← Chapters

ဖြစ်လာနိုင်သော ပြဿနာများကို ဖယ်ရှားခြင်း

Vol. 44 Ch. 604

ဖြစ်လာနိုင်သော ပြဿနာများကို ဖယ်ရှားခြင်း

Vol. 44 Ch. 604

ဟန်လိသည် အေးတိအေးစက်မိန်းမလှ ကောင်းကင်ထက်သို့ ပျံသန်းကာ ပျောက်ကွယ်သည့်အထိ စောင့်နေပြီးနောက်မှာ လက်ဝါးဖြန့်လိုက်၏။ သူ့လက်ဝါးထဲတွင် အပြာရောင်ကျောက်စိမ်းပြားတစ်ခု၊ အစိမ်းရောင်ကျောက်စိမ်းပြားတစ်ခုနှင့် အဝါရောင် အမိန့်ပေးအဆောင်တစ်ခု ပေါ်လာသည်။ အစိမ်းရောင်ကျောက်စိမ်းပြားတွင် ဥယျာဉ်ထဲရှိ အပင်များကို မည်သို့ စိုက်ပျိုးရမည့်၊ပြုစုရမည့် နည်းလမ်းများ ပါဝင်သည်။ ၎င်းမှာ အရင်ဥယျာဉ်မှူးဟောင်း ပေးခဲ့တာပင်။ ဤဥယျာဉ်ရှိ ဆေးပင်ဝါးပင်အများစုမှာ မြင်နေတွေ့နေကျ ဖြစ်ပြီး ရှားပါးများ မဟုတ်နေ၍ ဟန်လိအဖို့ ဥယျာဉ်မှူးတာဝန်မှာ လွယ်လွန်းသည်။

အပြာရောင်ကျောက်စိမ်းပြားထဲတွင်မူ မူပိုင်လင်း ချန်ထားခဲ့သော ကျင့်ကြံခြင်းပညာရပ်ကို မှတ်တမ်းတင်ထား၏။ လေးနက်ရေခဲပညာရပ်မှာ ထိပ်တန်း မဟုတ်ပေ။ ၎င်းမှာ အားနည်းလှပြီး ဒုတိယတန်းစား ကျင့်ကြံခြင်းပညာရပ်ဟုပင် သတ်မှတ်၍ မရနိုင်ချေ။ ၎င်းပညာရပ်၏ ကောင်းကွက်မှာ ကျင့်ကြံရလွယ်ကူပြီး အဆင့်ပိတ်ဆို့မှု မရှိခြင်းသာ ရှိရော့မည်။ သို့သော် ဤပညာရပ်ကို မူပိုင်လင်းက ဟန်လိအား ရည်ရွယ်ချက်ဆိုးဖြင့် ပေးခဲ့တာ မဟုတ်ပေ။ ဟန်လိမှာ အပြင်စည်းတပည့်တစ်ယောက်မျှသာ ဖြစ်ပြီး သူ့ကျင့်ကြံမှုကလည်း နိမ့်လှ၍ သူမက သူ့အတွက် လွယ်ကူစေမည့် ပညာရပ်ကို ပေးခဲ့ခြင်းသာ ဖြစ်၏။

အမိန့်ပေးကျောက်စိမ်းပြားကမူ ဥယျာဉ်ကို ကာကွယ်ခြုံလွှမ်းထားသည့် အစီအရင်မန္တာန်ကို ထိန်းချုပ်ဖို့အတွက် ဖြစ်၏။ ဟန်လိက ဤကျောက်စိမ်းပြားများအပေါ် အလေးအနက် ထားမနေဘဲ သူ့သိုလှောင်အိတ်ထဲတွင် ထည့်သိမ်းထားလိုက်သည်။ ထို့နောက် သူက အိမ်ငယ်ထံ ဖြေးဖြေးမှန်မှန် လျှောက်လှမ်းသွားသည်။ သူက ၎င်းရှေ့တွင် ရပ်ကာ ဆေးဥယျာဉ်အနောက်ဘက်ရှိ တောင်ငယ်ထံ လှမ်း၍ ခြုံငုံကြည့်သည်။ သူ မသိမသာ ပြုံးလိုက်၏။

