အချိန်အလွန်
Vol. 90 Ch. 1393
ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ အသံသည် သိမ်မွေ့နူးညံ့သည်။
သူက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားစဉ် သူ၏ ခရမ်းရောင်ဆံပင်ရှည်က လေထဲမှာ တဖျပ်ဖျပ်လွင့်မျောနေသည်။ သူ၏ သူငယ်အိမ်များသည်ပင် ခရမ်းရောင်ဖျော့ဖျော့သန်းနေသည်။ သူက ကံကြမ္မာလက်ဖြင့် ဖမ်းဆုပ်ခံထားရသော သူ့အရှေ့မှ ရွှီချင်းကို ကြည့်လိုက်သည်။
သူ၏ အမူအရာသော်လည်းကောင်း သူ၏ အကြည့်သော်လည်းကောင်း သိမ်မွေ့နူးညံ့သည်။
ယင်းက အတိတ်တုန်းက ပြိုင်ဘက်ကင်းမြို့တော်မှာကဲ့သို့ ရွှီချင်း၏ နှလုံးသားထဲမှ ပြီးပြည့်စုံသော အကိုကြီးဖြစ်သည်။
“ အဲ့ဒါက အမှန်တရားမဖြစ်နိုင်ဘူးလား ”
ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက နူးညံ့စွာ ပြောသည်။
သူ၏ အသံက လေထဲမှာ ပျံ့လွင့်သွားပြီး အချိန်ထဲမှာ စီးဆင်းသွားသည်။ ဤသည်မှာ လေက အချိန်ထဲမှာ နစ်မြှုပ်ခံထားရသော ပြိုင်ဘက်ကင်းမြို့တော်ဆီသို့ တိုက်ခတ်ချင်နေသည့်အလားပင်။
“ ညီလေး… ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူး ”
“ ဒီကံကြမ္မာလက်က မင်းကိုပေးတဲ့ ငါ့ရဲ့ လက်ဆောင်တစ်ခုပါ… အဲ့ဒါက ပြန်ရှင်သန်လာတဲ့ ကျစ်လွီဆဲ့တိုင်းပြည်ရဲ့ ကမ္မကနေ ဖြစ်ပေါ်လာတာပါ ”
ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက စကားပြောလိုက်သည့်အခါ ရွှီချင်းကို ဖမ်းဆုပ်ထားသော ဧရာမလက်ကြီးက ချက်ချင်း လွင့်ပြယ်သွားပြီး ခရမ်းရောင်နဂါးတစ်ကောင်သို့ ပြောင်းလဲသွားသည်။ သိပ်သည်းသော ကမ္မစွမ်းအားက ထွက်ပေါ်လာသည့်အခါ ခရမ်းရောင်နဂါးသည် ရွှီချင်း၏ ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်သည်။
“ ဒီနေ့ ငါလာတာ မင်းကို အိမ်ပြန်ခေါ်သွားမလို့ပါ ”
“ ကျစ်လွီဆဲ့တိုင်းပြည်ကို မြေအောက်လောကထဲကနေ ငါသယ်ထုတ်ပြီးပြီ… အခု ကျစ်လွီဆဲ့တိုင်းပြည်က ကောင်းကင်ဝါးမျိုဒေသကြီးဆီ ဆင်းသက်လာပြီးပြီ… တိုင်းသူပြည်သားအားလုံးလည်း ပြန်ရောက်လာကြပြီ ”
“ သူတို့က ငါ့ကို စောင့်ဆိုင်းနေကြတယ်… ငါပြန်လာတဲ့အခါ ကျစ်လွီဆဲ့ဧကရာဇ်အဖြစ် ထီးနန်းဆက်ခံမယ် ”
“ ဒီဘဝမှာ ငါ့ရဲ့ ညီလေးအနေနဲ့ မင်းနဲ့ငါ့ကြားက ကမ္မဆက်နွယ်မှုက အရမ်းနက်ရှိုင်းတယ်… ဒါကြောင့် ငါမင်းကို အိမ်ပြန်ခေါ်သွားချင်တယ်… ငါက ဧကရာဇ်ဖြစ်လာတဲ့အခါ မင်းက ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားဘွဲ့ကို ဆက်ခံရလိမ့်မယ် ”
“ ဒီနာမည်နဲ့ ဒီဘွဲ့က အခုချိန်ထိ ဂုဏ်အရှိန်အဝါထွန်းတောက်နေတုန်းပဲ… အဲ့ဒါကို မင်းကို ငါပေးမယ် ”
