ဒါပေမဲ့ ငါ့ရဲ့ အချိန်ကိုရော… ”
ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားသည် စကားပြောပြီးသည်နှင့် သူ၏ နဖူးကို ညင်သာစွာ ထိလိုက်သည်။
လက်ချောင်းက သူ၏ နဖူးကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်သည် ချက်ချင်း ဖရိုဖရဲဖြစ်သွားသည်။ သူ၏ အတိတ်ဘဝက အရပ်မျက်နှာအဘက်ဘက်မှာ ထွက်ပေါ်လာသည်။
သို့သော်လည်း ၎င်းတို့အားလုံးက ဝေဝါးနေပြီး ရှင်းလင်းစွာ မမြင်နိုင်ပေ။
တစ်စုံတစ်ယောက်သည် ၎င်းတို့ထံမှ အဆုံးမဲ့သော မကျေမချမ်းစိတ်နှင့် ရူးသွပ်မှုကို ခံစားနိုင်သည်။ ၎င်းတို့က ဆန္ဒမရှိမှုကို သယ်ဆောင်ထားလျက် ကြောက်စရာကောင်းသော ဟိန်းသံကို ထုတ်ဖော်လိုက်ကြသည်။
သူကိုယ်တိုင်သည်တော့ သူ၏ အမူအရာက သိမ်မွေ့ညင်သာနေဆဲပင်။ ဤအခိုက်အတန့်မှာ သူက ညင်သာစွာ လက်မြှောက်လိုက်ပြီး သူ၏ ဘေးပတ်ဝန်းကျင်မှ ဝေဝါးသော ပုံရိပ်များကို သာမန်ကာလျှံကာ ဖမ်းဆုပ်လိုက်သည်။
သူက ယခင်ဘဝမှ သူ့ကိုယ်ပိုင် အချိန်တစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်လိုက်ပြီး ဤနေရာမှာ ထွက်ပေါ်လာစေကာ ယင်းကို အချိန်မြစ်ထဲသို့ ဖိသိပ်လိုက်သည်။
ထိုအခါ ကျယ်ပြောလှသော အချိန်မြစ်သည် ချက်ချင်း ပရမ်းပတာ လှုပ်ခတ်သွားသည်။ လှိုင်းလုံးများသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။
မြစ်ထဲတွင် အရွယ်အစားကြီးမားသော အဖြူရောင်ကျောက်စိမ်းလက်ချောင်းက ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားနှင့်အတူ ရေမျက်နှာပြင်ကို ထိုးဖောက်သွားသည်။ လက်ချောင်းသည် ကောင်းကင်နှင့်မြေပြင်၏ တာအိုကို လှုပ်ခါစေနိုင်သော စွမ်းအားနှင့်အတူ အချိန်မြစ်ထဲမှ ထွက်ပေါ်လာသည်။
အဝေးမှကြည့်လျှင် ယင်းက ကောင်းကင်ကို ထောက်ပံ့ထားသော ဧရာမထောင့်တိုင်တစ်ခုပမာ အောက်မေ့ရသည်။
ယင်းထံမှ အရှိန်အဝါသည် လောကကို တုန်လှုပ်သွားစေသည်။
ထို့နောက် လက်ချောင်းသည် ကောင်းကင်ပေါ်မှ ကျဆင်းလာနေသော နဂါးငွေ့တန်းဖြင့် တွေ့ဆုံသွားသည်။
နဂါးငွေ့တန်းသည် တုန်ယင်သွားပြီး အပြင်းအထန် လင်းလက်တောက်ပလာသည်။ နောက်ဆုံးမှာတော့ နဂါးငွေ့တန်းက ပြိုကွဲသွားပြီး ယင်း၏ အနောက်မှ မျက်နှာသုန်မှုန်နေသော ဇောင်ယိုဒီက ထွက်ပေါ်လာသည်။
ကမ္ဘာဖျက်ဆီးပစ်နိုင်သော အဖြူရောင်ကျောက်စိမ်းလက်ချောင်းသည် နဂါးငွေ့တန်းကို ဖျက်ဆီးပြီးသော်လည်း မရပ်တန့်သွားပေ။ ယင်းက ဇောင်ယိုဒီဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
ယင်းက ဇောင်ယိုဒီဆီသို့ မြန်ဆန်စွာ ချဉ်းကပ်သွားသည်။
