လောကရဲ့ အထွတ်အထိပ်မှာ အင်မော်တယ်တွေကို ငါမေးမယ်(က)
Vol. 90 Ch. 1379
ယုလျှိုချန်းသည် အတိတ်မှာ နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါးဖြစ်ခဲ့သည်။ ၎င်းက နတ်ဘုရားမျက်နှာပျက်ကြီးနောက်သို့လိုက်၍ ဝမ်ကူးကုန်းမြေဆီသို့ ရောက်ရှိလာခဲ့သည်။ ဝမ်ကူးကုန်းမြေထဲမှာ ၎င်း၏ လုပ်ဆောင်မှုများသည် ဖော်မပြနိုင်အောင် ကြီးကျယ်ခမ်းနားသည်။
၎င်းက နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါးဖြစ်သောကြောင့် မရေမတွက်နိုင်သော နတ်ဘုရားများက ၎င်းကို ကြောက်ရွံ့ရိုသေကြသည်။
၎င်း၏ အရှေ့မှာ ပြစ်ချက်မဲ့အဆင့် နတ်ဘုရားများသည်ပင် ပြစ်ချက်ရှိလာပြီး ကပ်ဘေးဒုက္ခဖြင့် ရင်ဆိုင်ရလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် ၎င်းကိုယ်တိုင်က ကပ်ဘေးဒုက္ခဖြစ်သည်။
အထူးသဖြင့် သက်ရှိအားလုံးအတွက် ၎င်းက မဟာကပ်ဘေးဖြစ်သည်။
အစောပိုင်းနှစ်များတွင် ၎င်း၏ နတ်ဘုရားနာမည်သည် ဝမ်ကူးကုန်းမြေကို တုန်လှုပ်စေခဲ့ပြီး မရေမတွက်နိုင်သော နတ်ဘုရားများကို ဝမ်တွားစေခဲ့သည်။
အစက ၎င်းသည် နတ်ဘုရားယဇ်ပလ္လင်အဆင့်၏ အထွတ်အထိပ်သို့ တတ်လှမ်းရန် အရည်အချင်းပြည့်မီသည်။ အမှန်မှာ ၎င်းက အစစ်အမှန်နတ်ဘုရားအဖြစ်သို့ အဆင့်ချိုးဖြတ်ရန်ပင် အခွင့်အရေးရှိသည်။
သို့သော်လည်း ယင်းတို့အားလုံးက ကျောပေါ်တွင် ခုနစ်ပေခန့် ရှည်လျားသော ကြေးနီရောင်ဓားတစ်လက်ကို သယ်ဆောင်ထားသည့် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ကြောင့် ပြောင်းလဲသွားခဲ့သည်။ ထိုလူသည် ဓားတစ်လက်နှင့်အတူ မိုးကုပ်စက်ဝိုင်းထဲမှ ရောက်ရှိလာပြီး ၎င်း၏ နတ်ဘုရားနယ်မြေထဲသို့ ဝင်ရောက်လာခဲ့သည်။
ထိုတိုက်ပွဲမှာ အကယ်၍ ၎င်းသာ အရေးကြီးအခိုက်အတန့်မှာ နတ်ဘုရားနယ်မြေကို မဖောက်ခွဲပစ်ခဲ့လျှင် ၎င်းက အမြစ်ဖြတ်သုတ်သင်ခံရနိုင်သည်။
၎င်းက ထိုအခွင့်အရေးကို အသုံးချ၍ လွတ်မြောက်သွားခဲ့သော်လည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီး ၎င်း၏ နတ်ဘုရားနယ်မြေက အပိုင်းပိုင်းအစစ ပြိုကွဲသွားခဲ့သည်။
ထိုအချိန်မှစ၍ ၎င်းက ပုန်းအောင်းနေခဲ့ရပြီး အမြဲတမ်း အိပ်စက်နေခဲ့ရသည်။ ၎င်းက ဝမ်ကူးကုန်းမြေပေါ်မှာ နောက်တစ်ကြိမ် မထွက်ပေါ်လာရဲတော့ချေ။ ၎င်းက နတ်ဘုရားတစ်ပါးဖြစ်ပြီး စိတ်ခံစားချက်မရှိသော်လည်း ဓားသယ်ဆောင်ထားသော ထိုလူကို အလွန်ကြောက်ရွံ့သည်။
