အမဲလိုက်ခြင်း
Vol. 44 Ch. 609
စီနီယာအစ်ကိုဝမ်နှင့် အခြားနှစ်ယောက် မဆင်းလာခင်မှာပင် မြေခွေး၏ နှာခေါင်းပေါ် လက်တင်ထားပြီး ဖြစ်သော လူငယ်မာသည် ဒေါသတကြီး ဆဲရေးလိုက်တော့သည်။
“သောက်ခွေးကွာ…ဒီကောင်က အသက်မရှုတော့ဘူး။ ဘာမှမလုပ်ရသေးဘဲ သေသွားတယ်လို့တော့ ကျုပ်ကို လာမပြောစမ်းနဲ့…”
ထိုသို့ပြောပြီးသည်နှင့် သူက ဆင်းသက်လာသော သုံးယောက်ထံ ခေါင်းမော့ကြည့်ကာ တစ်ခုခု ပြောရန် ဟန်ပြင်သည်။
ဆင်းသက်လာသော သုံးယောက်သည်လည်း သူ့စကားကို ကြားသည့်အခါ ရုတ်တရက် သူတို့၏အမူအရာများသည် ပြောင်းလဲသွားပြီး အလန့်တကြား ထအော်ကြသည်။
“သတိထားဦး…ဒီမြေခွေးကောင်က မသေသေဘူး။ သေချင်ဟန်ဆောင်နေတာ ဖြစ်မယ်…”
သုံးယောက်သားသည် မတူညီသောစကားလုံးများ သုံးနှုန်းကာ အော်ဟစ်လိုက်သော်ငြား သူတို့စကားများ၏ ဆိုလိုရင်းသည် အတူတူပင်။
ဂင်တိုတိုနှင့်အစ်ကိုမာသည် အကင်းပါသူတစ်ယောက်သာ။ သူတို့၏ သတိပေးသံကို ကြားသည်နှင့် သူ့အမူအရာသည် ပြောင်းလဲသွား၏။ သူ့လက်က ချက်ခြင်းဝေဝါးကာ သူ့လက်ကြားထဲတွင် အဆောင်တစ်ခု ပေါ်လာသည်။ သူက မြေခွေးအမြှီးပေါ်သို့ ထိုအဆောင်ဖြင့် ခပ်ကြမ်းကြမ်း ထိကပ်ပစ်သည်။ သို့သော် သူ့လှုပ်ရှားမှုသည် နောက်ကျသွားလေပြီ။ သူလက်ဝေ့လိုက်ရုံ ရှိသေး မြေခွေးအမြှီးကို ကိုင်ထားသော သူ့လက်မှ စူးခနဲ့ နာကျင်မှုကို ခံစားလိုက်ရသည်။
သူက နာကျင်စွာ အော်ဟစ်လိုက်ပြီး လက်လွှတ်လိုက်မိသည်။ မြေခွေးသည် သူ့လက်ကြားထဲမှ ချော်ထွက်ကာ မြေပေါ်သို့ လိမ့်ဆင်း၍ ပြေးလေသည်။
ထိုအဖြစ်အပျက်မှာ မြန်ဆန်လွန်းလှသည်။ မျက်စိတစ်မှိတ်အတွင်း မြေခွေးအမြှီးသည် ထောင်မတ်လျက် ၎င်း၏အမွှေးအမျှင်များမှာ အပ်များကဲ့သို့ ဖြစ်သွားခဲ့သည်။ ထို့ကြောင့် လူငယ်မာ၏လက်တွင် အပေါက်ရာများ ပြည့်သွားကာ သွေးများ တစက်စက်ကျသည့်အဖြစ်သို့ ရောက်သွားရတော့သည်။ အခြားသုံးယောက်က ထိုဖြစ်အင်ကို မြင်သည်နှင့် သူတို့သည် မြေခွေးနောက်သို့ ဒေါသတကြီး လိုက်ကြသည်။
