လောကရဲ့ အထွတ်အထိပ်မှာ အင်မော်တယ်တွေကို ငါမေးမယ်(ဂ)
Vol. 90 Ch. 1381
တစ်ချိန်တည်းမှာ မဟာနန်းမြို့တော်ဒေသကြီးနှင့် အလွန်ဝေးကွာသော သန့်စင်ရေလှိုင်းဒေသကြီးထဲတွင် ဖုန်းဟိုင်ဒေသငယ်၏ မြောက်ဘက်ပိုင်း၌…
လေနှင့် နှင်းသည် ထိုကုန်းမြေပေါ်မှာ တိုက်ခတ်နေသည်။
ရေခဲဖုံးလွှမ်းနေသော ထိုကုန်းမြေပေါ်တွင် အလွန်အံ့ဖွယ်ကောင်းသော ဧရာမတိုင်ကြီးတစ်တိုင် တည်ရှိသည်။ မရေမတွက်နိုင်သော ရွက်ဖျင်တဲများက ထိုဧရာမတိုင်ကြီးကို ဝန်းရံထားကြပြီး မြို့တစ်မြို့အသွင်ဖြင့် စုဝေးရှိနေကြသည်။
ထိုဧရာမတိုင်ကြီးသည် လီယုံကျောက်တိုင်မှလွဲ၍ တခြားမဟုတ်ပေ။
ကျောက်တိုင်တစ်ဝက်ခန့်သည် မြေကြီးထဲသို့ နစ်မြုပ်နေသည်။
ထိုနေရာသည် လျှို့ဝှက်ဆန်းကြယ်သော တစ္ဆေလှိုင်ဂူဖြစ်သည်။
လှိုင်ဂူ၏ အဆုံးသတ်တွင် ဧရာမမျက်လုံးတစ်လုံး ရှိသည်။
မျက်လုံးသည် မှိတ်ထားပြီး လှုပ်ရှားမှုကင်းမဲ့နေသည်။
မျက်လုံး၏ အပေါ်တွင် ငါးထောင့်ကြယ်ပုံသဏ္ဍာန် သစ်သားတဲအိမ်တစ်လုံးရှိသည်။ တဲအိမ်သည် သံကြိုးငါးချောင်းဖြင့် လေထဲမှာ တန်းလန်းချိတ်ဆွဲခံထားရသည်။ သံကြိုးများ၏ အစွန်းတစ်ဖက်သည်တော့ ဘေးပတ်ဝန်းကျင်မှ ကျောက်နံရံများဖြင့် ဆက်သွယ်နေသည်။
သစ်သားတဲအိမ်၏ ထောင့်ငါးထောင့်တွင် ဒြပ်စင်ငါးမျိုးအလောင်းများက ရှိနေကြသည်။
တဲအိမ်ထဲတွင် မီးအိမ်တစ်လုံးရှိသည်။
ယင်းက သက်စောင့်မီးအိမ်ဖြစ်သည်။
တစ်စုံတစ်ယောက်သည် စက္ကူပြတင်းပေါက်၏ အဟရာများမှတဆင့် တဲအိမ်ထဲမှာ သတိုးသမီးဝတ်စုံဖြင့် အမျိုးသမီးတစ်ယောက်က တိတ်ဆိတ်စွာ ထိုင်နေကြောင်း မြင်နိုင်လိမ့်မည်။
အမျိုးသမီးသည် သေမျိုးတစ်ယောက်ဖြစ်ဟန် ရသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ မည်သည့်ကျင့်ကြံခြင်းအရှိန်အဝါမှ မထွက်ပေါ်နေသလို သူ့ဆီမှာ နတ်ဘုရားအရှိန်အဝါလည်း လုံးဝမရှိပေ။
သူ၏ အသွင်သဏ္ဍာန်က အနည်းငယ် ဝေဝါးနေသော်လည်း တစ်စုံတစ်ယောက်သည် စက္ကူပြတင်းပေါက်၏ အဟရာမှတဆင့် အမျိုးသမီးက အချိန်တိုလေးအတွင်းမှာ သွေးသုံးပွက်အန်လိုက်ရကြောင်း မြင်နိုင်လိမ့်မည်။