ယင်းက ၎င်း၏ ပင်ကိုယ်ဗီဇတုံ့ပြန်မှု ဖြစ်သည်။
နှစ်ပေါင်းမရေမတွက်နိုင်အောင် ကုန်ဆုံးသွားခဲ့သော်လည်း ထိုအကြောက်တရားက ၎င်းဆီမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေဆဲပင်။ နောက်ဆုံးမှာတော့ နှလုံးသားကပ်ဘေးဒုက္ခက မပျောက်ကွယ်သေးသောကြောင့် ၎င်းက ယခင်နတ်ဘုရားအစွမ်းကို ပြန်မပိုင်ဆိုင်နိုင်တော့ပေ။
ထို့ကြောင့် ယနေ့ ဓားကိုင်ဧကရာဇ်၏ နေဝင်ချိန်က ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ၎င်းသိရှိသွားပြီးနောက် ဤနေရာသို့ ရောက်လာရန် ဆုံးဖြတ်ခဲ့သည်။
အမှန်မှာ ၎င်းက တစ်ဖက်လူ၏ နောက်ဆုံးခရီးကို ၎င်းကိုယ်တိုင် ပို့ဆောင်ပေးချင်သည်။
သို့သော်လည်း ထိုစကားက ၎င်း၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည့်အခါ နောက်ဆုံးခရီးကို မြင်ချင်သည်ဟု ပြောင်းလဲသွားခဲ့သည်။
မည်သို့ဖြစ်ပါစေ အတိတ်တုန်းက ဓားကိုင်ဧကရာဇ်၏ ထိတ်လန့်ဖွယ်ကောင်းသော တိုက်ပွဲစွမ်းအားကို ၎င်းက ကြောက်ရွံ့နေဆဲပင်။ ဝမ်ကူးကုန်းမြေမှ ပညာရှင်ကျင့်ကြံသူအားလုံး ထွက်ခွာသွားခဲ့ကြသော်လည်း ထိုသူက မျိုးနွယ်အတွက် ကျန်နေခဲ့ရန် ရွေးချယ်ခဲ့သည်။
အတိတ်မှာ တစ်ဖက်လူ၏ တိုက်ပွဲစွမ်းအားက မည်မျှကြောက်စရာကောင်းကြောင်း ၎င်းနားလည်ထားသည်။ ဓားကိုင်ဧကရာဇ်သည် နွေဦးအင်မော်တယ်တစ်ပါး မဟုတ်သော်လည်း သူက ကောင်းကင်အလွန်မှာ ကိုယ်ပိုင်သူတော်စင်ကုန်းမြေတစ်ခုကို ဖန်တီးရန် အရည်အချင်းပြည့်မီသည်။
အတိုင်းအတာတစ်ခုထိဆိုရလျှင် သူ့ကို အမှန်တကယ် လွတ်လပ်သူဟု ဆိုနိုင်ပေသည်။ သေမျိုးလောကက သူ့ကို မချုပ်နှောင်ထားနိုင်ပေ။
သို့သော်လည်း မည်သူမှ မမျှော်လင့်ထားခဲ့သည်မှာ သူက လူသားမျိုးနွယ်ကို ကာကွယ်ရန် ရွေးချယ်ခဲ့ပြီး ဝမ်ကူးကုန်းမြေမှာ ကျန်ရစ်နေခဲ့သည်။
နတ်ဘုရားများဖြင့် ပြည့်နှက်နေသော ဤလောကထဲတွင် သူက နှစ်ပေါင်းထောင်သောင်းချီကြာအောင် ဤနေရာမှာ နေထိုင်ခဲ့သည်။
သူ၏ တည်ရှိမှုကြောင့် လူသားမျိုးနွယ်က ယခုအချိန်ထိ တည်ရှိနေခြင်း ဖြစ်သည်။
ဓားကိုင်ဧကရာဇ်သာမရှိလျှင် လူသားမျိုးနွယ်သည် ဝမ်ကူးကုန်းမြေ၏ သမိုင်းထဲမှ ဖယ်ရှားခံရရန် အလွန်ရာခိုင်နှုန်းများသည်။
