← Chapters

အစိမ်းရောင်လမ်းစိမ့်တော

Vol. 44 Ch. 607

အစိမ်းရောင်လမ်းစိမ့်တော

Vol. 44 Ch. 607

ဟန်လိက ကူညီပေးမည့်အကြောင်း ကြားသိသည့်အခါ ကိုင်ဟွမ်မှာ ကျေနပ်ပျော်ရွှင်သွားသည်။ ဟန်လိကို သူတို့အုပ်စုနှင့် လာတွေ့ရမည့် အချိန်နှင့်နေရာတို့ကို ပြောပြပြီးနောက် သူသည် ရွှင်ရွှင်မြူးမြူးဖြင့် ပြန်ထွက်ခွာသွားသည်။ လာမည့် အာရုံဦးချိန်တွင် ဟန်လိသည် သူ၏လှိုဏ်ဂူအတားအဆီးများကို အသက်သွင်းပြီး ဆေးဥယျာဉ်မှ ထွက်ခွာလာခဲ့သည်။ ထို့နောက်တွင် သူသည် မှော်ဓားပျံတစ်လက်ကို အသုံးပြုကာ ချိန်းဆိုထားသည့်နေရာထံ ပျံသန်းသွားသည်။

ဤအဖြစ်မှာ အတော်လေးတော့ ရယ်စရာကောင်းသည်။ ဟန်လိသည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ပြီးချိန်မှစ၍ မှော်ရတနာများကို ပျံသန်းရာတွင် အသုံးမပြုတော့ပေ။ သူ နောက်ဆုံးအကြိမ် အသုံးပြုခဲ့တာ နှစ်ပေါင်းမနည်း ကြာခဲ့လေပြီ။ ထို့ကြောင့် ဟန်လိအတွက် သူ့သိုလှောင်အိတ်ထဲမှ အဆင့်နိမ့်ဓားပျံတစ်လက်ကို ရှာဖို့ ခက်ခက်ခဲခဲ နိုင်ခဲ့သည်။ ဆယ့်ငါးမိနစ်လောက် ကြာပြီးနောက် ဟန်လိသည် ကိုင်ဟွမ်နှင့် ချိန်းထားသည့်နေရာဖြစ်သော ခပ်မြင့်မြင့်တောင်ကုန်းတစ်ခုပေါ်သို့ ရောက်လာခဲ့သည်။

ဤနေရာတွင် မည်သူမျှ မရောက်ကြသေးတာ မြင်သည့်အခါ သူ့အနေဖြင့် အံ့အားမသင့်သွားပေ။ သူက စောစောလာရန် စီစဉ်ထားခဲ့သောကြောင့်ပင်။ ဟန်လိက အရွယ်ခပ်ကြီးကြီးနှင့် သန့်သန့်ရှင်းရှင်းရှိသော ကျောက်တုံးတစ်တုံးကို တွေ့၍ ၎င်းပေါ်တွင် တင်ပလ္လင်ခွေချိတ်၍ ထိုင်လိုက်ပြီး အနီးဝန်းကျင်ရှိ သဘာဝစိတ်ဝိညာဉ်ချီကို ခံစားနေသည်။

နှစ်နာရီလောက်ကြာပြီးနောက် တလျှံလျှံတောက်ပသော ရှင်နေမင်းသည် မိုးကုပ်စက်ဝန်းထံမှ စတင်ထွက်ပေါ်လာခဲ့လေပြီ။ ထိုစဉ် ဤတောင်မြင့်ထံ အနက်ရောင်အစက်အပြောက်များသည် ချဉ်းကပ်လာကြသည်။ ဟန်လိက ထိုအလင်းအစက်အပြောက်များ၏ အမြန်နှုန်းကို ကြည့်ကာ နှာခေါင်းပွတ်၍ ရယ်ချင်သွား၏။ အချိန်ထပ်မံ ကုန်လာသည်။ ထို့နောက် အုပ်စုတစ်စုသည် ဟန်လိ ရှိနေသော တောင်ကုန်းထံ နောက်ဆုံးမှာ ရောက်လာခဲ့လေပြီ။

“ညီလေးဟန်ရေ…မင်းက ကျုပ်တို့ထက် စောနေပါ့လားကွ…”