ထို့နောက် မျက်လုံးမှိတ်ကာ သူ့စိတ်ဝိညာဉ်အာရုံကို ဆယ့်ငါးကီလိုမီတာ အဝန်းအဝိုင်းထိ ဖြန့်ကျက် ခြုံလွှမ်းလိုက်သည်။ ဤဧရိယာတွင် အခြားကျင့်ကြံသူများ ရှိမနေမှန်း စစ်ဆေးကြည့်ပြီးနောက် သူ့လက်နှစ်ဖက်ကို ဝေ့ရမ်းလိုက်သည်။ သူ့အင်္ကျီလက်အိုးထံမှ တလက်လက်တောက်ပလျက်ရှိသည့် ဓားပျံဆယ့်နှစ်လက်က မြည်သံပေး၍ ပျံသန်းထွက်ကာ အနှီတောင်ငယ်ထံ ဦးတည်သွားသည်။ သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ထိန်းချုပ်မှုအောက်တွင် ဓားပျံများက တောင်အတွင်း လှိုဏ်ဂူတစ်ခုကို ကျနစွ တည်ဆောက်ကြသည်။ ဟန်လိသည် သူ့လှိုဏ်ဂူနေအိမ်တစ်ခုကို ဓားများအသုံးပြုကာ မြန်မြန်ဆန်ဆန် ဖန်တီးနေတာပင်။ ခြောက်နာရီလောက်ကြာပြီးနောက် ဤတောင်ငယ်အတွင်း လျှို့ဝှက်လှိုဏ်ဂူတစ်ခု ပေါ်ထွက်လာခဲ့ပေပြီ။

ဟန်လိက သူ့လှိုဏ်ဂူကို ကြည့်၏။ သူ စိတ်လက်ကြည်နေပုံပင်။ သူက အစီအရင်အလံများနှင့် သတ္တုပြားများကို ထုတ်ယူလိုက်ကာ နေရာချသည်။ ထို့နောက်တွင် ဤတောင်ပတ်ပတ်လည်တွင် အဆင့်မြင့် ဖုံးကွယ်ခြင်းမန္တာန်အစီအရင်များ ရှိလာခဲ့ပြီ။ ဤအစီအရင်သည် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ မျက်လုံးထံမှ ကွယ်ဖုံးနိုင်စွမ်း ရှိလိမ့်မည် မဟုတ်သော်ငြား အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကမူ ၎င်းကို သတိပြုနိုင်လိမ့်မည် မဟုတ်ပေ။

ဟန်လိအတွက်မူ ဤအစီအရင်သည် အချိန်တစ်ခုထိ သတိပြုမိခြင်း မခံရဖို့ လုံလောက်သည်။ တကယ်တော့ သည်လို ဆေးဥယျာဉ်ငယ်တစ်ခုသို့ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက် ရုတ်တရက် လာရောက်ရန် အကြောင်းရင်း ရှိမနေပါ။ သို့ဆိုစေ အခုအစီအရင်များသည် ယာယီမျှသာ။ သူသာ စိတ်ဝိညာဉ်ဘောင်ခတ်ခြင်းအစီအရင်ကို နေရာချပြီးသည်နှင့် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်သည်ပင် ဤတောင်၏ မူမမှန်မှုကို သတိပြုမိရန် ခက်ခဲပေလိမ့်မည်။

ဟန်လိသည် အစီအရင်မန္တာန်များ ပြုလုပ်ပြီးခြင်းကို လက်စသတ်ပြီးနောက် ရွက်လွှာကိုးခုဂျင်စင်းကို သူ့လှိုဏ်ဂူနေအိမ်တွင် နေရာချသည်။ ၎င်းဂျင်စင်း ပတ်ပတ်လည်တွင် အတားအဆီးများ သေချာချပြီးမှသာ သူ စိတ်အေးတော့သည်။ စဦးစိတ်ဝိညာဉ်ဖွဲ့စည်းရာတွင် အသုံးပြုရမည် ဖြစ်သောကြောင့် ဤဂျင်စင်းမှာ သူ့အတွက် အရေးကြီးလှသည်။

