မဟာဧကရာဇ်
Vol. 90 Ch. 1384
နန်းမြို့တော်ထဲရှိ ဓားကိုင်နန်းတော်ထဲမှ လျှို့ဝှက်အခန်းထဲဝယ်…
လူသားလောကထဲမှာ တစ်ယောက်တည်း ကျန်ရစ်နေခဲ့ပြီး လူသားမျိုးနွယ်ကို ယခုထိ ကာကွယ်ပေးနေခဲ့သော ဓားကိုင်ဧကရာဇ်သည် သက်ပြင်းချလိုက်သည်။ သူသက်ပြင်းချလိုက်သည့်အခိုက် ဝေဝါးသော ဝိညာဉ်တစ်ခုသည် ခြောက်သွေ့နေသော ဤခန္ဓာကိုယ်ထဲမှ ထွက်လျှောက်လာသည်။
ထိုပုံရိပ်သည် သက်လတ်ပိုင်းအမျိုးသားတစ်ယောက် ဖြစ်သည်။ သူက အရပ်မရှည်သလို ခန္ဓာကိုယ်မထွားကြိုင်းပေ။ သို့သော်လည်း သူ့ထံမှ တောင်ကြီးတစ်တောင်နှယ် ခိုင်မြဲသော စိတ်ဓာတ်ပြတ်သားမှုကို ထုတ်လွှတ်နေသည်။ ဤသည်မှာ သူက တစ်လောကလုံး၏ ဝန်ထုပ်ဝန်ပိုးများကို သူ၏ ပခုံးပေါ်မှာ ထမ်းပိုးထားသည့်အလားပင်။ သို့ဖြစ်၍ သူ့ကို မြင်လိုက်ရသည့် လူတိုင်းက အလိုအလျောက် ကြောက်ရွံ့ရိုသေလာလိမ့်မည်။
သူက ခြေတစ်လှမ်းနှင့်အတူ ဓားကိုင်နန်းတော်၏ အပြင်ဘက်၊ ရှေးဘုရင်ဂြိုလ်၏ အပေါ်၊ ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်မှာ ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားသည်။
လူသားမျိုးနွယ်သည် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
ပထမဆုံးအကြိမ် ဧကရီ၏ အမူအရာက မတည်မငြိမ်ဖြစ်လာသည်။
ဤနေရာမှာ ရှိနေကြသော နတ်ဘုရားအားလုံးက ဓားကိုင်ဧကရာဇ်ကို အာရုံစိုက်လိုက်ကြသည်။
ဤအခိုက်အတန့်မှာ ကောင်းကင်နှင့်မြေပြင်သည် သူ့အတွက် နောက်ခံမြင်ကွင်းဖြစ်လာဟန် ရသည်။ သူ၏ အသံနှင့် ဓားဆန္ဒသည်သာ ဤလောကထဲတွင် တစ်ခုတည်းသော တည်ရှိမှုဖြစ်လာသည်။
“ မိတ်ဆွေလေး… မင်းရဲ့ ခန္ဓာကိုယ်နဲ့ ဓားကို ငါ့ကို ခဏငှားပါ ”
ရွှီချင်း၏ အသိစိတ်သည် ဝုန်းခနဲ လှုပ်ခတ်သွားသည်။ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ ဧကရာဇ်ဓားသည် ကောင်းကင်ဘုံထိ ပျံတတ်သွားမည့် ဓားဟိန်းသံကို ထုတ်ဖော်လိုက်သည်။ နောက်အခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး နွေးထွေးသော စိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားသည်။
သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော ထိုစိတ်ဆန္ဒက ကြယ်တာရာကောင်းကင်ပမာ အလွန်ကျယ်ပြောကြောင်း သူအာရုံခံနိုင်သည်။ ယင်းက လွှမ်းမိုးဖိနှိပ်ခြင်းမရှိသလို သူ့အပေါ်ကိုလည်း အန္တရာယ်တစ်စုံတစ်ရာ မပေးချေ။
သို့သော်လည်း ထိုစိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်ကို ယာယီထိန်းချုပ်လိမ့်မည်။
ရွှီချင်းသည် ခုခံခြင်းမပြုဘဲ ထိုစိတ်ဆန္ဒကို သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားစေသည်။
နောက်အခိုက်အတန့်မှာ ဤနေရာမှာ ရှိနေကြသော နတ်ဘုရားများနှင့် လူတိုင်း၏ အကြည့်အောက်မှာ ရွှီချင်းက ခေါင်းမော့လိုက်သည်။
သူ၏ အကြည့်ထဲမှာ လောကဓံ၏ နက်နဲသိမ်မွေ့မှု ရှိသည်။
ထို့ပြင် အဆုံးမဲ့သော အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး လေနှင့် တိမ်တိုက်များကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။ လောကကြီးသည် ကမောက်ကမာဖြစ်သွားသည်။ ထိုအရှိန်အဝါကြောင့် ကောင်းကင်သည် တိမ်းစောင်းသွားပြီး တောင်တန်းများနှင့် မြစ်ချောင်းများသည် တုန်လှုပ်သွားကြသည်။
လူသားမျိုးနွယ်မှ သူရဲကောင်းဝိညာဉ်များက ဝပ်တွားလိုက်ကြပြီး ဘိုးဘေးများက ဒူးထောက်လိုက်ကြသည်။
လူသားမျိုးနွယ်၏ ကမ္မသည် တစ်ဟုန်ထိုး မြှောက်တတ်သွားပြီး ရွှီချင်း၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ မြူခိုးသဖွယ် စုဝေးသွားသည်။ ကမ္မနဂါးအများအပြားသည် ထိုမြူခိုးထဲမှာ ထွက်ပေါ်လာကြသည်။
နောက်ဆုံးမှာတော့ ကမ္မနဂါးများက သူ့အတွက် ပေတစ်သိန်းရှည်လျားသော ခန္ဓာကိုယ်တစ်ခုကို ဖွဲ့စည်းပေးလိုက်သည်။
ထိုခန္ဓာကိုယ်ထဲမှာ အရိုးများက တောင်ကြီးသဖွယ် သန်စွမ်းပြီး သွေးက မြစ်ချောင်းများသဖွယ် ကြမ်းတမ်းစွာ စီးဆင်းနေသည်။ ကမ္ဘာမြေသည် သူ၏ အရေပြားဖြစ်ပြီး သူ၏ ဆံပင်သည် တောအုပ်သဖွယ် ထူထဲသည်။ ကောင်းကင်သည်တော့ သူ၏ စစ်ချပ်ဝတ်ဖြစ်သည်။
လူသားမျိုးနွယ်၏ ကမ္မသည် အထွတ်အမြတ် မဟာဧကရာဇ်တစ်ပါးအတွက် ခန္ဓာကိုယ်တစ်ခုကို ဖန်တီးပေးလိုက်သည်။ လူသားအားလုံး၏ စိတ်ဆန္ဒသည် မဟာဧကရာဇ်၏ ဝိညာဉ်ကို အားဖြည့်ပေးလိုက်သည်။