ကောင်းကင်ပေါ်တွင် ဇောင်ယိုဒီသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ချိပ်တံဆိပ်လက်ဟန်များကို လက်နှစ်ဖက်စလုံးဖြင့် အမြန်ဖွဲ့စည်းလိုက်သည်။ ထို့နောက် သူက လက်မများနှင့် လက်ညှိုးများကို သူ၏ ရင်ဘက်အရှေ့တွင် ဆန့်ထုတ်လိုက်သည်။
ယင်းက ရွမ်းဗတ်ပုံသဏ္ဍာန် ဖွဲ့စည်းသွားပြီး အဖြူရောင်ကျောက်စိမ်းလက်ချောင်းပေါ်သို့ ဖိချလိုက်သည်။
ချက်ချင်းဆိုသလို စကြာဝဠာသည် ရွမ်းဗတ်ပုံသဏ္ဍာန်ထဲမှ ပေါ်ထွက်လာသည်။ ထိုစကြာဝဠာထဲတွင် မဟာတာအို၏ အစွမ်းသည် မြစ်တစ်စင်းပမာ စီးဆင်းနေသည်။ ထို့နောက် စကြာဝဠာသည် ပရမ်းပတာ တုန်လှုပ်သွားပြီး အဖြူရောင်ကျောက်စိမ်းလက်ချောင်းဆီသို့ ဦးတည်သွားသည်။
ထိုမဟာတာအိုထဲတွင် လေဟာနယ်အစွမ်း ပါရှိသည်။
ယင်းက ဇောင်ယိုဒီ၏ တာအိုဖြစ်ပြီး လူသားမျိုးနွယ်ထဲမှာ ယနေ့ထိ သူပုန်းအောင်းနိုင်ခဲ့သည့် အဓိကအကြောင်းအရင်း ဖြစ်သည်။
ဤအခိုက်အတန့်မှာ မဟာတာအို၏ စွမ်းအားက ထွက်ပေါ်လာသည့်အခါ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ အဖြူရောင်ကျောက်စိမ်းလက်ချောင်းက ရုတ်တရက် တုန်ယင်သွားသည်။
လက်ချောင်းသည် လေထဲမှာ ပန်းချီကားတစ်ချပ်အဖြစ် အမှန်တကယ် ပြောင်းလဲသွားသည်။
ထိုပန်းချီကားက မငြိမ်မတည်ဖြစ်နေလေရာ ယင်းက အချိန်မရွေး ပျက်စီးသွားနိုင်ဟန် ရသည်။
ဇောင်ယိုဒီ၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူက လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်ပြီး ထပ်မံ ဖိချလိုက်သည်။
ချက်ချင်းဆိုသလို အဖြူရောင်ကျောက်စိမ်းလက်ချောင်းမှ အသွင်ပြောင်းလဲသွားသော ပန်းချီကားသည် မဟာတာအို၏ စွမ်းအားအောက်မှာ အဖြူရောင်မျဉ်းကြောင်းသို့ ပြောင်းလဲသွားသည်။
ဇောင်ယိုဒီက တတိယအကြိမ် ဖိချလိုက်သည့်အခါ သူ၏ မျက်လုံးက သွေးနီရောင်သို့ ပြောင်းလဲသွားသည်။
အဖြူရောင်မျဉ်းကြောင်းသည် အဖြူရောင်အစက်သို့ ပြောင်းလဲသွားပြန်သည်။
ဇောင်ယိုဒီက စတုတ္ထအကြိမ်မြောက် ဖိချရန် ဟန်ပြင်လိုက်စဉ် ကမ္ဘာတုန်ဟီးစေနိုင်သော အရှိန်အဝါသည် အဖြူရောင်အစက်ထဲမှ ထွက်ပေါ်လာသည်။ ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံက မြည်ဟိန်းထွက်လာသည်။
အဖြူရောင်အစက်သည် တိုက်ရိုက် ပေါက်ကွဲသွားသည်။
အစက်ထဲတွင် အဖြူရောင်ကျောက်စိမ်းလက်ချောင်းက လေဟာနယ်ကို တိုက်ရိုက် ဆုတ်ဖြဲလိုက်ပြီး ဇောင်ယိုဒီ၏ အရှေ့မှာ ထွက်ပေါ်လာသည်။
ကျယ်လောင်သော မြည်သံက လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။