“ အဲ့ဒါကို မင်းလက်ခံလိုက်တာနဲ့ ကျစ်လွီဆဲ့တိုင်းပြည်ရဲ့ ကမ္မနဲ့ ငါ့ရဲ့ ပံ့ပိုးမှုအောက်မှာ မင်းက ခြေတစ်လှမ်းတည်းနဲ့ နတ်ဘုရားမီးတောက်ကို ထွန်းညှိနိုင်ပြီး နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မယ် ”
“ ညီလေး… အဲ့ဒါကို လက်ခံဖို့ မင်းဆန္ဒရှိလား ”
ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ စကားသံသည် ကောင်းကင်ကို ဆုတ်ဖြဲလိုက်သော မိုးကြိုးသွားတစ်စင်းနှယ် ဤလောကပေါ်သို့ ကျဆင်းလာသည်။ ယင်းက ကုန်းမြေများစွာကို ဖြတ်ကျော်သွားပြီး ကံကြမ္မာအငွေ့အသက်ကို သယ်ဆောင်လျက် ဤလောကပေါ်သို့ ဆင်းသက်လာသည်။
ယင်းက သူ၏ စကားများက အမှန်ဖြစ်ကြောင်း၊ သူ၏ ဆုံးဖြတ်ချက်က ခိုင်မြဲကြောင်း သက်သေပြုပေးနေသည်။
သူပြောခဲ့သမျှ အားလုံးသည် အမှန်ဖြစ်သည်။
လောကကြီးက ယင်းကို သက်သေပြုပေးနိုင်သည်။
ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားသည် စကားဆုံးသွားသည်နှင့် လက်မြှောက်လိုက်ပြီး သူ၏ နဖူးကို ဖိလိုက်သည်။ ဤသည်မှာ သူက တစ်စုံတစ်ခုကို ဆွဲထုတ်နေသည့်အလားပင်။ သို့သော်လည်း မည်သည့်အရာဝတ္ထုမှ မရှိချေ။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သဏ္ဍာန်မဲ့ပစ္စည်းတစ်ခုက ဆွဲထုတ်ခံလိုက်ရသည့်အလား ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက အရေးကြီးသော တစ်စုံတစ်ခုကို ဆုံးရှုံးသွားပုံပေါ်သည်။
ယင်းက နာမည်ဖြစ်သည်။
သူက ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားဟူသော နာမည်ကို ထုတ်လိုက်ပြီး ယင်းပေါ်မှာ သူ၏ စကားများကို ထည့်သွင်းလိုက်သည်။
နာမည်က ရွှီချင်း၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည်။
တစ်ချိန်တည်းမှာ ရွှီချင်းကို ဝန်းရံထားသော ခရမ်းရောင်နဂါးသည်လည်း ကမ္ဘာတုန်ဟီးစေနိုင်သော ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်သည်။ ဤသည်မှာ ရွှီချင်းက ခေါင်းညိတ်လိုက်သည်နှင့် ၎င်းက ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားပြီး သူ့ကို နတ်ဘုရားတစ်ပါးဖြစ်လာအောင် ကူညီပေးတော့မည့်အလားပင်။
ထိုမြင်ကွင်းသည် နန်းမြို့တော်ထဲမှ စောင့်ကြည့်နေကြသော ကျင့်ကြံသူများကို နှလုံးတုန်သွားစေသည်။
စံအိမ်တော်ထဲမှ အားညိုသည်လည်း အံ့ဩသွားသည်။ ထို့နောက် သူက အံကြိတ်လိုက်ပြီး အော်ပြောလိုက်သည်။
“ ချင်းလေး… သူပြောတာကို မယုံနဲ့… အဲ့ဒီကောင်က လူလိမ် ”
ရွှီချင်းသည် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်သည်။
ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားသည်လည်း ရွှီချင်းကို သိမ်မွေ့နူးညံ့စွာ ကြည့်လိုက်သည်။
ဤအခိုက်အတန့်မှာ နန်းတော်၏ ကောင်းကင်ပေါ်တွင် သူတို့နှစ်ယောက်တည်းသာ ရှိသည်။
ဘေးပတ်ဝန်းကျင်သည် ဖရိုဖရဲဖြစ်နေသည်။
လူသားမျိုးနွယ်၏ ပိုင်နက်ထဲမှ အသူရာချောက်နက်ဂိတ်တံခါးသည် ဆက်လက် တုန်ခါနေဆဲပင်။ ကျယ်လောင်သော မြည်သံများသည်လည်း ဆက်လက် ပေါ်ထွက်လာနေဆဲပင်။ အလင်းရောင်နှစ်ခု၏ ပဲ့တင်ထပ်မှုမှ ဖြစ်ပေါ်လာသော ဒြပ်နှောများသည် လောကထဲမှာ အဆုံးမဲ့စွာ ပျံ့နှံ့နေသည်။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ တုန်ခါမှုက တဖြည်းဖြည်း အားနည်းသွားသည်။
ရှင်းလင်းစွာပင် ဧကရီနှင့် အလောင်းနတ်ဘုရားငါးပါးသည် အသူရာချောက်နက်ဂိတ်တံခါးကို အောင်မြင်စွာ ဖိနှိပ်နိုင်သွားသည်။
ဆယ့်ငါးမိနစ်ပြည့်ရန် သိပ်မလိုတော့ပေ။
သို့သော်လည်း ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ အသံနှင့် အမူအရာမှာ အလျင်လိုသော အရိပ်အယောင် မပြချေ။ ဤသည်မှာ ရွှီချင်း၏ ရွေးချယ်မှုသည်သာ ဤအခိုက်အတန့်မှာ သူ့အတွက် အရေးကြီးဆုံးဖြစ်သည့်အလားပင်။
ထို့ပြင် သူက မရေမတွက်နိုင်သော အချိန်စီးကြောင်းများကို မြင်တွေ့ခဲ့သည်။ ရလဒ်အများစုတွင် ရွှီချင်းက သူ၏ နာမည်ကို လက်ခံခဲ့ပြီး ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားဖြစ်လာသည်။
အချိန်စီးကြောင်းတချို့မှာ ရွှီချင်းက သူ့ကို ငြင်းဆန်ခဲ့သော်လည်း သူ၏ အမျိုးမျိုးသော တုံ့ပြန်မှုအောက်မှာ သူက လက်ခံလိုက်ဆဲပင်။
အမှန်မှာ ရလဒ်သည် အချိန်ထဲမှာ သတ်မှတ်ထားပြီးသား ဖြစ်သည်။
ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ အကြည့်သည် သိမ်မွေ့နူးညံ့သည်။
ရွှီချင်းက တိတ်ဆိတ်နေသည်။ တစ်ဖက်လူ၏ စကားက သူ့ကို အံ့ဩသွားစေသည်။ ဤအခိုက်အတန့်မှာ သူ၏ အကြည့်က ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ အကြည့်နှင့် တွေ့ဆုံသွားပြီး ယှက်ထွေသွားသည်။ ယင်းက သူ့နှလုံးသား၏ အနက်ပိုင်းထဲမှ ငယ်ဘဝမှတ်ဉာဏ်များကို ပြန်လှုံ့ဆော်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူက မည်သည့်ရွေးချယ်မှုမှ မပြုလုပ်ခဲ့ပေ။ ယင်းအစား သူက လေးနက်သော အသံဖြင့် ပြောသည်။
“ ငါမင်းကို မယုံဘူး ”
“ ငါ့မှာလည်း ခန့်မှန်းမှုတစ်ခုရှိတယ်… ကျေးဇူးပြုပြီး အဲ့ဒါကို ငါ့အတွက် အတည်ပြုပေးပါ… ဖြတ်တောက်ခံလိုက်ရတဲ့ ရက်စက်တဲ့ အချိန်အပိုင်းအခြားထဲမှာ… ငါအပိုင်းပိုင်းအစစ အက်ကွဲသွားပြီးနောက် ထူးဆန်းတဲ့ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့တယ်မလား ”