ထိုသို့ဖြင့် မဟာဧကရာဇ်၏ အသွင်သဏ္ဍာန်သည် သေမျိုးလောကထဲမှာ နောက်တစ်ကြိမ် ပြန်ပေါ်လာသည်။
သူ၏ မျက်နှာက တည်ကြည်ခန့်ညားပြီး နက်နဲသိမ်မွေ့သည်။ ဤသည်မှာ သူက အချိန်ကာလဖြင့် ဖန်တီးထုဆစ်ခံထားရသော ကြေးရုပ်တုတစ်ခုအလားပင်။ သူ၏ မျက်လုံးများသည် ညကောင်းကင်ယံမှ အတောက်ပဆုံး ကြယ်များသဖွယ် ထွန်းလင်းတောက်ပပြီး အဆုံးမဲ့သော အလင်းရောင်ကို ထုတ်လွှတ်နေကြသည်။
သူက နေရာမှာ ရပ်နေစဉ် ကောင်းကင်သည် အရောင်ပျောက်ကွယ်သွားသည်။ နတ်ဘုရားများ၏ ကိုယ်ရောင်ကိုယ်ဝါသည်ပင် မှေးမှိန်သွားဟန် ရသည်။
သူက လက်ရှိဝမ်ကူးကုန်းမြေ၏ တစ်ဦးတည်းသော ခြေလှမ်းဝက်အင်မော်တယ်ဖြစ်သည်။
သူက ရှေးဘုရင်ရွှမ်ယုံထွက်သွားပြီးနောက် ဝမ်ကူးကုန်းမြေထဲမှာ ကျန်ရစ်နေခဲ့သည့် တစ်ဦးတည်းသော မဟာဧကရာဇ်ဖြစ်သည်။
သူက လူသားမျိုးနွယ်ကို နှစ်ထောင်သောင်းချီကြာအောင် ကာကွယ်ပေးခဲ့ပြီး မရေမတွက်နိုင်သော နတ်ဘုရားများကို သုတ်သင်ပစ်ခဲ့သူ ဖြစ်သည်။ သူ့ဆီမှာ နောက်ဆုံးအသက်ရှူချိန်သာ ကျန်ရှိတော့သည့်အချိန်မှာပင် သူက လူသားမျိုးနွယ်အတွက် ဆက်ပြီး ကာကွယ်ပေးရန် ဆန္ဒရှိသည်။
သူက လူသားမျိုးနွယ်ထဲမှာ ဂုဏ်သိက္ခာအကြီးမြတ်ဆုံး မဟာဧကရာဇ်ဖြစ်ကြောင်း သံသယဖြစ်ရန်မလိုပေ။
ပြိုင်ဘက်ကင်းသော အရှိန်အဝါသည် လောကကို တုန်လှုပ်သွားစေသည်။
ဓားကိုင်ဧကရာဇ်သည် ဤလောကပေါ်သို့ ဆင်းသက်လာသည်။
“ မဟာဧကရာဇ် ”
ဧကရီသည် ခေါင်းငုံ့လိုက်ပြီး ဖော်မပြနိုင်သော ရိုသေလေးစားမှုဖြင့် ပြောသည်။ သူ၏ မျက်နှာပေါ်မှာ မဖုံးကွယ်နိုင်သော ဝမ်းနည်းမှုအရိပ်အယောင် ရှိသည်။ အဘယ့်ကြောင့်ဆိုသော် မဟာဧကရာဇ်ထွက်ပေါ်လာသည့်အချိန်က မဟာဧကရာဇ်သေဆုံးမည့်အချိန်ဖြစ်ကြောင်း သူသိထားသောကြောင့် ဖြစ်သည်။
မဟာဧကရာဇ်၏ နောက်ဆုံးအသက်ရှူချိန်သည် သူ၏ တာအိုကို ကာကွယ်ရန်အတွက်သာမက လူသားမျိုးနွယ်၏ အသက်ပေါင်းများစွာကို ကာကွယ်ပေးရန်အတွက်လည်း ဖြစ်သည်။
ဤအခိုက်အတန့်မှာ ဘေးပတ်ဝန်းကျင်မှ ဝန်ကြီးများနှင့် အရာရှိအားလုံးသည် အသက်ရှူမြန်လာပြီး နှလုံးတုန်သွားကြသည်။ သူတို့က တစ်ညီတစ်ညာတည်း ဒူးထောက်လိုက်ကြသည်။ အတိတ်တွင် သူတို့၏ နှလုံးသားထဲမှာ မည်သည့်အတွေးများရှိနေခဲ့ပါစေ ဤအခိုက်အတန့်မှာ မဟာဧကရာဇ်အပေါ် သူတို့၏ ရိုသေလေးစားမှုက တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သည်။