နှင်းတိမ်မြေခွေးသည် အလွယ်တကူ အဖမ်းခံမည့်ကောင် မဟုတ်ပေ။ ၎င်းက အဖြူရောင်အလင်းတန်းအဖြစ်သို့ ပြောင်း၍ မီတာလေးဆယ်လောက်ထိပင် ရောက်သွားပေသည်။ ၎င်းသည် ချုံပုတ်များထဲသို့ ပြန်ပြေးသွားခြင်းပင်။ အစ်ကိုဝမ်တို့အုပ်စုသည် ချုံပုတ်ကို ဝိုင်းကာ သူတို့၏ မှော်လက်နက်များကို ထုတ်၍ ဖြည်းဖြည်းချင်း ရှာဖွေသည်။
သို့သော် တအောင့်အကြာ၌ သူတို့သုံးယောက်သားမှာ အံ့ဩထိတ်လန့်သွား၏။ ဤချုံပုတ်ထဲ၌ ကျောက်စကျောက်နများကလွဲ၍ အခြားမည်သည့်အရာမျှ ရှိမနေလေပေ။ မြေခွေးဖြူသည် သဲလွန်စမရှိ ပျောက်ကွယ်သွားလေပြီ။ သုံးယောက်သားသည် နေရာတွင် အကြောင်သား ရပ်နေမိကြသည်။
ကိုင်ဟွမ်၏အကြည့်က ကောင်းကင်ထက်သို့ အလိုလို ရောက်သွားပြီး သူက အလန့်တကြား လှမ်းအော်သည်။
“အယ်…ညီလေးဟန် ဘယ်ရောက်သွားတာလဲ…”
ထိုအခိုက်တွင် အခြားသူများသည် အကွာအဝေးတစ်ခုထံ လျင်မြန်စွာ ပျံသန်းသွားနေသော ဟန်လိကို လှမ်းမြင်သည်။
ဟန်လိ၏ အသံပို့လွှတ်မှုသည် သူ့နားထဲ ရောက်လာ၏။
“အစ်ကိုတို့ ပျာယာခတ်နေဖို့ မလိုပါဘူး။ ဒီမြေခွေးက အမြင်အာရုံကို တားဆီးတဲ့ ပညာရပ်တစ်ခုကို အသုံးပြုပြီး မြေကြီးထဲ တိုးဝင်သွားတာ။ ခု ဒီကောင့်နောက်ကို နောက်ယောက်ခံ မှော်ပစ္စည်းတစ်ခု အသုံးပြုပြီး ကျုပ် လိုက်နေတယ်။ ကျုပ် ပြန်ရောက်တဲ့အခါ ဒီကောင့်ကို အသက်ရှင်လျက် ဖမ်းခဲ့ပါမယ်…”
ထိုသို့အသံပို့လွှတ်ခဲ့ပြီး ဟန်လိသည် စိမ့်တော၏အစွန်အဖျားသို့ ပျံသန်းသည်။
စီနီယာအစ်ကိုဝမ်သည် ဝမ်လင်း၏စကားကို ကြားသည့်အခါ ကျေနပ်သွားပြီး သူက အခြားသူများကို ခေါ်ကာ ဟန်လိနောက်သို့ စိတ်မြန်လက်မြန် လိုက်လာတော့သည်။ တခြားသုံးယောက်ကလည်း သူ့နောက်မှ နီးနီးကပ်ကပ် လိုက်ပါလာကြသည်။ သူတို့သည် အမြန်သွားနေရင်း အစ်ကိုဝမ်က ခေါင်းလှည့်ကာ မေးလိုက်သည်။
“ညီလေးမာ…မင်းရဲ့ လက်အခြေအနေ ဘယ်လိုလဲ။ အဆင်ပြေရဲ့လား…”
ဂင်တိုတိုနှင့်သူက သူ့ကိုယ်သူ အပြစ်ရှိလေသည့်ဟန်ဖြင့် ပြန်ဖြေသည်။