ဇောင်ယိုဒီသည် ပါးစပ်အပြည့် သွေးတစ်ပွက်အန်လိုက်ရပြီး အမြန်အနောက်ဆုတ်သွားသည်။ သူ၏ အမူအရာသည် တစ်ခါမှမဖြစ်စဖူး တည်ကြည်သွားသည်။ သူက အနောက်ဆုတ်သွားနေစဉ် ဒဏ်ရာဒဏ်ချက်များနှင့် သွေးများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ အစဉ်မပြတ် ထွက်ပေါ်လာသည်။
“ ကျောက်စိမ်းတော်ဝင် အင်မော်တယ်လက်ချောင်း ”
“ မင်းက အတိတ်တုန်းက အဲ့ဒီကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားပဲ ”
“ ဒါပေမဲ့ အခု မင်းက လူမဟုတ်တော့ဘူး… မင်းက ကျင့်ကြံသူမဟုတ်သလို နတ်ဘုရားလည်းမဟုတ်ဘူး… မင်းက အသက်ရှင်နေတာမဟုတ်ဘူး… မင်းက သေဆုံးနေတာမဟုတ်သလို တည်ရှိနေတာလည်း မဟုတ်ဘူး ”
ဇောင်ယိုဒီက မျက်မှောင်ကြုတ်လိုက်သည်။
သူ့ထက် ပိုပြီးထိတ်လန့်သွားကြသူများမှာ တခြားကျင့်ကြံသူများ ဖြစ်ကြသည်။
ပရောဟိတ်ဆရာက လျှို့ဝှက်ဆန်းကြယ်ကြောင်း လူတိုင်းသိထားကြသော်လည်း သူ၏ တိုက်ပွဲစွမ်းအားက သူတို့၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေမည်ဟု မမျှော်လင့်ထားကြပေ။ ယခု သူ၏ သရုပ်က ထုတ်ဖော်ခံလိုက်ရသည်။
‘ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား ’ဟူသော နာမည်ကို ပြောလိုက်သည့်အခါ ယင်းက မိုးခြိမ်းသံပမာ ကောင်းကင်ပေါ်တွင် ထစ်ချုန်းသွားသည်။
လူတိုင်းသည် ပရောဟိတ်ဆရာ၏ သရုပ်ကို မသိထားကြပေ။ သို့ဖြစ်၍ ဤအခိုက်အတန့်မှာ ဝန်ကြီးအများစုသည် နှလုံးတုန်သွားကြသည်။
ရွှီချင်း၏ အမူအရာသည် အေးစက်နေသည်။ သူက ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ တိုက်ပွဲစွမ်းအားကို အကဲဖြတ်နေသည်။
ဧကရီသည်သာ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားကို မကြည့်ပေ။ သူ၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဘုရားမီးတောက်သည် နောက်ဆုံးအခိုက်အတန့်ကို ရောက်ရှိနေသည်။ အလွန်ကျယ်ပြောသော နတ်ဘုရားအခွင့်အာဏာသည် ပေါ်လျှိုးလာသည်။
ဓားကိုင်ဧကရာဇ်သည်လည်း မည်သည့်တုံ့ပြန်မှုမှ မပြချေ။
ယင်းကို သတိပြုမိသောအခါ လေထဲမှ ဇောင်ယိုဒီသည် ထွက်သွားရန် ဟန်ပြင်လိုက်သည်။
ယနေ့ နတ်ဘုရားမီးတောက်ကို ငြိမ်းသတ်ရန် သူ့မှာ အခွင့်အရေးမရှိတော့ကြောင်း သူသိလိုက်သည်။
သို့သော်လည်း ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက အုပ်ချုပ်သူဇောင်ကို ထိုအတိုင်း ထွက်သွားရန် ခွင့်မပြုချင်သည်မှာ ရှင်းလင်းသည်။
“ ပထမတစ်ခေါက်က စကြာဝဠာ… အဲ့ဒီနောက် မဟာတာအို… ငါမင်းကို ဒီလောက် စကားအများကြီးပြောနေတာက မင်းရဲ့ ကံကြမ္မာကို မြင်ရဖို့ပဲ ”