ထို့အတူ နန်းမြို့တော်ထဲမှ ပြည်သူပြည်သားအားလုံးသည် ဒူးထောက်လိုက်ကြပြီး အရိုအသေပေးလိုက်ကြသည်။ မဟာဧကရာဇ်ဟူသော နာမည်ခေါ်သံသည် ဖော်မပြနိုင်သော ရိုသေလေးစားမှုနှင့်အတူ နန်းမြို့တော်တစ်ခုလုံးသို့ အဆုံးမဲ့စွာ ပဲ့တင်ထပ်သွားသည်။
ယင်းကို မီးလျှံလ၏ နတ်ဘုရားသုံးပါးမြင်သောအခါ ၎င်းတို့က ခေါင်းငုံ့လိုက်ကြသည်။
နီလာအင်ပါယာကုန်းမြေမျိုးနွယ်မှ မီးတောက်နတ်ဘုရား၊ မြေအောက်လောကအလောင်းကောင်မျိုးနွယ်မှ အမှောင်နတ်ဘုရားနှင့် မြောက်ပိုင်းကံကြမ္မာတော်ဝင်မိသားစုမှ ကံကြမ္မာဆုံးဖြတ်သူနတ်ဘုရားသည် အဝေးသို့ ဆုတ်ခွာသွားကြသည်။ ၎င်းတို့က မဆင်မခြင် မဆောင်ရွက်ဝံ့ကြချေ။
၎င်းတို့က အဆင့်မြင့်နတ်ဘုရားများဖြစ်ကြသော်လည်း ဓားတစ်လက်နှင့်အတူ နတ်ဘုရားများကို သုတ်သင်ပစ်ခဲ့သော ထိုမဟာဧကရာဇ်၏ စွမ်းဆောင်ရည်များကို ကြားဖူးကြသည်။ ရှေးခေတ်ကာလတွင် သူ့ကို နတ်ဘုရားသတ်ဖြတ်သူအဖြစ် ၎င်းတို့က မျက်မြင်တွေ့ခဲ့ကြသည်။
တစ်လောကလုံး၏ အရိုအသေပေးမှုအောက်မှာ မဟာဧကရာဇ်၏ အကြည့်သည် နှစ်ထောင်ပေါင်းများစွာကြာအောင် သူကာကွယ်ပေးခဲ့သော လူသားမျိုးနွယ်ပေါ်သို့ ကျရောက်သွားသည်။ နောက်ဆုံးမှာတော့ သူက ညာလက်ကို မြှောက်လိုက်သည်။
သူက ဟင်းလင်းပြင်ကို ဖမ်းဆုပ်လိုက်သည့်အခါ ဧကရာဇ်ဓားသည် ကမ္ဘာတုန်ဟီးစေနိုင်သော ဓားဟိန်းသံကို ထုတ်ဖော်လျက် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်လာသည်။
ဧကရာဇ်ဓားသည် လောကထဲမှာ ထွက်ပေါ်လာပြီး ဓားကိုင်ဧကရာဇ်၏ လက်ထဲသို့ ကျရောက်သွားသည်။
ဓားချီသည် ကောင်းကင်ကို ဆုတ်ဖြဲပစ်လိုက်ပြီး ဓားအလင်းသည် ကမ္ဘာမြေကို တုန်လှုပ်သွားစေသည်။
ဓားဟိန်းသံထဲမှာ လိုချင်တောင့်တမှု၊ ဝမ်းနည်းမှု၊ အတိတ်ကို လွမ်းဆွေးမှုဖြင့် ပြည့်နှက်နေသည်။
“ မိတ်ဆွေဟောင်း… နောက်ဆုံးခရီးကို ငါတို့အတူ လျှောက်ကြရအောင် ”