ရွှီချင်းသည် သူ၏ မှတ်ဉာဏ်များထဲမှ အကိုကြီးဖြစ်သော ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ တကယ်လို့ အဲ့ဒီခန့်မှန်းမှုသာ အမှန်ဆိုရင် ငါအက်ကွဲသွားပြီးနောက် ဖြစ်ပျက်ခဲ့တဲ့အရာက အဲ့ဒီအချိန်အပိုင်းအခြားကို ဖြတ်တောက်ပစ်ရမယ်လို့ မင်းကို ခံစားရစေခဲ့တာဖြစ်မယ်… ဒါမှ အဲ့ဒီအချိန်က အပြင်လောကမှာ ဘယ်တော့မှ ထွက်ပေါ်မလာနိုင်မှာ ”
“ ပြီးတော့ မင်းက ဖြတ်တောက်ခံလိုက်ရတဲ့ အချိန်နေရာမှာ နူးညံ့တဲ့ မှတ်ဉာဏ်တွေနဲ့ အစားထိုးလိုက်တယ် ”
“ အဲ့ဒါကြောင့် ငါဘာမှ မသိနိုင်တော့ဘူး… ငါ့မှတ်ဉာဏ်ထဲက နူးညံ့တဲ့အပိုင်းကို အမှန်လို့ ထင်မှတ်သွားပြီး ငါ့ဘဝတစ်လျှောက်လုံး အဲ့ဒီအတိုင်းပဲ ဖြတ်သန်းသွားနေလိမ့်မယ် ”
ရွှီချင်း၏ တည်ငြိမ်သော အသံသည် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ နားထဲသို့ ပျံ့လွင့်သွားသည်။
ယင်းက တူညီသော ပုစ္ဆာအတွက် နောက်ထပ်ဖြေရှင်းချက်တစ်ခု ဖြစ်သည်။
ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ မျက်နှာပေါ်မှ သိမ်မွေ့နူးညံ့မှုသည် ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။
သူ၏ အရှေ့မှ အကိုကြီးကို ကြည့်နေရင်း ရွှီချင်းက နူးညံ့စွာ ဆက်ပြောသည်။
“ မင်းဘာလို့ ငါ့ကို ချုပ်ရာတွေနဲ့ အဝတ်ရုပ်ကို ပို့ပေးလိုက်တာလဲလို့ ငါစဉ်းစားခဲ့တယ်… စောစောက ခန့်မှန်းမှုက ငါ့စိတ်ထဲမှာ ထွက်ပေါ်လာတော့ ဖြစ်နိုင်ခြေတစ်ခုကို ငါစဉ်းစားမိသွားတယ်… အရုပ်က သော့တစ်ချောင်းပဲ ”
ရွှီချင်းက စကားအများကြီး ပြောခြင်းသည် အလွန်ရှားပါးသည်။ သို့သော်လည်း ယနေ့သည် ခြားနားသည်။ ထို့အတူ သူရင်ဆိုင်နေရသော ပုဂ္ဂိုလ်သည်လည်း ခြားနားသည်။
“ အဲ့ဒါက ကံကြမ္မာကို ဖွင့်လှစ်မယ့် သော့ပဲ… အဲ့ဒါက စာအုပ်ဆိုင်ပိုင်ရှင်ဇောင်ရဲ့ ကံကြမ္မာကို မင်းလုယက်ခဲ့တုန်းကနဲ့ တူညီတယ် ”
ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားကို စိုက်ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ သိမ်မွေ့နူးညံ့သော အမူအရာသည် လုံးဝပျောက်ကွယ်သွားသည်။ ယင်းအစား သူ၏ ခန္ဓာကိုယ်က ဖော်မပြနိုင်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
“ အတိတ်မှာ ငါအက်ကွဲသွားပြီးနောက် တစ်စုံတစ်ခုကို မင်းမြင်ခဲ့တယ်မလား… အဲ့ဒါက မင်းလိုအပ်တဲ့အရာ ဒါမှမဟုတ် မင်းကြောက်ရတဲ့အရာ ဖြစ်မယ်… အဲ့ဒါကြောင့် မင်းက ရက်စက်တဲ့ အချိန်ကို ဖြတ်တောက်ပြီး နူးညံ့တဲ့ မှတ်ဉာဏ်တွေနဲ့ ချိပ်တံဆိပ်တစ်ခုလိုမျိုး အစားထိုးခဲ့တယ် ”
“ ဒီနေ့ အဲ့ဒါက ရင့်မှည့်ချိန်ရောက်ပြီလို့ မင်းတွေးမိလို့ ဒီနေရာကို မင်းရောက်လာတာပဲ ”
“ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားရဲ့ နာမည်နဲ့ ဘွဲ့ကို ဆက်ခံဖို့ မင်းက ငါ့ကို ပြောတယ်… အဲ့ဒါက ငါ့ရဲ့ ခန့်မှန်းမှုကို ပိုပြီးသေချာသွားစေတယ်… တကယ်လို့ အဲ့ဒါကို ငါလက်ခံလိုက်မယ်ဆိုရင် အနာဂတ်မှာ ငါ့ခန္ဓာကိုယ်ထဲက ဝိညာဉ်က ငါလား ဒါမှမဟုတ် မင်းလား ”
“ မင်းရဲ့ တကယ့်ရည်ရွယ်ချက်အမှန်ကို ငါသေချာမသိဘူးဆိုပေမဲ့ ထူးဆန်းတဲ့ ဒီလိုခန္ဓာကိုယ်သိမ်းပိုက်နည်းက ငါ့အတွက် အဖြေတစ်ခုကို ရှင်းလင်းသွားစေတယ် ”
“ ငါ့ရဲ့ ဝိညာဉ်ထဲမှာ မင်းလိုချင်တဲ့ တစ်စုံတစ်ခုရှိတယ်… ဒါပေမဲ့ အဲ့ဒါကို မင်းမယူနိုင်ဘူး… ဒါကြောင့် မင်းက ဒီနည်းလမ်းကို အသုံးပြုလိုက်တာပဲ ”
“ ငါပြောတာ မှန်ရဲ့လား… အကိုကြီး ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက မျက်မှောင်ကြုတ်လိုက်သည်။
နောက်အခိုက်အတန့်မှာ လေသည် လောကထဲမှာ ဖြတ်သန်းတိုက်ခတ်သွားပြီး သူတို့နှစ်ယောက်ကို ကြင်နာစွာ ပွတ်သပ်သွားသည်။ လေတိုးဝှေ့မှုကြောင့် သူတို့၏ ဆံပင်သည် တဖျပ်ဖျပ်လွင့်မျောသွားပြီး နေရောင်ခြည်အောက်မှာ ရောင်စုံအလင်းကို ထုတ်လွှတ်လိုက်သည်။ လေငြိမ်သွားပြီး ဆံပင်က အောက်သို့ ပြန်ကျသွားသည့်အခါ အလွန်ကြောက်စရာကောင်းသော ဖရိုဖရဲစွမ်းအားသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပေါ်လျှိုးလာသည်။
ထိုစွမ်းအားထဲတွင် ကံကြမ္မာအပေါ် သက်ရောက်နိုင်သော အဖျက်အဆီးအရှိန်အဝါလည်း ပါဝင်နေသည်။ ယင်းက ကောင်းကင်နှင့်မြေပြင်၏ အရောင်ကို ပြောင်းလဲသွားစေပြီး အရပ်မျက်နှာအဘက်ဘက်မှ လေနှင့်တိုက်တိမ်များကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။
ယင်းက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်သော အရှိန်အဝါဖြစ်သည်။
ရွှီချင်းသည် လူတိုင်းကို အံ့ဩထိတ်လန့်သွားစေမည့် အရာကို ပြုလုပ်ရန် တုံ့ဆိုင်းမနေပေ။
သူက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ရန် ရွေးချယ်လိုက်ပြီး အတိတ်တုန်းကအတိုင်း အပိုင်းပိုင်းအစစ အက်ကွဲသွားစေသည်။
ယင်းက ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားကို သူပေးလိုက်သော အဖြေဖြစ်သည်။
သူ၏ ဝိညာဉ်ထဲမှာ မည်သည့်အရာတည်ရှိနေကြောင်း သူကိုယ်တိုင်လည်း သိချင်သည်။
“ အတိတ်မှာ အင်ပါယာကြယ်ရဲ့ အဖေ ချူထျန်းချွင်က နတ်ဘုရားအတတ်ပညာတစ်ခုကို အသုံးပြုပြီး ငါ့ရဲ့ ဝိညာဉ်ထဲက ကမ္မအားလုံးကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားခဲ့တယ်… ဒါပေမဲ့ နောက်ဆုံးမှာ သူက နာနာကျင်ကျင် အော်ဟစ်လိုက်ရတယ်… ”
