ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားနှင့် ရွှီချင်း(က)
Vol. 90 Ch. 1390
ဤအခိုက်အတန့်မှာ နန်းမြို့တော်ထဲရှိ နင်ယန်၏ စံအိမ်တော်ထဲမှ နတ်မိမယ်ကျစ်ရွှမ်းအတွက် အထူးသီးသန့်ပြင်ဆင်ပေးထားသော အခန်းထဲတွင်…
နတ်မိမယ်ကျစ်ရွှမ်းက ကြိုးစားရုန်းကန်နေသည်။
သူက နေရာမှာ တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ ဘေးပတ်ပတ်လည်မှ ကြမ်းပြင်ပေါ်တွင် ရှုပ်ထွေးနက်နဲသော မှော်သင်္ကေတများ ရှိကြသည်။ ယင်းတို့က ချိပ်တံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ချုပ်နှောင်ထားသည်။
ထိုမှော်သင်္ကေတများသည် ဝိညာဉ်ချည်မျှင်များမှ ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။ ထိုဝိညာဉ်ချည်မျှင်များသည် ဘိုးဘေးကန်တော့ပွဲစတင်သည့်အချိန်မှစ၍ ထွက်ပေါ်လာကြပြီး နတ်မိမယ်ကျစ်ရွှမ်းကို အခန်းထဲမှ ထွက်မသွားနိုင်ရန် တားဆီးထားသည်။
ဤနေရာနှင့် သိပ်မဝေးသော အခန်းထဲတွင် အားညိုသည်လည်း တင်ပျဉ်ခွေထိုင်နေပြီး အတင်းရုန်းကန်နေသည်။ သူ၏ နဖူးပေါ်မှ သွေးကြောများက ဖောင်းကားလာပြီး သူ၏ မျက်လုံးက သွေးရောင်လွှမ်းလာသည်။
သူ့ကိုလည်း ချိပ်တံဆိပ်တစ်ခုက ချုပ်နှောင်ထားသည်။
ယင်းက ဝိညာဉ်ချည်မျှင်များမှ ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ ယင်းအစား သတ္တမသခင်ကြီး၏ စီစဉ်မှုဖြစ်သည်။
“ အဖိုးကြီး… သက်ကျားအိုကြီး… ခင်ဗျားက ကျုပ်ကို လှည့်စားပြီး ဒီနေရာမှာ ပိတ်လှောင်ထားတယ်ပေါ့… ဂိုဏ်းကို ပုန်ကန်ပစ်တော့မှ ကျုပ်ကို အဆိုးမဆိုနဲ့… ”
အားညိုသည် ဒေါသတကြီး အော်ပြောလိုက်ပြီး အားကုန်သုံး၍ ရုန်းကန်သည်။
စံအိမ်၏ အပြင်ဘက်တွင် ငရဲဘုံကိုးခုမှ လေသည် နန်းမြို့တော်ထဲမှာ တိုက်ခတ်နေသည်။
ချက်ချင်းဆိုသလို ကောင်းကင်သည် ညစ်ညမ်းသွားဟန် ရသည်။ မြေအောက်လောကဂိတ်တံခါးကို ဖွင့်လှစ်ခြင်းသည် နောက်ဆုံးမှာတော့ ဆက်ပြီး မဖုံးကွယ်ခံရတော့ဘဲ ဝမ်ကူးကုန်းမြေထဲမှာ ထွက်ပေါ်လာသည်။ သို့ဖြစ်၍ ဧကရီ၏ နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့ကို အာရုံစိုက်နေကြသော လူတိုင်းက ယင်းကို အာရုံခံမိသွားကြသည်။