ကိုင်ဟွမ်သည် ဟန်လိကို ရွှင်ရွှင်လန်းလန်း ပြုံးပြ၍ လှမ်းအော်သည်။ သူတို့အုပ်စုမှာ ဂိုဏ်းမှ တပည့်များအားလုံးထံ ပေးထားသော အဆင့်နိမ့်မှော်ချပ်ပြားဝိုင်းများကို အသုံးပြု၍ ပျံသန်းလာကြတာ ဖြစ်သည်။ ထို့ကြောင့် သူတို့အမြန်နှုန်းက နှေးနေတာ အံ့ဩစရာ မရှိတော့ပေ။

ကိုင်ဟွမ်သည် အခြားချီစုဆောင်းခြင်းကျင့်ကြံသူသုံးယောက်နှင့်အတူ တောင်ကုန်းပေါ် ဆင်းသက်လာသည်။ ဟန်လိသည် ကျောက်တုံးပေါ်မှ ထရပ်၍ အခြားသုံးယောက်ထံ အကြည့်ရောက်သွားသည်။

“ထွေထွေထူးထူးတော့ မဟုတ်ရပါဘူးဗျာ။ ကျုပ်က စောစောထွက်လာခဲ့ရုံပါ။ ဒီကစီနီယာအစ်ကိုသုံးယောက်က အစ်ကိုဟိုင်တို့အုပ်စုရဲ့ ကျန်တဲ့သူတွေများလား…”

“ဟားဟား ကျုပ်တို့ ဒီငါးယောက်နဲ့ဆို ဓာတ်ငါးပါးလမ်းကြောင်းပိတ်ဆို့ခြင်း ပညာရပ်ကို အသုံးပြုနိုင်ပြီ။ ဒီသုံးယောက်ကတော့ စီနီယာအစ်ကိုတွေ ဖြစ်ကြတဲ့၊ အစ်ကိုမာ၊ အစ်ကိုရှီနဲ့ အစ်ကိုဝမ်တို့ပဲ…”

ကိုင်ဟွမ်သည် ပြုံး၍ သူ့နောက်မှ သုံးယောက်နှင့် ဟန်လိကို အမြန်မိတ်ဆက်ပေးသည်။ သည်သုံးယောက်မှာ အသက်မကြီးကြသေးပေ။ သူတို့ထဲတွင် အကြီးဆုံးဟု ထင်ရသူမှာ အသက်သုံးဆယ့်ငါးဝန်းကျင်လောက် ရှိမည့် စီနီယာအစ်ကိုဝမ်ပင်။ ထိုသူသည် သူ့ကိုယ်သူ ယုံကြည်မှု ရှိပုံ ရပြီး ပညာတတ်ရုပ်သွင်ကို ပိုင်ဆိုင်ထား၏။ ဤလေးယောက်ထဲတွင်လည်း သူ့ကျင့်ကြံမှုက အမြင့်ဆုံးဖြစ်ကာ ချီစုဆောင်းခြင်းအဆင့်နှစ်တွင် ရှိသည်။

အခြားလူငယ်နှစ်ယောက်တွင်မူ တစ်ယောက်က အရပ်ပု၏။ အခြားတစ်ယောက်၏မျက်နှာကတော့ ဝါကျင့်ကျင့်ရှိ၏။ သူတို့မှာ အသက်သုံးဆယ်ပြည့်ခါနီး အရယ်လောက်စီ ရှိ၍ သူတို့၏ကျင့်ကြံမှုအဆင့်မှာ ချီစုဆောင်းခြင်းအဆင့် အဆင့်တစ်ဆယ် ဖြစ်ကြသည်။ ကိုင်ဟွမ်က မိတ်ဆက်ပေးသည့်အခါ စီနီယာအစ်ကိုဝမ်ဆိုသူက ဟန်လိကို ပြုံးပြပြီး စကားဆိုလာသည်။

“ကျုပ်တို့လည်း ညီလေးဟန်အကြောင်း ကြားထားပြီးသားပါ။ မင်းရဲ့ အကူအညီကြောင့် ကျုပ်တို့က ညီလေးအပေါ် အကြွေးတင်တာ များနေပြီ။ မင်းကြောင့်သာ မဟုတ်ရင် ဒီနတ်ဆိုးမြေခွေးကို ဘယ်လိုမှ ဖမ်းနိုင်လောက်မှာ မဟုတ်ဘူး…”