“ အခု အဲ့ဒါကို ငါမြင်ပြီးသွားပြီ ”
ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက နူးညံ့စွာ ပြောသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ကောင်းကင်ကို ညင်သာစွာ ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းဆိုသလို ဇောင်ယိုဒီ၏ ခန္ဓာကိုယ်ပေါ်မှ သွေးများက အပြင်သို့ စီးဆင်းသွားပြီး နောက်ဆုံးမှာတော့ ယင်းတို့က ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ လက်ဖဝါးပေါ်မှာ စုဝေးသွားသည်။
သူက လက်ဖဝါးကို ဖျစ်ညှစ်လိုက်သည့်အခါ သွေးက အနီရောင်ချည်မျှင်သို့ ပြောင်းလဲသွားသည်။
ထို့နောက် မျက်နှာမည်းမှောင်နေသော ဇောင်ယိုဒီနှင့် လူတိုင်း၏ အကြည့်အောက်မှာ သူက အနီရောင်ချည်မျှင်ကို သူ၏ ဆံခြည်မျှင်ဖြင့် ပေါင်းစပ်လိုက်သည်။
အနီရောင်ချည်မျှင်သည် ဆံခြည်မျှင်ဖြင့် တစ်သားတည်း ပေါင်းစပ်သွားသည်။
ထို့နောက် သူက အသက်ရှူသွင်းလိုက်သည်။
ထိုအခါ ထူးဆန်းပြီး မယုံကြည်နိုင်စရာကောင်းသော မြင်ကွင်းတစ်ခုက လူတိုင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။
လေထဲတွင် ဇောင်ယိုဒီ၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားသည်။ သူက နှလုံးကွဲကြေသော အော်ဟစ်ညည်းညူသံကို ထုတ်ဖော်လိုက်ရသည်။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်က မြန်ဆန်စွာ အားနည်းသွားသည်။ ဤသည်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ တန်ဖိုးကြီးမားသော တည်ရှိမှုတချို့က ရုတ်တရက် ပျောက်ဆုံးသွားသည့်အလားပင်။
ယင်းတို့က သူ၏ ကံကြမ္မာကို မြင်တွေ့ခဲ့သော ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ စုပ်ယူခံလိုက်ရခြင်း ဖြစ်သည်။
ထိုသို့အရေးကြီးအခိုက်အတန့်မှာ ဇောင်ယိုဒီသည် သူ၏ နဖူးကို ရိုက်ချလိုက်သည်။ သူ၏ ခန္ဓာကိုယ်က ပန်းချီကားတစ်ချပ်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ ထို့နောက် မျဉ်းကြောင်းတစ်ခုအဖြစ် ထပ်မံပြောင်းလဲသွားပြီး ထိုမှတဖန် အစက်တစ်စက်အဖြစ်သို့ ပြောင်းလဲသွားသည်။ နောက်ဆုံးမှာတော့ အစက်သည် လေထဲမှာ မည်သည့်သဲလွန်စမှမကျန်ဘဲ ပျောက်ကွယ်သွားသည်။
“ သူ့ရဲ့ ကမ္မတစ်စိတ်တစ်ပိုင်းက စုပ်ယူခံလိုက်ရတယ် ”
နေနတ်ဘုရားက ရုတ်တရက် ပြောသည်။
လူအများစုသည် ထိုအဖြစ်အပျက်၏ လျှို့ဝှက်နက်နဲမှုကို ထွင်းဖောက်မမြင်နိုင်ကြပေ။ ပြစ်ချက်မဲ့နတ်ဘုရားအဆင့်နှင့် ထိုထက်ပိုပြီးမြင့်မားသော ပုဂ္ဂိုလ်များသာလျှင် အမှန်တရားကို မြင်နိုင်ကြသည်။