မည်သို့ဖြစ်ပါစေ ယင်းက ရှေးဟောင်းတိုင်းပြည်တစ်ခု၏ ပြန်လည်ရှင်သန်လာမှု ဖြစ်သည်။ ထို့ပြင် ထိုရိုးရာဓလေ့ကိုယ်၌က အလွန်ထူးခြားပြီး အံ့ဖွယ်ကောင်းသည်ဟု ဆိုနိုင်သည်။
သို့သော်လည်း ယင်းက ဧကရီ၏ နတ်ဘုရားအဖြစ်တတ်လှမ်းခြင်း ရိုးရာဓလေ့နှင့် ခြားနားသည်။
ကောင်းကင်ဝါးမျိုဒေသကြီးအတွင်းမှာ ဖြစ်ပျက်နေသော ကိစ္စများကို မည်သည့်မျိုးနွယ်စုမှ မည်သည့်နတ်ဘုရားများမှ လာရောက်မတားဆီးခဲ့ကြပေ။
အရာအားလုံးက မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့သည်။
ဤသည်မှာ ထိုနေရာက ဝမ်ကူးကုန်းမြေ၏ တားမြစ်နယ်မြေတစ်ခုဖြစ်သည့်အလားပင်။
ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းမှာ ယင်းက ဉာဏ်အလင်းပွင့်နတ်ဘုရားထံသို့ ယဇ်ပူဇော်မှုဖြစ်သောကြောင့် ဖြစ်သည်။ ထို့ပြင် ရှေးဦးအပျက်အစီးသည် ထိုယဇ်ပူဇော်မှုကို စိတ်ကျေနပ်ခဲ့သည်။
နန်းမြို့တော်ထဲတွင် ဧကရီ၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသော အမူအရာ ထွက်ပေါ်လာသည်။ သို့သော်လည်း နောက်ဆုံးမှာတော့ သူက ပြန်လည်တည်ငြိမ်သွားသည်။
ဤအခြေအနေသို့ ရောက်သည့်အခါ သူနှင့် ထိုလူကြားမှ သဘောတူညီမှုသည် ပြီးဆုံးသွားသည်။
နှစ်ဖက်စလုံးသည် သူတို့လိုချင်သော အရာကို ရရှိခဲ့ကြသည်။
အနာဂတ်တွင် မျိုးနွယ်၏ အကျိုးအမြတ်သည်သာ အဓိကဖြစ်လိမ့်မည်။
လူသားမျိုးနွယ်သည် သူတော်စင်ကုန်းမြေနှင့် အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး မဟာဧကရာဇ်ကို ဆုံးရှုံးခဲ့သည်။ ယခုအချိန်မှစ၍ ဝမ်ကူးကုန်းမြေမှ လူသားများ၏ ကံကြမ္မာနှင့် မျိုးနွယ်၏ အနိမ့်အမြင့်အတတ်အကျသည် သူ၏ ပခုံးပေါ်မှာ ထာဝရတည်ရှိနေတော့မည်။
ယခင်က သူပြောခဲ့သည့်အတိုင်း ဖြစ်လာမည့် အကျိုးဆက်များကို သူတစ်ယောက်တည်း ရင်ဆိုင်လိမ့်မည်။
ဧကရီသည် နှလုံးတည်ငြိမ်သည်။ သူက အကြည့်ပြန်ရုပ်လိုက်ပြီး လူသားမျိုးနွယ်ထံသို့ ကြည့်လိုက်သည်။ သူ၏ အကြည့်က နန်းမြို့တော်ထဲမှ ပြည်သူပြည်သားများထံသို့ ဖြတ်သန်းသွားစဉ် ထိုလူများ၏ စိတ်လှုပ်ရှားမှုကို အာရုံခံမိသွားသည်။ ထို့နောက် သူက နေရာမှာ စုဝေးနေကြသော ဝန်ကြီးများကို ကြည့်လိုက်လေရာ သူတို့၏ စိတ်ခံစားချက်များက ရှုပ်ထွေးနေကြောင်း ခံစားမိသွားသည်။