ဓားကိုင်ဧကရာဇ်သည် ပြုံးလိုက်ပြီး ကောင်းကင်ပေါ်သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ကောင်းကင်သည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး ဟင်းလင်းပြင်သည် အက်ကွဲသွားသည်။ သို့သော်လည်း မည်သည့်လျှပ်စီးမှ မထွက်ပေါ်လာပေ။
ဤသည်မှာ လျှပ်စီးသည်ပင် ဤအခိုက်အတန့်မှာ မထွက်ပေါ်လာဝံ့ဟန် ရ၏။
မဟာဧကရာဇ်သည် ကောင်းကင်ပေါ်မှ ကျဆင်းလာနေသော ကီလိုမီတာငါးသိန်းရှည်လျားသည့် ဆေဘာဓားပုံရိပ်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။
သူ၏ ခြေလှမ်းများသည် တည်ငြိမ်ပြီး အားကောင်းသည်။ သူက ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လောကကြီးက တုန်လှုပ်သွားလိမ့်မည်။
ထိုပုဂ္ဂိုလ်၏ တည်ငြိမ်သော ခြေလှမ်းနှင့် မယိမ်းယိုင်သော ပုံရိပ်က လူသားအားလုံးကို စိတ်သက်သာရာရစေပြီး ဖော်မပြနိုင်အောင် ကြည်ညိုလေးစားစိတ် ဖြစ်ပေါ်လာစေသည်။
မဟာဧကရာဇ်ရှိနေသရွေ့ လူသားမျိုးနွယ်သည် ဘေးကင်းလုံခြုံလိမ့်မည်။
သူ၏ နောက်ကျောပုံရိပ်သည် မိုးကောင်းကင်တမျှ ကြီးမားပြီး အမှောင်ညကို ဖယ်ရှားပစ်သော နေရောင်ခြည်နှင့် ဆင်တူသည်။ ယင်းက လူသားမျိုးနွယ်ကို အမှောင်ထဲမှာပင် အလင်းရောင်ပေးစွမ်းသည်။
ဤအခိုက်အတန့်မှာ မရေမတွက်နိုင်သော နှလုံးသားများက တုန်လှုပ်သွားကြသည်။ သူတို့က ဓားကိုင်ဧကရာဇ်၏ ရာဇဝင်ပုံပြင်များကို နားထောင်ပြီး မဟာဧကရာဇ်၏ သွန်သင်ဆုံးမမှုအောက်မှာ ကြီးပြင်းလာခဲ့ကြသည်။
မဟာဧကရာဇ်သည် သူတို့အတွက် ကြီးမြတ်သော လူသားတစ်ဦးဖြစ်ပြီး သူတို့၏ နှလုံးသားထဲမှာ ထာဝရတည်ရှိနေမည့် ဒဏ္ဍာရီဖြစ်သည်။
သို့ဖြစ်၍ သက်ရှိအားလုံး၏ အကြည့်နှင့် တစ်လောကလုံး၏ အာရုံစိုက်မှုအောက်မှာ ဓားကိုင်ဧကရာဇ်၏ ပုံရိပ်သည် ကောင်းကင်ပေါ်သို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။ နောက်ဆုံးမှာတော့ သူက ကောင်းကင်ပေါ်မှ ဆင်းသက်လာနေသော ကောင်းကင်ဘုံဆေဘာဓား၏ အရှေ့သို့ ရောက်ရှိသွားသည်။ ထိုကောင်းကင်ဘုံဆေဘာဓားသည် လူသားမျိုးနွယ်အတွက် သူတော်စင်ကုန်းမြေ၏ အပြစ်ဒဏ်ဖြစ်သည်။
ဓားကိုင်ဧကရာဇ်သည် နေရာမှာ ရပ်နေရင်း သူ၏ လက်ထဲမှ ဓားကို မြှောက်လိုက်သည်။
ဓားတစ်ချက်…
သူက ဓားတစ်ချက် လွှဲယမ်းလိုက်သည်။
ဓားချက်သည် ကောင်းကင်ကို ပိုင်းဖြတ်သွားသည်။