“ သူ… သူဘာကို မြင်ခဲ့တာလဲ… ”
ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်သော စွမ်းအားသည် လောကကို လွှမ်းခြုံသွားသည်။ ရွှီချင်းသည် အဖျက်အဆီးမုန်တိုင်းကြားတွင် သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။
ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ ရည်ရွယ်ချက်ကို သူမသိသော်လည်း ကိစ္စအားလုံးကို ဆက်စပ်စဉ်းစားလိုက်သည့်အခါ အကျိုးတရားနှင့် အကြောင်းတရားကို သူနားလည်သွားသည်။
သို့သော်လည်း ယင်းက သူ၏ အစီအစဉ်အပေါ် သက်ရောက်မှုမရှိပေ။
နန်းမြို့တော်ထဲမှာ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားကို သူမြင်တွေ့ပြီးနောက် ရွှီချင်းက မည်သို့ကြောင့် ဘာမှမပြင်ဆင်ထားဘဲ နေမည်နည်း။ ယင်းက သူ၏ အကျင့်မဟုတ်ပေ။
အမှန်မှာ အတိတ်တွင် နန်းတော်ထဲမှာ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားကို ပထမဆုံးအကြိမ် သူမြင်လိုက်သည့်အချိန် ရွှီချင်းက သတ္တမသခင်ကြီးကို တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားကို ဆန့်ကျင်ရန် အစီအစဉ်တစ်ခုကို ရေးဆွဲခဲ့သည်။
ထိုအစီအစဉ်၏ အဓိကသော့ချက်သည် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ အချိန်ထိန်းချုပ်နိုင်စွမ်းထက် သာလွန်ရန် ဖြစ်သည်။
သူက အချိန်စီးကြောင်းထဲမှာ တစ်ဖက်လူမမြင်ခဲ့သော ရလဒ်ထွက်ပေါ်အောင် ပြုလုပ်ရလိမ့်မည်။
ထို့ကြောင့် ရွှီချင်းက တစ်ဖက်လူ၏ မျှော်လင့်ထားမှုထက် ကျော်လွန်ရန် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ခြင်း ဖြစ်သည်။
သတ္တမသခင်ကြီးသည်လည်း ယင်းကို အသိအမှတ်ပြုခဲ့သည်။
ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားသည်တော့ အမူအရာပျက်ယွင်းသွားသည်။
သူ၏ သိမ်မွေနူးညံ့သော အမူအရာက ပထမဆုံးအကြိမ် ပြောင်းလဲသွားသည်။ သူ၏ သူငယ်အိမ်က ကျုံ့သွားပြီး သူ၏ နှလုံးသားထဲမှာ လှိုင်းဂယက်များ ထွက်ပေါ်လာသည်။
ရွှီချင်း၏ ရွေးချယ်မှုသည် သူမျှော်လင့်ထားသည်ထက် လုံးဝကျော်လွန်နေသည်။
ယင်းက သူမြင်တွေ့ခဲ့သော အချိန်စီးကြောင်းများထဲတွင် မပါဝင်ပေ။
တစ်ချိန်တည်းမှာ လူသားနန်းမြို့တော်နှင့် အလွန်ဝေးကွာပြီး အလယ်တွင် တားမြစ်ပင်လယ်ခြားထားသော နန်းဟွမ်ကုန်းမြေထဲ၌ နန်းဟွမ်ကုန်းမြေ၏ အရှင်သခင်ဖြစ်သော မီးတောက်ဖီးနစ်သည် ၎င်း၏ အတောင်ပံများကို ဖြန့်ထုတ်၍ နန်းဟွမ်ကုန်းမြေ၏ ကောင်းကင်ပေါ်မှာ လှည့်ပတ်ပျံသန်းနေသည်။
မီးတောက်ဖီးနစ် ဖြတ်သန်းသွားသည့်နေရာတိုင်း လောကက တုန်လှုပ်သွားပြီး လေနှင့် တိမ်တိုက်များက ပရမ်းပတာ လှုပ်ခတ်သွားကြသည်။