သူက မင်းသားမင်းသမီးများကို ကြည့်လိုက်သည့်အခါ သူတို့၏ စိုးရိမ်ကြောင့်ကြမှုကို အာရုံခံမိသွားသည်။
နောက်ဆုံးမှာတော့ သူက ရွှီချင်းကို ကြည့်လိုက်သည်။
‘ ဒီဘဝမှာ သူက အဲ့ဒီလူရဲ့ ညီဖြစ်ပြီး မဟာဧကရာဇ်ရဲ့ ဓားသယ်ဆောင်သူဖြစ်ဖို့ ရွေးချယ်ခံရတယ်… ’
ဧကရီ၏ အကြည့်ထဲတွင် ရွှီချင်းက လူသားမျိုးနွယ်၏ စစ်ပွဲဗုံအရှေ့မှာ ရပ်နေသည်။ ဝမ်းနည်းပူဆွေးမှုက သူ၏ မျက်နှာပေါ်မှာ ပေါ်လွင်နေဆဲပင်။ ဧကရီ၏ အကြည့်ကို အာရုံခံမိသွားသည့်အခါ သူက ဧကရီကို လှမ်းကြည့်လိုက်သည်။
ထို့နောက် သူက အရိုအသေပေးလိုက်သည်။
ဧကရီက ခေါင်းညိတ်ပြလိုက်ပြီး အကြည့်ပြန်ရုပ်လိုက်ကာ အဝေးမှ မြင့်တတ်လာနေသော နေလုံးကို ကြည့်လိုက်သည်။ သူ၏ ဂုဏ်သိက္ခာကြီးမြတ်သော အသံက လောကထဲမှာ ပဲ့တင်ထပ်သွားသည်။
“ ငါ့ရဲ့ အမိန့်တော်က ဝမ်ကူးကုန်းမြေရဲ့ အရှေ့ပိုင်းဒေသကြီးအားလုံးဆီ ပျံ့နှံ့သွားစေ ”
“ ဒီနေ့ကစပြီး မျိုးနွယ်ခြားတွေရဲ့ ဒေသကြီးတွေထဲက လူသားမျိုးနွယ်ဟာ ဘေးကင်းလုံခြုံရမယ်… မျိုးနွယ်ခြားဒေသကြီးတွေထဲမှာရှိကြတဲ့ ဘယ်လူသားမှ မတရားသဖြင့် မသေဆုံးရဘူး ”
“ ဘုရင်ကျန်းယန်၊ ဘုရင်ပိုင်ဟဲ၊ ဘုရင်ယွဲ့လန်… စုစုပေါင်း ကောင်းကင်ဘုရင်ဆယ့်ခုနစ်ပါးက စစ်တပ်(၁၇)တပ်ကို ဦးဆောင်ပြီး ဝမ်ကူးကုန်းမြေရဲ့ အရှေ့ပိုင်းဒေသထဲက တခြားမျိုးနွယ်စုတွေရဲ့ လက်အောက်ကို ကျရောက်နေကြတဲ့ ငါတို့ရဲ့ လူသားတွေကို အိမ်ပြန်ခေါ်လာမယ် ”
ဧကရီက အမိန့်တော်ထုတ်ပြန်လိုက်သည်နှင့်တစ်ပြိုင်နက် လူတိုင်း၏ စိတ်ခံစားချက်များက လှုပ်ခတ်သွားသည်။
လူသားဧကရာဇ်ဒုန်းရှန့်၏ စစ်ရှုံးမှုကြောင့် လူသားအများအပြားသည် တခြားဒေသကြီးများဆီသို့ ပျံ့နှံ့သွားကြသည်။ ယခင်လူသားဧကရာဇ်များက သူတို့ကို ပြန်မခေါ်ချင်သောကြောင့် မဟုတ်ပေ။ ယင်းအစား ထိုသို့လုပ်ဆောင်ရန် သူတို့မှာ အရည်အချင်းမရှိသောကြောင့်သာ ဖြစ်သည်။
သို့သော်လည်း ယနေ့တွင် ဧကရီသည် နတ်ဘုရားတစ်ပါးဖြစ်လာပြီးနောက် နတ်ဘုရားယဇ်ပလ္လင်၏ အခွင့်အာဏာနှင့်အတူ အမိန့်တော်ထုတ်ပြန်လိုက်သည်။ ဝမ်ကူးကုန်းမြေ၏ အရှေ့ပိုင်းဒေသတွင် သူ၏ အသံက ကောင်းကင်ဘုံမိုးခြိမ်းသံသဖွယ် ပဲ့တင်ထပ်သွားသည်။