ဓားအရှိန်အဝါက ပေါ်ထွက်လာသည့်အခါ ကောင်းကင်သည် အက်ကွဲသွားသည်။ ဓားအလင်းက ဝင်းလက်သွားသည့်အခါ ကောင်းကင်သည် လင်းထိန်သွားသည်။
ဓားပုံရိပ်ထွက်ပေါ်လာသည့်အခါ နတ်ဘုရားများက နှလုံးတုန်သွားကြသည်။ ကောင်းကင်ဘုံဆေဘာဓားသည်လည်း တုန်ယင်သွားသည်။
ကောင်းကင်ဘုံဆေဘာဓားနှင့် ဧကရာဇ်ဓားသည် ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ပေါ်မှာ ထိပ်တိုက်တွေ့ဆုံသွားသည်။ ယင်းတို့၏ ထိပ်တိုက်တွေ့ဆုံမှုမှ စွမ်းအားသည် ဥပဒေအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီး စကြာဝဠာ၏ စွမ်းရည်အားလုံးထက် ကျော်လွန်သွားသည်။ ဤသည်မှာ မတူညီသော ကံကြမ္မာများက ထိပ်တိုက်တွေ့ဆုံသွားပြီး အတူတကွ ရစ်ပတ်သွားသည့်အလားပင်။
ယင်းတို့က အလင်းစက်ကွင်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။
ဤသည်မှာ ဖော်မပြနိုင်အောင် အလွန်ကြီးမားသော သက်တံ့တစ်ခုက ဝမ်ကူးကုန်းမြေမှ ဒေသကြီးအများအပြား၏ ကောင်းကင်ပေါ်မှာ မရပ်တန့်နိုင်သော အရှိန်အဟုန်နှင့်အတူ ဖြတ်သန်းသွားသည့်အလားပင်။
ထိုအလင်းသည် ဝမ်ကူးကုန်းမြေကို စက်ဝိုင်းသဖွယ် လှည့်ပတ်သွားသည်။
ဤအခိုက်အတန့်မှာ ဝမ်ကုန်းမြေထဲမှ ဒေသကြီးအားလုံးသည် နေ့အချိန်သို့ ကျရောက်သွားဟန် ရသည်။
ယင်းက ဝမ်ကူးကုန်းမြေ၏ ကောင်းကင်အလွန်ကို လင်းထိန်သွားစေသည်။ ဘေးပတ်ဝန်းကျင်မှ ကြယ်တာရာကောင်းကင်သည် ထိုအလင်းကြောင့် လင်းထိန်သွားသည်။ ဤအခိုက်အတန့်မှာ နတ်ဘုရားမျက်နှာပျက်ကြီးသည်ပင် ထိုအလင်းရောင်၏ လွှမ်းခြုံခံလိုက်ရသည်။
အဝေးမှကြည့်လျှင် အရွယ်အစား အလွန်ကြီးမားသော အလင်းရောင်နဂါးတစ်ကောင်က ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားနှင့်အတူ ဝမ်ကူးကုန်းမြေကို လှည့်ပတ်သွားဟန် ရ၏။ ကောင်းကင်ဘုံတာအိုများသည် တုန်ယင်သွားကြပြီး ဝမ်ကူးကုန်းမြေထဲမှ မျိုးနွယ်စုအားလုံးသည် ခေါင်းမော့လိုက်ရုံဖြင့် ကောင်းကင်ပေါ်မှ အပြောင်းအလဲများကို မြင်နိုင်ကြသည်။
နောက်ဆုံးမှာတော့ ဧကရာဇ်ဓားနှင့် ကောင်းကင်ဘုံဆေဘာဓားသည် တစ်ပြိုင်နက် ပြိုကွဲသွားကြသည်။