ထူးဆန်းစွာပင် သူ၏ သွေးသည် ငွေစက္ကူအဖြစ်သို့ ပြောင်းလဲသွားပြီး တဲအိမ်အပြင်ဘက်သို့ လွင့်မျောသွားကာ တစ္ဆေလှိုင်ဂူ၏ အပေါ်တွင် ပြန့်ကျဲသွားသည်။ ထိုအခါ မရေမတွက်နိုင်သော ဆန်းကြယ်သက်ရှိများက လူးလဲထလာကြပြီး ငွေစက္ကူများကို ဝါးမျိုလိုက်ကြသည်။
သူသွေးအန်လိုက်သော အချိန်သည် အင်မော်တယ်အမှန်တရားခေါင်းလောင်း သုံးကြိမ်မြည်သွားသည့်အချိန်နှင့် တစ်ထပ်တည်းကျသည်။
“ အပေးအယူက ပြီးမြောက်သွားပြီ ”
“ ဒါပေမဲ့ ငါထွက်သွားဖို့ အချိန်မကျသေးဘူး… ”
အချိန်အတော်ကြာပြီးနောက် အမျိုးသမီးသည် သူ၏ နှုတ်ခမ်းထောင့်မှ သွေးကို သုတ်ပစ်လိုက်ပြီး နူးညံ့စွာ တီးတိုးပြောသည်။
ထို့နောက် သီချင်းသံသည် ထာဝရတည်ရှိနေမည့်အလား လေထဲမှာ ပျံ့လွင့်သွားသည်။
“ အတိတ်ဘဝက ဒီမှာမဟုတ်ပေမဲ့ နောင်ဘဝက အမြဲတမ်း ဒီမှာရှိတယ်… သံယောဇဉ်ကို ငါဖြတ်လိုက်ပြီး သေမျိုးလောကကို ပုံဆွဲလိုက်တယ်… ”
“ ဒီဘဝမှာ နေရာတိုင်းကို လှည့်လည်သွားမယ်… ငါ့ဘဝရဲ့ နောက်ဆုံးအချိန်ကို ခရီးထွက်ရင်း ကုန်ဆုံးမယ်… ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲမှာ ဘယ်သူက စောင့်ဆိုင်းနေမလဲ… ”
သီချင်းသံက ပျံ့လွင့်သွားသည်နှင့်ချက်ချင်း ငါးထောင့်ကြယ်ပုံသဏ္ဍာန် သစ်သားတဲအိမ်၏ အပြင်ဘက်မှ ဒြပ်စင်ငါးမျိုးအလောင်းများက တုန်ယင်သွားကြသည်။
တစ်ချိန်တည်းမှာ တူညီသော သီချင်းသံက ကောင်းကင်ဝါးမျိုဒေသကြီးထဲမှာလည်း ပျံ့လွင့်နေသည်။
အချိန်တိုလေးအတွင်းမှာ အလင်းရောင်ဂိုဏ်း၏ ကျူးကျော်ဝင်ရောက်မှုနှင့် နတ်ဘုရားနယ်မြေ၏ လွှမ်းခြုံမှုအောက်မှာ ကောင်းကင်ဝါးမျိုဒေသကြီးထဲမှ သာမန်ပြည်သူပြည်သားများသည် ယဇ်ပူဇော်ခံလိုက်ရကြသည်။
ကျင့်ကြံသူများသော်လည်းကောင်း၊ သေမျိုးများသော်လည်းကောင်း၊ မျိုးနွယ်ဝင်များသော်လည်း…
မည်သူမှ ချွင်းချက်မရှိပေ။
ဤသည်မှာ အလင်းရောင်ဂိုဏ်း၏ အစွမ်းကုန် တိုက်ခိုက်မှုဖြစ်သည်။ ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ ပုန်းကွယ်နေသော အင်အားစုအားလုံးက တစ်ချိန်တည်းမှာ ဆင်းသက်လာကြခြင်း ဖြစ်သည်။
ထို့ကြောင့် မရှောင်လွှဲနိုင်သော သေခြင်းတရားသည် ဤဒေသကြီးအပေါ်သို့ ကျဆင်းလာသည်။
မရေမတွက်နိုင်သော အလောင်းများနှင့် အသွေးအသားများသည် ကောင်းကင်ဝါးမျိုနန်းတော်ကို ဗဟိုပြု၍ တောင်ကြီးတစ်တောင်နှယ် စုပုံနေကြသည်။