ဘုရင်ကျန်းယန်နှင့် တခြားကောင်းကင်ဘုရင်များသည် လေထဲသို့ ချက်ချင်း ပျံသန်းသွားကြပြီး ဧကရီကို အရိုအသေပေးလိုက်ကြသည်။
“ ကျန်တဲ့ ဝန်ကြီးတွေနဲ့ မင်းသားတွေက ခုနစ်ရက်မြောက်နေ့ကျရင် နန်းတော်ရဲ့ ညီလာခံထဲမှာ စုဝေးရောက်နေကြရမယ်… ညီလာခံမှာ ဧကရာဇ်ဘွဲ့ကို ပြောင်းလဲပြီး မင်းဆက်အသစ်ကို ကြေညာမယ် ”
ဧကရီ၏ အသံက ထပ်မံပဲ့တင်ထပ်သွားသည်။ ဝန်ကြီးများအားလုံးသည် ဧကရီကို အရိုအသေပေးလိုက်ကြသည်။
“ ဘိုးဘေးကန်တော့ပွဲက ပြီးဆုံးသွားပြီ… အားလုံးပဲ လူစုခွဲကြပါ… သားတော်ဆယ့်တစ် ငါ့နောက်လိုက်ခဲ့ပါ ”
ရှေးဘုရင်ဂြိုလ်သည် တုန်ခါသွားပြီး မူလနေရာဆီသို့ ဖြည်းညင်းစွာ ပြန်လည်နစ်မြုပ်သွားသည်။ ကောင်းကင်သည် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားပြီး လူသားမျိုးနွယ်၏ ကမ္မသည် ပြန်လည်ဖုံးကွယ်သွားသည်။
ရှေးဘုရင်ဂြိုလ်ပေါ်မှ ကျင့်ကြံသူများသည်လည်း အပြင်သို့ တည်နေရာပြောင်းရွှေ့သွားကြသည်။
အံ့ဩထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသော ပွဲအခမ်းအနားသည် နောက်ဆုံးမှာတော့ ပြီးဆုံးသွားသည်။
ဤအခိုက်အတန့်မှာ ဧကရီက သူ၏ သားတော်နှင့် ကိစ္စတချို့ကို ဆွေးနွေးချင်နေကြောင်း ဝန်ကြီးများက ပြောနိုင်ကြသည်။ ထို့ကြောင့် ဧကရီကို အနှောင့်အယှက်ပေးရန် မသင့်တော်ချေ။ သူတို့က ဧကရီကို အရိုအသေပေးပြီးနောက် နန်းတော်ထဲမှ တိတ်တဆိတ် ထွက်ခွာသွားကြသည်။ ယနေ့အဖြစ်အပျက်များနှင့်ပတ်သက်ပြီး အဆုံးမရှိသော အတွေးများက သူတို့၏ အသိစိတ်ထဲမှာ ပြည့်နှက်နေကြသည်။
မင်းသားဆယ့်တစ်သည် အမှားလုပ်မိသော ကလေးငယ်သဖွယ် စိတ်လှုပ်ရှားခြင်းနှင့် စိုးရိမ်ကြောင့်ကြခြင်းကို ခံစားနေမိသည်။ သူက ခေါင်းငုံ့ထားလျက် ဧကရီဆီသို့ လျှောက်သွားသည်။
သူက ဧကရီ၏ ဘေးမှာ ရပ်လိုက်ပြီး တစ်စုံတစ်ခုပြောရန် ပါးစပ်ဟလိုက်သည်။ သို့သော်လည်း မည်သည့်စကားကို ပြောသင့်မှန်း သူမသိပေ။
ဧကရီသည် မင်းသားဆယ့်တစ်ကို မကြည့်ပေ။
သူက ကောင်းကင်ကို ကြည့်လိုက်သည်။ လူသားမျိုးနွယ်၏ စစ်ပွဲဗုံက ပျောက်ကွယ်သွားပြီး ဝန်ကြီးများက ထွက်ခွာသွားကြပြီဖြစ်သော်လည်း ရွှီချင်းက နေရာမှာ ရပ်နေဆဲပင်။
“ ဘုရင်ကျန်းကန် ”