ယင်းက အလွယ်ကျယ်ပြောသော ကြယ်စင်စုတစ်ခုကို ဖွဲ့စည်းသွားသည်။ မရေမတွက်နိုင်သော ဝဲကတော့များက ထိုကြယ်စင်စုထဲမှာ တည်ရှိနေကြပြီး ယင်းက ဝမ်ကူးကုန်းမြေတစ်ခုလုံး၏ ကောင်းကင်ပေါ်မှာ ရင်သပ်ရှုမောဖွယ်ကောင်းသော ပန်းချီကားတစ်ချပ်အဖြစ် ပြောင်းလဲသွားသည်။
ယင်းက တဖြည်းဖြည်း အရောင်မှေးမှိန်သွားနေသော်လည်း အချိန်အတော်ကြာသွားသည့်တိုင် မပျောက်ကွယ်သွားခဲ့ပေ။
စွမ်းအင်အားလှိုင်းအကြွင်းအကျန်များသည် မရေမတွက်နိုင်သော လျှပ်စီးတန်းများအဖြစ် ပြောင်းလဲသွားကြပြီး လူသားမျိုးနွယ်၏ ကောင်းကင်ကို ဗဟိုပြု၍ အရပ်မျက်နှာအဘက်ဘက်ဆီသို့ မီးရှူးမီးပန်းများသဖွယ် ပြန့်ကျဲသွားကြသည်။
ကောင်းကင်ဘုံမိုးသည် ဒေသကြီးအများအပြားပေါ်သို့ ရွာသွန်းလာသည်။
ထိုမြင်ကွင်းသည် နန်းမြို့တော်ထဲမှ လူတိုင်းကို အံ့ဩထိတ်လန့်သွားစေသည်။
“ အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင် ”
နတ်ဘုရားများက တီးတိုးရေရွတ်လိုက်ကြသည်။
ကောင်းကင်ပေါ်တွင် တောင်ကြီးတစ်တောင်နှယ် မြဲမြံစွာ ရပ်နေသော မဟာဧကရာဇ်သည် မည်သည့်စကားမှ မပြောဘဲ ကောင်းကင်ပေါ်မှ ကြယ်စင်စုကို ကြည့်နေသည်။
အချိန်အတော်ကြာပြီးနောက် ရှေးဟောင်းအသံသည် သူတော်စင်ကုန်းမြေထံမှ ထွက်ပေါ်လာပြီး ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ပေါ်မှာ ပဲ့တင်ထပ်သွားသည်။
“ ဓားကိုင်ဧကရာဇ်… ဒီလိုလုပ်ဖို့ မင်းစိတ်ဆုံးဖြတ်ပြီးပြီလား ”
မဟာဧကရာဇ်က တည်ငြိမ်စွာ ပြောသည်။
“ ဝမ်ကူးကုန်းမြေကနေ မင်းတို့ထွက်သွားတဲ့အချိန်ကတည်းက ဒီလိုဖြစ်လာဖို့ ကံကြမ္မာက သတ်မှတ်ထားပြီးသားပါ ”
“ ဒုန်းရှန့်ရဲ့ မတော်တဆမှုမှာ ငါနှုတ်ဆိတ်နေခဲ့တယ်… ကျင့်ယွင် ဖိနှိပ်ခံနေရတဲ့အချိန်မှာလည်း ငါနှုတ်ဆိတ်နေခဲ့တယ်… တာအိုရှီကျဲ အသတ်ခံလိုက်ရတဲ့အချိန်မှာတောင် ငါနှုတ်ဆိတ်နေခဲ့တယ် ”
“ ဒါပေမဲ့ အဲ့ဒါက အမြဲတမ်း ငါနှုတ်ဆိတ်နေမယ်လို့ မဆိုလိုဘူး ”
“ ဧကရီနတ်ဘုရားဖြစ်လာမှာကို ငါခွင့်ပြုတယ် ”
ဤတစ်ကြိမ်တွင် သူတော်စင်ကုန်းမြေက နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သက်ပြင်းချသံက ထွက်ပေါ်လာပြီး ပျောက်ကွယ်သွားသည်။