အကယ်၍ လူသားမျိုးနွယ်က အသက်ရှင်ခဲ့မည်ဆိုလျှင်ပင် သူတို့က မရေမတွက်နိုင်သော အုပ်စုငယ်များအဖြစ် ပြန့်ကျဲသွားပြီး တခြားမျိုးနွယ်စုများ၏ လက်အောက်သို့ ကျရောက်သွားလိမ့်မည်။ လူသားမျိုးနွယ်သည် ဒေသကြီးတစ်ခုကိုပင် ဆက်လက် ထိန်းသိမ်းထားနိုင်လိမ့်မည် မဟုတ်ချေ။
ဤအတောအတွင်းမှာ နတ်ဘုရားများစွာသည် ဓားကိုင်ဧကရာဇ်၏ သတ်ဖြတ်ခံခဲ့ရသည်။ ထိုအတွက် သူပြန်ပေးဆပ်လိုက်ရသော တန်ဖိုးသည်လည်း အလွန်ကြီးမားသည်။ သူ၏ မူလခန္ဓာကိုယ်က တိုက်ပွဲအတွင်းမှာ သေဆုံးသွားခဲ့ပြီး ကိုယ်ပွားတစ်ခုသာ ကျန်နေခဲ့သည်။ ထို့ပြင် ကိုယ်ပွားသည် အချိန်အကြာကြီး မတောင့်ခံနိုင်တော့ပေ။
“ ဓားကိုင်ဧကရာဇ်… မင်းက ဝမ်ကူးကုန်းမြေထဲမှာ ငါအလေးစားရဆုံး ကျင့်ကြံသူပဲ ”
ယုလျှိုချန်း၏ အကြည့်သည် ၎င်း၏ ခြေဖဝါးအောက်မှ ဓားချီတံတားနောက်သို့ လိုက်ပါသွားပြီး ဓားကိုင်နန်းတော်ဆီသို့ ကျရောက်သွားသည်။ ၎င်း၏ အကြည့်က အကာအကွယ်အလွှာကို ထိုးဖောက်သွားပြီး ဓားကိုင်နန်းတော်ထဲမှ လျှို့ဝှက်အခန်းထဲမှာ တင်ပျဉ်ခွေထိုင်နေသော ပုံရိပ်တစ်ခုကို မြင်သွားသည်။
ယခုအချိန်မှာ ဝမ်ကူးကုန်းမြေတစ်ခုလုံးတွင် မဟာဧကရာဇ်သည် တစ်ပါးတည်းသာ ကျန်ရှိတော့သည်။
“ ဒါပေမဲ့ မင်းဆီမှာ ဓားတစ်ချက်လွှဲဖို့တောင် ခွန်အားကျန်နေသေးပါ့မလား ငါသိချင်မိတယ် ”
ယုလျှိုချန်း၏ သွေးနီရောင်ဝတ်ရုံသည် မြေပြင်ကို ဖုံးလွှမ်းသွားပြီး ၎င်း၏ ခန္ဓာကိုယ်သည် ထိတ်လန့်ဖွယ်ကောင်းသော အနီရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ ၎င်းက ဤစကြာဝဠာ၏ အရှင်သခင်အလား ကောင်းကင်နှင့် မြေပြင်ကြားမှာ ထီးထီးမားမား ရပ်နေသည်။
စကားဆုံးသည်နှင့် ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် ထိတ်လန့်ဖွယ်ကောင်းစွာ မြင့်တတ်သွားသည်။
လေနှင့် တိမ်တိုက်များက ပရမ်းပတာ လှုပ်ခတ်သွားပြီး ကောင်းကင်တစ်ခုလုံး သွေးနီရောင်သို့ ပြောင်းလဲသွားသည်။
ဤအခိုက်အတန့်မှာ မီးတောက်ပင်လယ်၊ အမှောင်ည၊ နေ၊ လနှင့် ကြယ်သည် အရောင်မှေးမှိန်သွားကြသည်။ ယုလျှိုချန်း၏ နတ်ဘုရားအရှိန်အဝါသည်သာ ဤလောကထဲတွင် တစ်ခုတည်းသော တည်ရှိမှုဖြစ်လာသည်။