“အခြေအနေ ကောင်းပါတယ်ဗျ။ အဲ့မြေခွေးရဲ့ အမြှီးမှာ ဘာအဆိပ်မှာ မပါတာ ကံကောင်းသွားတာပဲ အစ်ကိုရေ။ ဒါကြောင့် အပြင်ပိုင်းဒဏ်ရာလောက်ပဲ ရလိုက်တာပါ…”
တကယ်တော့ ထိုမြေခွေးသည် သူ၏ပေါ့ဆမှုကြောင့် လွတ်သွားခဲ့ရတာပင်။ ထို့ကြောင့် အစ်ကိုဝမ်က ဤကိစ္စကို အစဖော်လာသည့်အခါ သူသည် အရှက်ရနေတာ ဖြစ်၏။
အစ်ကိုဝမ်က အားတင်းပြုံးပြီး ပြောလိုက်သည်။
“တော်သေးတာပေါ့။ ကျုပ်တို့ မြန်မြန် သွားကြရအောင်။ ညီလေးဟန်က မြေခွေးကောင်ရဲ့ မြေအောက်ထဲမှာ လှုပ်ရှားမှုတွေကို သိအောင် ဘယ်လိုမှော်ပစ္စည်းမျိုး သုံးလဲ မသိပေမဲ့ ကျုပ်တို့လည်း သူ့နောက်ကို မြန်မြန် လိုက်သင့်တယ်…”
ကိုင်ဟွမ်လည်း တစ်ဖက်သို့ ခေါင်းလှည့်ကြည့်ပြီး ထိုစကားကို ခေါင်းတဆတ်ဆတ်ညိတ်ကာ သဘောတူသည်။
“ဘယ်လိုပဲဖြစ်ဖြစ်…ဒီမြေခွေးကောင်က အကင်းပါးလွန်းတယ်။ အစ်ကိုမာတောင် ဒီကောင့်ကို သေလား၊ရှင်လား မခွဲနိုင်ဖြစ်သွားတဲ့အထိပဲ…”
သူ့ဒဏ်ရာရထားသောလက်ကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး ကျင့်ကြံသူမာသည် အတော်လေးကို အရှက်ရနေတော့သည်။ သို့ပေမည့် ထိုအခိုက်အတန့်တွင် အစ်ကိုဝမ်က သူ့ကို နှစ်သိမ့်စကား ပြောပေးသည်။
“ကျုပ်တို့က ညီလေးမာကို အပြစ်မတင်ပါဘူး။ ကျုပ်ကိုယ်တိုင် စစ်ဆေးကြည့်လဲ ရလဒ်က တူတူပဲနေမှာ။ ဒီမြေခွေးကောင်ကိုက ပါးနပ်လွန်းတာလေ…”
ထိုစကားကို ကြားသည့်အခါ လူငယ်မာသည် အစ်ကိုဝမ်ကို ကျေးဇူးတင်ဟန်ဖြင့် ကြည့်၏။ ခုမှ သူ့အနေဖြင့် နေလို့ထိုင်လို့ ပိုကောင်းသွားတော့သည်။ သူတို့သုံးယောက်သား စကားပြောနေစဉ် လူငယ်ရှီက အကွာအဝေးတစ်ခုထံ လှမ်းကြည့်ပြီး ရုတ်တရက် ထအော်သည်။
“လူတိုင်းပဲ…မြန်မြန် ကြည့်လိုက်ကြဦး။ ညီလေးဟန်က ကျောက်နံရံကို တူးပြီး ဝင်သွားပြီ။ ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ…”
