← Chapters

မြေခွေးထွက်ပေါ်လာပြီ

Vol. 44 Ch. 608

မြေခွေးထွက်ပေါ်လာပြီ

Vol. 44 Ch. 608

ဟန်လိကမူ ထိုတောင်ကြားထဲသို့ နောက်ဆုံးမှ လိုက်၍ ဆင်းသက်သည်။ သူ့ဘေးမှ လူတိုင်းက အနံ့ဆိုး၏ ဘေးထွက်ဆိုးကျိုးကို ကုစားပေးနိုင်သော ဆေးလုံးများကို သောက်ကြသည်။ သူ မပြုံးမိဘဲ မနေနိုင် ဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်အနှစ်သာရ၏ သန့်စင်မှုကြောင့် သူ၏ခန္ဓာကိုယ်ထဲ ဝင်လာသော မည်သည့်အနံ့ဆိုးကိုမဆို အသက်တစ်ချက်ရှိုက်ရုံဖြင့် ရှင်းထုတ်ပစ်နိုင်သည်။

သူတို့အုပ်စုသည် တောင်ကြား၏ဗဟိုသို့ ဦးတည်ကာ တန်းတန်းမတ်မတ် ပျံသန်းလာနေကြသည်။

“အဲ့မြေခွေးကောင်က အင်မတန် ပါးနပ်တာ။ ကျုပ်တို့ ဒီကောင်ကို ဖမ်းနိုင်ဖို့ အခွင့်အရေး တစ်ခါပဲ ရမှာ။ ဒါကြောင့် အစီအရင်ကနေ မလွတ်မြောက်သွားအောင်လို့ ကျုပ်တို့ နေရာကျယ်ကျယ် ရှာထားမှ ဖြစ်မယ်။ ကျုပ်တို့ရှေ့ မလှမ်းမကမ်းမှာတော့ ရွှံ့နွံကင်းတဲ့ မြေပြန့်တစ်ခု ရှိတယ်။ ဒီမြေခွေးကောင်က ရွှံ့တောထဲ တိုးဝင်ပြေးသွားမှာကိုတော့ ကျုပ်တို့ စိုးရိမ်နေစရာ မရှိပါဘူး…”

စီနီယာအစ်ကိုဝမ်၏အစီအစဉ်ကို ထောက်ရှုပါက သူသည် ဤကိစ္စအတွက် အသေအချာ စဉ်းစားထားပုံ ပေါ်နေသည်။ အခြားသူများကလည်း သူ့နောက် လိုက်လာတာ ကြာပြီဖြစ်၍ သူ့အစီအစဉ်ကို အထွန့်မတက်ကြချေ။ ဟန်လိကမူ ပြုံးရုံသာ ပြုံး၍ ဆိတ်ဆိတ်နေလျက် ရှိသည်။

တအောင့်အကြာတွင် သူတို့ငါးယောက်သားသည် ချုံနွယ်ပိတ်ပေါင်းများ ကျယ်ပါးသည့် မြေပြန့်နေရာတစ်ခုသို့ ရောက်လာကြသည်။ အစ်ကိုဝမ်၏ ညွှန်ကြားချက်ကို စောင့်မနေဘဲ ကိုင်ဟွမ်နှင့်အခြားသူများသည် ထိုမြေပြန့်ကွင်းပြင်သို့ ခြေချသည်နှင့် သူတို့၏ ဘေးပတ်ပတ်လည် အနီးဝန်းကျင်ကို စူးစမ်းလေ့လာသည်။

ခပ်မြန်မြန် ဆွေးနွေးလိုက်ကြပြီးသည်နှင့် ကိုင်ဟွမ်က ကွင်းပြင်၏ အလယ်နားထိ လျှောက်သွားပြီး တွင်းငယ်တစ်ခုကို တူးသည်။ ထို့နောက် သူက ဈေးမှ ဝယ်လာသော ဟောင်ကျင်းအပင်ကို ဂရုတစိုက်ထုတ်၍ ထိုတွင်းငယ်ထဲ မသိမသာ ထည့်မြှုပ်ပြီး အပင်၏တစိတ်တပိုင်းကို မြေပေါ်တွင် ပေါ်နေစေသည်။ ပို၍ သဘာဝကျသွားအောင်လည်း ဖုန်မှုန့်နည်းနည်းယူ၍ အပင်ပေါ်မှာ ဖြူးထားလိုက်သေးသည်။ ရုတ်တရက် ဆေးပင်ရနံ့သည် ဘေးပတ်ဝန်းကျင်သို့ စတင်ပျံ့နှံ့လာသည်။