၎င်းက ဖြည်းညင်းစွာ ခြေထောက်ကြွလိုက်လေရာ သွေးပင်လယ်သည် ၎င်း၏ မျက်လုံးအတွင်းမှာ ထွက်ပေါ်လာသည်။ သွေးနီရောင်ဝတ်ရုံသည် ၎င်း၏ ခြေလှမ်းနှင့်အတူ ကမ္ဘာမြေပေါ်သို့ ဆန့်တန်းသွားသည်။ ဤသည်မှာ ၎င်း၏ သွေးနီရောင်ဝတ်ရုံက လူသားမျိုးနွယ်၏ နန်းမြို့တော်တစ်ခုလုံးကို ဖုံးအုပ်ချင်နေသည့်အလားပင်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ လူသားမျိုးနွယ်၏ ကာကွယ်ရေးစည်းချအစီအရင်က ရုတ်တရက် တုန်ယင်သွားသည်။ ပြင်းထန်သော စွမ်းအားသည် အလွန်အားကောင်းသော ခုခံမှုကို ပြုလုပ်လိုက်သည်။
ယင်းက လူသားမျိုးနွယ်မှ စည်းချအစီအရင်၏ အလုပ်လုပ်ပုံ ဖြစ်သည်။ စည်းချအစီအရင်သည် ရန်သူ၏ တိုက်ပွဲစွမ်းအားပေါ်မူတည်၍ ခုခံမှုအတိုင်းအတာအမျိုးမျိုးကို ထုတ်ဖော်ပေးလိမ့်မည်။
ယခုအချိန်မှာ ကာကွယ်ရေးစည်းချအစီအရင်သည် အန္တရာယ်အမြင့်ဆုံးအဆင့် ခုခံမှုကို ထုတ်ဖော်လိုက်သည်။ ထို့ကြောင့် ကာကွယ်ရေးစည်းချအစီအရင်သည် အင်ပြည့်အားပြည့် ထွက်ပေါ်လာသည်။
အလွန်သိပ်သည်းပြီး စူးရှတောက်ပသော အလင်းရောင်က နန်းမြို့တော်ထဲမှ ပေါ်လျှိုးလာသည်။ နောက်အခိုက်အတန့်မှာ မရေမတွက်နိုင်သော မှော်သင်္ကေတများဖြင့် ပြည့်နှက်နေသည့် အလင်းအကာအကွယ်အလွှာတစ်ခုသည် လူသားမျိုးနွယ်၏ စည်းချအစီအရင်မှ ဖြစ်ပေါ်လာပြီး ယုလျှိုချန်းကို တားဆီးလိုက်သည်။
စည်းချအစီအရင်၏ အတွင်းမှာ ကြယ်များက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေကြသည်။ ကြယ်များသည် စုစုပေါင်း(၄၉)လုံး ရှိကြသည်။
ယင်းတို့အားလုံးက အာရုဏ်ဦးနေမင်းများ ဖြစ်ကြသည်။
ယင်းတို့က လူသားမျိုးနွယ်ထဲမှ အာရုဏ်ဦးနေမင်းအားလုံး ဖြစ်ကြသည်။
မရေမတွက်နိုင်သော အခက်အခဲများကို တွေ့ကြုံပြီးသည့်နောက် လူသားမျိုးနွယ်သည် ၎င်းတို့၏ ဝှက်ဖဲကတ်အားလုံးကို ဤအခိုက်အတန့်မှာ ထုတ်သုံးလိုက်သည်။
ဓားကိုင်ဧကရာဇ်အပြင် အာရုဏ်ဦးနေမင်းသည် လူသားမျိုးနွယ်၏ အကြီးမားဆုံး အခြေခံအုတ်မြစ်ဖြစ်သည်။
အာရုဏ်ဦးနေမင်း(၄၉)ခု၏ စွမ်းအားသည် ကောင်းကင်နှင့် မြေပြင်၏ အရောင်ကို ပြောင်းလဲသွားစေသည်။ သို့သော်လည်း ယုလျှိုချန်းက ရယ်မောလိုက်လေသည်။
“ ကြည့်ရတာ မင်းက ဓားတစ်ချက်တောင် မထုတ်ဖော်နိုင်တော့တဲ့ပုံပဲ ”
ထိုသို့ပြောပြီးနောက် ယုလျှိုချန်းသည် နောက်ထပ် တုံ့ဆိုင်းမနေတော့ပေ။ ၎င်းက ညာခြေကို မြှောက်လိုက်ပြီး ၎င်း၏ အရှေ့မှ ဓားချီတံတားပေါ်သို့ ခြေချလိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ ခေါင်းလောင်းမြည်သံသည် သွေးနီရောင်ကောင်းကင်ပေါ်မှာ ရုတ်တရက် ပဲ့တင်ထပ်သွားသည်။