အခြားသူများကလည်း ရှေ့တည့်တည့်သို့ အလန့်တကြား လှမ်းကြည့်ကြသည်။ သူတို့ရှေ့တွင် ဤစိမ့်တောအုပ်၏ အဆုံးကို တွေ့လိုက်ရသည်။ သူတို့ရှေ့ တစ်ကီလိုမီတာလောက် အကွာတွင် တောင်ထိပ်ဖျားကိုပင် မမြင်ရလောက်သည့်အထိ ကြီးမားသော တောင်ကြီးတစ်လုံး ရှိ၏။ သူတို့ရှေ့တွင်လည်း တောင်အငူစွန်းတစ်ခု ရှိနေသည်။ ထိုတောင်အငူစွန်း၏ နံရံများကို ဓားဖြင့် ပိုင်းဖြတ်ထားသည်။ ထို့အပြင် ဟန်လိသည် ထိုအငူစွန်းတွင် ပျောက်သွားခြင်းပင်။ သည်လေးယောက်သားမှာ အငူစွန်းရှေ့တွင် ရပ်၍ ဓားဖြင့်ခုတ်ပိုင်းထားသော အပေါက်ကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေသည်။ ဟန်လိသည် တောင်အတွင်းသို့ အမှန်တကယ် ဝင်ရောက်သွားခြင်းပင်။
အခုအချိန်တွင် ဟန်လိ၏လက်ထဲတွင် ဝံပုလွေဦးခေါင်းနှင့် ကျောက်စိမ်းတောင်ဝှေးတစ်ခု ရှိနေ၏။ ၎င်းတောင်ဝှေး၏ကိုယ်ထည်မှာ အဝါရောင်အလင်း ခပ်သဲ့သဲ့ဖြာထွက်လျက် ရှိသည်။ သူ့ရှေ့တွင်မူ တစ်မီတာမျှ အရှည်ရှိ ဝံပုလွေတစ်ကောင်သည် မြေလှုပ်ရှားမှုပညာရပ်ဖြင့် လမ်းကြောင်းတစ်ခု ဖွင့်ဟပေးနေသည်။
ထိုရှေးစိတ်ဝိညာဉ်ဝံပုလွေကောင်သည် ရှေ့သို့ ဆက်သွားနေစဉ် မြေသားများသည် စက္ကူစအလား ကွဲထွက်၏။ ဟန်လိသည် ထိုဝံပုလွေ ဖန်တီးပေးသောလမ်းကြောင်းအတိုင်း ရှေ့ဆက်လာနေသည်။ သူ၏အမူအရာမှာလည်း အလေးအနက်ပင်။
သူ့စိတ်ဝိညာဉ်အာရုံဖြင့် ခြုံလွှမ်းကြည့်ခဲ့သည့်အခါ ဟန်လိသည် သည်မြေခွေးကောင်သည် ရှေ့သို့ အသညန်းအသန် သွားနေသည်ကို သူ မြင်သည်။ ၎င်းသည် သူ၏အောက်ဘက်ရှိ မီတာတစ်ရာလောက်အကွာတွင် ပေါ်လိုက်ပျောက်လိုက်ဖြင့် ရှေ့ဆက်နေခြင်းပင်။ ဟန်လိ၏စွမ်းရည်ဖြင့် ထိုနှင်းတိမ်မြေခွေးကောင်၏ လုပ်ဆောင်မှုကို မြင်နိုင်စွမ်း ရှိသည်သာ။
၎င်းမြေခွေးသည် သမာရိုးကျ အဆင့်နိမ့်သားရဲသာ ဖြစ်နေခဲ့ပါက ဟန်လိအနေဖြင့် ကိုင်ဟွမ်တို့အုပ်စုကို မျက်နှာလုပ်သည့်အနေဖြင့် သတိပေးခဲ့မည်သာ။ သို့ပေမည့် ထိုမြေခွေးပေါ်လာသည့်အခါ ဟန်လိသည် ၎င်းထံမှ သူနှင့်ရင်းနှီးသော စိတ်ဝိညာဉ်ချီလှိုင်းကို တွေ့မြင်ခဲ့ရသဖြင့် သူ အတော်လေး အံ့အားသင့်သွားခဲ့သည်။