“ဒါက အလုပ်ဖြစ်မှာပါ။ အဲ့နှင်းတိမ်မြေခွေးက အနံ့ခံအရမ်းကောင်းတာဆိုတော့ ကျိန်းသေပေါက် ဟောင်ကျင်းဆေးပင်ရနံ့ကို ရမှာပဲ…”

ကိုင်ဟောင်က ပြန်ထရပ်ပြီး စိတ်ကျေနပ်သွားဟန်ဖြင့် သူ့လက်မှ ဖုန်များကို ခါထုတ်သည်။ ထို့နောက် သူက တစ်ခုခုကို တွေးမိသွားပြီး အဖြူရောင်အစီအရင်အလံတစ်ခုကို ထုတ်လိုက်၏။

“ညီလေးဟန်ရေ…ဒီအလံကို ယူထားလိုက်ဦး။ ဒါက လမ်းကြောင်းပိတ်ဆို့ခြင်းအစီအရင်အလံပဲ…”

ဟန်လိက ခေါင်းညိတ်ပြ၏။ သူက အလံငယ်ကို တည်ငြိမ်စွာ လက်ခံယူထားသည်။ ထိုစဉ် အစ်ကိုဝမ်က ကျန်သည့်သူများကို အကျဉ်းချုံး ရှင်းပြသည်။

သူက အလေးအနက် ပြော၏။

“ခဏအတွင်း လူတိုင်းပဲ အမြင့်မှာ နေရာယူထားကြ။ မြေခွေးကောင် ပေါ်လာတဲ့အခါ ကျုပ်တို့က ဒီအလံတွေကို တစ်ပြိုင်နက်တည်း အသုံးပြုပြီး ဒီကွင်းပြင်ကို ပုံရိပ်ယောင်အစီအရင်တစ်ခုနဲ့ ခြုံလွှမ်းပစ်လိုက်မယ်။ အဲ့မြေခွေးကောင်က နတ်ဆိုးသားရဲအဖြစ် အဆင့်တက်တာ မကြာသေးဘူးဆိုတော့ ဒီအစီအရင်ကနေ ဘယ်လိုမှ ထွက်ပြေးနိုင်စွမ်း ရှိမှာမဟုတ်ဘူးလို့ ကျုပ် ယုံတယ်…”

အခြားသူများကလည်း သဘောတူကြသည်။ သူတို့၏ မှော်ရတနာများကို ထုတ်၍ မြေပြင်အထက် မီတာတစ်ရာငါးဆယ်လောက်အမြင့်ရှိ လေထဲမှာ ငြိမ်သက်စွာ ရပ်နေကြသည်။ သူတို့လက်ထဲတွင်တော့ အစီအရင်အလံများ ကိုယ်စီကိုယ်င အဆင်သင့် ကိုင်ထားသည်။ ထိုသို့ စောင့်ဆိုင်းနေစဉ် သူတို့ကိုယ်သူတို့ ဖုံးကွယ်နိုင်ရန် အဆင့်နိမ့်ဖုံးကွယ်ခြင်း မှော်ပညာရပ်များကိုလည်း အသုံးပြုထားကြသည်။