သူ၏မျှတသော စကားများက အထင်ကြီးစရာပင်။ အခြားသူများကလည်း ဟန်လိကို ဖော်ရွှေစွာ ကြည့်ကြသည်။ သူတို့သည် သူတို့ကို စိတ်ဝိညာဉ်ကျောက်တုံးများ ချေးငှားပေးခဲ့သော ဟန်လိအပေါ် သဘောကျခင်မင်နေပုံ ရသည်။

ဟန်လိကလည်း ယဉ်ယဉ်ကျေးကျေးဖြင့်သာ ပြန်တုံ့ပြန်လိုက်သည်။

“အစ်ကိုတို့က အားနာလွန်းနေပြီ။ ကျုပ်က စိတ်ဝိညာဉ်ကျောက်တုံးတွေ တတ်နိုင်သလောက်လေး ပေးလိုက်ရုံပါပဲ…”

ကျင့်ကြံသူဝမ်က ခေါင်းခါပြီး အလေးအနက် ပြောလိုက်သည်။

“ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေက အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတစ်ယောက်အတွက် ဆိုရင်တော့ မများလှဘူးပေါ့။ ဒါပေမဲ့လို့ ဒီပမာဏဟာ ကျုပ်တို့လို ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူတွေအတွက်တော့ မနည်းလှပါဘူး။ ဒီလောက်ပမာဏကို တော်ရုံလူဆို လူစိမ်းတစ်ယောက်ကို ဘယ်ချေးငှားပါ့မလဲ။ ဒီက ညီလေးဟန်လို သဘောကောင်းတဲ့သူမို့သာ ပေးတာပေါ့။ ကျုပ်တော့ မင်းနဲ့ မိတ်ဆွေ ဖြစ်ချင်မိသား…”

ထိုစကားကို ကြားသည့်အခါ ဟန်လိက ခေါင်းသာညိတ်ပြသည်။ သူ့အနေဖြင့် စီနီယာအစ်ကိုဝမ်ဆိုသူကို ထပ်မံ မစူးစမ်းကြည့်မိဘဲ မနေနိုင် ဖြစ်သွားရသည်။ ထိုသူ၏ ပြောပုံဆိုပုံနှင့် ကျင့်ကြံမှုအရ သူသည် ဤအုပ်စု၏ ခေါင်းဆောင်ဖြစ်ကြောင်း သိသာနေသည်။

ဤသို့ဖြင့် ဟန်လိသည် ပြုံးပြပြီး တစ်ခုခု ပြောရန် စဉ်းစားနေစဉ် ကိုင်ဟွမ်က ကောင်းကင်ထက်သို့ မော့ကြည့်ပြီး ရုတ်တရက် သတိပေးလာသည်။

“အစ်ကိုဝမ်နဲ့ ဂျူနီယာညီလေးဟန်တို့…ကျုပ်တို့ လမ်းမှာလည်း စကားပြောလို့ ရတာပဲ။ ကျုပ်တို့ အချိန်ဆွဲနေမယ်ဆို အစိမ်းရောင်လမ်းစိမ့်တောဆီ နောက်ကျမှ ရောက်သွားလိမ့်မယ်။ ဒါဆို နှင်းတိမ်မြေခွေးကို ဖမ်းဖို့ အချိန်သိပ်ရတော့မှာ မဟုတ်ဘူး။ တကယ်တော့ ကျုပ်တို့က ဂိုဏ်းကနေ အချိန်အကြာကြီး ထွက်သွားလို့ မရဘူးလေ။ ပြီးတော့ ကျုပ်တို့အမြန်နှုန်းကလည်း မြန်ဆန်လွန်းနေတာ မဟုတ်ပြန်ဘူး…”

အစ်ကိုဝမ်က ခေါင်းညိတ်ကာ ပြောသည်။

“ညီအစ်ကိုကိုင်ပြောတာ အဓိပ္ပာယ်ရှိတယ်။ ကျုပ်တို့ အချိန်ဖြုန်းလို့ မရတာ အမှန်ပဲ။ သွားကြစို့ကွာ။ နောင်အခွင့်အရေးရတဲ့အခါကျမှ စကားအေးဆေး ထပ်ပြောကြတာပေါ့…”