ယင်းနောက် ဟန်လိသည် အင်းဆက်အခန်းထဲမှ ရွှေငွေရောင်ရှိသည့် ရွှေဝါးမြိုခြင်းပိုးတောင်မာများကို နေရာချပြန်သည်။ အနက်ရောင်အစွန်းအကွက်နှင့် ပိုးတောင်မာများကိုမူ ဟန်လိသည် သူ့ဘေးတွင်သာ ထား၏။ အကြောင်းမှာ သက်တံမြက်ဖြင့် အနက်ရောင်အကွက် ပိုးတောင်မာများကို မျိုးထပ်ပွား၍ မရသောကြောင့်ပင်။

အင်းဆက်အခန်းဘေးတွင်တော့ စိတ်ဝိညာဉ်သားရဲအခန်းရှိသည်။ အထူးသဖြင့် ငိုကြွေးစိတ်ဝိညာဉ်သားရဲအတွက် ဖြစ်၏။ ထိုသားရဲသည် အမှောင်သားရဲ စိတ်ဝိညာဉ်များစွာကို စုပ်ယူစားသောက်ထားသည် ဖြစ်သောကြောင့် သူ့သိုလှောင်အိတ်ထဲ ပြန်ရောက်သည့်အချိန်တည်းကစ၍ အိပ်မောကျနေခဲ့သည်။ ဟန်လိကိုယ်တိုင်ပင် ၎င်းကို မနှိုးနိုင်ပေ။

သို့ပေမည့် သူ ခန့်မှန်းမိတာ တစ်ခုရှိသည်။ ငိုကြွေးစိတ်ဝိညာဉ်သားရဲမှာ အမှောင်သားရဲစိတ်ဝိညာဉ် မြောက်များစွာကို စားသောက်ထားသောကြောင့် အဆင့်တစ်ခုသို့ ဆင့်ကဲတိုးတက်နေတာ ဖြစ်ချေလိမ့်မည်။ ဟန်လိက ၎င်းသားရဲ၏ ရလဒ်ကို သိချင်နေမိသည်။ ထို့အပြင် ၎င်းသားရဲ အိပ်မောကျနေတာကို အခွင့်ကောင်းယူပြီး သူ့ဝမ်းဗိုက်ထဲရှိ ငိုကြွေးစိတ်ဝိညာဉ်ပုလဲကို ပြီးပြည့်စုံစေရန် သန့်စင်မည်ဟုလည်း ဆုံးဖြတ်ထားသည်။

ဆင့်ကဲတိုးတက်ကာ ပို၍ အစွမ်းထက်လာသော သည်သားရဲကောင်ကို သူ မထိန်းချုပ်နိုင်တော့မှာ စိုးရိမ်ရသည် မဟုတ်လား။ အမှောင်နယ်မြေမှာ ရှိခဲ့သည့် အချိန်တုန်းက ငိုကြွေးစိတ်ဝိညာဉ်သားရဲက ကြီးမားသည့်အသွင်ပုံစံသို့ ပြောင်းသည့်အခါတွင် သူ့သိုလှောင်အိတ်ထဲရှိ ထိုပုလဲမှာ သုံးလေးကြိမ်ထက်မနည်း ဂနာမငြိမ် ဖြစ်ခဲ့တာ သူ ခံစားမိခဲ့သည်။ ထိုစဉ်တုန်းက နတ်သမီးခရမ်းစိတ်ဝိညာဉ်နှင့် မိုင်နင်တို့ရှေ့တွင် ဟန်လိသည် တည်ငြိမ်စွာ ရှိနေခဲ့သော်လည်း အမှန်တကယ်တွင်မူ စိတ်ထဲတွင် ကြိတ်၍ စိုးရိမ်ပူပန်နေခဲ့ရသည်။ အခု သူ့မှာ အခွင့်အရေးတစ်ခု ရှိလာပြီဖြစ်၍ ဤသို့ ဆက်ဖြစ်ခွင့်ပြုတော့မည် မဟုတ်ပေ။