ဤမြေခွေးကို ဖမ်းနိုင်ရန် စိတ်ဝိညာဉ်ကျောက်တုံးများစွာ အသုံးပြုထားကြရသည်ဖြစ်၍ ကိုင်ဟွမ်တို့အုပ်စုသည် အောက်ဘက်သို့ မမှိတ်မသုန်ကြည့်နေရင်း စိတ်ပူပန်နေကြသည်။ အစ်ကိုဝမ်မှာလည်း အလေးအနက် ဖြစ်နေသည်။ သူတို့နှင့်စာပါက ဟန်လိကတော့ အတည်ငြိမ်ဆုံးပင်။ သူက လက်တစ်ဖက်ဖြင့် အဖြူရောင်အလံကို ကိုင်ထားရင်း ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုနေသည်။ အမှန်တော့ ဟန်လိသည် သူတို့ ပတ်ပတ်လည်ရှိ တစ်ကီလိုမီတာလောက်ထိ သူ့စိတ်ဝိညာဉ်အာရုံဖြင့် ခြုံလွှမ်းထားပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် ဤအတိုင်းအတာအတွင်း၌ လေတိုက်တာ၊ မြက်ပင်များ လှုပ်ခတ်တာကစ၍ အရင်ဆုံး သိနိုင်စွမ်း ရှိလေ၏။

ဤသို့ဖြင့် အချိန်နှစ်နာရီမှာ အသက်မဲ့လွန်းစွာ တိတ်ဆိတ်မှုမျိုးဖြင့် ကုန်ဆုံးသွားခဲ့သည်။ ကိုင်ဟွမ်သည် သူ့မှော်ပစ္စည်းပေါ်မှာ ရပ်၍ အောက်ဘက်သို့ အဆက်မပြတ် ကြည့်နေရင်း သူ၏လည်ပင်းသည်ပင် နာကျင်ငြောင်းငြာလာသည့်အထိပင်။ သူ၏မျက်နှာထက်တွင်လည်း စိတ်မရှည်ဖြစ်ဟန်ကို မသိမသာ မြင်လာရပေပြီ။ သူက အစ်ကိုဝမ်ကို တစ်ချက်လှမ်းကြည့်ပြီး တစ်ခုခု ပြောရင်ကောင်းမလားဟု စဉ်းစားကြည့်သည်။ သို့သော် ချီတုံချတုံ ဖြစ်နေပြီး အတွေးဆက်များမနေတော့ဘဲ ခပ်မဆိတ်သာ ဆက်နေသည်။ နောက်ထပ် ပိုစောင့်ရလျှင်ပင် အထွန့်တက်စရာ ရှိမနေသည် မဟုတ်ပါလား။ ဤသို့ စိတ်ရှည်ရှည် စောင့်ဆိုင်းနေရခြင်းမှာ အကင်းပါးလှသော မြေခွေးကောင်ကို ဖမ်းနိုင်ဖို့အတွက် မဟုတ်လေလော။

မည်သို့ပင်ဖြစ်စေ နောက်ထပ် တစ်နာရီနီးပါး ရှိလာချိန်တွင်မူ သူတို့အုပ်စုထဲမှ အများစုသည် ကြောင့်ကြစများလာကြပေပြီ။ အနီးဝန်းကျင်ရှိ ချုံနွယ်ပိတ်ပေါင်းတစ်ခုထံ စိုက်ကြည့်နေရင်း ဟန်လိ၏အမူအရာကမူ ပြောင်းလဲသွား၏။

ထိုစဉ် ကိုင်ဟွမ်သည် ဂနာမငြိမ် မဖြစ်ဘဲကို မနေနိုင်တော့ပါ။ သူက တစ်ခုခု ပြောချင်သည့်ဟန်ဖြင့် ပါးစပ်တပြင်ပြင် ဖြစ်လာ၏။ ဤတွင် ဟန်လိ၏ အသံကို အသံပို့လွှတ်ခြင်းမှတစ်ဆင့် ရုတ်တရက် ကြားလိုက်ရသည်။

“ဂရုစိုက်ကြပါ…မြေခွေးသားရဲ ရောက်နေပြီ။ အနောက်ဘက်ခြမ်းက ခြုံပုတ်တစ်ခုထဲမှာ အဲ့ကောင် ပုန်းနေတာ။ ဒီကောင့်ကို သွားလှန့်သလို ဖြစ်ပြီး ထွက်မပြေးသွားစေနဲ့…”