ထို့နောက် သူတို့ငါးယောက်သည် သူတို့၏မှော်ပစ္စည်းများကို ချက်ခြင်းထုတ်၍ ကောင်းကင်ထက်သို့ ဦးတည်သွားကြသည်။

“အန်…ညီလေးဟန်က သူ့ကိုယ်ပိုင် မှော်ပစ္စည်းနဲ့ပါလား။ ဒီဟာက အနည်းဆုံးတော့ အလယ်အဆင့် မှော်ပစ္စည်းပဲ ဖြစ်ရမယ်။ ညီလေးဟန်က မိသားစုတစ်ခုခုရဲ့ တပည့်တစ်ယောက်များ ဖြစ်နေလားကွ…”

သူတို့သည် ကောင်းကင်ထက်တွင် ပျံသန်းနေရင်း ဟန်လိ၏ဓားပျံကို သတိထားမိသွားကာ အံ့အားမသင့်ဘဲ မနေနိုင် ဖြစ်သွားကြသည်။ တကယ်တော့ ဟန်လိ၏ ဓားပျံသည် အလယ်အဆင့် မှော်ပစ္စည်းလေးတစ်ခုမျှသာ ဖြစ်နေသည့်တိုင် သူတို့ကဲ့သို့ ပြင်ပတပည့်များအဖို့တော့ ၎င်းမှာ စိတ်ဝိညာဉ်ကျောက်တုံးများစွာ တန်ကြေးရှိနေပေသည်။

အစ်ကိုဝမ်က ထိုသည်ကို မြင်သည့်အခါ သူ့မျက်နှာထက်တွင် အံ့အားသင့်တုန်လှုပ်ဟန် ဖြစ်ပေါ်သွား၏။ သူက မည်သို့မျှ ဝင်မပြောသော်ငြားလည်း သူ့မျက်လုံးထဲတွင် တမျိုးတမည် အဓိပ္ပာယ်ရှိမည့် အလင်းတစ်ခု တောက်ပသွားသည်။ အခြားကျင့်ကြံသူများမှာလည်း အလွန်အံ့အားမသင့်ဘဲ မနေနိုင် ဖြစ်နေကြသည်။ ထိုသို့ဖြစ်လာမည်ကို ခန့်မှန်းမိပြီးဖြစ်၍ ဟန်လိသည် ခပ်ရေးရေးပြုံးပြ၍သာ ပြန်တုံ့ပြန်လိုက်သည်။

“ကျုပ်က ကျင့်ကြံခြင်းမိသားစုတစ်ခုကနေ လာတာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ ကျုပ်ဟာ လေလွင့်ကျင့်ကြံသူတစ်ယောက်အဖြစ်နဲ့ နှစ်ပေါင်းများစွာ ရှိခဲ့တဲ့အချိန်တုန်းက အဆောင်တွေကို မဆိုသလောက် သန့်စင်ဖန်တီးနိုင်စွမ်း ရှိခဲ့တယ်။ ဒါ့ကြောင့်လည်း စိတ်ဝိညာဉ်ကျောက်တုံး တချို့တလေ ရခဲ့တာပေါ့။ အဲ့ဒါကြောင့်သာ မဟုတ်ရင် ကျုပ်အနေနဲ့ အစ်ကိုကိုင်ကို ဒီလောက်များတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ဘယ်လိုလုပ် ချေးငှားနိုင်ခဲ့ပါ့မလဲ…”

သူတို့၏ တုန်လှုပ်အံ့အားသင့်မှုသည် မနာလိုမှုအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ဂင်တိုတိုနှင့်အစ်ကိုမာ ဆိုသူသည် သိချင်စိတ်ဖြင့် မေးလာသည်။