ဧကရီက တည်ငြိမ်စွာ ပြောသည်။
လေထဲမှ ရွှီချင်းသည် ဧကရီကို အရိုအသေပေးလိုက်သည်။
“ ကျွန်တော်က တစ်စုံတစ်ယောက်ကို စောင့်နေတာပါ အရှင်မင်းကြီး… သူရောက်လာမယ်လို့ ကျွန်တော်ထင်ပါတယ် ”
ရွှီချင်းက နူးညံ့စွာ ပြန်ပြောသည်။
ရွှီချင်းထံသို့ ကြည့်နေသော ဧကရီ၏ အကြည့်သည် လေးနက်သည်။ အချိန်တစ်ခဏကြာပြီးနောက် သူက မည်သည့်စကားမှ မပြောတော့ဘဲ နန်းတော်ဆီသို့ လျှောက်သွားသည်။
မင်းသားဆယ့်တစ်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဧကရီ၏ အနောက်မှ စိုးရိမ်ကြောင့်ကြစွာ လိုက်သွားသည်။
လောကကြီးသည် တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
သို့သော်လည်း အစောနက ကြီးကျယ်ခမ်းနားသော ပွဲအခမ်းအနားနှင့် နှိုင်းယှဉ်လျှင် ယခုကဲ့သို့ ရုတ်တရက် တိတ်ဆိတ်သွားခြင်းက ဖော်မပြနိုင်သော ဖိအားကို ဖြစ်ပေါ်လာစေသည်။
တင်းကျပ်သော လေထုကြားထဲတွင် ရွှီချင်းတစ်ယောက်တည်းသာ လေထဲမှာ ရပ်နေသည်။ ဘေးပတ်ဝန်းကျင်တွင် သူမှလွဲ၍ တခြားတစ်ယောက်မရှိပေ။
သူက နေရာမှာ တိတ်ဆိတ်စွာ ရပ်နေပြီး မိုးကုပ်စက်ဝိုင်းဆီသို့ ကြည့်လိုက်သည်။
သူက အတော်လေး စိတ်ရှည်သည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့အတွက် သူက နှစ်ပေါင်းများစွာကြာအောင် စောင့်ဆိုင်းခဲ့ရခြင်း မဟုတ်ပါလော။
ထိုလူရောက်လာမည်ဖြစ်ကြောင်း သူယုံကြည်သည်။
ယင်းက သူ၏ ပင်ကိုယ်ဗီဇတုံ့ပြန်မှုဖြစ်သည်။
အတိအကျဆိုရလျှင် အတိတ်တွင် နန်းမြို့တော်ထဲ၌ တစ်ဖက်လူကို သူမြင်လိုက်ရသည့်အချိန်မှာ သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ဆုံရမည့်အချိန်က သိပ်မဝေးကွာတော့ကြောင်း သူသိခဲ့သည်။
ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
နေလုံးသည် ကောင်းကင်ပေါ်သို့ ဖြည်းညင်းစွာ မြှောက်တတ်သွားသည်။ နေရောင်ခြည်နှင့် အပူဓတ်သည် နေမွန်းတည့်ချိန်ရောက်သည်အထိ လောကတစ်ခွင်သို့ ဆက်လက် ဖြန့်ကြက်သွားကြသည်။
ပူပြင်းသော နေအလင်းရောင်သည် ကမ္ဘာမြေပေါ်မှ အမှောင်ထုကို ဖယ်ရှားပစ်လိုက်သည်။ ယင်းက ဖုန်မှုန့်များကို အရည်ပျော်စေပြီး ကောင်းကင်ကို ရှင်းလင်းစွာ မမြင်နိုင်အောင် မျက်စိကျိန်းစပ်စေသည်။