ထိုအခါ သူသည် ၎င်းမြေခွေးကို သေချာစူးစမ်းကြည့်တော့သည်။ ၎င်းထံ၌ ရွက်လွှာကိုးခုစိတ်ဝိညာဉ်ဂျင်ဆင်း၏ ပြန်လည်မွေးဖွားခြင်းစိတ်ဝိညာဉ်ဖြစ်သော ယုန်ဖြူနှင့် တူညီသော စိတ်ဝိညာဉ်ချီလှိုင်း ရှိနေကြောင်း သူ တွေ့ခဲ့ရသည်။ စိတ်ဝိညာဉ်အမျိုးအမည်တစ်ခု၏ နောက်ထပ် ပြန်လည်မွေးဖွားခြင်းကို တွေ့ရပြီဟု ထင်ကာ ဟန်လိသည် ကျေနပ်ဝမ်းသာသွားသည်။
သို့ရာတွင် မြေခွေးဖြူကို ထပ်မံ စူးစမ်းကြည့်ပြီးနောက် သူ စဉ်းစားရကျပ်သွားသည်။
ထိုမြေခွေးထံမှ စိတ်ဝိညာဉ်ချီလှိုင်းများသည် ရွက်လွှာကိုးခုစိတ်ဝိညာဉ်ဂျင်ဆင်းနှင့် ယှဉ်ပါက မပြောပလွန်းပေ။ ကွာခြားချက်က ကောင်းကင်နှင့်မြေကြီးအလား။ ထို့အပြင် သေချာစူးစမ်းကြည့်သည့်အခါ သည်မြေခွေးတွင် အစစ်အမှန်ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ထားပြီး ၎င်းမှာ ပြန်လည်ဝင်စားသောစိတ်ဝိညာဉ် ဟုတ်မနေပေ။ သို့မဟုတ်ပါက လမ်းကြောင်းပိတ်ဆို့ခြင်းအစီအရင်ထဲတွင် အနှီမြေခွေးကောင်သည် ပိတ်မိခဲ့လိမ့်မည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ မြေခွေးက ပြန်လည်ဝင်စားသောစိတ်ဝိညာဉ် မဟုတ်သော်ငြား ဟန်လိသည် ၎င်းနှင့်ပတ်သက်၍ သေချာစူးစမ်းချင်၊ သိချင်နေသည်။ ဤသာမန်သားရဲတစ်ကောင်ကို နတ်ဆိုးသားရဲတစ်ကောင်သို့ ပြောင်းလဲသွားစေခဲ့သည့် အဖြစ်မှာ သန့်စင်လှသော စိတ်ဝိညာဉ်ချီနှင့် တစ်နည်းတစ်ဖုံ ပတ်သက်လိမ့်မည်ဟု ဟန်လိ သေချာသိသည်။
သူက အပြီးထိ စူးစမ်းမည်ဟု ဆုံးဖြတ်ပြီးသောကြောင့် ထိုမြေခွေးကို ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများထံမှ လွတ်မြောက်ခွင့်ပြုပြီး ၎င်း၏လျှို့ဝှက်ချက်များကို စူးစမ်းချင်သည့်စိတ်ဖြင့် ဖြည်းဖြည်းချင်း နောက်မှ လိုက်ပါလာခဲ့တော့သည်။ မြေခွေးက တောင်အငူစွန်းတစ်ခုရှေ့သို့ ရောက်လာချိန်တွင် ၎င်းက အဖြူရောင်အလင်းလုံးအဖြစ်သို့ ပြောင်းကာ မြေအောက်သို့ ချက်ခြင်း ဝင်ချပျောက်ကွယ်သွားသည်။ ထို့ကြောင့် ဟန်လိသည် ကျောက်စိမ်းတောင်ဝှေးထံမှ မြေဓာတ်စိတ်ဝိညာဉ် (ဝါ) အဝါရောင်ဝံပုလွေကို ဆင့်ခေါ်ကာ မြေခွေးနောက်သို့ လိုက်လံရန် လမ်းကြောင်းတစ်ခု ဖွင့်ခိုင်းခဲ့တာ ဖြစ်သည်။ ဤနည်းလမ်းမဟုတ်ဘဲ တောင်ကို ဓားဖြင့်ပိုင်း၍ နောက်မှ လိုက်ပါလာပါက မြေခွေးသည် လန့်၍ ထွက်ပြေးသွားနိုင်သည်။ ဤတောင်မှာလည်း သိသိသာသာ ကြီးမား၏။