“အဆောင် သန့်စင်ခြင်းလား။ ညီလေးဟန်မှာ ဒီလို ကျွမ်းကျင်မှုမျိုး ပိုင်ဆိုင်ထားလိမ့်မယ်လို့ ကျုပ်ဖြင့် မထင်ထားမိခဲ့ဘူး။ မင်းက စိတ်ဝိညာဉ်ကျောက်တုံးတွေကို ရအောင် လုပ်နိုင်တဲ့ စွမ်းရည် ရှိခဲ့တယ်ဆို‌တော့ မင်းရဲ့ အဆောင်သန့်စင်ခြင်းပညာရပ်မှာ ကျွမ်းကျင်မှုကလည်း လက်သင့်ခံနိုင်လောက်တဲ့ အရည်အချင်းတစ်ခု ရှိမှာ သေချာတယ်။ မင်းက ဘယ်လိုအဆင့် အဆောင်တွေကိုများ သန့်စင်နိုင်ခဲ့တာလဲကွ…”

ဟန်လိက မထုံတတ်တေးဖြင့် ပြန်ဖြေလိုက်သည်။

“အများဆုံးမှ အဆင့်နိမ့်အဆောင်တွေလောက်ပါဗျာ။ ကျုပ် သန့်စင်နိုင်ခဲ့တာဆိုလို့ ကနဦးအလယ်အလတ်အဆင့် အဆောင်နှစ်ခုပါပဲ။ ပြီးတော့ ဒီအဆောင်တွေကို သန့်စင်တဲ့အခါ အောင်မြင်နိုင်ခြေဟာ နည်းလွန်းခဲ့တယ်…”

“ညီလေးဟန်က တကယ်ကြီး ကနဦးအလယ်အလတ်အဆင့် အဆောင်တွေကို သန့်စင်နိုင်ခဲ့တာလား…”

အစ်ကိုဝမ်ဆိုသူမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။ သူသည် ဟန်လိကို ထပ်မံ မကြည့်မိဘဲ မနေနိုင် ဖြစ်သွားရသည်။

ဟန်လိသည် တည်ငြိမ်စွာ ပြောလိုက်သည်။

“အမှန်ပါပဲ။ မိုးကြိုးမီးအဆောင်နဲ့ အကာအကွယ်အဆောင်ပါ။ ကံဆိုးသွားတာက ကျုပ်ဟာ ခြောက်ကြိမ်လောက် ကြိုးစားပြီးမှ တစ်ကြိမ်ပဲ အောင်မြင်ခဲ့တာပဲ။ ဒီတော့ ကုန်ကြမ်းအမယ်ပစ္စည်းတွေအတွက် ကုန်ကျစရိတ်ကို ကာမိရုံပဲ ပြန်ရခဲ့တာပေါ့…”

အစ်ကိုဝမ်သည် သက်ပြင်းချ၍ စိတ်မကောင်းဟန်ဖြင့် ပြောလာသည်။

“ညီလေးဟန်ကတော့ နှိမ့်ချလွန်းတာပဲ။ ကျုပ် သိသလောက်ဆို မီးတိမ်တောင်ရဲ့ အဆောင်ဌာနခွဲကို ဝင်ရောက်ကြတဲ့ ပြင်ပတပည့်အနည်းစုလောက်ကသာ ကနဦးအလယ်အဆင့် အဆောင်တွေကို သန့်စင်နိုင်ကြတာတဲ့။ ညီလေးဟန်ကသာ ဒီလမ်းကြောင်းအတိုင်း ဆက်လျှောက်မယ်ဆို စိတ်ဝိညာဉ်ကျောက်တုံး ပမာဏအများကြီး ရနိုင်မှာပဲ။ ကျုပ်တို့လို စိတ်ဝိညာဉ်ကျောက်တုံးတွေကို ဘယ်လိုဘယ်ပုံ ရနိုင်မလဲဆိုပြီး နေ့တိုင်း ခေါင်းရှုပ်ခံစရာ မလိုတော့ဘူး…”

အခြားသူများသည် ဤစကားကို ကြားသည့်အခါ သူတို့၏အမူအရာများသည် မှိန်ဖျော့သွားကြသည်။ အစ်ကိုဝမ်၏ စကားများက သူတို့အရှိုက်ကို ထိသွားစေတာ သိသာသည်။