ဟန်လိက သူ ဆက်လုပ်ဆောင်မည့် အစီအစဉ်များကို ဆုံးဖြတ်ပြီး ဖြစ်သည်။ ငိုကြွေးစိတ်ဝိညာဉ်ပုလဲကို သူ ချက်ခြင်း မသန့်စင်သေးပေ။ ထိုအစား အခြား ပြဿနာတစ်ခုကို အရင် ဖြေရှင်းရဦးမည်။ သူ့ခန္ဓာကိုယ်ထဲရှိ လေစိတ်ဝိညာဉ်စွမ်းအင်မှာ အခုထိ မလွင့်ပြယ်သေးပေ။ အဆင့်ကိုး လေချိုးဖျက်ခြင်းသားရဲဖြစ်သော ဖန်းရှီသည် ကောင်းကင်တောင်ပိုင်းဒေသ အထိ သူ့နောက်သို့ လိုက်လံမလာနိုင်မှာ သေချာ၏။ သို့သော် မည်သို့ပင်ဖြစ်စေ ၎င်းသားရဲ၏ လေစွမ်းအင်က သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေခြင်းမှာ သူ့ကို ဖိအားဖြစ်စေသည်သာ။ ၎င်းလေစွမ်းအင်က ရေရှည်မှာ သူ့အတွက် မထင်မှတ်စွာ ဆိုးဝါးသွားနိုင်၏။ သို့သော် ဤအန္တရာယ်ရှိသော စွမ်းအင်ကို တိုက်ရိုက်သန့်စင်ခြင်းက မဖြစ်နိုင်သလောက်ဟု ထင်ရသည်။

သူ ထိုသို့ စမ်းကြည့်ခဲ့ဖူး၏။ ပြောပလောက်အောင် အကျိုးမရှိခဲ့ပေ။ သူ့မှော်စွမ်းအားဖြင့် ၎င်းကို အတင်းအကျပ် ဖယ်ရှားပစ်ရန် နည်းလမ်းတစ်ခုသာ ရှိတော့သည်။ သို့တိုင် ထိုသို့ ဖယ်ရှားနိုင်သည်ဆိုလျှင်ပင် အချိန် မနည်းပေးရလိမ့်မည်။ ထို့ကြောင့် ဟန်လိသည် ဤကိစ္စကို အခုထိ ရွှေ့နေခဲ့တာ ဖြစ်၏။

အခုအခါ သူသည် အေးဆေးသောနေရာတစ်ခုတွင် အထိုင်ကျပြီ ဖြစ်၍ သူ့ခန္ဓာကိုယ်တွင်းရှိ အနှီအန္တရာယ်ကို လုံးဝ ရှင်းထုတ်ပစ်ရန် ကြံထားသည်။ ရုတ်တရက် ရောက်လာနိုင်မည့် ဧည့်သည်များနှင့်ပတ်သက်၍ ဖြေရှင်းနိုင်ရန် သူ့အနေဖြင့် ဆေးဥယျာဉ်တွင် လူဝံရုပ်သေးများကို ကင်းအဖြစ် ချထားခဲ့သည်။ ပြီးနောက် သူက သန့်စင်ခြင်းအခန်းထဲ ဝင်လာခဲ့သည်။ အခန်းက တိတ်ဆိတ်နေလျက်။ ဟန်လိတစ်ယောက်သည် အလေးအနက်ဟန်ပန်ဖြင့် တင်ပလ္လင်ခွေ ထိုင်ကာ သူ၏စိတ်ဝိညာဉ်အာရုံဖြင့် သူ့ခန္ဓာကိုယ်ကို အပြည့်အဝ အာရုံစိုက်ကာ စစ်ဆေးကြည့်သည်။