ကိုင်ဟွမ်အပြင် အခြားသုံးယောက်သည်လည်း ဟန်လိ၏အသံပို့လွှတ်ခြင်းကို ကြားလိုက်ရ၏။

သူတို့အားလုံးက အလန့်တကြားဖြင့် အနောက်ဘက်ခြမ်းရှိ ချုံပုတ်များဆီ လှမ်းကြည့်ကြသည်။ သူတို့အနေဖြင့် မည်သည့်ထူးခြားတာကိုမျှ မတွေ့ရပေ။ သူတို့သည် ဟန်လိ၏စကားကိုလည်း မပစ်ပယ်နိုင်ကြသည်ဖြစ်၍ ပို၍ သတိနိုးကြားစွာဖြင့် အာရုံစိုက်ကြသည်။ ဆယ့်ငါးမိနစ်လောက်ကြာပြီးနောက် သူတို့၏မျက်လုံးထဲတွင် အံ့အားသင့်ဟန် ဖြတ်ပြေးသွားသည်။ ချုံပုတ်တစ်ခုထံမှ တစ်ပေခန့် အရှည်ရှိမည့် အဖြူရောင်သားရဲငယ်တစ်ကောင်သည် ဖြည်းဖြည်းချင်း ထွက်လာသည်။ ၎င်းက ခြေလှမ်းတိုင်းတွင် ဘေးပတ်ပတ်လည်သို့ နှာခေါင်းရှုံ့၍ အနံ့ခံကြည့်နေသည်။ ထိုသားရဲငယ်လေးမှာ ချစ်စဖွယ်ကောင်းလှသည့် အသွင်အပြင် ရှိသည်။

အနှီသားရဲကောင်လေးကို မြင်သည့်အခါ ကိုင်ဟွမ်တို့အုပ်စုသည် သတိပိုထားလိုက်ပြီး သူတို့၏လက်ထဲရှိ အစီအရင်အလံများကို စိတ်ပူပန်စွာဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ မြေခွေးဖြူကမူ သူတို့ငါးယောက်ထံ အကြည့်ရောက်မလာပေ။ ၎င်း၏ ပတ်ဝန်းကျင်တွင် ထူးခြားမှု ဘာမျှ မရှိတာ မြင်ပြီးနောက် ၎င်းက ပို၍ ရဲတင်းလာကာ ဟောင်ကျင်းဆေးပင်ရှိရာထံ တိတ်တဆိတ်လျှောက်လှမ်းလာသည်။

သို့ပေမည့် ဟောင်ကျင်းဆေးပင်နှင့် မီတာသုံးဆယ်လောက်အကွာသို့ ရောက်လာသည့်အခါတွင် ၎င်းက ရုတ်တရက် ရပ်၍ လေထဲသို့ ရုတ်တရက် အနံ့ခံသည်။ ၎င်း၏မျက်လုံးထဲ၌ သံသယဝင်ဟန် ဖြစ်ပေါ်လာသည်။

ထိုမြင်ကွင်းက စီနီယာအစ်ကိုဝမ်၏ တည်ငြိမ်မှုကို ပျက်ပြားသွားစေပြီး သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“အခုချက်ခြင်း လှုပ်ရှားကြမယ်…”

သူ၏အစီအရင်အလံသည် အဝါရောင်အလင်းတန်းအဖြစ်သို့ ပြောင်းကာ မြေပြင်ထံ စုန်ဆင်းသွားသည်။ ဟန်လိနှင့် အခြားသူများကလည်း သူ့စကားကို ကြားသည်နှင့် သူတို့၏အလံများကို နှောင့်နှေးခြင်းမရှိ ပစ်လွှတ်၍ မန္တာန်များကို ထုတ်ဖော်သည်။

အလင်းတန်းငါးခုကား ထိုအလံများထံမှ တောက်ပလင်းထင်းသွား၏။ ၎င်းအလံများသည် မြေပြင်ထံ ကျရောက်လာခဲ့ပြီ။ ထို့နောက်တွင် အဝါရောင်မြူလွှာတစ်ခုသည် ဤကွင်းပြင်ကို ဖုံးအုပ်၍ အဘက်ဘက်ကနေ ၎င်းကို ချိပ်ပိတ်သည်။ လမ်းကြောင်းပိတ်ဆို့ခြင်း အစီအရင်သည် အစွမ်းပြလာပြီ ဖြစ်သည်။