သွေးသည် မြေပြင်ကို အနီရောင်စွန်းထင်သွားစေပြီး သေလွန်ဝိညာဉ်များသည် ဘေးပတ်ဝန်းကျင်မှာ အလွန်ထူထဲစွာ လွင့်မျောနေကြသည်။
သတ်ဖြတ်မှုသည် ဆက်လက် ဖြစ်ပွားနေသည်။
သို့သော်လည်း ထိုသတ်ဖြတ်မှုများသည် အရေးမကြီးတော့ပေ။
ဤအခိုက်အတန့်မှာ အသွေးအသားများနှင့် အလောင်းများဖြင့် ပြည့်နှက်နေသော ကောင်းကင်ဝါးမျိုနန်းတော်ထဲတွင် အလွန်ကြီးမားသော ရိုးရာဓလေ့တစ်ခုကို ကျင်းပနေသည်။
နတ်ဘုရားနယ်မြေထဲမှ ဧရာမစက်လုံးသည် လေထဲမှာ လွင့်မျောနေသည်။
ဝဲကတော့ငါးခုသည် ဧရာမစက်လုံးကို ဝန်းရံထားကြသည်။ ဝဲကတော့များထဲတွင် အလောင်းတစ်လောင်းစီက တင်ပျဉ်ခွေထိုင်နေကြသည်။ ၎င်းတို့သည် ယခင်ကောင်းကင်ဝါးမျိုဧကရာဇ်များ ဖြစ်ကြသည်။
ထိုမြင်ကွင်းသည် လူသားမျိုးနွယ်၏ နန်းမြို့တော်ထဲမှာ ကျင်းပနေသော ရိုးရာဓလေ့နှင့် တစ်ပုံစံတည်း တူညီသည်။
ထို့ပြင် ရိုးရာဓလေ့ကို ကောင်းကင်ဝါးမျိုမျိုးနွယ်၏ နန်းမြို့တော်နှင့် နန်းတော်ထဲမှာ ဆောင်ရွက်နေခြင်း ဖြစ်သည်။ ဧရာမစက်လုံးသည် ရှေးဘုရင်ဂြိုလ်ကို ရည်ရွယ်ပြီး ဝဲကတော့ငါးခုထဲမှ အလောင်းများသည် အတိတ်တုန်းက လူသားဧကရာဇ်များကို ရည်ရွယ်သည်။
ထို့ပြင် လောကကို ဖုံးလွှမ်းထားသော ပုံရိပ်ယောင်မြင်ကွင်းတစ်ခုလည်း ရှိသေးသည်။
ပုံရိပ်ယောင်မြင်ကွင်းထဲတွင် လူသားမျိုးနွယ်နှင့် နတ်ဘုရားအဖြစ်တတ်လှမ်းရန် ကြိုးစားနေသော လူသားဧကရာဇ်၏ လက်ရှိပုံရိပ်များက ထွက်ပေါ်နေကြသည်။
အရာအားလုံးက ဤနေရာမှာ ထပ်တူဖြစ်ပွားနေသည်။
မရေမတွက်နိုင်သော အလင်းရောင်ဂိုဏ်းဝင်များနှင့် လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်ပုံရိပ်များသည် အရပ်မျက်နှာအဘက်ဘက်မှာ ပြန့်ကျဲနေကြပြီး ဒူးထောက်နေကြသည်။ ပြင်းပြသော စိတ်ဆန္ဒသည် ၎င်းတို့၏ အကြည့်ထဲမှာ ထွက်ပေါ်နေသည်။
ကျမ်းစာရွတ်ဆိုသံသည်လည်း ပဲ့တင်ထပ်နေသည်။
“ ရှေးခေတ်နေရောင်ခြည်ရဲ့ ပေါင်းစပ်မှုကြောင့်… နတ်ဘုရားပေါင်းစပ်ခြင်းရဲ့ ရှေးဟောင်းမျက်လုံးတွေက ကြယ်တာရာကောင်းကင်ရဲ့ အလင်းရောင်ဖြစ်လာပြီး ဝမ်ကူးကုန်းမြေကို ထွန်းလင်းစေတယ်… ”
“ မြေအောက်လောကရဲ့ ဝိညာဉ်တွေက ရေကို သောက်သုံးပြီး ဒီနေ့ နိုးထလာမယ့် ရှေးဟောင်းအိမ်မက်ကို ဖန်တီးနေတယ်… ”