“အစ်ကိုတွေက ကျုပ်ကို တကယ်ကြီး တန်ဖိုးထားကြတာပဲ။ ကျုပ်က အဆင့်မြင့်အဆောင်တွေကို သန့်စင်နိုင်တာ မဟုတ်ဘူးလေ။ ပြီးတော့ ကျုပ်က တနေကုန် ဈေးထဲမှာ နေနေပြီး အဲ့အဆင့်နိမ့်အဆောင်လေးတွေကို ချခင်းပြသပြီး ရောင်းနေရဦးမယ်။ ဘယ်သူက ဘယ်အချိန်ကျမှ လာဝယ်မယ်ဆိုတာကိုလည်း မသိရဘဲပေါ့။ ဒါ့ကြောင့် ခင်ဗျားတို့ ထင်နေသလောက်တော့ မဟုတ်ပါဘူးဗျာ။ ကျုပ် အမြင်အရဆို ခင်ဗျားတို့ရဲ့ နှင်းတိမ်မြေခွေးတွေကို ဖမ်းဆီးကြတဲ့ လုပ်ငန်းကသာ အတော်လေး အထင်ကြီးစရာ ကောင်းတာပါ…”

ဟန်လိသည် မျက်လုံးစကားလိုက်ပြီး အခြားအကြောင်းအရာသို့ လှီးလွှဲပြောသည်။

ထိုစကားကို ကြားသည့်အခါ ကိုင်ဟွမ်တို့အုပ်စုသည် တစ်ယောက်ကိုတစ်ယောက် ကြည့်မိသွားပြီး ခါးသက်သက် ပြုံးကုန်သည်။ အစ်ကိုဝမ်သည် ဖြည်းဖြည်းချင်း စကားဆိုလာသည်။

“ညီလေးဟန် မသိလိုပါ။ ဒီလုပ်ကွက်လေးက မခိုင်မာလှပါဘူးကွာ။ ကျုပ်တို့လည်း ဒီနတ်ဆိုးသားရဲ မြေခွေးကောင်ကို ဖမ်းပြီးရင်တော့ အစိမ်းရောင်လိမ်းစိမ့်တောဆီ ထပ်လာကြတော့မှာ မဟုတ်ဘူး…”

“ဘယ်လိုကြောင့်များလဲဗျ…”

ဟန်လိသည် အံ့ဩသွားဟန်ဖြင့် မေးလိုက်သည်။

ကိုင်ဟွမ်က ရှင်းပြသည်။

“အကြောင်းရင်းနှစ်ခု ရှိတယ်။ တစ်ခုကတော့ ဒီစိမ့်တောထဲက နှင်းတိမ်မြေခွေး အားလုံးနီးပါးကို ကျုပ်တို့ ဖမ်းပြီးသလောက် ရှိသွားတဲ့အတွက် ကျန်တဲ့အကောင်တွေကို ရှာဖို့ ခက်သွားလို့ပဲ။ နောက်ထပ် အကြောင်းရင်းကတော့ နှင်းတိမ်မြေခွေးအများစုဟာ အစစ်အမှန်နတ်ဆိုးသားရဲ မဟုတ်ကြဘူးလေ။ ဒါ့ကြောင့် ဒီကောင်တွေကို ဝယ်ချင်ကြတဲ့ အမျိုးသမီးကျင့်ကြံသူတပည့်တွေက အနည်းအကျဉ်းလောက်သာ ရှိကြတာ။ ကျင့်ကြံမှုအဆင့် ပိုမြင့်တဲ့ စီနီယာအစ်မတွေကျတော့လည်း သူတို့ရဲ့ စိတ်ဝိညာဉ်သားရဲ ဖြစ်လာဖို့အတွက် နတ်ဆိုးသားရဲကိုပဲ ရှာဖွေဝယ်ယူကြတာလေ…”

“အော်…အဲ့လိုကို။ နောင်အတွက် အစ်ကိုတို့မှာ အခြားနည်းလမ်းတစ်ခုခု ရှိလောက်မှာပါ…”

ဟန်လိ၏မျက်လုံးထဲတွင် ကိုယ်ချင်းစာဟန် အရိပ်အမြွက် ဖြစ်ပေါ်သွားသည်။ အစ်ကိုဝမ်က ဟန်လိ၏စကားကို ကြားသည့်အခါ ခေါင်းခါ၍ “ထင်ရတာပဲကွာ” ဟုသာ ပြောလာသည်။