မုန်တိုင်းများသည် မြေပြင်ပေါ်သို့ ရိုက်ခတ်သွားသည်။
ထို့အတူ မုန်တိုင်းတစ်ခုသည် နန်းဟွမ်ကုန်းမြေပေါ်မှ အပျက်အစီးနယ်မြေတစ်ခုပေါ်သို့ ကျဆင်းလာသည်။
ထိုအပျက်အစီးနယ်မြေသည် အတိတ်တွင် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား တိုက်ပွဲမှာ ကျဆုံးသွားခဲ့သောနေရာ ဖြစ်သည်။ ထို့ပြင် ထိုနေရာသည် ပြိုင်ဘက်ကင်းမြို့တော်၏ တည်နေရာလည်း ဖြစ်သည်။
ဤအခိုက်အတန့်မှာ ကျင့်ကြံသူရာထောင်ချီသည် တင်ပျဉ်ခွေထိုင်နေကြကာ အလွန်ကျယ်ပြောပြီး အံ့ဩထိတ်လန့်ဖွယ်ကောင်းသော စည်းချအစီအရင်တစ်ခုကို ဖွဲ့စည်းနေကြသည်။
ထိုစည်းချအစီအရင်၏ အကျယ်အဝန်းသည် အလွန်ကြီးမားသည်။ ထိုလူများထဲတွင် အခြေတည်အဆင့်မှစ၍ ဝိညာဉ်နတ်သူငယ်အဆင့်၊ ဝိညာဉ်သိုက်အဆင့်နှင့် ဗလာနတ္ထိအဆင့် ကျင့်ကြံသူများပင် ပါရှိကြသည်။
အကယ်၍ အားညိုသာ ဤနေရာမှာ ရှိမည်ဆိုလျှင် ထိုကျင့်ကြံသူအများစုက ချီယွဲ့ထုံဂိုဏ်း၏ တပည့်များဖြစ်ကြောင်း အကြည့်တစ်ချက်ဖြင့် သူပြောနိုင်လိမ့်မည်။ ကျန်လူများသည် ခရမ်းမြေမှ ကျင့်ကြံသူများ ဖြစ်ကြသည်။
ယင်းက နန်းဟွမ်ကုန်းမြေထဲမှ အင်အားစုအသီးသီးဖြင့် ဖွဲ့စည်းထားသော ဧရာမစည်းချအစီအရင်တစ်ခုဖြစ်သည်ဟု ဆိုနိုင်ပေသည်။
စည်းချအစီအရင်၏ အတွင်းဘက်စက်ဝန်းကို ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေသည့် အသွေးအသားများဖြင့် ဖန်တီးထားသည်။ ထိုအသွေးအသားသည် လောကကို ဝုန်းခနဲ မြည်သွားစေပြီး ဘေးပတ်ဝန်းကျင်ကို ပရမ်းပတာ တုန်ခါသွားစေသည်။ ဤသည်မှာ သူတို့၏ တည်ရှိမှုက ထိုဖိအားအောက်တွင် ဖျောက်ဖျက်ခံရတော့မည့်အလားပင်။
အသွေးအသား၏ အလယ်ဗဟိုတွင် ငွေရောင်ဧရာမဘီလူးတစ်ကောင်က မတ်တတ်ရပ်နေသည်။ ၎င်းကို မရေမတွက်နိုင်သော ပြဒါးရည်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၎င်း၏ အရွယ်အစားက ပေတစ်သိန်းရှည်လျားသည်။
ထိုဘီလူး၏ အသွင်သဏ္ဍာန်သည် ရွှီချင်းနှင့် တစ်ပုံစံတည်း တူညီသည်။
ရွှီချင်းထံမှ သွေးတစ်စက်သည်လည်း ငွေရောင်ဘီလူး၏ နဖူးပေါ်မှာ တည်ရှိနေသည်။
သတ္တမသခင်ကြီးသည် လေထဲမှာ တင်ပျဉ်ခွေထိုင်နေပြီး ငွေရောင်ဘီလူးကို စိုက်ကြည့်နေသည်။
လေသည် တဟူးဟူးတိုက်ခတ်လာပြီး သူ၏ အဖြူရောင်ဆံပင်ကို လွင့်မျောသွားစေသည်။ သူက ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါကို ထုတ်လွှတ်နေပြီး ဤအခိုက်အတန့်မှာ သူ၏ မျက်နှာက ဖော်မပြနိုင်အောင် တည်ကြည်လေးနက်နေသည်။
ရွှီချင်းက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်သည်နှင့်ချက်ချင်း သတ္တမသခင်ကြီးက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