“ ကမ္မကို ချိတ်ဆက်ပြီး စုပ်ယူပစ်တယ်… ”
“ အဲ့ဒါက ဝမ်ကူးကုန်းမြေကို ဝါးမျိုဖို့ ဘုရားသခင်အသုံးပြုထားတဲ့ နတ်ဘုရားအတတ်ပညာနဲ့ ဆင်တူတယ် ”
နေနတ်ဘုရားသည် အမူအရာတည်ကြည်လေးနက်သွားပြီး ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်သည်။
“ အဲ့ဒါက အရင်ဘဝက နင့်ရဲ့ ကျင့်ကြံခြင်းစွမ်းအားကို ပြန်ရရှိဖို့ နင့်အတွက် နည်းလမ်းတစ်ခုဖြစ်မယ်လို့ ငါထင်တယ် ”
ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက နူးညံ့စွာ ပြုံးလိုက်သည်။ သူက ပြန်မဖြေပေ။ ယင်းအစား သူက ကောင်းကင်ပေါ်သို့ လျှောက်သွားသည်။
ဇောင်ယိုဒီကဲ့သို့ အာဟာရဓာတ်ကြွယ်ဝသော အစာကို မည်သို့ကြောင့် သူက အလွတ်ပေးနိုင်မည်နည်း။
ခြေတစ်လှမ်းနှင့်အတူ သူက ဇောင်ယိုဒီနောက်သို့ လိုက်ဖမ်းရန် မိုးကုပ်စက်ဝိုင်းထဲမှာ ပျောက်ကွယ်သွားသည်။
လူသားလောကသည် နှုတ်ဆိတ်သွားသည်။
နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့ကို တားဆီးရန် ရောက်ရှိလာကြသော မီးတောက်နတ်ဘုရားဖြစ်စေ၊ အမှောင်နတ်ဘုရားဖြစ်စေ သို့မဟုတ် မြောက်ပိုင်းကံကြမ္မာတော်ဝင်မိသားစုမှ နတ်ဘုရားဖြစ်စေ ၎င်းတို့အားလုံးက တိတ်ဆိတ်စွာ အနောက်ဆုတ်သွားကြသည်။
၎င်းတို့က ရိုးရာဓလေ့ကို မတားဆီးနိုင်မှတော့ ဤနေရာမှာ ဆက်ပြီး တည်ရှိနေရန် အကြောင်းမရှိတော့ပေ။
ရှေးဘုရင်ဂြိုလ်ပေါ်မှ နတ်ဘုရားမီးတောက်၏ (၉၀)ရာခိုင်နှုန်းခန့်သည် ရွှေရောင်သို့ ပြောင်းလဲသွားသည်။ ရှေးဘုရင်ဂြိုလ်၏ ဘေးပတ်ပတ်လည်မှ ဝဲကတော့ငါးခုအတွင်းရှိ ယခင်လူသားဧကရာဇ်များသည်တော့ ဤအခိုက်အတန့်မှာ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဘုရားအရှိန်အဝါက ပိုပြီးအားကောင်းလာသည်။ ထို့အတူ သူတို့၏ နတ်ဘုရားအခွင့်အာဏာများသည်လည်း ပိုပြီးသိပ်သည်းလာသည်။
ဧကရီ၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဘုရားအရှိန်အဝါသည် ပိုပြီးထင်ရှားလာသည်။
ရိုးရာဓလေ့သည် အများဆုံး နောက်ဆယ့်ငါးမိနစ်ကြာပြီးလျှင် အောင်မြင်စွာ ပြီးမြောက်သွားလိမ့်မည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ အက်ကွဲသံသည် ကောင်းကင်ပေါ်မှ မြည်ဟိန်းထွက်လာသည်။
ဤသည်မှာ အလွန်အားကောင်းသော လေက ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ကို ဖြတ်သန်းတိုက်ခတ်သွားရာမှ ထွက်ပေါ်လာသော မြည်သံဖြစ်သည်။
လေသည် နန်းမြို့တော်ထဲမှာ ကြမ်းတမ်းစွာ တိုက်ခတ်သွားသည်။