သူ၏ဒျန်တျန်ထဲတွင် လင်းလက်တောက်ပသော ရွှေရောင်အလုံးတစ်ခု ရှိနေပြီး ၎င်းမှာ မည်သည့်ပြောင်းလဲမှုမျှ မရှိတာ သူ သတိပြုမိသည်။ သူ ခဏ စဉ်းစားသည်။ ထို့နောက် သူက ဤအန္တရာယ်ပေးနိုင်သော လေစွမ်းအင်ကို ခြုံလွှမ်းထားသည့် မိစ္ဆာဖယ်ရှားခြင်းနတ်အလင်းကို ထိန်းချုပ်၍ ဖြည်းဖြည်းချင်း အဟတစ်ခု ဖြစ်ပေါ်စေသည်။ နတ်အလင်း (ဝါ) လျှပ်စီးပိုက်ကွန်အတွင်းရှိ နဂိုငြိမ်သက်လျက်ရှိသော စွမ်းအင်သည် ချက်ခြင်း ရုန်းကြွလာကာ အနှီအဟထဲမှ တရကြမ်း ထိုးထွက်သည်။

အန္တရာယ်ပေးနိုင်သော စွမ်းအင်အမျှင်တန်းများ တရကြမ်း စထွက်လာသည်နှင့် ဟန်လိ၏စိတ်ဝိညာဉ်အာရုံကလည်း လှုပ်ရှား၏။ ရွှေရောင်လျှပ်စီးက ၎င်းကို ထပ်မံ၍ ခြုံလွှမ်း၍ အဟကို ပိတ်ပစ်ပြီး ကျန်သည့် လေစိတ်ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်သည်။ သည်စွမ်းအင်ထဲတွင် အန္တရာယ်ပေးနိုင်သောချီက မည်သည့်အမျိုးအစားမှန်း မသိသော်လည်း ၎င်းသည် သူ့သွေးကြောများကို ထိခိုက်စေမှာ သူ စိုးရိမ်သည်။ စိတ်မသက်မသာဖြစ်မှုကို တောင့်ခံထားရင်း ဟန်လိသည် သူ့ခန္ဓာကိုယ်ထဲရှိ မှော်စွမ်းအား ပမာဏအားလုံးကို တွက်ချက်ပြီး ၎င်းစွမ်းအင်အမျှင်တန်းကို အတင်းအကျပ် ခြေဖျက်သည်။

တိတ်ဆိတ်ငြိမ်သက်နေသော အခန်းထဲတွင် မလှုပ်မယှက်ထိုင်နေရင်း ဟန်လိ၏ နဖူးထက်မှ ချွေးသီးများကျလာသည်။ သူ့မျက်နှာမှာလည်း ဖြူရော်နေသည်။ ဤသို့ဖြင့် အချိန်အားဖြင့် လေးနာရီ ကုန်လွန်သွားခဲ့လေပြီ။

ဟန်လိ မျက်လုံး ပြန်ဖွင့်လာပြီး သူ့ဘေးပတ်ပတ်လည်ကို စိတ်အားတက်ကြွစွာ ကြည့်သည်။ ထို့နောက် သူက လက်ကိုဝေ့ရမ်းကာ လက်ချောင်းများကို တောက်ထုတ်သည်။ မီးခိုးရောင်အရည်စက်နှစ်စက်သည် အခန်းနံရံထံ ပြေးဝင်သွားကာ ၎င်းတို့နှင့် ထိမိသည့်နေရာတွင် အပေါက်ငယ်နှစ်ခု ပေါ်လာသည်။ ဟန်လိက စိတ်သက်သာရာရကာ သက်ပြင်းရှည်ကြီး ချမိ၏။ သူ့နဖူးထက်မှ ချွေးသီးများကို သုတ်သည်။

အန္တရာယ်ပေးနိုင်သော လေစွမ်းအင်ကို ဖယ်ရှားခြင်း ဖြစ်စဉ်သည် နာကျင်ကာ အားသွန်းခွန်စိုက် ပြုလုပ်ရသော်ငြား ၎င်းမှာ အလုပ်ဖြစ်နေဆဲပင်။ သူသာ ထိုလေစွမ်းအင်အမျှင်တန်းကို ဆက်ပြီး ခြေဖျက်မည်ဆို သူ့ခန္ဓာကိုယ်ထဲရှိ အန္တရာယ်ပေးနိုင်သော ဤစွမ်းအင်များ လုံးဝကင်းစင်သွားရန် နှစ်ဝက်လောက် ကြာမည်ဟု သူ ထင်သည်။ ထိုဖြစ်အင်က သူ့စိတ်ပူပန်မှုကို များစွာ သက်သာစေသည်။