မြေအောက်တစ်ကီလိုမီတာအကွာအဝေးလောက်မှာ မြေခွေးက ရပ်သွား၏။ ၎င်းသည် ကျောက်သားအခန်းတစ်ခုထဲတွင် ရပ်သွားသည့်ပုံ ပေါ်သည်။ ဟန်လိလည်း ပျော်သွားပြီး ဝံပုလွေကို မြန်မြန် လမ်းကြောင်းရှင်းရန် အမိန့်ပေးသည်။ တစ်ချိန်တည်းမှာ သူ၏စိတ်ဝိညာဉ်အာရုံစွမ်းအားကိုလည်း တိုးမြှင့်ပြီး ထိုအခန်းကို စတင်စူးစမ်းကြည့်သည်။
သို့သော် သူ၏စိတ်ဝိညာဉ်အာရုံသည် ထိုအခန်းနားသို့ ရောက်သွားသည်နှင့် ထူးခြားသောအားတစ်ခုကြောင့် ပြန်ကန်ထွက်ကာ ရှေ့ဆက်မတိုးနိုင် ဖြစ်သွားရသည်။
“အန်…” ဟန်လိထံမှ အံ့အားသင့်ဟန် ထွက်ပေါ်သွားသည်။ သူက အလျင်စလို လိုက်လံမှုကို ရပ်ကာ ရုတ်တရက် သတိပိုထားသွားသည်။ ဤအခိုက်တွင် သူ့ခန္ဓာကိုယ်မှာ တောင်ကြီးတစ်တောင်ဖြင့် ဖိနှိပ်ထားခံရသည့်နှယ် လေးလံမှုကို ခံစားရသည်။ ထို့နောက် သူက ခပ်ဖျော့ဖျော့အသံတစ်သံကို ကြားရလေ၏။
“ရောက်လာတဲ့ ဧည့်သည်…အဲ့လောက် သတိထားဖို့ မလိုပါဘူး။ ဒီအကြီးအကဲက မင်းကို ဖိတ်ခေါ်ဖို့ကို စောင့်နေတယ်လို့တော့ မပြောလေနဲ့…”
ထိုစကားကို ကြားရပြီးသည်နှင့် မရေမတွက်နိုင်သော အဝါရောင်အလင်းများသည် သူ့ပတ်ပတ်လည်တွင် ပေါ်လာကာ အားတစ်ခုက ဟန်လိကို ရှေ့သို့ တွန်းပို့သည်။
ဟန်လိသည် ကျောက်သားအခန်းတစ်ခုထဲ ရောက်သွားပြီဖြစ်ကြောင်း မသိရခင် အလင်းတစ်ခု ဖျတ်ခနဲ တောက်ပသွားတာကိုသာ မြင်လိုက်ရချေသည်။ သူ အလွန်သတိထားသွားပြီး ကျောက်စိမ်းတောင်ဝှေးကို ချက်ခြင်း ဝှေ့ရမ်း၍ သူ့ကိုယ်သူ နီဝါရောင်အလင်းအရံအတားတစ်ခုဖြင့် ဖုံးလွှမ်းပစ်သည်။ တစ်ချိန်တည်းမှာ သူ့ပါးစပ်ကို ဖွင့်ဟ၍ မိုးပြာအလင်းတန်းဒါဇင်ကို ထွေးထုတ်ပြီး အရံအတား၏ အပြင်ဘက်တွင် လှည့်ပတ်စေသည်။
ဘေးကင်းပြီဟု ခံစားမိပြီးမှ ဟန်လိသည် ဘေးပတ်ပတ်လည်သို့ ကြည့်ရှုစစ်ဆေးသည်။