“ အချိန်ကျပြီ… စည်းချအစီအရင်ကို အသက်သွင်းတော့ ”
အရပ်ရှစ်မျက်နှာဆီမှ ကျင့်ကြံသူရာပေါင်းများစွာသည် တစ်ပြိုင်နက် မန္တန်ရွတ်ဆိုလိုက်ကြသည်။ ကောင်းကင်ပေါ်မှာ ပျံဝဲနေသော မီးတောက်ဖီးနစ်သည် ရောင်ခြည်တန်းတစ်ခုကို ထွေးထုတ်လိုက်ပြီး သတ္တမသခင်ကြီးသည် ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
ထိုအရှိန်အဝါသည် အချိန်ကင်းမဲ့သည်။ ဤသည်မှာ ၎င်းကိုယ်တိုင်က အချိန်ကို တိုင်းတာနိုင်သည့်အလားပင်။
“ အထွတ်အမြတ်ကြယ်နန်းတော်… ထာဝရပြောင်းလဲခြင်းနဲ့ အရှုံးမပေးခြင်း… ရှေးခေတ်ကို နှင်ထုတ်ပြီး အတိတ်ကို ချုပ်နှောင်ပါ… နတ်ဘုရားကို ကာကွယ်ပေးပြီး ဝိညာဉ်ကို စောင့်ရှောက်ပေးတော်မူပါ… ဉာဏ်ပညာကို ထွန်းလင်းပေးပြီး အသိစိတ်ကို တည်ငြိမ်စေပါ… ဝိညာဉ်ကို ငြိမ်းချမ်းစေပါ… ဝိညာဉ်သုံးခုက ထာဝရသည်းခံပြီး စိတ်ဝိညာဉ်က ဘယ်တော့မှ မသေဆုံးပါနဲ့… ငါ့ရဲ့ တပည့်က ငြိမ်းချမ်းစွာနဲ့ မြေအောက်မြစ်ကနေ ပြန်ရောက်လာပါ… ဒါဟာ နတ်ဘုရားအမိန့်တော်ပဲ ”
ထိုသို့ရွတ်ဆိုပြီးနောက် သတ္တမသခင်ကြီးသည် ဘယ်လက်ကို ရုတ်တရက် မြှောက်လိုက်ပြီး သူ့အောက်မှ ငွေရောင်ဘီလူးပေါ်သို့ တိုက်ရိုက် ဖိချလိုက်သည်။
“ ကောင်းကင်နဲ့မြေပြင်က သဘာဝတရားပဲ… မသန့်စင်မှုတွေက ပပျောက်သွားပါစေ… လျှို့ဝှက်ဆန်းကြယ်တဲ့ အာကာသလှိုဏ်ဂူထဲမှာ ရှေးဦးဝိညာဉ်က အဆုံးမဲ့စွာ ထွန်းလင်းနေပါစေ… အရပ်ရှစ်မျက်နှာက နတ်ဘုရားအစွမ်းတွေက ငါ့ကို သဘာဝတရားနဲ့ တစ်သားတည်း ပေါင်းစည်းစေမယ်… ဝိညာဉ်ရတနာရဲ့ အမိန့်တော်က ကောင်းကင်ဘုံကိုးခုအထိ ပျံ့လွင့်သွားမယ် ”
“ လွန်ခဲ့တဲ့နှစ်တစ်သိန်းက ပြိုင်ဘက်ကင်းပါရမီရှင် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားက ဒီနေရာမှာ သေဆုံးသွားခဲ့တယ်… သူက မသေခင်မှာ နောက်ဆုံးအကြိမ် အသက်ရှူခဲ့တယ်… ဒီနေ့ နွေဦးအင်မော်တယ်ရဲ့ အမည်နာမနဲ့ အင်မော်တယ်တွေရဲ့ လမ်းပြမှုနဲ့အတူ အဲ့ဒီနောက်ဆုံးအသက်ရှူမှုကို ငါဆင့်ခေါ်လိုက်တယ်… အဲ့ဒါက ငါ့ရဲ့ နတ်ဘုရားအမိန့်တော်ပဲ ”
သတ္တမသခင်ကြီး၏ မျက်လုံးသည် ဒေါသထွက်နေသည့်အလား ပြူးကျယ်နေသည်။ သူ၏ အသံသည် ကောင်းကင်ဘုံမိုးခြိမ်းသံပမာ ကျယ်လောင်ပြီး သူ၏ စကားလုံးတိုင်းသည် လောကကို ဝုန်းခနဲ တုန်လှုပ်သွားစေသည်။
သူက ဤနေရာမှာ သေဆုံးသွားခဲ့သော ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ နောက်ဆုံးထွက်သက်ကို ကောင်းကင်နှင့်မြေပြင်ထံမှ၊ အချိန်နှင့် အရာဝတ္ထုများထံမှ ဆွဲထုတ်ချင်သည်။