ခဏ အနားယူပြီးနောက် ဟန်လိသည် သူ့သိုလှောင်အိတ်ထဲမှ အနက်ရောင်ကျောက်စိမ်းပြားတစ်ခုကို တည်တည်ငြိမ်ငြိမ် ထုတ်ယူပြီး စိတ်ဝိညာဉ်ဘောင်ခတ်ခြင်း အစီအရင်ကို တည်ဆောက်သည့် နည်းလမ်းကို ကြည့်ရှုသည်။ ဤအစီအရင်ကို သူ အတော်လေး စိတ်ဝင်စားခဲ့၏။ သို့ရာတွင် ၎င်းကို လေ့လာရန် သူ့မှာ အချိန်လုံးဝ မရခဲ့ပေ။ အခုတော့ သူ အခွင့်အရေး ရလာခဲ့ပေပြီ။ သူ့ လှိုဏ်ဂူ ပတ်ပတ်လည်တွင် စိတ်ဝိညာဉ်ဘောင်ခတ်ခြင်းအစီအရင်ကို မချခင်းရသေးသ၍ သူသည် အမှန်တကယ် ဘေးကင်းလုံခြုံပြီဟု ခံစားမိမည် မဟုတ်ပေ။

လာမည့်နေ့များတွင် ဟန်လိသည် အချိန်ခွဲ၍ သူ့အစီအစဉ်များအတိုင်း စတင်လုပ်ဆောင်သည်။ လေစိတ်ဝိညာဉ်စွမ်းအင်ကို ဖယ်ရှားရန်လေးနာရီအချိန်ပေးသည်။ ငိုကြွေးစိတ်ဝိညာဉ်ပုလဲကို သန့်စင်ဖို့အတွက်လည်း အချိန်အချို့ပေးသည်။ ကျန်အချိန်အများစုတွင်မူ သူသည် စိတ်ဝိညာဉ်ဘောင်ခတ်ခြင်းအစီအရင်ကို လေ့လာသည်။

ဆေးဥယျာဉ်အပြင်ဘက်ကိုတော့ ဟန်လိသည် သူ့ရုပ်သေးများကို ကိုင်တွယ်ခိုင်းထားသည်။ ထို့အပြင် သူသည် အစိမ်းရောင်အရည်ဖြင့် သက်တံမြက်ကို ပိုရင့်မှည့်အောင် လုပ်၍ ၎င်းမြက်ကို သူ့ရွှေရောင်ဝါးမြိုခြင်းပိုးတောင်မာများအား ကျွေးမွေးသေးသည်။ ထိုပိုးတောင်မာများသည် နောက်ထပ် မျိုးပွားတော့မည်ဟု သူ ဝိုးတဝါး ခံစားမိသည်။

ဤသို့သော ဘဝနေထိုင်မှုပုံစံဖြင့် ရှိနေရင်း မျက်စိတစ်မှိတ်အတွင်း လများစွာ ကုန်လွန်သွားခဲ့လေပြီ။ ဤအချိန်အတောအတွင်း မူပိုင်လင်းသည် သူ့ဆီ နှစ်ကြိမ် လာခဲ့သည်။ သူမက ဟန်လိသည် ဆေးဥယျာဉ်ကို သူမ လိုချင်သည့် အနေအထားအတိုင်း ဂရုစိုက်ပေးနိုင်တာ မြင်၍ ဤဥယျာဉ်နှင့်ပတ်သက်၍ အရေးသိပ်မစိုက်တော့ပေ။ ဟန်လိဘက်မှ မည်သည့်မေးခွန်းမျှ မမေးလာသေးသ၍ လေးနက်ရေခဲပညာရပ်အကြောင်းကို သူမဘက်မှ စရှင်းပြရန် စိတ်မဝင်စားပေ။

All Chapters