ဆုတ်ပြဲသံနှင့်အတူ သွေးနီရောင်ကောင်းကင်သည် အပိုင်းပိုင်းအစစ အက်ကွဲထွက်သွားသည်။ လူသားမျိုးနွယ်၏ ကောင်းကင်ဘုံတာအိုဖြစ်သော လက်သည်းခုနစ်ခု ရွှေရောင်နဂါးသည် ကောင်းကင်ပေါ်မှာ ပျံသန်းလိုက်ပြီး ဟိန်းဟောက်လိုက်သည်။ ၎င်း၏ တစ်ကိုယ်လုံးက ရွှေရောင်ထွန်းလင်းတောက်ပလာသည်။ ဤသည်မှာ ရွှေရောင်နေတစ်စင်းက သွေးနီရောင်ကောင်းကင်ပေါ်မှာ မြှောက်တတ်လာနေသည့်အလားပင်။
အလင်းရောင်က နန်းမြို့တော်ပေါ်သို့ ကျဆင်းသွားသည်နှင့်ချက်ချင်း လူသားမျိုးနွယ်၏ ကောင်းကင်ဘုံတာအိုသည် ခန္ဓာကိုယ်လှုပ်ယမ်းလိုက်ပြီး နန်းတော်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
၎င်း၏ ပစ်မှတ်သည် မဟာဧကရာဇ်ရုပ်တု၏ အရိပ်ဖြင့် ဖုံးလွှမ်းခံထားရသော နန်းတော်ထဲမှ မြေကွက်လပ်ဖြစ်သည်။
ခရမ်းရောင်မြူခိုးသည် မဟာဧကရာဇ်ရုပ်တု၏ အရိပ်ထဲမှာ ထွက်ပေါ်လာသည်။
မြေကွက်လပ်ထဲ၌ မြူခိုးသည် အလွန်ထူထဲလာပြီး အပေါ်သို့ တလိပ်လိပ် မြှောက်တတ်သွားသည်။ ထို့နောက် ဧရာမခေါင်းလောင်းတစ်ခုသည် မြူခိုးအတွင်းမှာ ထွက်ပေါ်လာပြီး မြေကွက်လပ်၏ အပေါ်မှာ လွင့်မျောသွားသည်။
ယင်းက အင်မော်တယ်အမှန်တရားခေါင်းလောင်း ဖြစ်သည်။
ကောလဟာလအရ ထိုခေါင်းလောင်းသည် ရှေးဘုရင်ရွှမ်ယုံခေတ်အတွင်းမှာ ထွက်ပေါ်လာသည်ဟု ဆိုကြသည်။ ယင်းက အစစ်အမှန်နှင့် အတုအယောင်ကြားမှာ တည်ရှိပြီး နေထွက်လာသည်နှင့်တစ်ပြိုင်နက် ယင်းက ဤလောကထဲမှာ ထွက်ပေါ်လာလိမ့်မည်။
ယင်းကို အပြင်သို့ မရွှေ့ပြောင်းနိုင်ပေ။ ယင်းက နန်းမြို့တော်တစ်ခုလုံးနှင့် တစ်သားတည်း တည်ရှိနေသည်။ အတိအကျဆိုရလျှင် ယင်းက လူသားမျိုးနွယ်မှ နန်းတော်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အတိတ်တုန်းက လူသားဧကရာဇ်များ၏ စီမံအုပ်ချုပ်မှုများကို သက်သေပြုပေးခဲ့သည်။
ယင်းက တစ်စုံတစ်ယောက်၏ နှလုံးသားကို အတည်ပြုပေးနိုင်သည်။
ရှေးခေတ်ကာလမှာကတည်းက ညီလာခံအတွင်းမှာ ဝန်ကြီးများ၏ စကားများကို တခြားလူများက ရံဖန်ရံခါ သံသယဝင်ကြလေ့ ရှိသည်။ ထိုအခြေအနေမျိုးတွင် သူတို့က အင်မော်တယ်အမှန်တရားခေါင်းလောင်းကို အသုံးပြု၍ သူတို့၏ ရိုးသားမှုကို သက်သေပြနိုင်သည်။
အတိတ်တွင် နင်ယန်သည် သူ၏ နှလုံးသားကို သက်သေပြရန် ဤခေါင်းလောင်းကို တီးခတ်ခဲ့သည်။