နှင်းတိမ်မြေခွေးက ဤသည်ကို မြင်သည့်အခါ ၎င်းမှာ ထောင်ချောက်ထဲ ပိတ်မိသွားပြီမှန်း သိသည်။ ၎င်းက ထိတ်လန့်တကြား အော်ဟစ်သံများ ထုတ်ဖော်လျက် အဖြူရောင်အလင်းအဖြစ် ဝေဝါးကာ အဝါရောင်မြူလွှာထဲမှ ထွက်ပြေးလွတ်မြောက်နိုင်ရန် ကြိုးစားလေသည်။

ဤမြင်ကွင်းကြောင့် ကျင့်ကြံသူအုပ်စုသည် အတော်အတန် စိတ်ချသွားကြသည်။ သို့သော် သူတို့က ဒုန်းဒုန်းချ စိတ်အေးနိုင်ခြင်း မရှိသေးပေ။ သူတို့အသုံးပြုခဲ့သော ပုံရိပ်ယောင်အစီအရင်သည် မြေခွေးဖြူကို ထိန်းထားနိုင်ရုံလောက်သာ ရှိ၏။ ဤကျင့်ကြံသူများသည် မြေခွေးဖြူက အစီအရင်ထဲတွင် ကြောက်အားလန့်အားဖြင့် လှည့်ပတ်ပြေးနေရင်း မောပန်းသွားသည့်အခါကျမှ ၎င်းကို ဖမ်းဆီးရန် စီစဉ်ထားကြတာပင်။ သူတို့အုပ်စုက ရွှင်လန်းနေ၏။ သူတို့သည် အောင်မြင်တော့မည့်အလား။ မြေခွေးဖြူတစ်ကောင်ကတော့ အဝါရောင်မြူထဲမှာ လှည့်ပတ်ပြေးနေရာကနေ ရုတ်တရက် လေးငါးကြိမ်လောက် ဝေဝါးသွားပြီး မြေပြင်ပေါ် လဲကျသွားတော့သည်။ ၎င်းသည် ပြန်ထမလာတော့ပေ။

ကျင့်ကြံသူအုပ်စုက ဤမြင်ကွင်းကြောင့် မထိတ်ပျာမိဘဲ မနေနိုင် ဖြစ်သွားကာ တစ်ယောက်နှင့်တစ်ယောက် အကြောင်သား ကြည့်မိကုန်သည်။

စီနီယာအစ်ကိုဝမ်မှာ မျက်စိမျက်နှာ ပျက်နေသည်။ သူက တည်ငြိမ်စွာ ပြောလိုက်၏။

“အတားအဆီးကို မလွှတ်ပေးနဲ့။ ကျုပ်တို့ ဒီအတားအဆီးကို ဆက်ပြီး ထိန်းထားကြရအောင်။ ညီလေးမာ…အောက်ဘက်ဆင်းပြီး ဘာဖြစ်တာလဲ သွားကြည့်လိုက်။ လမ်းကြောင်းပိတ်ဆို့ခြင်း အစီအရင်ဟာ လှောင်ပိတ်ရုံသပ်သပ်ပဲ။ အန္တရာယ် မဖြစ်စေနိုင်ဘူး။ ဒီမြေခွေးက အကင်းပါးလွန်းတဲ့အတွက် သေချင်ယောင် ဆောင်နေတာ ဖြစ်ဖို့ များတယ်…”

အခြားသူများကလည်း ထိုစကားကို ကြားမှ အကြီးအကျယ် စိတ်အေးနိုင်တော့သည်။ လူငယ်မာကမူ စကားမဆိုဘဲ အောက်သို့ ဆင်းလာသည်။ ဟန်လိက ထိုမြင်ကွင်းကို ထေ့ပြုံးပြုံး၍သာ ကြည့်နေသည်။

ဂင်တိုတိုနှင့်အစ်ကိုမာသည် အတော်လေး လျင်မြန်သည်ဟု ဆိုရမည်။ ခဏအတွင်း သူက အဝါရောင်မြူထဲ ရောက်သွားပြီး မြေခွေးထံ တန်းသွားသည်။ သူက မြေခွေးအမြှီးကို သေချာဖမ်းဆုပ်ပြီး သုံးလေးကြိမ်လောက် လှုပ်ခါရမ်းသည်။ မြေခွေးက မည်သို့မျှ မတုံ့ပြန်ချေ။ ၎င်းသည် အမှန်တကယ် သေဆုံးသွားသည့်အလား ထင်ရ၏။