ရွှမ်ယုံသူတော်စင်ကုန်းမြေမှ တစ်စုံတစ်ယောက်သည် ဝမ်ကူးကုန်းမြေ၏ ဦးတည်ရာဆီသို့ ဓားချက်တစ်ချက် ထုတ်ဖော်လိုက်သည်။
ထိုဓားချက်သည် ကြယ်တာရာကောင်းကင်ကို ဖြတ်သန်းသွားသည်။ ယင်းက ရှေးခေတ်ကာလကို ပိုင်းဖြတ်နိုင်ပြီး လက်ရှိပစ္စုပ္ပန်ကို အဆုံးသတ်ပေးနိုင်ဟန် ရသည်။ ယင်းက အဆုံးမဲ့သော အရှိန်အဟုန်နှင့် ကမ္ဘာဖျက်ဆီးနိုင်သော စွမ်းအားကို သယ်ဆောင်လျက် ဝမ်ကူးကုန်းမြေပေါ်သို့ ဆင်းသက်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော ထိုဓားချက်သည် နန်းမြို့တော်၏ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။
ယင်းက ကောင်းကင်ပေါ်တွင် ကီလိုမီတာငါးသိန်းရှည်လျားသော ဧရာမအက်ကွဲကြောင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။ ထို့နောက် ဓားချက်သည် အစစ်အမှန် ကောင်းကင်ဘုံဆေဘာဓားနှင့် ဆင်တူသော ဆေဘာဓားပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုကောင်းကင်ဘုံဆေဘာဓား ထွက်ပေါ်လာသည့်အခိုက် ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး လေကြမ်းများ တိုက်ခတ်လာသည်။ လွှမ်းမိုးဖိနှိပ်သော ခံစားမှုသည် ဤလောကပေါ်သို့ ကျရောက်လာသည်။
ဝမ်ကူးကုန်းမြေထဲမှ အစွမ်းထက်မျိုးနွယ်စုကြီးများ၊ နတ်ဘုရားများနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ဧကရီကို နတ်ဘုရားမဖြစ်လာစေချင်ဆုံး အင်အားစုသည် ထုံးစံအားဖြင့် ရွှမ်ယုံသူတော်စင်ကုန်းမြေသာ ဖြစ်သည်။
ထို့ကြောင့် သူတော်စင်ကုန်းမြေသည် မဟာဧကရာဇ်တစ်ပါး၏ စွမ်းအားကို ထုတ်သုံးလိုက်သည်။
ဤဆေဘာဓားချက်သည် မဟာဧကရာဇ်တစ်ပါးထံမှ ဖြစ်သည်။
ထိုအခိုက်အတန့်မှာ သက်ပြင်းချသံသည် လူသားလောကထဲမှ ထွက်ပေါ်လာသည်။
ဓားကိုင်နန်းတော်ထဲမှ ခြောက်သွေ့နေသော ပုံရိပ်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
သူ၏ ဒဏ္ဍာရီလာနောက်ဆုံးဓားချက်ကို နတ်ဘုရားများအား တိုက်ခိုက်ရန် သို့မဟုတ် သူတော်စင်ကုန်းမြေအတွက် အသုံးပြုလိမ့်မည်။
“ နောက်ဆုံးမှာတော့ မင်းလှုပ်ရှားခဲ့တာပဲ ”
ဓားကိုင်နန်းတော်ထဲမှ ပုံရိပ်သည် အက်ရှရှအသံဖြင့် တီးတိုးရေရွတ်လိုက်သည်။ သူ၏ အသံထဲမှာ လောကဓံ၏ ခက်ခဲကြမ်းတမ်းမှုနှင့် အချိန်ကာလ၏ ရှုပ်ထွေးနက်နဲမှုတို့ ပါဝင်သည်။
ထို့နောက်…
ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ဧကရာဇ်ဓားသည် အပြင်းအထန် တုန်လှုပ်လာသည်။ အဆုံးမဲ့သော ဓားအလင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထိတ်လန့်ဖွယ်ကောင်းစွာ ထွက်ပေါ်လာသည်။