ဤသို့ဖြင့် သူတို့ငါးယောက်သားသည် မျောလွင့်တိမ်ဂိုဏ်း၏ နယ်နမိတ်အတားအဆီးထဲမှ ထွက်လာကာ အိပ်မက်တောင်တန်းများ၏ အလယ်ဗဟိုချက်တည်နေရာသို့ တန်းတန်းမတ်မတ် ဦးတည်လာကြသည်။

“ဂျူနီယာညီလေးဟန်…အစိမ်းရောင်လမ်းစိမ့်တောဟာ နေရာကောင်းတစ်ခုပဲကွ။ ဒီနေရာဟာ ရှေးဟောင်းဓားဂိုဏ်းနဲ့ ငါတို့ မျောလွင့်တိမ်ဂိုဏ်းရဲ့ နယ်နမိတ်အစပ် ညာဘက်ခြမ်းမှာ တည်ရှိတာ။ ဒါပေမဲ့လို့ ဒီစိမ့်တောဟာ ချောင်ကျပြီး တစ်နှစ်ပတ်လုံး အနံ့အသက်ဆိုးတွေနဲ့ ပြည့်နေ့တော့ ဒီကို လာတဲ့ ဂိုဏ်းသားတပည့်တွေ မရှိသလောက်ပဲ။ ဒါ့ကြောင့်လည်း ငါတို့က နှင်းတိမ်မြေခွေးတွေကို ဖမ်းဆီးတဲ့ လုပ်ငန်းကို မောင်ပိုင်စီးထားနိုင်ခဲ့တာ။ ရော့ ဒီအနံ့အသက်ဆိုးတွေကို ဖယ်ရှားပေးတဲ့ ဆေးပုလင်းကို ယူထားလိုက်။ ငါတို့ အဲ့စိမ့်တောဆီ ရောက်ရင် ညီလေးဟန်က မကြာခဏ ဒီဆေးလုံးတွေကို သောက်ပေးမှ ဖြစ်မယ်။ မဟုတ်ရင် အဆက်မပြတ် အော့အန်ပြီး ဝမ်းပျက်သွားလိမ့်မယ်…”

လမ်းတွင် အစ်ကိုဝမ်က ဟန်လိထံ ဆေးပုလင်းငယ်တစ်လုံးကို ရုတ်တရက် ပေးကာ ထိုသို့ ပြောပြသည်။

“စီနီယာအစ်ကိုရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်ဗျ…”

ဟန်လိက ပုလင်းကို လက်ခံယူပြီး သူ၏သိုလှောင်အိတ်ထဲ ထည့်သိမ်းထားလိုက်သည်။ သို့သော် ခုလက်ရှိ သူ့ကျင့်ကြံမှုအဆင့်ဖြင့် ဤအနံ့ဆိုးများကို စိုးရိမ်ကြောက်လန့်နေရန် မလိုပေ။ သူ ဤဆေးလုံးများကို သုံး၊မသုံး မည်သူက သိနိုင်ပါ့မည်နည်း။ ခြောက်နာရီခန့် ပျံသန်းလာပြီးနောက် သူတို့သည် မြင့်မားသည့်တောင်တန်းတစ်ခုထံ ရောက်လာကြသည်။ သစ်ပင်များ၊ ချုံတောများနှင့် ပြည့်နေသော ကျယ်ပြန့်သည့် တောင်ကြားတစ်ခုကို အပေါ်စီးမှ မြင်ရသည့်အခါ သူတို့၏မျက်လုံးများမှာ ဝင်းတောက်သွားကြသည်။ သို့သော် ၎င်းစိမ်းစိုမှုကြားတွင် ပန်းရောင်မြူတို့ မသိမသာ ရှိနေသည်။

“ဒီနေရာပဲ…ဆင်းကြရအောင်။ ဂရုစိုက်ကြပါ…”

အစ်ကိုဝမ်သည် သတိပေးရင်း သူ့မှော်ပစ္စည်းပေါ်မှ ဆင်းသက်ကာ အနံ့ဆိုးများကြားမှ ဖြတ်၍ လမ်းပြကာ ရှေ့ကနေ အရင်သွားသည်။

All Chapters