လူငယ်မာသည် နည်းနည်းတော့ စိုးရိမ်သွား၏။ သူက မြေခွေး၏ရင်ဘက်နားသို့ နားကပ်ကာ ၎င်း၏အသက်ရှုသံကို သေချာနားစိုက်ထောင်ကြည့်သည်။ ခဏအကြာတွင် အစ်ကိုမာ၏ လှမ်းအော်ပြောသံကို ကြားရသည်။

“စီနီယာအစ်ကို…မြန်မြန်ဆင်းလာကြည့်ပါဦး။ ဒီမြေခွေးကောင်ရဲ့ ခန္ဓာကိုယ်က အေးစက်တောင့်တင်းနေတာပဲ။ ဒီကောင် အကြောက်လွန်ပြီး နှလုံးခုန် ရပ်သွားတာများလား…”

“မဖြစ်နိုင်ဘူး…” အစ်ကိုဝမ်သည် မျက်စိမျက်နှာပျက်သွားသည်။ ကိုင်ဟွမ်ကလည်း စိုးရိမ်တကြီး လှမ်းပြောသည်။

“စီနီယာအစ်ကို အစီအရင်ကို ဖြေလျော့ပြီး နောက်ထပ် သေချာထပ်ကြည့်ပါဦး။ ကျုပ်တို့ရဲ့ စိတ်ဝိညာဉ်စွမ်းအားနဲ့ ဒီအတားအဆီးကို အကြာကြီး ထိန်းထားနိုင်စွမ်း မရှိဘူး…”

ကျင့်ကြံသူရှီကမူ ငြိမ်သက်နေလျက်သာ။ သူ့မျက်လုံးထဲတွင် စိုးရိမ်ပူပန်ဟန် ဖြစ်ပေါ်နေသည်။ သားရဲကောင်သာ သေဆုံးသွားခဲ့ပါက ၎င်း၏တန်ဖိုးမှာ ကျဆင်းသွားမည် မဟုတ်လား။ အစ်ကိုဝမ်က ခဏတော့ ချီတုံချတုံ ဖြစ်နေသေးသည်။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြောသည်။

“ကောင်းပြီ…ညီလေးမာက ဒီသားရဲကောင်ကို ဖမ်းထားနိုင်မှတော့ အစီအရင်ကို ဖြေလျှော့ကျတာပေါ့…”

ဟန်လိသည် ထိုစကားကို ကြားသည့်အခါ သူ့မေးစေ့ကိုသာ တည်ငြိမ်စွာ ပွတ်၍ စဉ်းစားနေသည်။ သူ့ပုံစံမှာ နည်းနည်းလေးမျှ စိုးရိမ်နေဟန် မရှိပေ။။

ကျင့်ကြံသူများသည် မန္တာန်အချို့ ရေရွတ်ပြီး မြေပြင်ထက်သို့ လက်ညွှန်လိုက်ကြသည်။ ထိုအခါ အလံများသည် သူတို့၏လက်ထဲသို့ ပြန်ရောက်လာကြသည်။

ဤသို့ ရုတ်သိမ်းခြင်းနှင့်အတူ အဝါရောင်မြူမှာလည်း ချက်ခြင်း ကွယ်ပျောက်သွားပြီး မြေခွေး၏နှာခေါင်းနား လက်ချောင်းဖြင့် ထိထားသော အစ်ကိုမာ၏ပုံစံကို မြင်ရလေသည်။

ကျန်သုံးယောက်သားသည် မှုန်ကုပ်စွာဖြင့် ဆင်းသက်လာကြသည်။ သို့သော် ဟန်လိတစ်ယောက်ကတော့ သူ့မူလနေရာတွင်သာ ဆက်ရှိနေသေးပြီး သူက အောက်ဘက်ရှိ အဖြူရောင်မြေခွေးကို ကြည့်နေသည်။ သူ့မျက်နှာထက်တွင် ထူးခြားသည့်ဟန်အမူအရာတစ်ခု ရှိနေ၏။

All Chapters